book

Index 3

အခန်း ၃


ဒီနေ့ မနက်အစောထဲက အိပ်ရာထပြီး

စောစောစီးစီး အလုပ်သွားဖို့ပြင်လိုက်တယ်။  ကျွန်မပြင်ဆင်ပြီး‌ေတာ့ မေမေက ထမင်းချိုင့်တောင် ထည့်ပြီးနေပြီ။  သမီးအတွက်ဆိုပြီး မုန့်ဖိုး ငါးထောင် ပေးတယ်။ အမှန်ဆို ကျွန်မယူရမှာ အားနာပေမယ့် မေမေပေးတာကို မငြင်းတော့ဘူး။ ဆိုင်ကယ်ဆီက တစ်ထောင်ဖိုးထည့်ထားရင် အလုပ်နဲ့အိမ်ကို နှစ်ရက်သွားလို့ရတယ်။ ပိုတဲ့ပိုက်ဆံက 

ကျွန်မသုံးဖို့ မုန့်ဖိုးဆိုတာ ကျွန်မသိတယ်။ မေမေပေးတဲ့မုန့်ဖိုးကို တစ်လစုရင်တောင် မုန့်ဖိုးက ကျွန်မလစာထက်များတယ်။ 

" မြေးလေးကို ကျင့်သားရလာမှ နို့ဖြတ်တာပေါ့ ချက်ချင်းကြီးဖြတ်ရမှာ ကလေးကိုသနားလို့ "

" ဟုတ်မေမေ  အဲဒါဆို သမီးအလုပ်သွားတော့မယ် မေမေ့မြေးကို မနိူးတော့ဘူးနော် "

 အလုပ်ကို စဆင်းတဲ့နေ့မှာပဲ အဆင်ပြေပါတယ်။ ဆိုင်ရှင်အစ်မက သ‌ေဘာကောင်းသလို  နားလည်မှုရှိတဲ့အစ်မဖြစ်လို့ ပထမနေ့ စစချင်းမှာပဲ စိတ်ချမ်းသာရတယ်။ တိုက်ဆိုင်တာလား

ဘာလားတော့မသိဘူး။ ကျွန်မအလုပ်စဆင်းတဲ့နေ့မှာပဲ အရောင်းတက်လို့  ဆိုင်ရှင်အစ်မက ၀မ်းသာအားရပြောပြတယ်။ လုပ်ငန်းအ‌ေတွ့ကြံုမရှိတဲ့ကျွန်မအတွက် အလုပ်ကို စိတ်၀င်တစား သင်ယူခဲ့သလို  အစစ

ကျွန်မအတွက်  လေ့လာစရာချည်းပဲ။ ညနေ ‌ ခြောက်နာရီအထိတော့ ဆင်းပေးရပါတယ်။  အိမ်အပြန်မိုးချုပ်ချင်တဲ့အတွက် မေမေက သိပ်သဘောမကျပါဘူး။ ကျွန်မအတွက် ပထမဦးဆုံးအလုပ်မို့ ကျွန်မကတော့  ခင်တွယ်နေပြီ။ ဆိုင်ရှင်နဲ့အဆင်ပြေလို့လည်း အလုပ်မှာပိုပျော်တာလို့ ထင်မိတယ်။

အိမ်ပြန်ရောက်တာနဲ့ ကျွန်မပင်ပန်းနေပြီ။ မေမေကတော့ အလိုက်တသိ သူ့မြေးကို ထိန်းပေးတယ်။   သမီးလေးကလည်း ကျွန်မထက်တောင် ဖွားအေနားကပ်ချင်နေပြီ။ အိပ်တဲ့အချိန်တော့ ကျွန်မပဲ သမီးကို ခေါ်အိပ်ရတယ်။ မေမေတို့အိပ်ရေးပျက်မှာစိုးလို့ပါ။ ကျွန်မမှာက  တနေကုန်သမီးကိုခွဲနေရသမျှ ညကျမှ သမီးလေးကို ဖက်အိပ်ရတာပါ။ 

ကျွန်မသမီးအတွက် ကျွန်မက လောကဓံကို စရင်ဆိုင်နေရပြီလေ။ နေ့စဉ်ဒိုင်ယာရီလေးမှာ ဒီနေ့အကြောင်းလေးလည်း မှတ်ထားလိုက်တယ်။

"  လေဆန်မှာ ပျံဖို့ကြိုးစားရင်း ငါဟာ

အတောင်မညောင်းတော့တဲ့ ငှက်လေးဖြစ်ဖို့  ကံကြမ္မာရယ် ငါ့ကို အခွင့်ပေးလှည့်ပါနော် "

ဒီစာကြောင်းလေးကို အထပ်ထပ်ဖတ်ပြီး လူတစ်ယောက်ပုံကို ကျွန်မမြင်ယောင်နေမိတော့တယ်။

**********

ကျွန်မတို့ဆိုင်ရဲ့နာမည်လေးက " မိုးမာန်"စတိုး။ ဆိုင်မှာ ကျွန်မနဲ့မှ ၀န်ထမ်းသုံးယောက်ပဲရှိတယ်။

ခုရက်ဆို ဆိုင်က ၀ယ်သူတအားကျတာပဲ။ ဆိုင်ရှင်အစ်မကလည်း ဆိုင်ရောင်းအားတက်လာလို့  အရမ်းကို ပျော်နေရှာတယ်။ ဆိုင်ရှင်အစ်မနာမည်က လှလှလေးနဲ့ ဆန်းတယ်။ ဟေမာန်နှင်းတဲ့။ လူကလည်းချောတယ်။ သူတို့လင်မယားက သိပ်စိတ်ရင်းကောင်းကြတယ်။   ၀န်ထမ်းတွေအပေါ် ခွဲခြားဆက်ဆံခြင်းလည်း မရှိဘူး။  တခါတခါဆို မမဟေမာန်က သူတို့အကြောင်းတွေ ပြောပြတယ်။ သူတို့လည်း အရင်က ပိုက်ဆံမရှိကြောင်း ၊ ကြိုးစားရင်းဒီလိုအခြေနေ ဖြစ်လာကြောင်း ပြောပြတယ်။ ကျွန်မအတွက်တော့ ဒါဟာ အားမာန်တစ်ခုပဲ။ ကျွန်မလည်းကြိုးစားရင် ဘာမဆိုဖြစ်လာနိုင်တယ်။ သမီးလေးအတွက် ကျွန်မအမြဲကြိုးစားမှ ရမယ်မဟုတ်လား။ မမဟေမာန်က ၀န်ထမ်းအားလုံးထဲမှာ ကျွန်မကိုမျက်နှာသာပိုပေးတယ်။   ပစ္စည်း မှာယူပုံအဆင့်ဆင့် ၊ ငွေရှင်းပုံအဆင့်ဆင့်ကစ  ၊ အစစသင်ပေးတယ်။  ကျွန်မကလည်း သင်ပေးသမျှကို သေသေချာချာ မှတ်တယ်။  ဆိုင်မှာ အလုပ်လုပ်ပြီး သုံးလပြည့်တော့ မမဟေမာန်က နောက်ထပ်ဆိုင်ခွဲတစ်ခုဖွင့်လို့  ဒီဆိုင်မှာ ကျွန်မကို ရာထူးတိုးပေးတယ်။   ဆိုင်ရဲ့အစစစီမံခွင့်နဲ့ ၀န်ထမ်းထိန်းချုပ်မှုတွေကအစ 

မမဟေမာန်က ကျွန်မကို လွှဲပေးခဲ့တယ်။ လစာကလည်း နှစ်သိန်းအထိ တိုးပေးခဲ့တယ်။ ဘာပဲပြောပြော ကျွန်မပျော်တယ်။  ကျွန်မအခုလို တည်တည်ငြိမ်ငြိမ် ရပ်တည်နိုင်လာအောင်

အစစ ကူညီခဲ့ကြတဲ့ အားလုံးကို ကျေးဇူးတင်မိရတယ်။ မေမေလည်း

အခုဆို  ကျွန်မအလုပ်အတွက်  ကျေနပ်နေတတ်ပြီ။ ကျွန်မက မေမေမုန့်ဖိုးပေးသမျှကို မသုံးဘဲစုသလို  ရတဲ့လခကိုလည်း မသုံးဘဲစုတယ်။  ဘဏ်မှာအပ်ထားတယ်။

လပေါင်း အနည်းငယ်အတွင်း ကျွန်မ အခုဆို ဘဏ်မှာ မနည်းစုမိနေပြီ။ သမီးလေးအတွက် တစ်ကျပ်မှ မရှိတဲ့ မိခင်ဘ၀ကလေ ကျွန်မကိုယ်ပိုင် အနည်းငယ် စုနိုင်တဲ့ မိခင်တစ်ယောက် ဖြစ်လာပြီ။ ပိုင်ဆိုင်မှုအနည်းငယ်ပဲရှိပေမယ့် ကျွန်မကျေနပ်တယ်။  ဘာလို့လဲဆို ကျွန်မပိုက်ဆံက ကျွန်မအတွက် 

သန့်ရှင်းတယ်လေ။

" ကလင် ကလင်"

ဖုန်းလာလို့ ကောက်ကိုင်လိုက်တော့ နွယ့်ဆီကဖုန်းဖြစ်နေတယ်။ နွယ်က ညနေကျရင် တွေ့ချင်တယ်တဲ့။ ဆိုင်ကို လာဖို့ ချိန်းလိုက်တယ်။ ဆိုင်သိမ်းတာနဲ့ နွယ်နဲ့ တနေရာရာ သွားပြီးစကားပြောရမယ်။ ဘာအရေးကြီးလဲတော့မသိဘူး။

ဆိုင်မှာလုပ်စရာရှိတာတွေလုပ်နေလိုက်တယ်။

ဆိုင်ထဲကို ဈေး၀ယ်သူတွေ ၀င်လာလို့ 

စာရင်းဇယားတွေ လုပ်နေရာကနေ ကျွန်မလှမ်းကြည့်လိုက်တယ်။  သူတို့ကြည့်ချင်တဲ့ အင်္ကျီမှန်သမျှ ဆိုင်၀န်ထမ်းလေးတွေက လိုက်ပြနေတာမို့ ကျွန်မလည်း အ၀င်စာရင်း ၊ အထွက်စာရင်းတွေ စစ်နေလိုက်တယ်။  

" မမရေ မမ ဒီမှာ လာကူပေးပါဦး "

ဆိုင်၀န်ထမ်းညီမလေး ဖြိုးဖြိုးအသံကြားတော့ ကျွန်မကောင်တာကနေ ထလာရတယ်။

" ဖြိုးဖြိုး ဘာဖြစ်လို့လဲညီမလေး "

" ဟိုလေ ဒီမှာမမ ရေမွှေးဘူးလေးလွတ်ကျသွားလို့ အဲဒါ "

မျက်နှာငယ်လေးနဲ့ ဖြစ်နေတဲ့ ဖြိုးဖြိုးကိုကြည့်ပြီး ကျွန်မသဘောပေါက်လိုက်တယ်။ 

"  ခိုင်တို့လုပ်တာမဟုတ်ဘူးနော်မမ

မမရဲ့၀န်ထမ်းတွေ လုပ်တာ ခိုင်ကအဲဒါလေးထုတ်ပြခိုင်းတာပဲရှိတယ် "

" အင်း ရပါတယ်ညီမလေး  ညီမလေးတို့ သဘောကျတာ ဆက်ကြည့်ပါ နော် "

ကျွန်မက ၀ယ်သူကို စိတ်ချမ်းသာအောင် လှည့်ပြောလိုက်သလို  ဖြိုးဖြိုးကိုလည်း  စိတ်မပူဖို့ ပြောလိုက်တယ်။ ပစ္စည်းကျကွဲရင် ၀န်ထမ်းလစာထဲက ဖြတ်မှာမို့ ဖြိုးဖြိုးစိတ်ပူနေပုံရတယ်။ မျက်နှာလေးကိုညှိုးလို့။ ကျွန်မလစာထဲက ဖြတ်ဖို့ပဲ မမဟေမာန်ကို ပြောရတော့မယ်။ ဈေး၀ယ်နေတဲ့ 

ခိုင်ဆိုတဲ့ကောင်မလေးက  သွက်သွက်လက်လက်လေးမို့ ချစ်စရာလေးပါ။ ခိုင့်ဘေးနားက သူ့ကောင်လေးကိုတော့ မကြည့်မိအောင်ဘဲ နေလိုက်တယ်။ ချစ်သူအတွဲတွေမြင်ရင် စိတ်ပူနေတတ်တာကိုက ကျွန်မကိုယ်တိုင်သတိမထားမိတဲ့ ရောဂါတစ်ခုလားမသိတော့ပါဘူး။ ကောင်တာမှာ ပိုက်ဆံလာရှင်းပြီး ခိုင်တို့အတွဲ  ထွက်သွားကြတော့မှ ဆိုင်သိမ်းဖို့ စဉ်းစားရတယ်။

ညနေ ‌ ခြောက်နာရီ ထိုးခါနီးဆိုတော့ 

၀န်ထမ်းလေးတွေ ပြန်ချင်ကြပြီ။

" မမရေ  ဆိုင်ပိတ်တော့မယ် "

" ပိတ်လိုက်‌ေတာ့‌ေလ ဖြိုးဖြိူးရေ

ညနေကရေမွှေးဖိုး စိတ်ထဲမထားနဲ့  မမလစာထဲက လျော်လိုက်မယ်နော် နောက်ဆိုရင် သတိတော့ထား ကြားလား "

" ဟုတ်မမ ကျေးဇူးတင်ပါတယ်နော် "

ဖြိုးဖြိုးမျက်နှာလေး ကြည်လင်သွားတော့ ကျွန်မပြုံးမိတယ်။ သူတို့လေးတွေဘ၀က ကျွန်မထက်ဆိုးပါတယ်။

ကျွန်မက စားဖို့သောက်ဖို့ ခုထိမပူရဘူး။ မိဘအရိပ်မှာ အေးဆေးခိုလှုံလို့ရတယ်။ ကျွန်မသမီးလေးတာ၀န်ကလွဲရင် ကျွန်မက တော်ပါသေးတယ်။ သမီးလေးကလည်း အခုချိန် ဘာမှကုန်စရာမရှိသေးဘူး။ သူတို့လစာက သူတို့မိသားစု စား၀တ်နေရေးကို ဖြေရှင်းနေရတာမို့ ကျွန်မကိုယ်ချင်းစာမိတယ်။ ဆိုင်ပိတ်ကာနီးမှာ နွယ်က အချိန်မီရောက်လာတယ်။

" ငါတို့ စကားအေးဆေးပြောရမယ့်ဆိုင်လေး  သွားရအောင် "

" အင်း အနီးနားတင် သွားကြမယ်နော် "

ကျွန်မတို့ဆိုင်နဲ့ ခပ်လှမ်းလှမ်းရောက်တော့ လမ်းဘေး အကြော်ဆိုင်လေးတစ်ဆိုင်ကို

တွေ့လိုက်တယ်။  စီးလာတဲ့ဆိုင်ကယ်ကို အဆင်ပြေမယ့်နေရာ ရပ်လိုက်ပြီး နှစ်ယောက်သား ထောင့်စွန်းကျတဲ့နေရာလေးမှာ ထိုင်လိုက်တယ်။

အကြော်ဆိုင်က စားပွဲထိုးလေးကို ဗူးသီးကြော်တစ်ပွဲလာချခိုင်းလိုက်ပြီး ကျွန်မက ‌အဆင်သင့်ချထားတဲ့ ရေနွေးဓါတ်ဗူးထဲက  လက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးပူပူလေးကို  ငှဲ့လိုက်တယ်။

" အစ်မတို့ရေ အကြော်ရပါပြီခင်ဗျာ"

အကြော်လာချပေးတဲ့စားပွဲထိုးလေးကို

ခေါင်းညိတ်ပြလိုက်ပြီး

" ပြော နွယ် ဘာအရေးကြီးလို့လဲ "

 နွယ့်ကိုပါ တဆက်တည်း  မေးလိုက်တော့  နွယ်က‌ေဖြတယ်။

" အင်း မြို့သစ်မှာ ၀န်ထမ်းတွေကို

ခြောက်သိန်းနဲ့ မြေကွက်တွေချပေးနေတယ် "

ကျွန်မက ခေါင်းညိတ်ပြရင်း

 " အင်း ဆိုပါဦး  အဲဒါက ငါနဲ့ဘာဆိုင်လို့လဲ " လို့ မေးလိုက်တယ်။

" နင်နဲ့တော့မဆိုင်ဘူးပေါ့  အဲဒီရတဲ့၀န်ထမ်းတွေက  သူတို့ကငွေပေါ်   ပြန်ရောင်းချင်တာလေ  တချို့ကနေဖို့မြေက  ရှိပြီးသား။  အခုမှ မြေကွက်သစ်တွေဆိုတော့ လူလည်းမနေကြဘူးပေါ့ 

အဲဒီတော့  အရင်းတိုင်း ပြန်ရောင်းချင်ကြတယ် "

" ဘာလို့ပြန်ရောင်းချင်ကြတာလဲ ဟယ်"

" သူတို့က အရစ်ကျသွင်းရတာထင်တယ်  လက်ငင်းရရင် ပြန်ရောင်းမယ့်သူတွေရှိတယ်  အဲဒါငါ့အစ်မ၀မ်းကွဲကလည်း သူတို့ရတဲ့မြေကွက်ကို ပြန်ရောင်းချင်နေတယ်  ငွေလိုလို့တဲ့။ ငါ့ကို လာအပူကပ်‌ေနတာ နင်၀ယ်မလားလဲ့ကေ "

" နွယ်ရယ် ငါ့ကိုသူဌေးမှတ်နေလား ငါ့မှာ အဲလောက်ဘယ်ရှိပါ့မလဲ "

" နင့်မိဘတွေ ပူဆာကြည့်ပါလား ငါကပိုက်ဆံမရှိလို့ နို့မို့ငါယူထားတယ် တချိန်ကျရင် မြေဈေးက အတက်ပဲရှိတယ် လဲ့ကေရဲ့  နင်များယူချင်မလားလို့ပါ "

နွယ်ပြောတာကို ကျွန်မသဘောပေါက်တယ်။ ဖြစ်လည်းဖြစ်နိုင်တယ်လေ။ ကျွန်မစဉ်းစားလိုက်တယ်။ အိမ်ကိုတော့ အသိမပေးတော့ဘူး။ 

" ဟုတ်ပြီ  ငါနှစ်ကွက်စာတော့ ရှိတယ်ဟာ  ငါယူလိုက်မယ် "

နွယ့်မျက်နှာ ပြုံးသွားတယ်။ 

" ဟုတ်ပြီ အဲဒါဆို နင့်ကို ငါခေါ်သွားပေးမယ် နင်လာနိုင်မယ့်နေ့  ငါ့ကိုပြော "

" အင်း မမဟေမာန်ကို ခဏခွင့်တောင်းလိုက်မယ်လေ   နွယ် အဲဒါဆို မမဟေမာန်လွှတ်တဲ့နေ့  သွားကြတာပေါ့  "

ဘူးသီးကြော်ပူပူ‌ေလးကလည်း စကားပြောရင်းစားကြလို့ ကုန်သလောက်ဖြစ်နေပြီ။ ဒီဆိုင်က ဘူးသီးကြော်က နာမည်ကြီးတယ်လေ။

" အကြော်လည်းကုန်ပြီ ပြန်ကြရအောင်နွယ် မေမေက နောက်ကျရင် သိပ်စိတ်ပူတာ "

 နွယ်နဲ့ ကျွန်မ ပြန်ဖို့ နုတ်ဆက်ရင်း လမ်းခွဲလိုက်ကြတယ်။ အိမ်ရောက်တော့ မိုးချုပ်လို့ မေမေက စိတ်ပူစွာနဲ့ ကြိုနေတယ်။

" နောက်ကျလိုက်တာ သမီးလတ်ရယ် မဖြစ်သေးပါဘူး ဒီအလုပ်နဲ့ ညည်းအတွက် တစ်ခုခုစဉ်းစားဦးမှပါ "

" မေမေရယ် စိတ်မပူပါနဲ့ သမီးဘာမှမဖြစ်ပါဘူး "

" မဖြစ်ပေမယ့် ညည်းတို့ပြန်မရောက်မချင်း မိဘကတော့ ပူနေရတာပဲ "

ကျွန်မအိမ်ထဲ တစ်ချက်အကဲခတ်လိုက်တယ်။ ဖေဖေပြန်မရောက်သေးဘူးပဲ။

ဖေဖေ့ကားကို မမြင်ဘူး။

" မေမေ သမီးလေးကော အိပ်နေပြီလား

 ဖေဖေလည်းမတွေ့ဘူး ပြန်မလာသေးဘူးလား "

မေမေက ကျွန်မကိုခေါင်းခါပြတယ်။ 

" ဘယ်သူမှမရှိကြဘူး  အကုန်လုံးညည်းအစ်မဆီ သွားကြတယ်  မေမေကသာ ညည်းပြန်မလာသေးလို့ မလိုက်နိုင်ပါဘူး သူတို့ပဲသွားခိုင်းလိုက်တာ "

ဘယ်သူမှမရှိမှ မေမေ့ခါးကိုသိုင်းဖက်ပြီး မေမေ့ပါးကို ကျွန်မနမ်းလိုက်တယ်။ မေမေ့ကို ခုလိုမနေဖြစ်တာ  သမီးလေး ကိုယ်၀န်စရှိကထဲကပါ။ 

" လူကဖြင့် ကလေးအမေဖြစ်နေပြီ 

ကလေးစိတ်ကမကုန်သေးဘူး "

မေမေကရယ်ရင်း ကျွန်မကိုစတယ်။ 

မရယ်ဖြစ်တာ ကြာလှတဲ့ ကျွန်မအဖြစ်ကိုတောင် ကျွန်မမေ့သွားတယ်။

" ရေမိုးချိုးတော့ သမီး တော်ကြာ မေမေတို့ထမင်းစားရအောင်  ညည်းအဖေနဲ့ညီမက ဟိုမှာ စားလာကြမှာလေ ဒါနဲ့ ညည်းမမကြီးလည်း ကိုယ်၀န်ရှိနေပြီ ညည်းတို့တူလား ၊ တူမလား  မသိဘူး ရတော့မယ် "

" ဟုတ်လားမေမေ  ပျော်စရာကြီးပေါ့ 

မေမေ့မြေး အဖော်ရတော့မယ် "

" ဟုတျပါ့‌အေ  "

ပျော်နေတဲ့မေမေ့ကိုကြည့်ပြီး ကျွန်မပြုံးလိုက်တယ်။  ရေချိုးခန်းထဲ၀င်ပြီး

ရေကို တ၀ချိုးလိုက်‌ေတာ့ စိတ်ထဲ လန်းဆန်းသွားတယ်။ ရေချိုးပြီးတာနဲ့ သနပ်ခါးရည်ကျဲလေး ပွတ်လိုက်တယ်။  ပြီးတာနဲ့ သားအမိနှစ်ယောက် ထမင်းစားလိုက်ကြတယ်။ ဖေဖေနဲ့ 

သမီးလေးတို့က အခုထိ ပြန်မလာကြသေးပါဘူး။ မေမေက သူ့သမီးကြီးကို ဖုန်းလှမ်းဆက်တယ်။  မမကြီးနဲ့ စကားပြောနေကြတာမို့ အခန်းထဲ၀င်လာပြီး ခဏလှဲလိုက်တယ်။ တနေကုန်

ပင်ပန်းထားသမျှ အခုမှ နေရထိုင်ရ သက်သာသွားသလိုလို။ နွယ်နဲ့စီစဉ်ထားတာကို ပြန်စဉ်းစားနေမိတယ်။ အနည်းကျဉ်းထားရင်  မြေဈေးက တစ်ဆမက တက်နိုင်တယ်လေ။ 

နေ့စဉ်ဒိုင်ယာရီမှာ ကျွန်မမှတ်စရာရှိတာတွေ မှတ်လိုက်တယ်။  မျက်၀န်းထဲ မြင်ယောင်နေတဲ့ပုံရိပ်တစ်ချို့က အရိပ်ထင်လာပြန်တော့  အရာအချို့ စိတ်ထဲရှိတာ ချရေးလိုက်တယ်။

" သတိရတိုင်း လွမ်းခဲ့ဖူးပါတယ်။နာကျင်စရာတွေဘယ်လောက်လုပ်ခဲ့လုပ်ခဲ့  အတိတ်ကအဖြစ်တွေကို  ငါမေ့လို့မရခဲ့ဘူး နင်သစ္စာမရှိတာကို ငါသိပြီးနောက်တော့  နင်ဟာ ငါနဲ့ပိုပိုဝေးသွားခဲ့ပါတယ်ဟာ"

**********


rate now: