book

Index 5

အခန်း ၅

ဒီနေ့ဆယ်တန်းအောင်စာရင်းတွေ ထွက်တဲ့နေ့။ ညီမလေးသုန်သုန် ဆယ်တန်းအောင်လို့ အိမ်ကမိသားစုအားလုံးပျော်နေကြတယ်။ 

" မမလေး သုန့်ကိုဘာဆုချမလဲ ပြော "

" ညီမလေးက ဘာလိုချင်လို့လဲ "

သုန်သုန့်ကို ကျွန်မပြန်မေးလိုက်တယ်။

" ဖုန်း ရချင်တာ  မများပါဘူး သိန်းနှစ်ဆယ်လောက်ရှိတာကိုး "

သုန်သုန်ဖြေတာကြည့်ပြီး ကျွန်မဘာပြန်ပြောရမလဲတောင် မသိတော့ဘူး။

သိန်းနှစ်ဆယ်တန်ဖုန်းတဲ့။ အဲလောက်ပြည့်အောင်ပဲ ကျွန်မမှာ မရှိတော့ဘူးလေ။

" မိသုန်ရယ် အဲဒီလောက်ဈေးကြီးတဲ့ဖုန်း ဘာလုပ်မှာလဲ အိမ်မှာလည်း ကြိုးဖုန်းရှိနေတာကို ညည်းအစ်မက ရတဲ့လစာက ဘယ်လောက်ရလို့လဲ "

မေမေ့အဖြေကြားတော့ သုန်သုန်နုတ်ခမ်းစူသွားတယ်။  သူလိုချင်တာမရရင် 

သုန်သုန်က အဲဒီလိုလေး။

" အဲဒီဖုန်းကိုင်ချင်ရင် ညည်းဘွဲ့ရအောင်ကြိုးစား ညည်းဘွဲ့ရတဲ့နေ့ မေမေကိုယ်တိုင်၀ယ်ပေးမယ် "

" ဘွဲ့ရဖို့ကအဝေးကြီး သမီးသူငယ်ချင်းတွေဆို  အခုထဲက ကိုင်နေကြပြီ "

" အဲဒါက ပြိုင်စရာနေရာမဟုတ်ဘူးသမီးငယ် ပညာသင်တဲ့နေရာသာ ပြိုင်သင့်တာ  အများထက် ပိုပိုထူးချွန်အောင်ကြိုးစားသင့်တာ "

မေမေ့စကားအဆုံး ခြေဆောင့်ပြီး သူ့အခန်းထဲ သုန်သုန်၀င်သွားတယ်။ မေမေက " တွေ့လား ညည်းညီမ " လို့လှမ်းပြောတော့   ‌ေမမေ့ကို ကျွန်မ ရယ်ပြလိုက်တယ်။  သုန်သုန်စိတ်ကောက်နေပြီ။ 

"  မေမေ သမီးအလုပ်သွားတော့မယ်နော် "

မေမေ့ကိုနုတ်ဆက်ပြီး ဆိုင်ကိုထွက်လာလိုက်တယ်။ ဆိုင်ရှေ့အရောက်

ခန့်ထည်ကို မြင်လိုက်ရတော့  မထင်မှတ်ထားတာမို့ ကျွန်မ တအံ့တဩနဲ့ ငေးမိသွားတယ်။

" မလဲ့ကေ "

သူ့နုတ်ဆက်သံက ကျွန်မကို အသိ၀င်လာစေသလိုမို့  ဆိုင်တံခါးကို သော့ဖွင့်လိုက်တယ်။  

ဆိုင်ထဲ ၀င်လိုက်ပြီး ဆိုင်ပါဖွင့်လိုက်တယ်။  သူကပါ ဆိုင်ထဲလိုက်လာပြီး

" မလဲ့ကေ ကျွန်တော် မလဲ့ကေနဲ့ စကားပြောချင်လို့ပါ ကျွန်တော့်ကို စကားပြောခွင့် အချိန်အတိုင်းတာတစ်ခုလောက် ခွင့်ပြုပေးပါလား "

လို့ဆိုတယ်။

" ကိုခန့်ထည်နဲ့  ကျွန်မမှာ ပြောစရာစကားမရှိပါဘူး "

ကျွန်မအားနာပေမဲ့ တခါထဲ ငြင်းလိုက်တယ်။  

" မလဲ့ကေမှာ မရှိပေမဲ့ ကျွန်တော့်မှာ ရှိတယ်   ကျွန်တော့်ကို ခွင့်ပြုပေးပါ 

ည‌ေနဆိုင်သိမ်းရင်  ကျွန်တော်စောင့်နေမယ် မလဲ့ကေ "

ပြောပြောဆိုဆို လှည့်ထွက်သွားတဲ့ သူ့ကျောပြင်ကိုငေးပြီး ကျွန်မ ငိုင်တွေပြီး

ကျန်ခဲ့တယ်။ ကျွန်မဘာလုပ်ရမလဲ။

နွယ့်ဆီကိုဖုန်းခေါ်လိုက်တယ်။ 

" နွယ် ငါ့ကို စကားပြောခွင့်တောင်းနေတယ် ငါ ငါဘာလုပ်ရမလဲဟင် "

ကျွန်မအသံက စိတ်လှုပ်ရှားနေတာကြောင့်  တုန်ရင်နေသလိုပဲ။

" လဲ့ကေ နင်ရင်ခုန်နေတာလား "

" ဟာ ဘာဆိုင်လို့လဲ "

ကျွန်မဇွတ်ငြင်းတော့ နွယ်ရယ်တယ်။

" ထားပါ နင်ရင်ခုန်လဲ ၀န်ခံမှာမှ မဟုတ်တာ  သူက လူကြီးဆန်ဆန် နင့်ကိုလေးလေးစားစား ခွင့်ပန်တာလေ နင်ခွင့်ပြုသင့်တယ် သူဘာပြောမလဲဆိုတာ နင်သိသင့်တယ် လဲ့ကေ နင်လက်ခံလိုက် ဒါပဲနော် ငါမအားတော့ဘူး အပြင်သွားစရာရှိလို့ "

ပြောပြောဆိုဆို နွယ်က ဖုန်းချသွားတယ်။ ကျွန်မတနေကုန် ရင်တွေ ခုန်နေတာကို သတိထားမိတယ်။  ကျွန်မ ရင်ခုန်ခဲ့ဖူးပါတယ်။ အဲဒီရင်ခုန်နူန်းနဲ့ အခုရင်ခုန်နူန်းဟာ မတူတာတော့အမှန်ပဲ။ တနေကုန် အလုပ်ထဲ စိတ်မပါသလို ခံစားနေရတယ်။  ဒီနေ့မှ နာရီတကြည့်ကြည့်နဲ့ ကျွန်မ စိတ်ကမလုံသလိုလို။   ညနေရောက်မှာကို ကြောက်နေသလိုဖြစ်နေပေမယ့် ညနေကို မြန်မြန်ရောက်ချင်နေတဲ့ စိတ်ကပါ ဒွန်တွဲနေတာကို ကျွန်မကိုယ်ကျွန်မ

သတိထားနေမိပြန်တယ်။ ကျွန်မ‌‌ေကြာက်တဲ့

အချိန်က တဖြည်းဖြည်းနဲ့ ရောက်လာခဲ့ပြီ။ ကျွန်မတို့ ဆိုင်ပိတ်ကြပြီ။ ရင်ဘတ်က တဒုန်းဒုန်းနဲ့ ဘာလို့ဆူညံချင်နေရတာလဲ။  ခုချိန်ထိ သူ့အရိပ်ကို မမြင်ရမှ ကျွန်မစိတ်ထဲ  နေသာသလိုရှိသွားတယ်။ အဲဒီခံစားမှုနဲ့အတူ ၀မ်းနည်းသလိုလိုစိတ်က ဘာလို့ကပ်ပါလာရတာလဲ။

ဆိုင်ကယ်ကို စက်နိူးပြီးမောင်းထွက်လာပေမယ့် ကျွန်မစိတ်ထဲ နာကျင်သလိုလို ခံစားရတာ ထူးဆန်းနေသလိုပဲ။ 

" မလဲ့ကေ "

နားထဲမှာ ကြားလိုက်ရတဲ့ အသံလေးက တိုးဖွဖွနိုင်ပေမယ့် ကျွန်မနားထဲ တုန်ဟီးသွားတယ်။ ထိတ်ခနဲ ၊ဒိတ်ခနဲ စုံနေတဲ့ရင်ခုန်သံက ကျွန်မရဲ့အားအင်တွေကို အကုန်ယူချလိုက်သလို ခြေကုန်လက်ပန်းကျချင်လာတယ်။

" မလဲ့ကေ  ဦးပိန်ဘက် ခဏမောင်းမလားဟင် ဒါမှမဟုတ် မန္တလေးကျုံးဘက် ခဏသွားမလား "

ဘေးနားက သူ့ဆိုင်ကယ်ကို ဖြည်းဖြည်းကပ်မောင်းပြီး  တတွတ်တွတ်လာမေးနေတယ်။ သွားမယ့်နေရာတွေကလဲ ဆန့်ကျင်ဘက်နေရာတွေချည်း။ 

" ဒါမှမဟုတ် ဆိုင်တစ်ဆိုင်ဆိုင်ဆိုရင်ရော 

မလဲ့ကေ ဖြေပါဗျာ  မဖြေရင် မလဲ့ကေရှေ့  ဆိုင်ကယ်ပိတ်ရပ်ထားမှာနော် "

တစ်ကယ်လုပ်မဲ့လူ။ ဘယ်လိုလုပ်ရမှန်း မသိဘူး။ နွယ်က နားထောင်လိုက်တဲ့။ ကျွန်မစိတ်ကလည်း သူပြောတာ ဘာကြောင့်နားထောင်ချင်နေရတာလဲ။

" မလဲ့ကေ "

" အင်း တစ်ဆိုင်ဆိုင်ပဲ ကောင်းပါတယ် 

ကျွန်မအချိန်သိပ်မရဘူးနော် "

သူ့မျက်နှာလေးက ပြုံးရွှင်သွားပြီး " အိုကေ "တဲ့။ သူဦးဆောင်ရာနောက် လိုက်လာတော့ မန္တလေးမြို့ရဲ့ နာမည်ရ အအေးဆိုင် ရွှေနိုင်လွန်ရှေ့မှာ ရပ်လိုက်တယ်။ ကျွန်မလည်း ဆိုင်ကယ်ပေါ်က ဆင်းလိုက်ပြီး သူ့နောက်က လိုက်လာမိတယ်။

ထောင့်စွန်းကျကျ နေရာလေးကို သူကရွေးချယ်လိုက်တယ်။   သူထိုင်တဲ့ခုံနဲ့ မျက်နှာချင်းဆိုင်မှာ ကျွန်မ၀င်ထိုင်လိုက်ပြီး   သူ့ကိုမော့အကြည့် သူက ကျွန်မကို ပြုံးပြီးစိုက်ကြည့်နေတာနဲ့ ဆုံလိုက်ရတယ်။ အို။ ကျွန်မရင်တွေ လှုပ်ရှားလွန်းလိုက်တာ။ သူ့မျက်၀န်းကို

ပြန်မကြည့်ရဲတာနဲ့  ခေါင်းကိုငုံ့ချလိုက်တယ်။  စိတ်လှုပ်ရှားတာကို ထိန်းချုပ်တဲ့အနေနဲ့ ကျွန်မလက်‌ေချာင်းကလေးတွေက ခုံကို အဓိပ္ပါယ်မဲ့ ကုတ်ခြစ်‌ေနမိတယ်။ သူက နတ်သုဒ္ဓါ

အအေးနှစ်ခွက် မှာလိုက်ပြီး "  ဒီဆိုင်က ပူတင်းလည်းကောင်းတယ်" ဆိုပြီး ပူတင်းနှစ်ပွဲထပ်မှာတယ်။

" ဟို ရပြီ အများမမှာနဲ့ "

ကျွန်မအားနာပြီး တားလိုက်တယ်။

" ကိုခန့်ထည် ကျွန်မအချိန်သိပ်မရဘူးနော် နောက်ကျရင် အဆူခံရလိမ့်မယ် "

ကျွန်မအားတင်းလိုက်ပြီး ကြိုးစားပြောလိုက်တယ်။ သူကပြုံးနေတယ်။ကျွန်မကိုစိုက်ကြည့်နေပြီး  တိုးဖွဖွလေးဆိုတယ်။

" လဲ့ကေကို ကိုယ်ချစ်တယ် "

" ရှင် "

ကျွန်မလန့်ပြီး သူ့ကို ပြူးကျယ်တဲ့မျက်၀န်းလေးနဲ့ငေးမိသွားတယ်။ ကြည့်ပါဦး။  စကားအပျိုးမပါ ဘာမပါနဲ့ သူမရိုးသားတာကိုရိပ်မိပေမယ့် 

အခုလိုရှင်းရှင်းကြီးပြောမယ်လို့ ထင်ကိုမထင်ထားတာ။ မလဲ့ကေကနေ လဲ့ကေ တန်းဖြစ်သွားတာ။ ကျွန်မပုံကိုကြည့်ပြီး သူကသဘောတကျရယ်နေလေရဲ့။

" ကိုယ်ပြောတဲ့စကားက လဲ့ကေကို အဲဒီလောက်အံ့ဩစေတာလား ပြောပါဦး "

သူ့မေးခွန်းကို ကျွန်မပြန်မဖြေနိုင်ဘူး။

" ကျွန်မတို့ပြန်ကြရအောင် "

" လဲ့ကေ လဲ့ကေကို မြတ်မြတ်နိုးနိုးချစ်တယ် လဲ့ကေကို မောင် လက်ထပ်ပါရစေ "

ဟင်။ လာပြန်ပြီ။ မောင်တဲ့။ သူ့ကိုယ်သူမောင်တဲ့။  ပြီးတော့ လပ်ထပ်ပါရစေတဲ့။ ကျွန်မခေါင်းတွေ မူးဝေလာပြီ။ ရှင်ထင်နေသလို ကျွန်မကအပျိုမဟုတ်ဘူးရှင့် လို့ အော်ပြောပစ်လိုက်ချင်တာပါ။

" မောင့်ကို မငြင်းပါနဲ့နော် လဲ့ကေမိဘတွေဆီ လာတောင်းရမ်းဖို့ မောင်အားလုံးစီစဉ်ထားပြီးပြီ အဲဒါ လဲ့ကေကို သိစေချင်လို့ ကြိုသတိပေးတာ "

သူ့စကားက ကျွန်မကိုမငြင်းနိုင်အောင် ချည်ပြီးတုတ်ပြီးလုပ်ထားတာ။ ကျွန်မကို အပိုင်တွက်ထားတာ။ ကျွန်မရင်ထဲက မာနလေးက တွန်းထိုးထွက်လာတယ်။ 

" ရှင်က ကျွန်မကို အရုပ်မှတ်နေတာလား ကိုခန့်ထည်  ရှင့်လက်ထဲသေချာရောက်လာမယ့်အရုပ်လို့အပိုင်တွက်ထားတာလား ရှင့်ကိုယ်ရှင် သိပ်အထင်မကြီးနဲ့ အဲဒီလိုလူမျိုးဆို ကျွန်မသိပ်မုန်းတယ်"

မာနကြောင့်ထင်တယ်။ ကျွန်မကိုယ်တိုင်တောင်ထင်မထားတဲ့ စကားတွေက မရပ်မနားထွက်သွားတယ်။

" မဟုတ်ဘူး လဲ့ကေ မင်းကို မောင်သိပ်တန်ဖိုးထားလို့ပါ "

သူ့အဖြေက ကျွန်မရင်ဘတ်ထဲ ထိုးစိုက်သွားတယ်။ ယောက်ျားတစ်ယောက်ရဲ့တန်ဖိုးထားခြင်းမခံရဖူးတဲ့မိန်းမဟာ  တန်ဖိုးထားတဲ့ယောက်ျားတစ်ယောက်ကို တွေ့ခွင့်ရလိုက်ရင် ကျွန်မလိုခံစားဖူးကြမယ်ထင်ပါတယ်။ တခါတလေ စိတ်ပင်ပန်းမှုကြား များများရပ်တည်ဖူးရင်

နွေးထွေးဖေးမမယ့်ရင်ခွင်တစ်ခုကို မက်မောမိဖူးပါလိမ့်မယ်။ ကျွန်မလို မိန်းကလေးကရော ကျောက်တုံးကျောက်ခဲနဲ့တည်ဆောက်ထားတာမှမဟုတ်တာ။ သူ့စကားတွေထဲ ခဏလောက် လဲပြိုကျချင်စိတ်ကို မနည်း ထိန်းခဲ့ရတယ်။ 

" လဲ့ကေ မောင်တို့ပြန်ကြရအောင် မိုးချုပ်ရင် လဲ့ကေအဆူခံနေရမယ် "

ကြည့်။ အမြင်ကတ်ချင်စရာ။ ကျွန်မက သူ့အမိန့်အတိုင်းကရမယ့်အရုပ်ကျနေတာပဲ။ သူက ပိုက်ဆံရှင်းပြီး သွားဖို့့ပြင်တယ်။ ကျွန်မကအထ ကျွန်မလက်ကလေးကို သူက ဖြတ်ခနဲ ဖမ်းဆုပ်တယ်။ ဟင်။ သူ့ကိုအလန့်တကြားမော့ကြည့်မိတော့ ညှို့ဓာတ်အပြည့်ပါတဲ့အကြည့်စူးစူးဟာ ကျွန်မကို ခဏမှင်သတ်စေတယ်။ သတိ၀င်လာလို့ ကျွန်မလက်ကို ရုန်းတော့ " ငြိမ်ငြိမ်နေနော် မနေရင် မောင်ပွေ့ချီသွားမှာ " လို့ဆိုလာတယ်။ ကျွန်မ မရုန်းရဲတော့ဘူး။သူ့ရုပ်က တကယ်လုပ်မယ့်ရုပ်မို့  ဆိုင်ရှေ့အထိ ကျွန်မ ငြိမ်ပြီးလိုက်လာခဲ့ရတယ်။ ကျွန်မဆိုင်ကယ်နားရောက်မှ 

သူ့လက်ကိုလွှတ်ပေးတယ်။  သူ့ဆိုင်ကယ်‌ေပါ်တက်ပြီး ကျွန်မဘေးကနေ

ကပ်လိုက်လာတယ်။ ကျွန်မအတွက်တော့ ဒီနေ့ဟာ အိပ်မက်တစ်ခုလိုပဲ။

ကျွန်မအိမ်ရှေ့အထိ လိုက်ပို့ပြီး သူလှည့်ပြန်သွားတယ်။ အိမ်ထဲကို ၀င်လိုက်တော့ မေမေတင်မက ဖေဖေပါ ထွက်လာကြတယ်။ တခါမှဒီ‌ေလာက် 

မိုးမချုပ်ဖူးဘူးလေ။

" အလတ်မ ဘာလို့ဒီ‌ေလာက်နောက်ကျရတာလဲ "

" ၀ယ်သူက ဆိုင်ပိတ်ခါနီးမှကျလာတာမေမေရဲ့ အားနာလို့ သူတို့ကြည့်တာကိုစိတ်ရှည်လက်ရှည်  စောင့်ပေး‌ေနရတာ"

ကျွန်မအဖြေကို မေမေယုံသွားပုံရတယ်။ ဘာမှဆက်မပြောတော့ဘူး။ သမီးလေးက ဖေဖေ့ကိုယ်ပေါ်မှာထိုင်နေတာမို့ ကျွန်မမခေါ်ဘဲ အခန်းထဲအရင်၀င်လိုက်တယ်။ ကျွန်မလက်ကလေးက ခုထိနွေးနေပါလား။ နားထဲမှာ 

" မဟုတ်ဘူးလဲ့ကေ မင်းကိုမောင်သိပ်တန်ဖိုးထားလို့ပါ " ဆိုတဲ့စကားလေးကို အထပ်ထပ်ကြားယောင်နေမိတယ်။ ခုအချိန်ထိ ကျွန်မရင်ခုန်နေမိပါလား။ အို။ မဖြစ်ပါဘူး။ ရှင့်ကိုကျွန်မချစ်လို့မှ မရတာလေ။ ကျွန်မအကြောင်း ရှင်ဘာသိလို့လဲ။ ရှင်သိခဲ့ရင် ရှင့်အချစ်က အလိုလို ပျောက်ကွယ်သွားမှာပါ။ ကျွန်မက  ရှင်တန်ဖိုးထားသင့်တဲ့ပန်းတစ်ပွင့်မဟုတ်ပါဘူး ကိုခန့်ထည်ရယ်။  

" အလတ်မ ရေမချိုးသေးဘူးလား "

မေမေ့အော်သံကြားမှ ကျွန်မအသိ၀င်လာတယ်။ ရေချိုးဖို့ ရေချိုးခန်းထဲ၀င်လာလိုက်တယ်။ ကျွန်မမျက်၀န်းထဲ ရှင်ခဏခဏမလာပါနဲ့ကိုခန့်ထည်ရယ်။

ရေမိုးချိုးပြီးတာနဲ့ မျက်နှာကိုသနပ်ခါးရည်ကျဲလေးပွတ်လိုက်တယ်။ အ၀တ်စားလဲပြီး ထမင်းစားခန်းထဲ၀င်လာလိုက်တယ်။ ကျွန်မဗိုက်မဆာတာကို သတိထားမိတယ်။ ထမင်းစားချင်စိတ်မရှိတာနဲ့ သမီးဆီ ထွက်လာလိုက်တယ်။

" သမီးရေ "

ကျွန်မခေါ်တာတောင် သမီးကအရေးမလုပ်ဘူး။သူ့ဘိုးအေရှိရင် တော်ရုံသူလာမခေါ်နဲ့။ မလိုက်ဘူးလေ။ အဘိုးအဖွားကို အမေထက်တောင် ပိုချစ်နေတဲ့သမီးလေးမဟုတ်လား။

" အလတ်မ ထမင်းစားပြီးပြီလား "

" မစားတော့ဘူးမေမေ သမီးခေါင်းနည်းနည်းနောက်နေလို့  ခဏလှဲဦးမယ် "

မေမေ့ကိုခွင့်ပန်ပြီးအခန်းထဲ၀င်လာလိုက်တယ်။ သူ့ဘိုးအေနဲ့ ကာတွန်းကားကြည့်နေတဲ့သမီးက ခေါ်လို့မရလောက်ဘူး။ အခန်းထဲရောက်တာနဲ့ ဒိုင်ယာရီစာအုပ်လေးထုတ်လိုက်တယ်။ ပြီးရင် ဘယ်ကကျလာမှန်းမသိတဲ့စကားလုံးတွေက လွင့်ကျလာတယ်။

*** ခွန်အားမဲ့နေတဲ့လက်တစ်စုံက

      ကမ်းလှမ်းခံရတဲ့ လက်တစ်ဖက်ကို

      လှမ်းဆွဲချင်ပေမယ့် မလှမ်းရဲခဲ့ဘူး

     နာကျင်နေတဲ့ ရင်ဘတ်ထဲကညည်းသံ

      ရှင်မကြားပါစေနဲ့ကွယ်။

          *********

" မမ ဧည့်သည် "

ဖြိုးဖြိုးအသံကြားလို့ လှည့်ကြည့်လိုက်တော့ ခန့်ထည်ကိုတွေ့လိုက်ရတယ်။

"  လာလေ ကိုခန့်ထည်"

ကျွန်မ မခေါ်ချင်လည်း အထဲ၀င်ဖို့ ဖိတ်ခေါ်လိုက်ရတယ်။  ဆိုင်ကိုမလာစေချင်ပါဘူး။ 

သူက၀င်လာရင်း  ကောင်တာနားက ခုံမှာ ၀င်ထိုင်တယ်။  ကျွန်မလည်း ပြန်ထိုင်ရင်း မေးလိုက်တယ်။

" ဘာကိစ္စရှိလို့လဲ ကိုခန့်ထည်

ကျွန်မဘာကူညီရမလဲ "

သူသဘောကျစွာ ရယ်‌ေနတယ်။ ကျွန်မမျက်နှာကို စေ့စေ့ကြည့်ရင်း

တိုးတိုးလေးဆိုတယ်။

" လဲ့ကေကူညီနိုင်ပါတယ်  မောင့်အချစ်ကို လက်ခံဖို့လေ "

" ကျွန်မအလုပ်ချိန်နော် အခုက မမဟေမာန်သိရင် မကောင်းဘူး "

" မမဟေမာန်မသိဘူးလို့ လဲ့ကေထင်နေတာလား  မောင်လုပ်သမျှ မမဟေမာန်အကုန်သိတယ် "

" ဟင် ကိုခန့်ထည် "

 " လဲ့ကေကို မောင်သိပ်ချစ်နေတာကအစ

အကုန်သိတယ် "

ကျွန်မ ဘာဆက်ပြောရမှန်းမသိဘူး။

ရင်တွေခုန်ရလွန်းလို့ သေတော့မယ်။

ကျွန်မအားတင်းလိုက်တယ်။  ကျွန်မအကြောင်းကို ဖွင့်မပြောရင် အခြေနေက ပိုဆိုးလာနိုင်တယ်။ ကျွန်မဆုံးဖြတ်ချက် ချလိုက်တယ်။

" ကျွန်မအကြောင်း ရှင် ဘာမှမသိပါဘူး ကိုခန့်ထည်  မဖြစ်နိုင်ပါဘူးရှင် "

" ဘာလဲ လဲ့ကေအပျိုမဟုတ်တာကိုလား သမီးတစ်ယောက်ရှိတာကိုလား "

" ရှင် "

ကျွန်မ ထိတ်လန့်သွားရတယ်။ ရှက်လည်းရှက်မိတယ်။ ရင်ထဲမှာလည်း အရမ်းငိုချင်ပြီး ၀မ်းနည်းလာတယ်။ ပါးပြင်ပေါ်  မျက်ရည်တွေ စီးကျလာတယ်။  

" ဟာ ဘာလို့‌ငိုတာလဲကွာ မောင်ပြောတာ ငိုစရာမှ မပါတာ  လဲ့ကေကို ချစ်မိထဲက မောင်အားလုံးသိခဲ့တာပါ   မောင်တကယ် နားလည်နိုင် မလည်နိုင်ဆိုတာ အချိန် အကြာကြီးယူခဲ့ရတယ်  အရာရာကို ရင်ဆိုင်နိုင်သလို လဲ့ကေကို မစွန့်လွတ်‌နိုင်လောက်အောင် ချစ်တယ်ဆိုတာ သေချာလို့ မောင် ဖွင့်ပြောခဲ့တာ ......."

" အဲဒီအကြောင်းရာလောက်နဲ့တော့ မောင်နောက်မဆုတ်ဘူးနော် "

သူပြောချင်ရာတွေ ပြောပြီးတာနဲ့ ကျွန်မရဲ့ လက်ကလေးကို သူလှမ်းဆုပ်ကိုင်ထားတယ်။ ဆိုင်က ကောင်မလေးတွေ မြင်မှာစိုးတာနဲ့ ဆတ်ခနဲရုန်းလိုက်‌ေတာ့ ကျွန်မကိုကြည့်ပြီး သူကရယ်ပြန်တယ်။

"  အဲဒီလို အကဲဆတ်တာလေးကို မောင်ပိုချစ်တာ မောင်ပြန်မယ် ညနေလာစောင့်နေမယ် "

သူလုပ်ချင်ရာ ၊သူပြောချင်ရာကို လုပ်ရမယ်ဆိုရင် ဘာမှဂရုမစိုက်တတ်တဲ့ သူ့ပုံကို ကျွန်မသတိထားမိလိုက်တယ်။

ဒီပုံစံအတိုင်းသာဆက်သွားရင် သူ့အချစ်ထဲက ကျွန်မရုန်းထွက်နိုင်ပါ့မလားမသိဘူး။ သူပြန်တော့ ဆိုင်ကကောင်မလေးနှစ်ယောက်ပြုံးစိစိနဲ့။ မပြောရဲကြလို့သာ မပြောတာလေ။ သူ့ရဲ့ဇွတ်တရွတ်ပုံစံက  တော်တန်ရုံက မရိပ်မိဘဲနေပါ့မလား။

နွယ့်ဆီကို ဖုန်းခေါ်လိုက်တယ်။

" နွယ် မနက်ဖန် ငါ့ဆီလာခဲ့ဟာ "

" ဘာဖြစ်လို့လဲ လဲ့ကေ "

နွယ့်အမေးကိုပြန်မဖြေဘဲ " အရေးကြီးလို့ ရောက်အောင်လာခဲ့ " ဆိုပြီးဖုန်းချလိုက်တယ်။  ဆိုင်မှာ ၀ယ်သူကျလာတာနဲ့  ခဏတော့ သူ့ကိုမေ့ထားနိုင်ခဲ့တယ်။  နေ့လည်နောက်ပိုင်း ညနေဆိုင်သိန်းချိန်အထိကို တော်တော်ရောင်းလိုက်ရတယ်။ ဆိုင်ပိတ်ချိန် ဆိုင်သိမ်းပြီးတာနဲ့ သူ့ကို မြင်လိုက်ရပြီ။ 

" လဲ့ကေ  ဦးပိန်ဘက်သွားချင်တယ် "

" ဟင့်အင်း ကျွန်မမိုးချုပ်လို့မရဘူး ကိုခန့်ထည် အိမ်က စိတ်မချရင် ကျွန်မကိုအလုပ်ထွက်ခိုင်းလိမ့်မယ် "

သူခဏ ငြိမ်သက်သွားတယ်။ 

" ခွင့်တစ်ရက်ယူကွာ  မောင်တို့မှာ တိုင်ပင်ဖို့လိုအပ်တယ် "

" ဟာ မယူပါဘူး ရှင်နဲ့ကျွန်မက ဘာဆိုင်လို့လဲ တိုင်ပင်စရာလည်းမရှိဘူး "

" ရတယ်လေ အဲဒါဆို လဲ့ကေအိမ်ထဲထိ မောင်အခုလိုက်မယ် "

" ရှင် အဲဒီလိုမလုပ်နဲ့လေ "

ကျွန်မတားတော့ သူကမကျေနပ်သလိုကြည့်တယ်။ 

" အဲဒါဆိုရင် မောင်ပြောတာစဉ်းစားပေးလေ "

သူ့အသံခပ်မာမာကိုနားထောင်ရင်း 

ကျွန်မ တွေဝေနေမိတယ်။

" လဲ့ကေ ဖြေလေ "

" အင်း ခွင့်ရရင်ပြောမယ် "

"တကယ်နော်  မောင်ရူးနေအောင် ချစ်နေပြီ သိလား "

ကျွန်မရဲ့ နား အနား ကပ်ပြောတာကြောင့် ကျွန်မတကိုယ်လုံး ရင်ခုန်သံတွေဆူညံလာရတယ်။ သူ့အသက်ရှူငွေ့နွေးနွေးလေးက ကျွန်မပါးပြင်နား ပွတ်သပ်သွားသလို ခံစားလိုက်ရတယ်။

သူ့ဆိုင်ကယ်ပေါ်တက်ပြီး စက်နိူးနေတဲ့ သူက ကျွန်မကို  " ‌မောင်းတော့ " လို့လှမ်းပြောတယ်။  အိမ်အထိလိုက်လာမှာ သိနေလို့ ကျွန်မဘာမှဆက်မပြောချင်တော့ပါဘူး။ ကျွန်မရဲ့  ဆုံးဖြတ်ချက်တွေ ဝေဝါးကုန်အောင် 

ရှင်လုပ်နေမှာလား ကိုခန့်ထည်ရယ်။

           *********

နောက်တစ်နေ့မနက်......

 " မေမေရေ သမီးအလုပ်သွားပြီနော် "

မေမေ့ကို နုတ်ဆက်နေကျနုတ်ဆက်ပြီး 

ဆိုင်ကိုထွက်လာလိုက်တယ်။ ဆိုင်ရောက်တော့ အခန့်သင့်စောင့်နေတဲ့ သူ့ကို တွေ့လိုက်ရတယ်။

" လဲ့ကေ ဆိုင်မဖွင့်ခင် တစ်ခုခုသွားစားရအောင် "

" ကိုခန့်ထည် ကျွန်မ မလိုက်နိုင်ပါဘူး 

အိမ်ကစားလာခဲ့ပြီ ကောင်မလေးတွေလာလို့ ကျွန်မကနောက်ကျနေရင် အဆင်မပြေလို့ပါ နောက်တစ်ခုက အခုလို နေ့တိုင်းမလာပါနဲ့ ပတ်၀န်းကျင်က တမျိုးမြင်တာ ကျွန်မမခံနိုင်ဘူး ကျွန်မကို နားလည်ပေးပါ "

ကျွန်မစကားကြားတော့ သူပြုံးပြတယ်။   ပြီး ဟက်ခနဲ တစ်ချက်ရယ်တယ်။ 

" အင်းပေါ့ ကျုပ်က ချစ်နေမိတာကိုး 

ခင်ဗျားကို မတွေ့ရရင်ကို မနေနိုင်တာ 

အချိန်ပြည့် ခင်ဗျားနားပဲ နေချင်နေတာ 

ခင်ဗျားရဲ့အသံက မလိုလားမှန်းသိနေရက်နဲ့ကို  လာချင်နေမိတာ ခင်ဗျားအခုလို ဆိုတိုင်း ကျုပ်ရင်ဘတ်တွေ သိပ်နာကျင်တာပဲ  ကျုပ်ဆိုတဲ့ကောင်ကလည်း နာကျင်ခံပြီးကို လာချင်နေတာ "

အဲဒီလိုပြောပြီး ဆိုင်ကယ်ကို မောင်းထွက်သွားတယ်။ သူစိတ်ဆိုးသွားပြီထင်ပါရဲ့။ ကျွန်မလည်း စိတ်မကောင်းပါဘူး။ ဒီလိုမပြောရင် သူနေ့တိုင်း အခုလိုတွေလုပ်နေမှာလေ။ ဆိုင်သာဖွင့်နေတယ်။ ကျွန်မစိတ်တွေ  အခုရက် အလုပ်ထဲကိုမရှိတာ။ ကြာရင် အလုပ်ကိုထိခိုက်လာလိမ့်မယ်။ နေ့လည်ကျတော့ နွယ်ရောက်လာတယ်။ နွယ်က သူ့အိမ်က လက်ဖက်သုပ်လာပေးတယ်။ ကျွန်မက လက်ဖက်သုပ်ကြိုက်တယ်လေ။

သူ့အကြောင်းနားထောင်ပြီး နွယ်ကမှတ်ချက်ချတယ်။

" သူ နင့်ကိုတကယ်ချစ်နေတာပဲ လဲ့ကေ နင်ဘယ်လိုစဉ်းစားထားလဲ "

နွယ့်အမေးကို ခေါင်းခါပြလိုက်တယ်။

" ငါထပ်မမိုက်ချင်တော့ဘူးနွယ် ငါ့သမီးလေးကို ပထွေးနဲ့မထားနိုင်ဘူးဟာ

ပြီးတော့ ငါနဲ့သူ မတန်ပါဘူး အချိန်တန်ရင် သူ့ဘ၀မှာ ငါ့ထက်သာတာတွေ တွေ့လာလိမ့်မယ် 

ငါ့ကိုချစ်ရင် သူအစစ ရင်ဆိုင်ရလိမ့်မယ် အဲဒီဒဏ်တွေ သူရေရှည် ဘယ်ခံနိုင်ပါ့မလဲ ပြီးတော့ ‌နောက်တစ်ခုရှိသေးတယ် အဲဒါက ငါဘယ်ယောက်ျားကိုမှမယုံတော့တာ  "

" မဟုတ်သေးပါဘူးလဲ့ကေရာ ယောက်ျားတစ်ယောက်မကောင်းတာနဲ့ ကျန်တဲ့ယောက်ျားမကောင်းဘူးဆိုတာတော့ မဟုတ်သေးပါဘူး နင့်ကိုတကယ်တန်ဖိုးထားချစ်တဲ့သူဆိုရင် နင်စဉ်းစားသင့်တယ် "

" ဟင့်အင်း နွယ် ငါကအချစ်နဲ့ဝေးဝေးပဲနေချင်တော့တယ် တခါတခါ ငါမညာပါဘူး ငါ့ကိုတကယ်တန်ဖိုးထားသူရင်ခွင်ထဲ ငါခို၀င်ချင်တာပေါ့ ဒါပေမယ့် အဲဒီမျှော်လင့်ချက်တွေက လွန်ခဲ့တဲ့ နှစ်တွေထဲက အသေသတ်ခံလိုက်ရပြီလေဟာ ထပ်ပြီးရှင်သန်ဖို့ ဘယ်လိုဖြစ်လာမှာလဲနွယ်ရယ်  ငါ့သမီးလေးရဲ့အနာဂတ်ဟာ ငါ့ဘ၀ပဲနွယ် "

" နင့်ရင်ထဲ နောက်ထပ် အချစ်မရှိလာနိုင်ဘူးလို့ နင်သေချာအာမခံနိုင်လားလဲ့ကေ "

" ငါ့မှာ နောက်ထပ် အချစ် မရှိလာနိုင်ဘူးလို့ ငါမပြောသလို အာမလည်းမခံနိုင်ပါဘူး ဒါပေမယ့် ငါထပ်မချစ်မှာတော့ သေချာတယ် ငါ့ကြောင့် နောက်ထပ် ငါ့မိဘအသိုင်းဝိုင်း သိက္ခာထပ်မကျစေရဘူးလို့ ငါကတိပေးထားတယ်နွယ် "

နွယ်က ခေါင်းခါတယ်။  

" နင့်အယူဆတွေက မဟုတ်သေးပါဘူး " လို့ညည်းတယ်။ ကျွန်မ ရင်ဘတ်ထဲ ထူးထူးခြားခြား နာကျင်နေမိတာကိုတော့ နွယ့်ကိုပြောပြမနေတော့ပါဘူး။

အဲဒီနေ့ညနေက ဆိုင်ရှေ့မှာ ခန့်ထည်ကို ကျွန်မမတွေ့ရသလို ၊ ကျွန်မအိမ်အထိ ခန့်ထည်ပါမလာတော့ဘူး။ ကျွန်မလိုချင်တဲ့အချက်ဆိုပေမယ့် ကျွန်မလုံး၀ပျော်မရခဲ့တာတော့ ကျွန်မကလွဲပြီး ဘယ်သူမှမသိနိုင်ပါဘူးရှင်။

အဲဒီနေ့ညက ဒိုင်ယာရီစာအုပ်လေးပေါ်မှာ ကျွန်မမျက်ရည်တွေ စွန်းထင်းသွားတာကို  ဘယ်သူမြင်မှာတဲ့လဲ။

" ကမ်းစပ်ရဲ့ ရင်တစ်နေရာက 

 လှိုင်းတစ်ချက်ကပ်တိုင်း

  ဝုန်းဒိုင်းဆောင့်ကန်ခံခဲ့ရတာ

  ပြန်ထွက်ပြေးတဲ့လှိုင်းကမသိလိုက်ပေမယ့်

  ကျန်ခဲ့တဲ့ ကမ်းစပ်ကနာကျင်ရတာအခါခါပါ"

        *********** 


rate now: