book

Index 6

အခန်း ၆

ကျွန်မလွမ်းတာလား။ ဘာလားမသိဘူး။ လူတစ်ယောက်ကို သတိရမိတယ်။ ကျွန်မဆီ သူမရောက်လာတာ အခုဆိုရင် ခြောက်လကျော်ခဲ့ပြီ။ ကျွန်မစကားကို တမင်နားထောင်ပြခဲ့တာလားဆိုတာတော့ သူကလွဲပြီး ဘယ်သူသိမှာတဲ့လဲ။  

အခုဆိုရင် သမီးလေးကိုတောင် မူကြိုထားနေပြီလေ။ မူကြိုက မဝေးပါဘူး။ ကျွန်မတို့အိမ်နဲ့ တစ်ခြံကျော်မှာ ။ သမီးလေးကို မူကြိုအကြိုအပို့ကတော့ မေမေပဲတာ၀န်ယူတယ်။  အချိန်ကြာလာတာနဲ့အမျှ အရာရာဟာ ပုံမှန်ပြန်ဖြစ်သွားကြမှာပဲ မဟုတ်လား။ 

ကျွန်မနဲ့နွယ်တောင် မတွေ့ဖြစ်တာ တော်တော်ကြာနေပါပြီလေ။ 

‌ဆိုင်ကလည်း အခုရက် အရောင်း၀ယ်အေးတယ်။  ဘာလိုလိုနဲ့ ကျွန်မတောင် မမဟေမာန်ဆိုင်မှာ လုပ်လာတာ နှစ်နှစ်ကျော်လာပါပါ့လား။ အချိန်တွေက ဘာမှသာမဟုတ်တယ်။ကုန်မြန်လိုက်တာနော်။ အဲဒီလိုပဲ ကျွန်မအနားကို သူ့ဘာသာရောက်လာပြီး သူ့ဘာသာပြန်ထွက်သွားခဲ့သူတောင်  အချိန်တွေဒီလောက်ကြာတော့ ဘာတွေများလုပ်နေလဲ ။အဆင်ပြေရဲ့လား။ မေးခွန်းပေါင်းများစွာနဲ့ ကျွန်မ သတိရတတ်ပါတယ်။

မမဟေမာန်နဲ့တွေ့ပေမယ့် ကျွန်မက  စမမေးခဲ့သလို မမဟေမာန်ကလဲ မဖြေပါဘူး။ ဒီလိုနဲ့ ကျွန်မရဲ့သိချင်စိတ်တွေကလည်း တဖြည်းဖြည်းမျိုသိပ်ရင်း ပျောက်ကွယ်သွားကြမှာလေ။

တခါတခါ မညာတမ်း၀န်ခံရရင် ကျွန်မသတိရမိပါတယ်။  ဒါပေမယ့်ယောက်ျားတွေရဲ့အချစ်ကို မယုံတတ်တဲ့ကျွန်မအတွက်  ယောက်ျားတွေရဲ့အချစ်ကို အထင်မကြီးနိုင်တဲ့စိတ်ပါခို၀င်လာတော့တယ်။ သိပ်ချစ်တဲ့အချိန်မှာ သူတို့ဟာ ရူးမတတ်ချစ်ပြကြပေမယ့် ပစ်ကြမယ်ဆိုရင်လည်း  သူတို့ရူးတဲ့အချစ်က ဘယ်နားရောက်ရောက်သွားကြမှန်းကိုမသိတာပါ။

အမှန်ဆိုရင် ကျွန်မလည်း ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင်လောက် ပိုင်ဆိုင်ချင်မိတယ်။ အခုထိတော့ ကျွန်မမဖွင့်နိုင်သေးပါဘူး။  မေမေကတော့ ဖေဖေ့ဆန်ပွဲရုံမှာ ၀င်လုပ်စေချင်တယ်။ ခက်တာက ပွဲရုံလုပ်ငန်း ကျွန်မစိတ်မ၀င်စားဘူးလေ။ မမကြီးရှိတုန်းကတော့ မမကြီးရှိတော့ဖေဖေသက်သာတယ်။ ဆိုင်မှာ မန်နေဂျာခန့်ထား‌ေသး‌ေတာ့ တော်သေးတယ်။  ဖေဖေက သွားပြီး လိုအပ်တာညွှန်ကြားလောက်ပဲလုပ်ရတာပါ။  ကျွန်မမှာ ရည်ရွယ်ချက်လေးရှိလို့  ကျွန်မရသမျှ ပိုက်ဆံ အပိုမသုံးဘူး။ အ၀တ်အစားတောင် အသစ်မချုပ်ဘူး။ ရှိတဲ့အ၀တ်စားလေးနဲ့ လှအောင်၀တ်တယ်။ အိမ်ကိုလည်း ကျွန်မ မပူဆာပါဘူး။ ဒါပေမယ့် မေမေက ကြုံရင်ကြုံသလို၀ယ်ပေးတယ်။ မမဟေမာန်က နှစ်ချုပ်ရင် ဆိုင်၀န်ထမ်းတွေ မုန့်ဖိုးနဲ့ အ၀တ်စား ချုပ်ပေး‌ေသးတယ်။

မမဟေမာန်ဆီက ရသမျှ လခအကုန် ကျွန်မက  ဘဏ်ထဲအကုန်ထည့်တာလေ။ အိမ်ကပေးတဲ့မုန့်ဖိုးဆို ကျွန်မမယူပါဘူး‌ေပြာတာ‌ေတာင်  မေမေက ဇွတ်ပေးတာ။  မသုံးရင်စုထားတဲ့။  ကျွန်မအမေက သားသမီးတွေအရိပ်ကို အမြဲကြည့်တယ်။ ဘာလိုအပ်တယ်ဆိုတာကအစ မေမေအကုန်သိတယ်။ မေမေ့သမီးဖြစ်ရတာ ကျွန်မတို့ဘ၀မှာ သိပ်ကံကောင်းပါတယ်။ ကျွန်မသာ ဆင်းရဲလွန်းတဲ့မိသားစုဘ၀မှာ မွေးဖွားလာသူဖြစ်ရင် ကလေးတစ်ယောက်နဲ့ 

အခုလို တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်နိုင်မှာမဟုတ်ဘူးလေ။  

ကျွန်မလေ  မေမေ့ကိုသိပ်ချစ်သလို ၊သမီးလေးကိုလည်း ချစ်တယ်။ ညီမလေးသုန်သုန်လည်း တက္ကသိုလ် ပထမနှစ် စတက်နေပြီ။   သူပူဆာတဲ့ဖုန်းကို 

မမကြီးက ၀ယ်ပေးတယ်။  သုန်သုန်က အိမ်မှာ ပူဆာရင် မရတာဘာမှမရှိဘူးလေ။  အငယ်ဆုံးမို့ အလိုလိုက်ခံရသူပေါ့။  ကျွန်မမှာ အိပ်မက်ရှိတယ်။ ကျွန်မသမီးလေးအတွက်  သင့်တင့်လှပတဲ့ အိမ်လေးတစ်လုံးလိုတယ်။  ကျွန်မပိုင်ချင်တဲ့စတိုးဆိုင်တစ်ဆိုင်ရရင် ကျွန်မဘ၀က ဘာမှမလိုအပ်တော့ပါဘူး။  အတွေးပေါင်းစုံနဲ့ လုံးလည်လိုက်နေတဲ့ကျွန်မ ဖုန်းလာလို့ကိုင်လိုက်တယ်။

" ဟယ်လို လဲ့ကေလား "

" အင်း နွယ် ပြောလေ  နင်လဲနော် ပျောက်ချက်သားကောင်းနေတာ "

ကျွန်မစကားကြားတော့ နွယ်ရယ်တယ်။ 

"  မအားလို့ပါဟယ် နင့်ကို၀မ်းသာစရာပြောမို့နွယ် နင်၀ယ်တဲ့မြေတွေ ဈေးတက်နေပြီသိလား "

" ဟင် ဟုတ်လား နွယ် ဘယ်လောက်တက်လို့လဲ "

" တစ်ကွက်ကို သုံးရာလောက် ရနေပြီ "

" ဟင် "

ကျွန်မစကားမပြောနိုင်လောက်အောင် အံ့ဩသွားရတယ်။ 

" ဟုတ်လို့လား နွယ်ရယ်  အဲဒီလောက် တက်ပါ့မလား "

" ဟုတ်တယ်လဲ့ကေ  တက်မယ်ဆိုတာတော့ သိတယ် အဲဒီလောက်တက်လာမယ်တော့မထင်ဘူးလေ  ဘာပဲပြောပြော  နင့်အတွက် ဂုဏ်ယူတယ်သူငယ်ချင်း "

" အို ငါအရမ်းပျော်တာပဲနွယ်ရယ် အဲဒါတွေ က နင့်ကျေးဇူးတွေကြောင့်လဲ ပါပါတယ်နွယ်ရယ်   နင့်ကြောင့်ပါ "

" ဟား မဆိုင်ပါဘူး လဲ့ကေရယ် နင်မ၀ယ်လည်း ၀ယ်တဲ့သူကို ငါ့အစ်မတွေက ရှာရောင်းမှာပဲ ငါ့ကြောင့်မဟုတ်ဘူး

နင့်ရဲ့ကုသိုလ်ကံကြောင့် သိလား ဘာပဲပြောပြော ငါ့သူငယ်ချင်းလေးအတွက် ဂုဏ်ယူတယ် "

ကျွန်မ ရင်တွေတောင်တုန်ပါတယ်။ ကျွန်မပိုင်မြေနှစ်ကွက်က သိန်းခြောက်ရာလောက်တန်ပြီတဲ့။ နှစ်နှစ်အတွင်းကို ဒီလောက်ဈေးရမယ်လို့ ကျွန်မမထင်ထားဘူး။  ကျွန်မပျော်နေမိပါတယ်ရှင်။ 

အဲဒီနေ့က ဆိုင်သိမ်းပြီး အိမ်ကိုဆိုင်ကယ်အမြန်မောင်းပြန်ခဲ့တယ်။ ဆိုင်ကယ်ထိုးရပ်လိုက်တာနဲ့ အိမ်ရှေ့ထွက်လာတဲ့ မေမေ့ကိုဆီးဖက်လိုက်တယ်။

" မေမေ့"

" ဟင် အလတ်မ ဘာဖြစ်လာတာလဲ "

" သမီးပျော်လို့ပါ မေမေရဲ့ သမီးလေ မေမေတို့မသိအောင် မြေကွက်နှစ်ကွက် 

သမီးလစာထဲက ၀ယ်ထားမိတယ်မေမေ "

" ဟုတ်လား သမီး  ဒါဖြုန်းတာမှ မဟုတ်တာပဲသမီးရဲ့ ကောင်းသားပဲ ဒါနဲ့ ဘယ်လောက်နဲ့လဲ"

" ခြောက်သိန်းတန်နှစ်ကွက်ပါ မေမေ

အခု အဲဒီမြေကွက်တွေက သိန်းသုံးရာအထိ ဈေးထိုးတက်သွားတယ်တဲ့မေမေရဲ့  သမီးဒီနေ့မှသိရတာ အဲမြေကွက်တွေ သမီးကသတိတောင်မရဘူးရယ် "

" အို သမီးရယ် မေမေပျော်လိုက်တာ "

မေမေကမျက်ရည်တွေတောင်လည်နေတာ။  

" မေမေ့သမီးလေးရဲ့ အလုပ်ကြိုးစား ရိုးသားတဲ့ရလဒ်ကြောင့် ရလာတဲ့ ကံကောင်းခြင်းဆုလဘ်ပါပဲ သမီးရယ် " 

" မေမေ့မြေးရော  "

" မူကြိုသွားမကြိုရသေးဘူသမီး အခုသွားမို့လုပ်နေတာ  သမီးပြန်ရောက်လာလို့ "

" အဲဒါဆို မေမေနားလေ သမီးသွားကြိုလိုက်မယ်  "

" ဟင့်အင်း သမီးရေမိုးချိုးတော့ မေမေပဲကြိုလိုက်မယ် အဲဒါမှ မေမေလမ်းလျှောက်ဖြစ်တာသမီးရဲ့ "

မေမေ့ကိုခေါင်းညိတ်ပြပြီး အိမ်ထဲလှမ်း၀င်လိုက်တယ်။ အခန်း၀င် ခဏလှဲလိုက်တော့ မျက်၀န်းညိုညိုလေးကိုသတိရမိသွားတယ်။ ရှင်သိရင် ကူပျော်ပေးမှာလား ကိုခန့်ထည်ရယ်။ ကျွန်မလေ ၀မ်းသာတာပဲဖြစ်ဖြစ် ၊၀မ်းနည်းတဲ့အခါပဲဖြစ်ဖြစ် ရှင့်ကို သတိရမိတယ်။  သတိရတိုင်း ကျွန်မပါးပေါ်မှာ 

အလိုလိုမျက်ရည်တွေ စီးလာကြတယ် 

ကိုခန့်ထည်။ ကျွန်မ ရှင့်ကိုသိပ်တွေ့ချင်နေမိတယ်။  ကျွန်မရင်ထဲ မွန်းကြပ်လာတာနဲ့ ဒိုင်ယာရီစာအုပ်လေးကို ဆွဲယူလိုက်တယ်။

" ဝေဒနာရပ်၀န်းက ပန်းတစ်ပွင့်မို့

  လွမ်းတာတောင် လွမ်းတယ်လို့

  မဆိုရဲခဲ့ဘူး

  တိတ်တိတ်ဆွေးပြီး

  တိတ်တိတ်‌ေလး ကြိတ်ငေးရတဲ့

   မင်းမကြည့်တဲ့ရင်ဘတ်ထဲမှာ

   ခဏခဏငိုခဲ့ရတာပါ   "

        *********"**

" အဖေကြီး ရှင့်သမီးလတ်၀ယ်ထားတဲ့ မြေနှစ်ကွက်က သိန်းခြောက်ရာလောက်ရပြီတဲ့ "

ဖေဖေရောက်တာနဲ့ မေမေကဆီးပြောတာပဲ။ 

ကျွန်မပြောပြတာတွေကို မေမေက ဖေဖေ့ကိုပြန်ပြောပြနေတယ်။   ကျွန်မကတော့ မေမေပြောတာကို မသိသလိုနေရင်း  သမီးလေးနဲ့ ကာတွန်းကားထိုင်ကြည့်နေလိုက်တယ်။ 

" သမီးလေး ဒီနေ့ မူကြိုက ဘာတွေသင်ပေးလဲ "

" ကပျာ သင်ပေးရယ် "

" ဟယ် ရွတ်ပြပါဦး မေမေ့ကို "

ကျွန်မကို မပီကလာ ပီကလာနဲ့ရွတ်ပြနေတဲ့ သမီးရဲ့ ပါးဖောင်းဖောင်းလေးကို

အသည်းယားလွန်းလို့   နမ်းလိုက်တယ်။ သမီးလေးရဲ့ကံပဲဆိုပြီးမျက်စိမှိတ်၀ယ်လိုက်မိတာ အခုလို ထင်မထား

တော့ အရမ်းပျော်တာပဲ။  ကံအဆိုးတွေကုန်ရင် ကံကောင်းလာနိုင်သေးတာပဲလေ။   

" မေမေ လက်ဖက်သုပ်ထားတယ် သုန်သုန်ကိုတက်ခေါ်လိုက် သမီးလတ် "

မေမေ့ကို ခေါင်းညိတ်ပြလိုက်ပြီး အိမ်ပေါ်ထပ် တက်လာလိုက်တယ်။ အခန်းရှေ့ရောက်တော့  အခန်းတံခါးခေါက်မို့

လုပ်ကာမှ  အထဲက ကြားလိုက်ရတဲ့စကားတွေက  ကျွန်မလက်ကို တွန့်သွားတယ်။

" ဟင် ကိုကိုကလဲ ကလေးက ကိုကို့ကို

သိပ်ချစ်တာပါဆို "

သုန်သုန့်အသံလေးက ကျွန်မနားထဲ ၀င်လာလို့ နားစွင့်မိတော့ ကျွန်မရင်တွေပူသွားတယ်။ ဘုရား၊ဘုရား။ သုန်သုန်ချစ်သူထားနေပါလား။ ညီမငယ်အတွက် စိတ်ပူသွားတယ်။ သုန်သုန်က 

ကလေးရှိသေးတာကိုး။  မေးရင်ကောင်းမလား။ မဖြစ်သေးပါဘူး။  သိတဲ့အတိုင်း ၊ ကျွန်မအပြစ်ကြောင့် သုန်သုန်က အမြဲမခန့်တရန့်ဆက်ဆံတတ်တာ သတိရတော့  ကျွန်မဘက်က မသေချာဘဲ 

ပြောလို့ကတော့ သုန်သုန်၀န်ခံမှာမဟုတ်သလို နားထောင်မှာလည်း မဟုတ်ဘူး။ 

" ဒေါက် ဒေါက် "

"သုန်သုန် မေမေကလက်ဖက်သုပ်စားဖို့ ခေါ်ခိုင်းလိုက်တယ် "

" မစားတော့ဘူး မမလေး သုန်မစားချင်ဘူး "

ကျွန်မသက်ပြင်းတစ်ချက် ရှိုက်လိုက်မိတယ်။ ဖုန်းပြောပျက်မှာစိုးလို့ မစားတာ ကျွန်မသိတာပေါ့။ အပေါ်ထပ်ကပြန်ဆင်းလာတဲ့ ကျွန်မခြေလှမ်းတွေက တုန့်ဆိုင်းနေတယ်။ ညီမငယ်အတွက် စိတ်ပူမိတာကြောင့်ပါ။

" ညည်းညီမကော " လို့လှမ်းမေးနေတဲ့ မေမေ့ကို " သုန်သုန် မစားတော့ဘူးတဲ့မေမေ  " လို့ဖြေလိုက်တယ်။ 

မေမေ့ကို  ကျွန်မကိုပူခဲ့ရသလိုမျိုး သုန်သုန့်အတွက်  ထပ်မပူစေချင်တော့ဘူး။ ကျွန်မဘာလုပ်ရင်  

ကောင်းမလဲ အထပ်ထပ်စဉ်းစားနေမိတယ်။   မေမေသုပ်ထားတဲ့ လက်ဖက်သုပ်ကိုစားနေပေမယ့် ကျွန်မတွေးနေတာက သုန်သုန့်အကြောင်းပါ။ 

ဘယ်လိုမျိုးမှ ကျွန်မညီမလေးကို အထိခိုက်မခံနိုင်ပါဘူး။ ကျွန်မစကားနားမထောင်ရင်တောင်မှ အစ်မတစ်ယောက်အနေနဲ့ ကျွန်မ တားကိုတားရမယ်မဟုတ်လား။  ဟူး။ မသိမသာ သက်ပြင်းမှုတ်ထုတ်မိပြန်တယ်။ ဟော။ သမီးလေးက  ဆက်တီမှာမှီပြီး တီဗွီကြည့်‌ေနရာကနေ  အိပ်တောင်ပျော်နေပြီ။

အိမ်ထဲ ခြင်လုံဇကာတွေ တပ်ထားတာတောင်  တခါတခါ ခြင်က ၀င်လာတတ်သေးတာလေ။ သမီးလေးကို ပွေ့ချီပြီး အိပ်ရာထဲ ခေါ်လာခဲ့တယ်။  

အိပ်ရာထဲအသာနေရာချ ၊  သမီးရင်ဘတ်ပေါ် စောင်ပါးလေး  တင်လိုက်တယ်။ ခြင်ထောင်ကိုချလိုက်ပြီးမှ ဘုရားကန်တော့ဖို့ အပေါ်ထပ်လာခဲ့တယ်။  ဘုရားကန်တော့ ၊ ပဌာန်းရွတ် မေတ္တာပို့ပြီး ပြန်ဆင်းလာတော့ သုန်သုန့်အခန်းက တိတ်နေပြီ။ သုန်သုန့်ကို လွှတ်မထားဖို့ ကျွန်မစိတ်ထဲ ကိုယ့်ကိုယ့်ကိုယ်ကိုယ်သတိပေးနေမိတော့တယ်။

********

ကျွန်မရေချိုးပြီးကာစမှာပဲ ဖုန်းလာသံကြားလိုက်တယ်။ မေ‌မေကိုင်ပြီးပြောနေတာကြောင့် မမကြီးဖြစ်မယ်လို့ တွေးနေမိတယ်။

" အမလေး အဖေကြီးရေ ရှင့်သမီးကြီး

မွေးသွားပြီတဲ့ ယောက်ျားလေးတဲ့တော် "

မေမေ့အသံကြားတော့ ကျွန်မပါပျော်သွားတယ်။ 

"မောင်သက်နိုင် ဖုန်းဆက်တယ်။  မနေ့ညနေကထဲက အထူးကုဆေးခန်းတင်လိုက်တာတဲ့ မေမေတို့စိတ်ပူမှာစိုးလို့ သွဲ့ဆွေက ဖုန်းမဆက်ခိုင်းတာတဲ့  မနက်သုံးနာရီလောက်ထဲက ‌ေမွးသွားတာတဲ့  ယောက်ျားလေးတဲ့တော် "

၀မ်းသာအားရ ပြောပြနေတဲ့မေမေ့မျက်နှာလေးက ကြည်လင်နေလိုက်တာ။  

" အဖေကြီး နေ့လည် သမီးကြီးဆီ ကျုပ်သွားချင်တယ်ရှင် "

" အင်း လိုက်ပို့ပေးမယ်လေ  မနက်ခဏတော့ ပွဲရုံသွားလိုက်ဦးမယ်  နေ့လည်ပြန်လာခဲ့မယ်လေ "

ဖေဖေနဲ့မေမေ ပြောတာကို ကျွန်မအသာနားထောင်နေလိုက်တယ်။ 

" သမီးလတ် လိုက်မှာလား "

" လိုက်တော့လိုက်ချင်တယ်မေမေ ဒါပေမယ့် အလုပ်ကခွင့်လိုရင် ကြိုပြောရတာမေမေရဲ့ နောက်ရက်ကျမှ သွားမယ်လေမေမေ သုန်သုန်လိုက်မလားမသိဘူးမေမေ "

ကျွန်မကို မေမေခေါင်းညိတ်တယ်။ အငယ်မလည်းမသေချာလောက်ဘူး။

ကျွန်မလည်း ဆိုင်သွားဖို့ ပြင်ဆင်ရတယ်။ ပြင်ဆင်ပြီးတာနဲ့ 

" မေမေ သမီးအလုပ်သွားတော့မယ်နော် "

လို့ မေမေ့ကိုနုတ်ဆက်လိုက်ပြီး ဆိုင်ကယ်မောင်းထွက်လာခဲ့တယ်။ ဆိုင်ရောက်တော့ ဆိုင်ဖွင့်ကာ ပုံမှန်လုပ်နေကျအလုပ်တွေ  လုပ်လိုက်တယ်။

သိပ်မကြာပါဘူး။ ဖြိုးဖြိုးပါရောက်လာတယ်။  ဖြိုးဖြိုးက အလုပ်မှာရှိသေးပေမယ့် 

ခခနွယ်က အလုပ်ထွက်သွားတာ တစ်လရှိပြီ။ ယောက်ျားနောက်လိုက်သွားတာလို့ ဖြိုးဖြိုးကပြောပြတယ်။ ခခနွယ်နေရာကို တစ်ယောက်ယောက်တော့

အစားပြန်ခေါ်ရမယ်လေ။

" မမ ခခအစား တစ်ယောက်ထပ်ခေါ်ရင် ဖြိုးညီမ၀မ်းကွဲလေး ခေါ်ပါလားဟင် သူတို့ကလည်း ဆင်းရဲတယ်မမရဲ့ 

သူတို့ဘ၀က ဖြိုးထက်တောင်ဆိုးသေးတယ် အဖေမရှိဘူးမမရဲ့ သူငယ်ငယ်ထဲက သူ့အမေကို သူ့အဖေက မယူဘဲ 

ပစ်ထားခဲ့တာ "

" ဟင် "

ဖြိုးဖြိုးစကားက ကျွန်မရင်ဘတ်ထဲကို

နင့်ခနဲဖြစ်သွားစေတယ်။ ဖြိုးဖြိုးစကားကို စိတ်၀င်စားသွားတယ်။

" အင်း ဖြိုးဖြိုးညီမအကြောင်း သိသလောက်ပြောပြပါဦး မမစိတ်၀င်စားသွားပြီ "

" ဒီလိုမမရဲ့ ဖြိုးဖြိုးညီမ၀မ်းကွဲနာမည်က ရွှေရောင်လင်းတဲ့ "

" ရွှေရောင်လင်း နာမည်လေးက ချစ်စရာလေးပါလား"

ကျွန်မအပြောကို ဖြိုးဖြိုးက ခေါင်းညိတ်ပြတယ်။ 

" ဟုတ်တယ်မမရဲ့ ဒေါ်လေးငယ်က သူ့သမီးရဲ့အနာဂတ်ကို ရွှေရောင်လိုလင်းလက်စေချင်လို့ ရွှေရောင်လင်းလို့ ပေးတာတဲ့ "

"ဪ "

ဖြိုးဖြိုးပြောတဲ့ ရွှေရောင်လင်းအကြောင်းကိုကျွန်မစိတ်၀င်တစားနားထောင်လိုက်တယ်။ 

"ဒေါ်လေးငယ် ၊ ငယ်ငယ်က သူ့ချစ်သူနဲ့ ကိုယ်၀န်ရှိတော့ သူ့ချစ်သူက 

သူ့ကိုမယူနိုင်ဘူးတဲ့  အဲဒီလို ဖြစ်တော့

ဒေါ်လေးငယ် အစ်ကိုအရင်းက ဒေါ်လေးငယ်ကို လှိမ့်ထိုးတာ မျက်နှာဆိုတာ ဖူးယောင်နေတာပဲတဲ့ ဒေါ်လေးငယ်က အားလုံးကိုအတိုက်အခံလုပ်ပြီး

ရွှေရောင်လင်းကို မွေးခဲ့တာ။ 

သူ့သမီးကို ပညာတတ်ဖြစ်စေချင်လို့ 

ဒေါလေးငယ်ဟာ နေပူမရှောင်၊ မိုးရွာမရှောင်  ပြောင်းဖူးပြုတ်တို့ မုန့်လက်ဆောင်းတို့‌ေရာင်းပြီး သူ့သမီးကို ကျောင်းထားပေးခဲ့တာမမရဲ့  ရွှေရောင်လင်း မွေးပြီးတစ်လ‌ေလာက်ထဲက ဈေးရောင်းခဲ့ရတာဆိုတော့ သွေးနုသားနုနဲ့ အလုပ်တွေလုပ်ခဲ့လို့လားမသိဘူး ရွှေရောင်လင်းဆယ်တန်းရောက်တော့ အိပ်ရာထဲ လဲတော့တာပဲမမ ရွှေရောင်လင်းက ကျောင်းလည်းဆက်မတတ်နိုင်ဘဲ သူ့အမေကို 

ပြုစုနေရတာပါ။ သူ့အမေကိုပြုစုရင်းနဲ့

သူလုပ်တတ်တဲ့အလုပ်က သူများအ၀တ်စားတွေ အခနဲ့လိုက်လျှော်ပေးတာပဲ။  သူ့သမီးကိုကြည့်ပြီး ဒေါ်လေးငယ်ဟာ တငိုငိုနဲ့ရယ်။ ဖြိုးမေမေသတင်းသွားမေးတော့ သူ့သမီးကို ဖြိုးလိုအလုပ်သွင်းပေးပါလားလို့ အကူညီတောင်းတယ်တဲ့  မေမေက ဖြိုးကို ပြန်ပြောပြလို့ပါမမ မေမေနဲ့က ညီအစ်မတစ်၀မ်းကွဲလေမမ "

ကျွန်မရင်ဘတ်ထဲ ဆို့နင့်လာတယ်။

လောကမှာ လူမဆန်တဲ့ယောက်ျားတွေ ရှိနေသမျှ ဒီလိုမိခင်တွေ ၊ ဒီလိုသားသမီးတွေ ထွက်လာကြရမှာမဟုတ်လား။ ကျွန်မလည်း ပြည့်စုံတဲ့ ဖေဖေ၊မေမေတို့သမီးသာ မဟုတ်ခဲ့ရင်

ဖြိုးပြောပြတဲ့ ဒေါ်လေးငယ်လို အဖြစ်မျိုး

မကြုံဘူး ဘယ်ပြောနိုင်ပါ့မလဲ။

" မနက်ဖန် ရွှေရောင်လင်းကို ခေါ်ခဲ့ကြည့်လေ ဖြိုးဖြိုး မမသဘောကျရင်

ခန့်မယ်လေ "

" ဟုတ်မမ ဖြိုးကျေးဇူးတင်လိုက်တာနော် "

ပျော်သွားတဲ့ ဖြိုးဖြိုးမျက်နှာလေးကြည့်ပြီး ကျွန်မပြုံးပြလိုက်တယ်။  ဒီအသိတွေက ကျွန်မကို နောက်ထပ် ထပ်ချစ်ဖို့ ခွင့်မပြုကြဘူးကိုခန့်ထည်ရဲ့။ စိတ်ထဲကညည်းမိလိုက်ပြီး " အို ငါနဲ့သူက ဘာဆိုင်လို့လဲ " လို့ ပြန်တွေးမိရသေးတယ်။

     ဆိုင်က ၀ယ်သူကျလာလို့ ကျွန်မနဲ့ဖြိုးဖြိုးလည်း မအားတော့ဘူး။လူတစ်ယောက်လျော့ရင် လူတစ်ယောက်စာက

ပိုပင်ပန်းရတာပဲမဟုတ်လား။ဆိုင်၀ယ်သူကျနေတော့ 

" သူဌေးမကြီး " လို့ခေါ်ပြီးစလိုက်တဲ့ နွယ့်အသံကြားမှ နွယ်ရောက်မှန်းသိလိုက်တယ်။

" နွယ် ထိုင်ဦးနော် ခဏလေး "

" ရတယ် အေးဆေးလုပ် "

နွယ်က ကောင်တာနားက သူလာရင်ထိုင်နေကျခုံမှာ ထိုင်ပြီး ချထားတဲ့မဂ္ဂဇင်းစာအုပ်လေး ဖတ်နေတယ်။

ကျွန်မကလည်း ၀ယ်သူ ကာစတန်မာ

အကြိုက် တစ်ခုပြီးတစ်ခု စိတ်ရှည်လက်ရှည်ပြပေးနေရတယ်။ အဲဒီအစ်မက ဆိုင်ရဲ့ပင်မဖောက်သည်လေ။

သူလာရင် တခါတခါရောင်းရရင် 

သိန်းဆယ်ချီ၀ယ်တတ်တာ။ သူ့ကိုဆို 

ကလေးတွေနဲ့ပစ်ထားလို့မရဘူး။ အဆင်မပြေတာ တခုခုဖြစ်မှာစိုးတာနဲ့  ကျွန်မကိုယ်တိုင်ရောင်းပေးတာချည်း။

အဲဒီအစ်မ ပြန်မှပဲ နွယ့်အနား ကျွန်မထိုင်နိုင်တော့တယ်။

" သူဌေးမကြီး အမောဖြေ‌လိုက်ဦး "

စနေတဲ့နွယ့်ကို မျက်စောင်းတစ်ချက်ထိုးရင်း မေးလိုက်တယ်။ 

" ကျုပ်ဆီကို ဘာကြောင့်မလာတာလဲ

အခုရက် " 

" မအားလို့ပေါ့ လဲ့ကေရယ် 

ငါလည်း အဖေ့ရုံးမှာ အလုပ်၀င်လုပ်မှာလေ "

" ဟုတ်ပါပြီ နင့်ကိုပြောပြစရာတွေရှိတယ်နွယ်ရဲ့ "

" ဆိုပါဦး "

" မမကြီးက ယောက်ျားလေးမွေးသွားပြီ သုန်သုန်က ချစ်သူထားနေတယ် "

ကျွန်မအပြောကို နွယ်ကနားထောင်ပြီး

" အရွယ်ရောက်လို့ရည်းစားထားတာ 

ဆန်းလို့လား လဲ့ကေရာ "

လို့မေးတယ်။ 

" မဆန်းဘူးလေဟာ ဒါပေမယ့် ငါ့ညီမလေးက ကလေးရှိသေးတာ ပြီးတော့လောကအကြောင်းဘာမှမသိသေးဘူးလေ "

" နင်က ကလေးထင်နေပေမယ့် သူက

ကလေးမဟုတ်တော့ဘူးလေဟာ 

တက္ကသိုလ်ကျောင်းသူပဲဖြစ်နေပြီ နင်ဆို ဆယ်တန်းနှစ်ထဲက ချစ်သူထားခဲ့တာလေ နင့်ထက်စာရင် နင့်ညီမလေးက ပိုလိမ်မာတယ် "

နွယ်က ကျွန်မကိုမဲ့ပြီးဖြေတယ်။ 

" အဲလောက်စိတ်ပူမနေပါနဲ့ " လို့လည်း

ပြောတယ်။

" ငါက ငါ့ညီမလေးကို ငါ့လိုအဖြစ်မခံနိုင်ဘူး ငါတားသင့်လားဟင် "

" ငါ့အထင်ပြောရရင် မတားသင့်သေးဘူးလဲ့ကေ သူထားတဲ့ချစ်သူဟာ ဘယ်လိုလူဆိုတာ နင်သိတာမှမဟုတ်တာ မင်းထက်ကိုလို ကောင်ဆိုရင်တားသင့်တယ် ခန့်ထည်လိုလူဆိုရင် နင်မတားသင့်ဘူး ...."

" ပါလာပြန်ပြီ အဲခန့်ထည်က "

ကျွန်မနုတ်ခမ်းစူပြီးပြောတော့ နွယ်ရယ်တယ်။

" နောက်ပြီး နင်မသေချာဘဲ ပြောရင် 

နင့်ညီမကလက်ခံမှာမဟုတ်ဘူးနော် နင်တို့ညီအစ်မ ပိုစိတ်၀မ်းကွဲစရာဖြစ်မယ်

နင်စိတ်ပူလို့ပြောတာကို သူမြင်မှာမဟုတ်ဘူး အဲအချက်ကို  နင်မ‌ေမ့နဲ့ သတိထား "

" အင်းပါနွယ်ရာ ငါသေချာအောင် အခြေနေကြည့်ပါမယ် "

နေ့လည်ထမင်းစားချိန်မို့ နွယ်ပါစားရအောင်  အရှေ့မျက်နှာချင်းဆိုင်က 

ထမင်းနဲ့ဟင်းထွက်၀ယ်လိုက်တယ်။

ကျွန်မတို့ ဖြိုးဖြိုးပါခေါ်ပြီး သုံးယောက်စုစားလိုက်တယ်။ ထမင်းစားပြီးမှ ဖြိုးဖြိုးက တခါတခါ၀ယ်သောက်ဖြစ်တဲ့ဆိုင်က လက်ဖက်ရည်သွား၀ယ်လာပေးတယ်။ လက်ဖက်ရည်၀ယ်တော့ ခခနွယ်ပါ သတိရမိသေးတယ်။

ခခနွယ်က လက်ဖက်ရည်သိပ်ကြိုက်တာလေ။ နွယ်က သူ့ရှေ့ချပေးတဲ့ လက်ဖက်ရည်ကို တကြိုက်ကြိုက်ရင်း

" လဲ့ကေ နင့်မြေတွေ ပြန်ရောင်းမှာလား" လို့မေးတယ်။

" ဘယ်သူ၀ယ်မှာလဲနွယ်ရယ် "

" အရူးမ မြေ၀ယ်ချင်သမားမှ အခုခြေချင်းကိုလိမ်နေတာ နင်၀ယ်တဲ့အချိန်ကလို ၀ယ်သူကို လိုက်ရှာရတဲ့ခေတ်မဟုတ်ဘူး "

နွယ်ပြောတော့ ကျွန်မရယ်လိုက်တယ်။

" အခု ဘာမှမဆုံးဖြတ်ရသေးဘူးနွယ်ရဲ့ 

ငါ့ကိုယ်ပိုင်ဆိုင်လေးရချင်တာလေ "

" အခုအခြေနေနဲ့ဆို နီးလာပါပြီဟာ ဘာပဲပြောပြော ထပ်ထားနိုင်လေ နင့်အတွက် အကျိုးရှိလေပဲ "

" အင်းပါနွယ် လောဆယ်တော့ ထပ်ထားဦးမယ်ဟာ  ငါရောင်းတဲ့အချိန်ကျ 

နင့်ကိုမမေ့ဘူးသိလား "

ကျွန်မစကားကြားတော့ နွယ် ကျွန်မပါးကို လာလိမ်ဆွဲတယ်။  

" သူငယ်ချင်းကြားမှာမလိုပါဘူးဟာ 

နင်အဆင်ပြေရင်ကို ငါ၀မ်းသာတယ် "

" နွယ်ရယ် "

ကျွန်မမျက်၀န်းမှာ မျက်ရည်ကြည်တွေဝေ့ဝဲလာတယ်။ ကျွန်မမှာ အချစ်ဆုံးသူငယ်ချင်း

မူလတန်းထဲကတွဲလာခဲ့တာ နှစ်ယောက်ရှိတယ်။ သက်သက်ချိုနဲ့ နွယ်နှင်းဆီ။

ကျွန်မအခုလိုဖြစ်ပြီးနောက်ပိုင်း  သက်သက်ချိုက ကျွန်မနဲ့မပေါင်းဖြစ်တော့ပေမယ့် နွယ်ကတော့ ကျွန်မဘေးနား ခုအချိန်ထိ ရှိနေပြီး သူတတ်နိုင်တဲ့ အကူညီဆိုရင် နုတ်နဲ့တမျိုး ၊လူနဲ့တမျိုးကူညီခဲ့တဲ့သူငယ်ချင်းမဟုတ်လား။

ကျွန်မအတွက် တန်ဖိုးဖြတ်မရတဲ့သူငယ်ချင်းကောင်းတစ်ယောက်ပါ။

" နွယ် နင့်ကိုသိပ်ချစ်တာပဲ "

" ငါ့ကိုဟုတ်လို့လား ခန့်ထည်ကိုမဟုတ်ဘူးလား "

ကျွန်မကိုစနေတဲ့နွယ်ကို မျက်စောင်းထိုးလိုက်ပြီးမကျေမနပ်နဲ့ ရေရွတ်လိုက်တယ်။

" အမလေး အဲဒီခန့်ထည်ကလေ 

သိပ်ချစ်ပါတယ်ဆိုပြီး ပျောက်သွားတာ

ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းတောင်မသိဘူး"

" ကျွန်တော်ရှိပါတယ် "

 ဖြေသံကြောင့်  အသံကြားရာ လှမ်းကြည့်မိတော့ 

" ဟင် " 

ဆိုပြီး ကျွန်မမျက်၀န်းများ ပြူးကျယ်သွားရတယ်။

          ***********


rate now: