အလုပ်ထွက်လုပ်ရမယ်ဆိုတဲ့ အသိတစ်ခုနဲ့ ကျွန်မ အလုပ်လိုက်ရှာတယ်။ လိုအပ်နေလို့လားမသိဘူး။ အလုပ်က ရှားလိုက်တာ။ ကျောင်းပြီးဖို့ လိုတာကြောင့်လည်း နေမယ်။ အလုပ်လုပ်ရင်း အဝေးသင်ဖြေတော့မယ်လို့ စိတ်ကူးတာကြောင့် ကျွန်မကျောင်းဆက်မတက်တော့ပါဘူး။ ရှိတဲ့အတန်းပညာဟာ အလုပ်တစ်ခုရဖို့တောင် မပြည့်စုံသေးဘူးေလ။ အလုပ်ရှာရတာ တကယ်ခက်ပါလား။ မန္တလေး မြို့အနှံ့ ဆိုင်ကယ်တစ်စီးနဲ့ လျှောက်သွားနေတဲ့ ကျွန်မမျက်နှာလေးဟာ နေအပူရှိန်ကြောင့်ထင်တယ်။
ပါးပြင်လေးတွေ ရဲနေတယ်။ တနေသာကုန်လာတယ်။ ကျွန်မအလုပ်မရခဲ့ပါဘူး။ သမီးလေး မျှော်နေမယ်အတွေးနဲ့ ကျွန်မ အိမ်ကိုပြန်လာခဲ့တယ်။ ကျွန်မအိမ်ထဲ၀င်တော့ မေမေနဲ့သမီးလေးကို မြင်လိုက်ရတယ်။ သမီးလေးက ကျွန်မကိုတွေ့တာနဲ့ လိုက်ချင်လွန်းလို့ လက်လှမ်းနေပြီ။ ကျွန်မက လှမ်းချီမယ်လုပ်တော့
" နေပူကပြန်လာတာနဲ့ ကလေးကိုတန်းမခေါ်နဲ့ သမီးလတ် အ၀တ်စားလဲလိုက်ဦး လက်တွေ ဆပ်ပြာနဲ့ဆေး ပြီးတော့
နို့ရည်တွေ အရင်ညှစ်ချပစ်ဦး ကလေးကနို့ဆာနေတယ် နို့ချဉ်တွေ အရင်ညှစ်ပစ်လိုက် "
လို့ ပြောတယ်။ မေမေ့စကားနားထောင်ပြီးအရင်လုပ်လိုက်တယ်။ ပြီးတာနဲ့ တနေကုန် ထားခဲ့ရတဲ့သမီးလေးကို နမ်းရှိုက်လိုက်တယ်။ အမေရင်ခွင်မှာ တခစ်ခစ်ရယ်ပြနေတာလေးမြင်တော့ မောတာလေးတွေ ပျောက်သွားတယ်။
"အလုပ်အဆင်ပြေလား သမီး "
မေမေ့ကို ခေါင်းခါပြလိုက်တယ်။ စိတ်ဓာတ်ကျမိတာတော့အမှန်ပဲ။
" တစ်ရက်နဲ့တော့ ဘယ်ရနိုင်ပါ့မလဲ သမီးရယ်။ လေးငါးရက်တော့ရှာရမှာပေါ့ ဒီနေ့မရလည်း နောက်နေ့ပေါ့ "
" မေမေရယ် အလုပ်ကလဲမလွယ်ပါဘူး
သမီးကျောင်းမပြီးတာလည်း ပါမယ်ထင်တယ် တွေ့တဲ့အလုပ်ကလည်း သန့်ရှင်းရေးကခပ်များများ "
မျက်နှာလေးရှုံ့ပြီး ပြောမိတော့ မေမေက ရယ်တယ်။
" အဲဒါကျောင်းမပြီးတဲ့အကျိုးပေါ့ မိဘက ပညာသင်ချိန် ပညာပေးရင် ပညာကိုဆုံးအောင်ယူတတ်ရတယ်။ ပညာမပြီးတော့ အလုပ်ရှာရင် အဲဒီလိုအခက်ခဲတွေကြုံရတာပေါ့ စိတ်ဓာတ်မကျနဲ့
တခုခုတော့ ရလာမှာပဲလေ "
" ဟုတ်မေမေ သမီးမနက်ဖြန်လည်း လိုက်ရှာမှာပါ မရမချင်းပေါ့ "
" အင်း ကောင်းတယ် သမီးဟာ ကလေးမဟုတ်တော့ဘူး မိခင်တစ်ယောက်ဖြစ်နေပြီ မေမေတို့ရှိနေချိန်မှာ ကိစ္စမရှိပေမယ့် မေမေတို့မရှိချိန်မှာ သမီးကိုယ်သမီး ရပ်တည်နိုင်ဖို့ အများလိုအပ်တယ်"
" ဟုတ်ကဲ့ပါမေမေ "
" ကလေးကို နို့တိုက်ပြီးပြီမဟုတ်လား
ထမင်းသွားစားတော့ မြေးလေးကိုချထားခဲ့ "
မေမေ့စကားကို ခေါင်းလေးညိတ်ပြီးထမင်းစားခန်းထဲ၀င်လာလိုက်တယ်။
အဆင်သင့်ချက်ပြုတ်ထားတဲ့ ဟင်းတွေကိုကြည့်လိုက်တယ်။ ကျွန်မအတွက် ကြက်သားကြော် ကြော်ထားပေးတာမို့ အဲဒါနဲ့ပဲ စားလိုက်တယ်။ အခုထိ မေမေက ကျွန်မကို အစားရှောင်စေတယ်။ အစားမရှောင်ရင် သူ့မြေးတစ်ခုခုဖြစ်မှာစိုးလို့တဲ့။ အဲဒီနေ့က မှတ်မှတ်ရရ ကျွန်မအကြိုက် ၀က်သားနဲ့ခရမ်းသီးနှပ်ကို အားရပါးရစားမိလိုက်တယ်။ အဲဒီညက သမီးလေး လေအောင့်လို့တစ်ညလုံးမအိပ်ဘဲ ငိုနေတာ။ တစ်အိမ်လုံးအကောင်းမနေရဘူး။ ထက်လင်းရင်လူးဆေးလည်း မခံနိုင်။ အဲဒီနေ့ကစပြီး ကျွန်မကို ငါးကြော် ၊ကြက်သားကြော် ၊ ကြက်ဥကြော်နဲ့နှစ်ပါးသွားစေတော့တာပဲ။ သမီးလေး နို့မဖြတ်ခင် အစားဆင်ခြင်ရမယ်ဆိုတဲ့ မေမေ့အမိန့်ကို ဒီနေ့ထိ လိုက်နာခဲ့ရတာပါ။ မေမေဟာ သူ့မြေးနဲ့ပက်သက်လာရင် အဲဒီလိုပါ။ ဖေဖေကလဲ ကျွန်မသာ ခုထိစကားမပြောတာ။ သူ့မြေးနဲ့နေရင် ပြုံးရယ်နေလိုက်တာများ။ ကျွန်မဆို တခါတလေ ဖေဖေနဲ့သူ့မြေးကို ခိုးခိုးကြည့်ရတာအမော။ သမီးလေးက သိပ်လည်တယ်။ သူ့ဖိုးအေ ပါးကို အာဘွားဆိုပြီး မပီကလာ ပီကလာ ပေးရင် ဖေဖေဆို အကျယ်ကြီးအော်ရယ်တော့တာ။ ဖေဖေရယ်ရင် သမီးကပါ တခစ်ခစ်နဲ့။ သူတို့မြေးအဖိုးတွေကြည့်ပြီး မေမေက ကျွန်မကို မေးငေါ့ပြတယ်။
မသိချင်ယောင်ဆောင်နေပြီး တစ်ဖက်လှည့်ပြုံးမိကြရတာချည်းပါ။ ညီမလေးသုန်သုန်ကလည်း သူ့တူမတော့ချစ်တယ်။ ကျွန်မအပေါ် တခါတခါ မခန့်တရန့်ဆက်ဆံတာကလွဲရင်ပေါ့။
အိမ်မှာအငယ်ဆုံးလည်းဖြစ် အလိုလိုက်အခံရဆုံးလည်းဖြစ်တော့ နည်းနည်းဆိုးတယ်။ သူ့စိတ်ထဲရှိရင် စိတ်ထဲရှိသလို ပြောချတတ်တယ်။ တစ်ဖက်သူရင်ထဲ ဘာဖြစ်ဖြစ် သူထည့်မတွက်တတ်ဘူး။ သူက ငယ်ကထဲက ကျန်းမာရေးလည်းချူချာတော့ အိမ်သားအားလုံးက အလိုလိုက်ခဲ့ကြတယ်။ မေမေဆို
သုန်သုန်ချူချာလွန်းလို့ သိပ်စိတ်ပူခဲ့ရတာကို ခဏခဏပြောပြတယ်။
သူ့ဘိုးအေနဲ့ဆော့ပြီး သမီးလေးက သူ့ဘိုးအေပေါင်ပေါ် အိပ်ပျော်နေပြီ။
မေမေက သူ့မြေးကို ပွေ့ချီပြီး
ကျွန်မအခန်းထဲ ခေါ်လာတယ်။ ကျွန်မကလဲ သမီးလေးအိပ်ဖို့ နေရာပြင်လိုက်ပြီး မေမေ့လက်ထဲက ခေါ်ဖို့လုပ်လိုက်တယ်။ မေမေက ခေါင်းခါပြပြီး
"နေနေ မေမေနေရာချမယ် အိပ်မောကျနေလို့ တော်ကြာနိုးသွားဦးမယ် "
လို့ဆိုတယ်။
," သမီး ဘုရားတရားလည်းရှိခိုးဦး "
မေမေ့ကို ခေါင်းညိတ်ပြလိုက်တယ်။
သမီးလေးကို ခြင်ထောင်ထဲသေချာထည့်ပြီးမှ ဘုရားခန်းရှိရာ အိမ်အပေါ်ထပ်ကို တက်လာလိုက်တယ်။ အရင်ကတော့ ကျွန်မတို့ညီအစ်မသုံးယောက်လုံးက အိမ်အပေါ်ထပ်မှာ တစ်ယောက်တစ်ခန်းစီပေါ့။ သမီးလေးမွေးပြီးမှ ကျွန်မက အောက်ထပ်က အခန်းဆီ ရွှေ့လာခဲ့တာပါ။ ကလေးငယ်နဲ့ဆိုတော့ မေမေက
အပေါ်မှာမအိပ်စေတော့ဘူး။ အရေးကြောင်းဆို အပေါ်ထပ်တက်ရတာမလွယ်ကူလို့တဲ့။ အဲဒီအချိန်ကစ ကျွန်မတို့သားအမိ အောက်ထပ်အခန်းမှာပဲ နေခဲ့တော့တာလေ။ မမကြီးမရှိတော့ သုန်သုန်တစ်ယောက်ပဲ အပေါ်ထပ်မှာအိပ်တယ်။ အပေါ်ထပ်
ဘုရားခန်းမှာ ဘုရားသောက်တော်ရေလဲလိုက်တယ်။ အမွှေးနံ့သာ နဲ့ ဖရောင်းတိုင်မီးလေးထွန်းညှိလိုက်တယ်။ ကျွန်မတို့မိသားစုက ဘုရားစင်မှာ ကျန်တဲ့အချိန်ဆို လျှပ်စစ်မီးကိုအမြဲထွန်းညှိပူဇော်ထားပေမယ့် အိမ်သားတစ်ယောက်ယောက် ဘုရားကန်တော့တိုင်း ဆီမီး ၊အမွှေးနံ့သာနဲ့ သောက်တော်ရေလှူပြီးမှ ဘုရား၀တ်တက်ကြတာပါ။ ဒါကထုံးစံဓလေ့လို ဖြစ်နေပြီလေ။ ဘုရားရှိခိုး အမျှဝေ ပြီးတော့ ကျွန်မအောက်ထပ်ကို ပြန်ဆင်းလာလိုက်တယ်။ မေမေနဲ့ဖေဖေက ဧည့်ခန်းမှာ တီဗွီ ဆက်ကြည့်နေကြတယ်။ ကျွန်မလည်း တစ်ချက်လှမ်းကြည့်ပြီး ကျွန်မအခန်းထဲ ၀င်လာလိုက်တယ်။ စာရေးစားပွဲမှာ ထိုင်လိုက်တယ်။ ဒီနေ့အလုပ်ရှာလို့ ရလာတဲ့အတွေ့ကြုံလေးတွေကို
မှတ်လိုက်တယ်။ ဒါတွေဟာ တချိန်ကျရင် ကျွန်မဘ၀အတွက် အထောက်ကူ
တခုခုမပြုတာတောင် ကျွန်မသမီးကိုတော့ ကျွန်မ ပြန်ပြောပြလို့ရမယ်လေ။
ကျွန်မရဲ့နေ့စဉ်ဒိုင်ယာရီစာအုပ်လေးကို
ကျွန်မအံဆွဲထဲ ထည့်သိမ်းလိုက်တယ်။
ကုတင်ဆီလျှောက်လာလိုက်ပြီး ခြင်ထောင်ထဲ၀င်လိုက်တယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ သမီးလေးက ဟောက်သံလေးေတာင် ထွက်နေတယ်။ ကျွန်မသဘောတကျ ရယ်လိုက်မိတယ်။ ချက်ချင်းမလှဲဘဲ အိပ်နေတဲ့သမီးလေးကို ငေးကြည့်နေမိတယ်။
ငေးရင်းနဲ့ သက်ပြင်းမောကို ချမိတယ်။ရှေ့ဆက်ရမယ့်သမီးလေးနဲ့ ကျွန်မဘ၀ကိုတွေးပြီး ကျွန်မသက်ပြင်းရှိုက်တတ်နေပြီ။ ကျွန်မသမီးလေးရဲ့ အနာဂတ်ဟာ ကျွန်မလက်ထဲမှာပါလား။ သူ့အနာဂတ် လင်းခြင်းမှောင်ခြင်းဟာ ကျွန်မအပေါ် မူတည်နေတယ်မဟုတ်လား။ကျွန်မသမီးလေးအရွယ်ရောက်ဖို့ ၊ ကျွန်မသမီးလေးလျှောက်မယ့်လမ်း အနှောင့်ယှက် ကင်းဖို့ ၊ကျွန်မသမီးရဲ့အနာဂတ်အိပ်မက်တွေထွန်းလင်းတောက်ပဖို့ဆိုတာ ကျွန်မလက်ထဲမှာချည်းမဟုတ်လား။ အခုထိ ကျွန်မဟာ ကိုယ်ပိုင်၀င်ငွေ တစ်ကျပ်တောင်မရှာဖူးသေးပါဘူး။ ဘယ်လိုရှာရမှန်းလဲ မသိခဲ့ပါဘူး။ အရွယ်ငယ်ငယ် ပညာမစုံခင်မှာ ကျွန်မဟာ အချစ်ဆိုတဲ့ လမ်းမှားကို လိုက်ခဲ့မိတယ်လေ။ ဘ၀ဆိုတဲ့ စကားလုံးဟာ ရေးရတာလွယ်ကူပေမယ့် တကယ့်လက်တွေ့မှာမလွယ်ပါလားလို့ ကျွန်မစသိလာပြီ။ ဟူး။ သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပြီး
သမီးဘေးနား၀င်လှဲလိုက်တယ်။ သမီးကို ကျွန်မလက်လေးနဲ့ သာသာဖက်ထားလိုက်တယ်။ အမှန်ဆိုရင် ကျွန်မနဲ့အတူလက်တွဲပြီး ရင်ဆိုင်ဖြေရှင်းရမယ့် အဖေဆိုတာ သမီးဘ၀မှာ ရသင့်တယ်မဟုတ်လား။ ကံဆိုးတဲ့သမီးလေးကို
ပိုသနားမိတယ်။ ဒါတွေက မေမေ့အမှားတွေကြောင့်ပါ။ ကျွန်မရင်ထဲ နာနာကျင် ကျင် ညည်းတွားလိုက်ပြီး မျက်စိကိုစုံမှိတ်ထားလိုက်ေတာ့တယ်။
***********
"သမီးရေ အလတ်မ ထကြတော့
ထကြတော့ ဘယ်အချိန်ရှိပြီလဲ "
မနေ့ညက ညည့်နက်အထိ အတွေးလွန်သွားလို့ထင်ပါရဲ့။ ဒီနေ့ အိပ်ရာကအစောမနိုးဘူး။ မေမေ့နိူးသံကြားမှ လူးလဲထလိုက်တယ်။ သမီးလေးက အိပ်ပျော်နေဆဲမို့ ပါးပြင်လေးတစ်ချက်နမ်းပြီး အခန်းပြင်ထွက်လာခဲ့တယ်။
" အလတ်မ သုန်သုန်ကို တက်နိူးလိုက်ဦးသမီး "
မေမေ့ကိုခေါင်းညိတ်ပြပြီး သုန်သုန်ကို တက်နိူးပြီး ပြန်ဆင်းလာခဲ့တယ်။
"ဒီနေ့ အလုပ်ရှာသွားမှာမဟုတ်လား အလတ်မ စောစောတော့မထဘူး "
" ဟုတ် သွားမယ်မေမေ ညကအိပ်မပျော်လို့မေမေရဲ့ မထနိုင်တာ "
မေမေ့ကို ပြန်ဖြေပြီး ရေချိူးခန်းထဲ ၀င်လိုက်တယ်။ သွားတိုက် ၊မျက်နှာသစ်ပြီး ရေပါတစ်ခါထဲ ချိုးချလိုက်တယ်။ သမီးလေးမနိုးခင် ပြီးအောင်လုပ်မှဖြစ်မယ်လေ။ ခဏအကြာ သုန်သုန့်အသံပါ ကြားရတယ်။ ရေချိုးခန်းထဲကထွက်ပြီး အခန်းထဲပြန်၀င်ကာ
မျက်နှာကို သနပ်ခါးပါးပါးလေး လူးလိုက်တယ်။ ကျောလယ်ဆံပင်အရှည်လေးကို ဘယ်တစ်ဖက် ၊ညာတစ်ဖက်
ကျစ်ဆံမြီး ကျစ်လိုက်တယ်။ အ၀တ်စားပါ တခါထဲ လဲလိုက်တယ်။ ကျွန်မပြင်ဆင်ပြီးတော့ သမီးလေးကပါနိုးလာပြီ။ သမီးလေးကို မျက်နှာသစ်ပေးလိုက်တယ်။ ကိုယ်လက် သန့်စင်ပေးပြီး အ၀တ်စားတစ်စုံ လဲပေးလိုက်တယ်။ သမီးလေးကို ချီပြီးထွက်လာတော့ ကျွန်မလက်ထဲကနေ သုန်သုန်က
သူ့တူမကို လှမ်းချီတယ်။ သုန်သုန့်လက်ထဲ ရယ်ပြီး လိုက်နေတဲ့ သမီးလေးက
မနက်စာစားနေတဲ့ သူ့ဘိုးအေဆီ အတင်းလက်လှမ်းတော့တာပဲ။
" ဟွန်း အလည်မ သူ့ဘိုးအေလည်း မြင်ရော ငါ့ဆီမနေချင်ဘူးပေါ့လေ "
နုတ်ခမ်းလေးစူပြီးပြောနေတဲ့သုန်သုန့်ကိုကြည့်ပြီး အားလုံးရယ်လိုက်ကြတယ်။ သူ့မြေးကိုလှမ်းချီလိုက်တဲ့ဖေဖေ့ကို မေမေက မျက်စလှမ်းပစ်ပြတယ်။ ကျွန်မလည်း မေမေ့ကိုခေါင်းတစ်ချက်ညိတ်ပြီး မမြင်ယောင်ဆောင်ေပးလိုက်တယ်။ ဖေဖေရှက်ပြီးအနေခက်မှာစိုးလို့ပါ။ မနက်ကိုးနာရီထိုးခါနီးတော့ နာရီလှမ်းကြည့်လိုက်တယ်။ သမီးလေးကို မေမေနဲ့ထားခဲ့ပြီး ကျွန်မဆိုင်ကယ်တစ်စီးနဲ့ အလုပ်ရှာထွက်ရပြန်ပြီ။ အိမ်ကထွက်လာတာနဲ့ ဘယ်ကိုသွားရမှန်းမသိဘူး။ သူငယ်ချင်း သက်သက်ချိုကိုသတိရတော့ သူတို့အိမ်ကို ဦးတည်ထွက်လာလိုက်တယ်။ အခန့်သင့်ပဲ သက်သက်ချိုနဲ့ လှမ်းတွေ့တယ်။ သူကကျွန်မအချစ်ဆုံးသူငယ်ချင်းလေ။ သက်သက်ချိုအိမ်ရောက်တော့ သက်သက်ချိုက ကျွန်မကိုကြည့့်ပြီးအံ့ဩနေတယ်။
" ဟယ် လဲ့ကေ ဘယ်ကလှည့်လာတာလဲ အလည်သက်သက်လား ကိစ္စရှိလို့လား "
ဇယ်ဆတ်သလိုမေးေနတဲ့သက်သက်ကို ကြည့်ပြီး ကျွန်မရယ်ပြလိုက်တယ်။
"နင့်ဆီ လာတာလေ တိုင်ပင်စရာရှိလို့ "
"တိုင်ပင်စရာရှိလို့ ဘာများအရေးကြီးလာလို့လဲ"
"သက်ချို ညည်းငါ့ကိုအိမ်ထဲပေးမဝင်တော့ဘူးလား၊ ရောက်ထဲက မေးလိုက်တဲ့ မေးခွန်းတွေ
အိမ်ထဲရောက်မှ ညည်းသိချင်တာ အကုန်သိရမယ်" လို့
ကျွန်မဆိုတော့
သက်သက်ချိုက အားနာသလိုပြံုးတယ်။
" လာဟာ အိမ်ထဲကျမှပြောမယ် "
ပြောပြောဆိုဆို သက်သက်တို့အိမ်ထဲ ၀င်မို့လုပ်နေတဲ့ကျွန်မဟာ သက်သက်အမေရဲ့မျက်နှာကြောင့် အိမ်ထဲ၀င်မယ့် ခြေလှမ်းက ရှိုးတိုးရှန်းတန့်ဖြစ်သွားတယ်။ သက်သက်ကပါ ကျွန်မလက်ကို လှမ်းဆွဲထားပြီး
"အပြင်မှာပဲ ပြောကြရအောင် နော် လဲ့ကေ မေမေက ငါ့ကိုနင်မလာခင် ဆူနေလို့ "
လို့ဆိုတယ်။ ကျွန်မစိတ်ထဲ ကျင်ခနဲခံစားလိုက်ရတယ်။ တခုခုကိုလည်း နားလည်လိုက်သလိုပဲ။ သက်သက်ချိုက တစ်ခုခုကို ဖာထေးပြီး ပြောလိုက်တာကို ကျွန်မရိပ်မိလိုက်ပါတယ်။
အရင်ကဆိုရင် ကျွန်မလာလည်ရင် တစ်ခုခုစားဖို့အမြဲပြင်ပေးတတ်တဲ့ ဒေါ်လေးခင်ခင်ညိုက အခု အရင်လိုမဟုတ်ဘဲ ပြောင်းလဲသွားပါလား။ကျွန်မစိတ်ထဲ ပြောရမယ့်စကားတွေတောင် မပြောနိုင်တော့ဘဲ ဆွံ့အနုတ်ဆိတ်သွားရတယ်။
" သက်သက် လုပ်စရာ အိမ်အလုပ်တွေ အများကြီးပဲေနာ် အရည်မရ အဖတ်မရ စကားတွေနဲ့ အချိန်ကုန်နေဖို့မစဉ်းစားနဲ့
အပေါင်းသင်းဆိုတာ ကြည့်ပေါင်းရတယ်အေ့ ပေါင်းသင့်လားမပေါင်းသင့်ဘူးလား အပေါင်းသင်းကြောင့် ဂုဏ်တက်သလို အပေါင်းသင်းကြောင့်ဂုဏ်ပျက်တာ ညည်းမကြားဖူးဘူးလား "
အိမ်ထဲကနေ လှမ်းအော်နေတဲ့ သက်သက်အမေရဲ့စကားတွေကို ကျွန်မ နားမထောင်နိုင်တော့ပါဘူး။ ရင်ဘတ်တစ်ခုလုံး ၀မ်းနည်းလွန်းလို့ နာကျင်နေရပါပြီ။ အားနာနေတဲ့ သက်သက်ကို " သွားတော့မယ် သူငယ်ချင်း နောက်မှတွေ့ကြတာပေါ့ "
လို့ ဆိုလိုက်ပေမယ့် ကျွန်မဘယ်တော့မှ လာမတွေ့တော့ဘူးလို့ ဆုံးဖြတ်လိုက်မိတယ်။ အင်းပေါ့လေ။ သူတို့သမီးအ
ပျိုကို ကျွန်မလို လင်ကောင်မပေါ်ဘဲကေလးမွေးတဲ့သူနဲ့ မပေါင်းစေချင်တာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့်
ကျွန်မရင်ထဲ အရမ်းခံစားရတယ်။ အခုချိန်ထိ single mother တစ်ယောက်ရဲ့ဘ၀ဟာ ရပ်တည်ရ သိပ်ခက်ရပါလားရှင်။ ပါးပြင်ပေါ်စီးကျလာတဲ့ မျက်ရည်တွေကို ကျွန်မလက်လေးနဲ့ ပွတ်သုတ်လိုက်တယ်။ အရာရာကို ကျွန်မအရှုံးပေးလို့မရဘူး။ ကျွန်မမှာ ကျွန်မသိပ်ချစ်ရတဲ့သမီးလေး ရှိသေးတယ်။
သတင်းစာကနေ ခေါ်တဲ့ အလုပ်တွေကလည်း တစ်ခုမှမရဘူး။ အကြောင်းပြန်ကြားလိုက်ပါမယ်ရှင်ချည်းပဲ။ အလုပ်သာရှာတယ်။ အမှန်ဆို ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ ကျွန်မပါ။ နောက်ထပ်သူငယ်ချင်း နွယ်နှင်းဆီဆီ သွားရင်ကောင်းမလားလို့ တွေးရင်း ဆိုင်ကယ်ကို မောင်းနေမိတယ်။ အို။ မသွားတော့ပါဘူး။ သူ့အိမ်က ကျွန်မနဲ့ပေါင်းတာကြိုက်ဦးမှမဟုတ်လား။ သက်သက်ချိုအမေလို ထပ်ကြုံရရင် ကျွန်မပဲထပ်နာကျင်ရဦးမယ်။
"ကျွီ "
နားထဲ ဘရိတ်အုပ်သံလို ကြားလိုက်မှ အသိ၀င်လာတယ်။ ကျွန်မသတိ၀င်ပြီးလှမ်းကြည့်ေတာ့ ဆိုင်ကယ်တစ်စီးကို ကျွန်မက ၀င်တိုက်မိမလို ဖြစ်သွားတာ။
" ရှင် မမြင်ဘူးလား လူတစ်ယောက်လုံးကို "
ဒေါသအခံကရှိနေတော့ ကျွန်မစိတ်တိုတိုနဲ့ ရန်တွေ့လိုက်တယ်။
" ဟောဗျာ ကျွန်တော်က ၀င်တိုက်တာမဟုတ်ဘူးလေ အမိက၀င်တိုက် ဟာ "
တစ်ဖက်ဆိုင်ကယ်ကလူကပြောရင်းရပ်တန့်သွားသလို ကျွန်မကလည်း ဒီအသံရှင်ကို ရင်းနီးနေသလိုမို့ ပြန်မော့ကြည့်လိုက်တယ်။
" ဟင် "
" ခြွေလို့ ကြွေရပေမယ့် ဝေရဲပါတယ်"
" လဲ့ကေ လဲ့ကေမဟုတ်လား "
သူက ကျွန်မနာမည်ကိုရွတ်ပြီး ကျွန်မကို တအံ့တဩငေးကြည့်နေတဲ့သူ့ကို အံ့ဩပြီး ကြောင်ကြည့်နေမိတယ်။ နှစ်နှစ်ကျော်အထိ ကျွန်မတို့ မဆုံကြတော့တာလေ။
" ကိုကို သူကဘယ်သူလဲ ကိုကို့အသိလား "
သူ့ကောင်မလေးအသံကြားမှ သူ့ကိုငေးနေမိတဲ့ကျွန်မ အသိ၀င်လာရတယ်။ သူကလဲ အသိ၀င်လာတဲ့ပုံနဲ့ သူနဲ့ပါလာတဲ့ကောင်မလေးကို ဖြေတယ်။
" ဟုတ်တယ် ဘေဘီရဲ့ သူက ကိုကိုနဲ့ကျောင်းအတူတူတက်လာတဲ့ သူငယ်ချင်းထဲက တစ်ယောက် "
" လဲ့ကေ နင် ဟိုကောင်ကြီးနဲ့ဆုံသေးလား "
သူ့အေမးကို ခေါင်းခါပြလိုက်ပြီး နုတ်မဆက်ဘဲ ကျွန်မထွက်လာလိုက်တယ်။ ဒီနေ့မှ တိုက်ဆိုင်လှချည်လားေနာ်။ မင်းထက်ကိုရဲ့ သူငယ်ချင်းနဲ့မှ လာတွေ့နေရသေးတယ်။
လူယုတ်မာအေကြာင်း ဘာမှမသိချင်တော့ပါဘူး။ ဒီနေ့ အလုပ်ဆက်ရှာဖို့လည်း စိတ်မပါတော့ဘူး။ အိမ်ကိုပဲ ပြန်လာလိုက်တယ်။ ကျွန်မ အခုချိန်မှာ သိပ်ငိုချင်နေတာပဲသိတယ်။ အိမ်ထဲကို ဆိုင်ကယ်မောင်း၀င်လိုက်တာနဲ့ မေမေက " သမီး ဒီနေ့စောလိုက်တာ အလုပ်ရလာလို့ လား " တဲ့။ မေမေ့အမေးကို ခေါင်းတစ်ချက်ခါပြပြီး အခန်းထဲ တန်း၀င်လာလိုက်တယ်။ အိမ်နေအ၀တ်စားလေးလဲပြီး ကုတင်ပေါ်ထိုင်နေမိတယ်။ သမီးလေးအသံမကြားလို့ အခန်းပြင်ထွက်လာပြီး မေမေ့ကိုမေးလိုက်တယ်။
" မေမေ သမီးလေးရော "
" ညည်းအဖေနဲ့ ပါသွားတယ် ညည်းအစ်မဆီ သွားကြတယ် သူ့တူမကို ခေါ်လာခဲ့ပါ သတိရလို့တဲ့ "
" ဟုတ်မေမေ အဲဒါဆို သမီး ခဏလောက်လှဲချင်တယ် ခေါင်းအရမ်းကိုက်နေလို့ "
မေမေ့ကိုညာလိုက်မိတယ်။ အခုချိန်မှာ ကျွန်မ တစ်ယောက်ထဲ နေချင်နေမိတယ်။ အခန်းထဲ၀င်လာပြီးတာနဲ့ နေ့ခင်းက ကြားလိုက်ရတဲ့ သက်သက်တို့သားအမိပုံကိုပဲ အထပ်ထပ်မြင်နေမိတယ်။ ဘာကြောင့်မှန်းမသိဘူး။ပါးပြင်ပေါ် မျက်ရည်တွေစီးကျလာပြန်တယ်။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်အပေါ် ယုံယုံကြည်ကြည်ချစ်ခဲ့မိလို့ ဖြစ်ပေါ်လာတဲ့ပြဿနာဟာ ပြုလုပ်ခဲ့တဲ့ယောက်ျားတစ်ယောက်ရဲ့အပြစ်မပါဘူးလား။ ယုံကြည်ခဲ့တဲ့မိန်းမကပဲ မှားနေတာလား။ လူဆန်မိလို့ ကလေးတစ်ယောက်ကို အရဲစွန့်မွေးဖွားခဲ့ရတဲ့မိန်းမတစ်ယောက်ရဲ့ မိခင်စိတ်က ပတ်၀န်းကျင်မှာ ပဲ့ကျအောင် ကဲ့ရဲ့ခံရဖို့လား။ သူလို လူယုတ်မာတွေက အလွတ်ရုန်းနိုင်ခဲ့ပြီး မိခင်စိတ်နဲ့ အရာရာကိုရင်ဆိုင်ပြီး မွေး လာတဲ့မိခင်လောင်းတွေက သူများအထင်သေးခံရဖို့သက်သက် လူဖြစ်စေခဲ့တာလား။ သူ့ကို ကျွန်မ သိပ်နာကျည်းခဲ့သလို အရမ်းလည်း မုန်းခဲ့တယ်။ ဒါပေမယ့် ကျွန်မခုထိ မမေ့နိုင်သေးတာအမှန်ပဲ။ ကျွန်မတို့မိန်းမေတွကေတာ့ အချစ်ကို ကိုးကွယ်လိုက်လို့ ရရှိလာတဲ့ အခက်ခဲတွေ ၊ ပေးဆပ်လိုက်ရတဲ့ဂုဏ်သိက္ခာတွေ၊ ရင်းနှီးလိုက်ရတဲ့ သူများတံေတွးခွက်ထဲမျောပစ်ခံလိုက်ရတဲ့မာနတွေ။ ဒါတွေဟာ သူတို့လိုလူမျိုးေတွအတွက် ဘာမှ တာ၀န်မရှိဘူးတဲ့လား။
" ဟော သုန်သုန်တို့ ပုံပုံတို့ ပြန်လာပြီ "
ဖေဖေ့ကားသံနဲ့အတူ မေမေ့အော်သံကို ကြားတာကြောင့် အခန်းထဲလှဲနေတဲ့ကျွန်မ ၊ အိပ်ရာထဲက ထလိုက်တယ်။
ငိုထားတဲ့မျက်နှာကို မေမေတို့မရိပ်မိအောင် တို့ဖတ်လေးနဲ့တို့လိုက်တယ်။ ပြီးမှ အိမ်ရှေ့ကိုထွက်လာလိုက်တယ်။
သမီးလေးက မေမေ့ကိုယ်ပေါ်ကနေ ကျွန်မဆီ အတင်းလက်လှမ်းတယ်။
ကျွန်မလှမ်းချီရင်း သမီးလေးမျက်နှာအနှံ့ အနမ်းပွင့်လေးတွေ ခြွေချလိုက်တယ်။ ကျွန်မရင်ထဲ နာကျင်ရသမျှ သမီးလေး မျက်နှာမြင်မှ သက်သာသလိုခံစားရတာပါ။ သမီးလေးဆီမှာ ဒီတစ်သက် အဖေမရှိလာနိုင်တာ တွေးမိတော့ ကျွန်မစိတ်ကို ဖြေမရဘူး။ ကျွန်မသမီးအတွက် အလိုအပ်ဆုံးတစ်နေရာကို ဘယ်တော့မှ မဖြည့်ဆည်းပေးနိုင်တာသိေနတော့ တကယ်စိတ်မကောင်းဖြစ်ရတယ်။ ကံဆိုးလိုက်တာသမီးရယ်လို့ တွေးမိရင်း လွတ်ထွက်သွားမှာစိုးတဲ့အလား သမီးကို ကျွန်မတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်တယ်။
မပြည့်စုံစေဘဲ သမီးလေးကို လူ့ဘ၀ထဲအတင်းခေါ်လာမိသလိုဖြစ်လို့ ကျွန်မမှားများမှားနေပြီလားလို့ တခါမှသံသယမ၀င်ဖြစ်တဲ့စိတ်က ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိတယ်။။
သမီးလေးကို သနားလို့ နို့မဖြတ်ပေမယ့် အလုပ်ရရင်တော့ နို့ဖြတ်ရတော့မယ်။ စိတ်တွေနောက်ကျိနေလို့ ဒီနေ့လေးမှာ
နေမကောင်းတာအကြောင်းပြပြီး ကျွန်မအိပ်ရာစောစော၀င်ဖြစ်ခဲ့တယ်လေ။
**************
ဒီနေ့ ကျွန်မ အိမ်ကစောစောထွက်ခဲ့တယ်။ ကျွန်မသူငယ်ချင်း နွယ်နှင်းဆီနဲ့ တွေ့ချင်တာကြောင့် မနက်က ဖုန်းခေါ်ခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် နွယ်နှင်းဆီနဲ့ တန်းတွေ့တယ်။
" နွယ် အရေးကြီးလို့ နင်နဲ့တွေချင်တယ် " လို့ ပြောလိုက်တာနဲ့ ကျွန်မတို့ထိုင်နေကျဆိုင်မှာ စောင့်နေတဲ့...။ ကျွန်မတို့ ကျောင်းတက်တုန်းက
သူငယ်ချင်းတွေဆုံရင် ထိုင်နေကြဆိုင်လေးရှိတယ်။ အဲဒီဆိုင်လေးက နှစ်နှစ်အတွင်းမှာ ပြောင်းလဲေနပြီပဲ။ဆိုင်ရှေ့မှာ ဆိုင်ကယ်ကို အဆင်ပြေတဲ့နေရာမှာ ရပ်လိုက်တယ်။ လူသိပ်မကျသေးတဲ့ ဆိုင်ထဲကို လှမ်း၀င်ရင်း တစေ့တစောင်း အကဲခတ်လိုက်တယ်။ ကျွန်မကိုတွေ့တော့ စားပွဲထိုးကောင်လေးက
" ဘာသုံးဆောင်မလဲ ခင်ဗျား " လို့ ဖော်ဖော်ရွေရွေ နုတ်ဆက်တယ်။ ကျွန်မလည်း နဂိုက ကျွန်မတို့ထိုင်နေကျ စားပွဲလေးဆီပဲ ခြေဦးလှည့်လိုက်တယ်။ ကျွန်မကို သေသေချာချာစိုက်ကြည့်ေနတဲ့
ဆိုင်ရှင်အစ်မက က မှတ်မိနေတဲ့ပုံနဲ့
လာနုတ်ဆက်တယ်။
" လဲ့ကေ လဲ့ကေမဟုတ်လား "
အားရ၀မ်းသာနုတ်ဆက်တဲ့အစ်မကို
ကျွန်မပြုံးပြလိုက်တယ်။
"မတွေ့ရတာကြာပြီနော် လဲ့ကေ မမြင်တာကြာလို့ထင်တယ် ချောလာလိုက်တာ "
ဆိုင်ရှင်အစ်မအေပြာကိုကြားေတာ့ ကျွန်မ ရယ်မိသွားတယ်။
"အစ်မတို့လည်း အရမ်းအဆင်ပြေတယ်ထင်တယ်နော် ဆိုင်က အရမ်းေပြာင်းလဲသွားတယ် "
" အဆင်ပြေပါတယ် ညီမရေ ညီမသူငယ်ချင်းတွေတော့ မကြာမကြာရောက်တယ်"
" ဟုတ်အစ်မ သူတို့နဲ့လည်းအဆက်ပြတ်တာ ကြာပါပြီ အခုမှ နွယ်နဲ့ချိန်းထားလို့အစ်မရေ ဒါကြောင့်ဒီဆိုင်လေးကို လာဖြစ်တာ "
" ဪ ဒါနဲ့ ဘာစားမလဲ ညီမလေး "
" အစ်မ ကော်ဖီ တစ်ခွက်ဆိုရပြီ
နွယ်လာမှပဲ မှာတော့မယ် "
" အိုကေ ညီမလေး ကိုလတ်ရေ
လဲ့ကေအတွက် ကော်ဖီတစ်ခွက်လုပ်ပေးလိုက်ပါဦး "
ဆိုင်ရှင်အစ်မကို ပြုံးပြပြီး ကျွန်မ လမ်းမထက်ကို ငေးနေမိတယ်။ အရင်ကသွားလာနေကြတဲ့ပုံရိပ်တွေက ကျွန်မ မျက်၀န်းထဲ
လာလာပေါ်နေကြလို့ ကျွန်မစိတ်ထဲက အတင်းမောင်းထုတ်နေရတယ်။ ကျွန်မ
သတိရနေမိပြန်ပြီ။
" လဲ့ကေ "
"နွယ် "
မတွေ့ရတာကြာပြီဖြစ်လို့ ကျွန်မနဲ့နွယ်နှင်းဆီ တစ်ယောက်နဲ့တစ်ယောက် ပြေးဖက်လိုက်ကြတယ်။
" လဲ့ကေ နင့်ပုံက အရမ်းရင့်ကျက်လာသလိုပဲ "
နွယ်က အဲဒီလိုဆိုလာတော့ ကျွန်မ ဟက်ခနဲရယ်လိုက်တယ်။
"ဘ၀ကသင်ပေးတဲ့ သင်ခန်းစာတွေလေဟာ "
လို့ တစ်လုံးချင်းဖြေလိုက်ပြီး လာချထားပေးတဲ့ ကော်ဖီကို တကြိုက်ငုံ့သောက်လိုက်တယ်။ မသောက်တာကြာလို့ထင် တစ်ချိန်က ၊ ချိုမြသရောင်ကော်ဖီအရသာက
အခုကျွန်မလိုပဲ ခါးသက်သက်အရသာကို ခံစားလိုက်ရသလိုထင်မိပြန်တယ်။
" နင်ဘာသောက်မလဲနွယ် "
" ငါလည်းကော်ဖီပဲ သောက်တော့မယ် နင်အဆင်ပြေရဲ့လားလဲ့ကေ "
စိုးရိမ်စိတ်ပူစွာမေးလာတဲ့နွယ့်ကို
" ဒီလိုပါပဲ " လို့ဖြေလိုက်တယ်။ ဆိုင်ရှင်အစ်မက နွယ့်အတွက် ကော်ဖီတစ်ခွက်လာချပေးတယ်။
" ဟိုကောင်နဲ့ နင်မဆုံတော့ဘူးမဟုတ်လား နင်ကျောင်းနားလိုက်တဲ့နှစ်မှာကို
အဲကောင် ရည်းစားဘယ်နှစ်ယောက်မှန်းမသိဘူး "
နွယ့်အပြောကို ကျွန်မ ခေါင်းညိတ်ပြလိုက်တယ်။ သူ့မှာအချစ်စစ်မရှိတော့ဘူးလေ။ သူလိုအချစ်ကို တန်ဖိုးမထား၊နားမလည်သူအနေနဲ့ ၊ တစ်ယောက်ပြီးတစ်ယောက်တွဲနေတာ ၊ မဆန်းတော့ပါဘူး။
" ငါတို့ နောက်ဆုံးနှစ်တက်တော့ကို သူ့ကို အပေါင်းသင်းမလုပ်ကြတော့တာ
နင့်ဆီကို ငါတို့သူငယ်ချင်းေတွစုပြီးသတင်းလာမေးသေးတယ် နင့်အစ်မကြီးနဲ့ပဲတွေ့တယ်။ နင်မရှိဘူးတဲ့ နယ်ကိုပို့လိုက်ပြီလို့ ပြောတယ် အဲဒါကြောင့်
ငါတို့လည်း မလာဖြစ်တာပါဟာ "
နွယ် ရှင်းပြတာကို နားထောင်ပြီး ကျွန်မခေါင်းညိတ်ပြလိုက်တယ်။ ပြီးခဲ့တဲ့အကြောင်းတွေကို ပြန်လည်း မပြောချင်တော့ပါဘူး။ လောဆယ် ဖြစ်ချင်တာလေးပဲ ပြောပြလိုက်တယ်။
" လဲ့ကေရာ နင့်မိဘတွေ အဆင်ပြေနေတာကိုပဲ ဘာလို့သူများအလုပ်လုပ်ချင်ရတာလဲ "
" အင်း အိမ်ကအဆင်ပြေတယ်ဆိုပေမယ့် ငါ့ဘ၀ ငါရပ်နိုင်ဖို့တော့ ကြိုးစားရမယ်လေ မေမေ ၊ဖေဖေတို့ရှိနေချိန် ကိစ္စမရှိပေမယ့် မိဘတွေမရှိရင် မလွယ်ဘူးလေဟာ ပြီးတော့ ငါ့မှာက သမီးလေးရှိနေပြီ သူ့ရှေ့ရေးက ငါ့ခေါင်းပေါ်မှာ "
" နင်ဒီလိုတွေဖြစ်ရင် ဟိုခွေးကောင်ကို ပါးတွေချည်းဖြတ်ရိုက်ပစ်ချင်တယ်
လူစိတ်မရှိတဲ့အကောင် "
" ထားပါနွယ်ရာ သူ့အကြောင်း ငါမကြားချင်ဘူးရယ် "
" အေးပါ ငါစိတ်တိုလို့ပါ လဲ့ကေရာ
သူများအလုပ် နင်လုပ်နိုင်ပါ့မလား
နင့်အဖေ ပွဲရုံကို ၀င်လုပ်ပါလားဟာ "
" မလုပ်နိုင်လည်း လုပ်ရမှာပဲ
ဖေဖေ့အလုပ် ငါမလုပ်ချင်ဘူး
ဖေဖေ ငါ့ကိုစကားမပြောတာ နှစ်နှစ်ကျော်ပြီနွယ် "
" ဟူး စိတ်မကောင်းဘူးဟာ "
ကျွန်မကိုကြည့်ပြီး နွယ်က ညည်းတယ်။
" နင် သက်သက်နဲ့ ဆုံသေးလား "
နွယ့်အမေးကို ကျွန်မခေါင်းညိတ်ပြလိုက်တယ်။ မနေ့ကအဖြစ်တွေကို ပြန်မပြောပြချင်လို့ နွယ့်ကိုအသိမပေးတော့ပါဘူး။ ဆိုင်ရှင်အစ်မက ကျွန်မတို့ပြောတာကို နားထောင်ပြီး ၀င်ပြောတယ်။
" လဲ့ကေ အလုပ်လုပ်ချင်ရင်တော့အစ်မရဲ့ အစ်မ၀မ်းကွဲဆိုင်မှာ စိတ်ချရမယ့်လူ လိုတယ်တဲ့ အဲဒါတော့ရှိတယ် ဒါပေမယ့် ..."
ဆိုင်ရှင်အစ်မက အားနာလို့ထင်ရဲ့။ ရှေ့မဆက်ဘဲ စကားစကို ဖြတ်လိုက်တယ်။
ကျွန်မလည်း သိချင်လာလို့ မေးလိုက်တယ်။
" ဘာဆိုင်လဲ အစ်မ "
" စတိုးဆိုင်ပါ ညီမ "
" လခကရော "
" လခကတော့ အစမ်းခန့် သုံးလကို တော့
တစ်လတစ်သိန်းတဲ့ သုံးလကျော်ရင် တိုးပေးမယ်ပြောတယ် "
ကျွန်မတွေခနဲ ဖြစ်သွားတယ်။
" တစ်လတစ်သိန်းကတော့ နည်းလွန်းပါတယ်အစ်မရယ် တစ်လတစ်သိန်းက လဲ့ကေမုန့်ဖိုးတောင်မရှိတာကို "
နွယ်က ၀င်ပြောတယ်။ ကျွန်မက နွယ့်ကို ခေါင်းခါပြလိုက်ပြီး
" အဲဒီဆိုင်လိပ်စာ ပေးပါအစ်မ "
လို့တောင်းလိုက်တယ်။ ဆိုင်ရှင်အစ်မက လိပ်စာကိုရေးပေးတယ်။ နွယ်က
စိတ်မေကာင်းသလိုကြည့်ပြီး
လက်မခံဖို့ေပြာတယ်။
" နင့်စေတနာကို ကျေးဇူးတင်ပါတယ်ဟာ ဒါပေမယ့် ငါအလုပ်ရွေးနေလို့မရဘူးနွယ် ဘာအလုပ်ဖြစ်ဖြစ် ငါ၀င်လုပ်ဖို့စဉ်းစားထားတယ် ငါ့ကိုတကယ်ခင်ရင် ငါနဲ့လိုက်ခဲ့ပေးပါ အဲဒီဆိုင်ဆီ သွားရအောင် "
ဆိုင်ရှင်အစ်မကို ကျေးဇူးတင်စကားပြောရင်း နုတ်ဆက်ကာ အလုပ်ရမယ့်ဆိုင်ဆီ နွယ်နဲ့ကျွန်မထွက်လာခဲ့တယ်။ ကျွန်မတို့ထိုင်ေနကျ ဆိုင်ရှင်အစ်မက ဖုန်းကြိုဆက်ေပးထားတော့ အားလုံးအဆင်ပြေချောမွေ့သွားတာေပါ့။ အလုပ်ရတော့မှ နွယ့်ကိုနုတ်ဆက်ပြီး လမ်းခွဲပြန်လာလိုက်တော့တယ်။အိမ်၀ရောက်တာနဲ့
" သမီးအဆင်ပြေလာလား " လို့ မေမေကဆီးမေးတယ်။
" ပြေတယ်မေမေ " လို့ပြောတော့ မေမေ့မျက်နှာက ပြုံးရယ်လို့။
" မေမေ့သမီး အလုပ်ရပြီပေါ့ "
ဆိုင်ကယ်ကို အိမ်ထဲထိ သွင်းပြီး
" မနက်ဖန်ကစ အလုပ်ဆင်းရပြီမေမေ " လို့ဖြေလိုက်တယ်။ လစာကိုမေးပြီး မေမေငိုင်သွားတယ်။ မျက်နှာမှာ စိတ်မကောင်းတဲ့ဟန်ကအထင်းသား။ စတိုးဆိုင်က အရောင်းစာရေးဆိုတာတော့ ကျွန်မထည့်မပြောတော့ဘူး။
" လစာထက် သမီးကအတွေ့ကြုံပိုလိုချင်တာလေမေမေ သမီးမှာ လုပ်ငန်းအတွေ့ကြုံဘာမှမရှိသေးတော့ လစာကောင်းမယ့်အလုပ်က ဘယ်ရပါ့မလဲမေမေရဲ့ ဒီအလုပ်ကိုမှေးလုပ်ပြီး နောက်ထပ်အလုပ်သစ်ကို ထပ်ရှာမှာပါမေမေရဲ့ "
ကျွန်မအဖြေကို မေမေက ခေါင်းညိတ်ပြပြီး သူ့မြေးကိုခေါ်သွားတယ်။ ကျွန်မကတော့ အလုပ်မရှိဘဲ နေရတာထက်စာရင် ကျွန်မသမီးအတွက် တစ်လတစ်သိန်းရှာနိုင်လည်း မနည်းဘူးမဟုတ်လား။
************