book

Index 10

အခန်း ၁၀

" ဟိတ် အလုပ်ရှုပ်နေတာလား "

နုတ်ဆက်သံကြောင့် မော့ကြည့်တော့  နွယ့်ကို တွေ့လိုက်ရလို့ ပျော်သွားတယ်။

" နွယ် နင့်ကိုငါအရမ်းသတိရနေတာ "

" မိချွဲ မယုံပါဘူးနော်  နင်သတိရတာ 

ငါမဟုတ်တာသေချာတယ် "

နွယ်ကစတော့ နွယ့်ကို မျက်စောင်းတစ်ချက်ထိုးလိုက်မိတယ်။

" တကယ်နွယ်ရဲ့ အခုရက် ငါစိတ်ညစ်နေတယ် "

" ဆိုပါဦး ဘာတွေညစ် "

နွယ်က မေးပြောပြောရင်း သူလာရင် ထိုင်နေကျနေရာလေးမှာ  ထိုင်တယ်။

လက်ထဲက‌သုံးဆင့်ချိုင့်ကို စားပွဲပေါ် တင်လိုက်ရင်း ကျွန်မကိုလှမ်းပြောတယ်။

" နင်စားဖို့ လက်ဖက်  သုတ်လာပေးတယ် "

နွယ့်ကိုခေါင်းညိတ်ပြလိုက်တယ်။ 

" ဆက်ပါဦး ဘာတွေစိတ်ညစ်ရပြန်တာလဲ "

" နွယ် အိမ်မှာ အငယ်မသုန်သုန်နဲ့စကားများရတယ် "

" ဒါက မိသားစုတိုင်းကြုံရတာလေဟာ

နင့်ခေါင်းထဲက ထုတ်ပစ်လိုက်ပါ "

" ထုတ်တာပဲနွယ်ရယ် စိတ်မကောင်းဖြစ်ရတာ  ငါမှားခဲ့ပါတယ် အချစ်ကိုယုံခဲ့မိလို့ ငါအခု အမှားမရှိအောင် သတိထားနေတယ်  တခါမှားတာနဲ့ ငါ့ကိုမခန့်လေးစားဆက်ဆံချင်နေတာကို၀မ်းနည်းတာ   "

" ဒါကြောင့် ငါတို့ကိုလူကြီးတွေဆုံးမကြတဲ့စကားပုံ နင်မှတ်မိသေးလားလဲ့ကေ ရှေ့နွား လမ်းဖြောင့်ဖြောင့်သွားမှ နောက်နွား ဖြောင့်ဖြောင့်လိုက်မှာဆိုတာလေ ကိုယ်ကအကြီးဖြစ်ပြီး ‌လမ်းဖြောင့်မသွားနိုင်ခဲ့ရင် ‌အငယ်တွေကလည်း လမ်းဖြောင့်သွားဖို့မဖြစ်နိုင်ဘူး နင်အမှားလုပ်ထားတော့ နင့်အပေါ်ကို အရိုသေမရှိတော့တဲ့ပုံ ဖြစ်တာ နောက်တော့လည်း နေသားကျလာမှာပါ "

" နင်ပြောပုံက ငါကနွားလုံးလုံးဖြစ်‌ေနပြီ အခုက အငယ်က အကြီးကို နေရာတကာဆရာလိုက်လုပ်နေတာ"

ကျွန်မကိုကြည့်ပြီး နွယ်ကရယ်တယ်။

" အဲဒါတွေထားပါဦး နင့်မင်းသားလေးနဲ့ နင်ကရော အခြေနေ "

" အဆင်ပြေပါတယ် နွယ် သူက ငါ့ကိုသိပ်ချစ်လေ သူ့အတွက် ငါခံစားရလေပဲ သူ့ကိုလေ ငါလိုကလေးတစ်ယောက်အမေနဲ့ မပက်သက်စေချင်တာ ငါ့ရင်ထဲက စိတ်အမှန်ပဲ ဒါပေမယ့် သူ့ကိုငါ ဆုံးရှူံးရမှာလည်း ကြောက်နေပြန်ရော နွယ်ရဲ့ "

" အင်း ဖြစ်တတ်ပါတယ်ဟာ ဒါတွေက

နင်လည်း အရာရာကို သေချာစဉ်းစားပေါ့ "

" အင်းပါနွယ် သူ့ကိုမချစ်မိအောင် ငါအမျိုးမျိုး ကြိုးစားတယ် မအောင်မြင်ဘူးဟာ "

နေ့လည်စာကို နွယ်နဲ့အတူ စားလိုက်တယ်။  ရွှေရောင်လင်းခွင့်ယူထားလို့

ဒီနေ့ဖြိုးဖြိုးနဲ့ကျွန်မနှစ်ယောက်ထဲရယ်ပါ။ နေ့လည်းနှစ်နာရီလောက်ကျတော့

မမဟေမာန်မရောက်လာဘဲ သူ့ခင်ပွန်း

ကိုမိုးအောင်ရောက်လာလို့ ကျွန်မလည်း အပ်ရမယ့်ငွေနဲ့ စာရင်းတွေကို 

အသေအချာလုပ်ပြီးအပ်လိုက်တယ်။မနေ့ညနေကထဲက မောင့်ကို ကျွန်မ မတွေ့ရသေးဘူး။ ဘာများဖြစ်ပါလိမ့်ဆို

ပြီး စိတ်ပူမိရတာတော့အမှန်ပဲ။ မနက်ကဖုန်းဆက်တော့လည်း  မောင့်ဖုန်းက စက်ပိတ်ထားလေရဲ့။

" နင့်မြေကွက်တွေ မရောင်းသေးဘူးလား လဲ့ကေ "

" ဟင့်အင်းနွယ် မ‌ေရာင်းသေးဘူး "

" အေးလေ ထားလို့ရနေတာပဲ ထားပေါ့ "

" ငါ့ကိုယ်ပိုင်စတိုးဆိုင်လေးဖွင့်ဖို့လုံလောက်မှရောင်းမယ်နွယ် အခုက ဒီဆိုင်မှာလည်း အဆင်ပြေပါတယ်

မမဟေမာန်က အကုန်လွှဲထားတော့ ဆိုင်ဖွင့်ရမှာ 

ငါအားနာနေမိတယ် "

" အင်းပါလဲ့ကေ အချိန်တွေအများကြီး ရှိသေးတာပဲ ငါပြန်မယ်  ဒီနေ့တော့ နင်ဆိုင်သိမ်းတဲ့အထိ ငါမ‌‌ေစာင့်တော့ဘူး နော် "

နွယ်ပြန်သွားပြီးတော့ ဆိုင်မှာ ပြတ်နေတဲ့ ပစ္စည်းစာရင်းကို စစ်လိုက်တယ်။ မနက်ဖန်ဆို မှာရမှာတွေများတယ်။ 

ဒီဇိုင်းအသစ်တွေကလည်း တစ်နေ့နဲ့ တစ်နေ့မရိုးရအောင် ၀င်နေတော့ ကိုယ့်ဆိုင် ခေတ်နောက်မကျန်ခဲ့အောင်လည်း 

သတိထားနေရတယ်။ ဖြိုးဖြိုးက တော်ပါတယ်။ အစစအရာရာ စိတ်ချရတယ်။  ညနေဆိုင်သိမ်းချိန်ရောက်တဲ့အထိ မောင်ပေါ်မလာဘူး။ အိမ်ကိုသာ ပြန်လာခဲ့ရတယ်။ စိတ်ကအလိုမကျဖြစ်‌ေနမိတယ်။   ရှင်ဒီနေ့ ဘာလို့မပေါ်လာတာလဲမောင်။  ကျွန်မလွမ်းနေတယ်ဆိုတာ ရှင်မသိဘူးလား။ ဟူး။ သက်ပြင်းရှည်ကြီး မှုတ်ထုတ်မိတယ်။ ဒဏ်ရာရဖူးတဲ့ 

သူမို့လားမသိဘူး။ စိုးရိမ်စိတ်တွေက ၀င်လာပြန်တယ်။ အဲဒီအတွေးကို ကျွန်မ မတွေးရဲဘူးမောင်ရယ်။

" အလတ်မပြန်လာပြီ ညည်းကိုစောင့်နေတာ ညည်းမမကြီးဆီကို သွားကြမလို့ "

အိမ်ထဲ၀င်တာနဲ့ မေမေက ဆီးကြိုပြောတယ်။  ကျွန်မအခန်းထဲ၀င်ပြီး အ၀တ်စား ၀င်လဲလိုက်တယ်။ အိမ်နေရင် အထက်အောက်‌ေဘာင်းဘီနဲ့ ၀မ်းဆက်‌ေလး‌ေတွ ၀တ်တတ်တာမို့ လွတ်လွတ်လပ်လပ်ဖြစ်အောင် လဲလိုက်တယ်။  အ၀တ်စားလဲပြီးတာနဲ့ 

အိမ်ရှေ့ဧည့်ခန်းထွက်လာလိုက်တယ်။

မိသားစုအစုံသွားကြတာ ဒါ ကျွန်မအတွက် ပထမဆုံးပဲ။ ကျွန်မက သမီးလေး စရှိကထဲက  ဒီလိုမျိုးတွေ ရှောင်ခဲ့တာပါ။ ကျွန်မတို့အားလုံး ကားပေါ်ရောက်တာနဲ့ ဖေဖေက ကားစက်နိူးပြီး

မောင်းထွက်ခဲ့တယ်။ နာရီ၀က်‌ေကျာ်‌ေကျာ်လောက် မောင်းတာနဲ့ မမကြီးအိမ်ကိုရောက်ပြီ။

မမကြီးတို့အိမ်ဆင်၀င်ထဲ  ဖေဖေကကားကိုမောင်း၀င်လိုက်တယ်။ မမကြီးအိမ်ကို ကျွန်မတစ်ခါမှ မရောက်ဖူးတော့ ခြံထဲက အလှစိုက်ထားတဲ့ ပန်းအစုံကို‌ေငးကြည့်‌ေနမိတယ်။ ခြံကြီးက အကျယ်ကြီးဖြစ်သလို ၊ အိမ်ရှေ့မှာ အလှစိုက်ထားတဲ့ ပန်းအိုးတွေကလည်း စုံနေတာပဲ။ ကျွန်မအကြိုက်ဆုံးက သစ်ခွမျိုးစုံပဲ။ အားလုံးက အိမ်ထဲ၀င်ကြမှာမို့ မေမေက" အလတ်မလာလေ" လို့ခေါ်တယ်။ ကျွန်မလည်း အိမ်ထဲလိုက်၀င်လိုက်တယ်။ အိမ်ထဲ၀င်လိုက်တာနဲ့ အိမ်ရဲ့အခင်းကျင်းက လှလိုက်တာ။ မမကြီးက မိသားစုအားလုံး လာလည်လို့ပျော်နေပုံရတယ်။ မမကြီးယောက်ျားကလည်း အမြဲပြုံးနေတာကြောင့် သဘောကောင်းသူ ဆိုတာ အသိသာကြီးပါ။ ‌  ဘာပဲပြောပြော  မမကြီးအတွက် ဂုဏ်ယူပါတယ်လေ။ အေးချမ်းတဲ့မမကြီးတို့မိသားစုလေးကြည့်ရတာ မြင်ရသူကို စိတ်ငြိမ်းချမ်းစေတာအမှန်ပဲ။ ရောက်တာနဲ့ သမီးလေးက သူ့မောင်လေးဆီ တန်းသွားပြီး ကစားနေတာ ကြည့်ပြီး ကျွန်မပြုံးမိတယ်။   ဒီအိမ်က ကျွန်မတစ်ယောက်ထဲပဲ စိမ်းနေတာလေ။ ကျွန်မတို့မိသားစုအကုန် ထမင်းစားဖို့ မမကြီးက စီစဉ်နေတယ်။  ကျွန်မက မနေတတ်တော့ ကူလုပ်ပေးဖို့ပြင်တော့

" ရတယ် အလတ်မ  အနောက်မှာလုပ်မ ယ့်သူတွေရှိတယ် "

လို့ဆိုတယ်။ ထမင်းပွဲ ပြင်ပြီးတာနဲ့ 

မိသားစုအစုံ ထမင်းစားကြတယ်။ မစားရတာကြာတဲ့ လက်ဆုံစားပွဲပါ။ 

ဟင်းတွေကလည်း စုံနေတာပဲ။

မမကြီးအမျိုးသား ကိုသက်နိုင်ကို အခုမှ သေသေချာချာ သတိထားကြည့်မိတယ်။  ပြုံးနေတဲ့မျက်နှာက သဘောကောင်းမယ့်ပုံကို  ပြနေတယ်။ ထမင်းစားပြီးတော့လည်း အချိုပွဲတွေက အများကြီး။ အပြင်မှာ မှောင်တောင်နေပြီလေ။ အမှန်ဆို ကျွန်မ အခန်းထဲ ခြေပစ် ၊လက်ပစ်လှဲပစ်ချင်နေတာ။

စကားကောင်းနေကြတဲ့ မေမေတို့မမကြီးတို့စကားဝိုင်းဟာ ကျွန်မအတွက်တော့ တကယ်ပျင်းရိစေတယ်။

" မေမေနဲ့ဖေဖေ့ကို အသိပေးရဦးမယ် "

မမကြီးက မေမေတို့ကို ဦးတည်ပြောနေပေမယ့် ကျွန်မလည်း ကြားရတယ်။

" အလတ်မကို ကိုသက်နိုင်ညီ တစ်၀မ်းကွဲနဲ့ စီစဉ်ပေးချင်တယ်မေမေ  ကောင်လေးက တစ်ဦးတည်းသောသား  ပညာအရည်ချင်း အလုပ်ကိုင် ဘာမှ ပြောစရာမရှိဘူး  ဖေဖေနဲ့မေမေ ဘယ်လိုသဘောရလဲဟင် "

မမကြီးစကားကြားပြီး ကျွန်မလန့်ဖျတ်သွားရတယ်။  အိမ်မှာဆို ခါးခါးသည်းသည်းထပြောဖြစ်မှာ သေချာပေမယ့်

ဒီမှာကျ ကိုသက်နိုင်ကို အားနာပြီးငြိမ်နေရတယ်။ ဖေဖေက ဘာမှ၀င်မပြောပေမယ့် မေမေ့စကားကြားပြီး ကျွန်မမျက်လုံးပြူးရပြီ။ 

" သင့်တော်တာဆိုရင် မေမေသဘောတူတယ် အလတ်မအတွက် အမြဲစိတ်ပူနေရတာလေ "

" မေမေ "

မေမေ့ကို အလန့်တကြားတားဖို့ လုပ်တော့ မေမေက လက်ကာပြတယ်။ ကျွန်မသိလိုက်ပြီ။ မမကြီးဆီ အလည်သွားတာ

ကျွန်မအတွက် တိုင်ပင်ကြဖို့ဆိုတာ ကျွန်မသိလိုက်ပြီ။ ကျွန်မစိတ်ရှူပ်လာတာနဲ့ အိမ်အပြင်ထွက်လာပြီး ပန်းခြံနားက ဒန်းမှာထိုင်နေမိတယ်။ ပါးပြင်ပေါ်အလိုလိုစီးကျလာတဲ့မျက်ရည်တွေက ထိန်းမရဘူး။ မောင့်ကိုသိပ်လွမ်းတာပဲ။ လက်ထပ်ရမယ်ဆိုရင်တောင် မောင့်ကိုပဲ ကျွန်မလက်ထပ်ချင်တယ်။

ကျွန်မဘာလုပ်ရမလဲမောင်ရယ်။ အိမ်ထဲမှာ မေမေတို့ဘာတွေပြောနေကြလဲဆိုတာ ကျွန်မ မသိတော့ဘူး။ ညကိုးနာရီလောက်မှ မမကြီးအိမ်က ပြန်လာကြတယ်။ အိမ်ရောက်တာနဲ့ ကျွန်မအခန်းထဲ၀င်ပြီး တသိမ့်သိမ့်ရှိုက်ငိုပစ်လိုက်တယ်။ မောင်နဲ့ဝေးရဖို့ကို ကျွန်မစိတ်ကူးလေးနဲ့တောင် မခံစားနိုင်တော့ဘူး။ ရင်ထဲအရမ်းမွန်းကြပ်လာလွန်းလို့ ကျွန်မဒိုင်ယာရီစာအုပ်လေးလှမ်းယူလိုက်တယ်။ ဒိုင်ယာရီစာအုပ်လေးထဲ  မောင့်ကိုတိုင်တည်ပြီး ကျွန်မဘာလုပ်ရမလဲလို့

အထပ်ထပ်‌ေရးရင်း မေး‌ေနမိတော့တယ်။ အဲဒီနေ့က ကျွန်မ ဘုရားတောင်မရှိခိုးနိုင်ခဲ့သလို အိပ်ရာထဲမှာ ငိုရင်းအိပ်ပျော်ခဲ့ရတယ်။

 **********

မနက် အိပ်ရာက အစောနိုးနေတာနဲ့ အိပ်ရာကထလိုက်တယ်။ သမီးလေးက ဒီည ကျွန်မနဲ့လာမအိပ်ပါလား။ ထူးဆန်းလိုက်တာ။  ဒီနေ့အလုပ်စောစောသွားပြီး မောင့်ဆီ ဖုန်းဆက်ချင်တယ်။ ရေချိုးခန်းထဲ၀င် ရေချိုးလိုက်တယ်။  သနပ်ခါးလိမ်းပြီး အလုပ်မှာ ၀တ်တဲ့ ၀မ်းဆက်တစ်စုံ ယူ၀တ်လိုက်တယ်။ မရိုးမဆန်းဆို ဘာ၀တ်၀တ်ရတာမို့  အ၀တ်စား၀တ်ရတာအဆင်ပြေပါတယ်။  ကျွန်မပြင်ဆင်ပြီးတော့ မေမေကနိုးလာပြီ။

" အလတ်မ ဒီနေ့ အစောနိုးနေတာလား "

" ဟုတ်မေမေ ညကသမီးလေး သမီးဆီ ဘာလို့  လာမအိပ်တာလဲဟင် "

ကျွန်မမေးတော့ မေမေက ပြုံးတယ်။

" သမီးတို့သားအမိတွေ အခုကစပြီး အိပ်ရာခွဲအိပ်ရတော့မယ်  ဒါမှတချိန်ကျရင် ကျင့်သားရနေလိမ့်မယ် "

" မေမေ "

မေမေ့အဖြေက ဘာဆိုတာ ကျွန်မနားလည်လိုက်တယ်။ ကျွန်မသမီးလေးနဲ့ ကျွန်မ အိပ်ရာခွဲအိပ်ရမယ်တဲ့လား။နှလုံးသားတစ်ခုလုံး နင့်ကျင်နေအောင်ခံစားလိုက်ရတယ်။

" သမီး ဘာကိုတွေးနေတယ်ဆိုတာ မေမေသိတယ် နားလည်တယ် သမီးကို နောက်ထပ်အမှား ထပ်မှားဖို့ မေမေတို့ ဘယ်နည်းနဲ့မှ ခွင့်မပြုနိုင်ဘူး  ညည်းသမီးဟာ ငယ်လာမှာ မဟုတ်ဘူး ကြီးလာမှာ သူအတန်းကြီးလာလေ သူ့အဖေနေရာက ကွက်လက်ဟာ သူ့ကို ဘယ်လောက်ထိနာကျင်စေမလဲ သမီး

လတ် ညည်းစဉ်းစားကြည့်စမ်း   ညည်းသမီးရဲ့ဘ၀ ရေရှည်အတွက် ညည်းအစစ စဉ်းစားပါ အချစ်ကို ထပ်မကိုးကွယ်ပါတော့နဲ့  ညည်းမမကြီး‌ေပြာတဲ့ကောင်လေးကို  မေမေတို့သဘောတူတယ်  ဘာမှငြင်းစရာမရှိဘူး  သမီးလက်ခံဖို့ ပြင်ဆင်ထားပါ "

ကျွန်မအပေါ်ကို အစစ ဖေးမနားလည်ပြီး အမြဲရပ်တည်ခဲ့တဲ့မေမေက အခုတခါ အရမ်းကို ပြတ်သားပြနေတာ ကျွန်မအံ့ဩ‌ေနရတယ်။  အလုပ်ကိုထွက်လာခဲ့တဲ့ ကျွန်မဟာ စိတ်တွေနောက်ကျိနေမိတယ်။ ဆိုင်ရောက်တာနဲ့ ဆိုင်ဖွင့်တယ်။  ဖြိုးဖြိုးနဲ့ ရွှေရောင်လင်း လည်း

သိပ်မကြာဘူး။ ရောက်လာကြတယ်။

" မမ ဖြိုးတို့ရောက်ပြီ "

" အင်း ဖြိုး လုပ်စရာရှိတာလုပ်ကြနော် "

ဖြိုးဖြိုးတို့ကိုအလိုက်သင့် ပြန်ပြောပြီး

မောင့်ဆီ ကျွန်မ ဖုန်းခေါ်လိုက်တယ်။ မောင့်ဖုန်းက စက်ပိတ်ထားတာလား ၊ဘာလားမသိဘူး။ ဆက်သွယ်မှုဧရိယာပြင်ပတဲ့။ ဟူး။ သက်ပြင်းပဲချလိုက်တယ်။ မောင်ဘယ်ရောက်နေတာလဲ။ မောင်ဘာများဖြစ်လို့လဲ။ ကျွန်မစိတ်ပူနေပြီမောင်ရယ်။  ကျွန်မစိတ်ကို အငြိမ်သက်ဆုံးဖြစ်အောင်ပဲ ကြိုးစား လိုက်ရတယ်။ စိတ်ကိုလျှော့ချလိုက်တယ်။ စိတ်ကိုအလုပ်ထဲ ဇွတ်နှစ်လိုက်တယ်။ ပစ္စည်းအမှာစာရင်းတွေကို  ဖုန်းဆက်လိုက်ပြီး ကျွန်မလုပ်ရမယ့်စာရင်းတွေကို လုပ်နေလိုက်တယ်။ အလုပ်ထဲ စိတ်၀င်စားလို့ကို မရဘူး။ မောင့်ကို ကျွန်မသိပ်တွေ့ချင်တာပဲ။ နေမထိ၊ ထိုင်မထိ ဝေဒနာက တော်တော်ခံစားရခက်တာပါ။  ဟော။ ဖုန်း၀င်လာပြီ။ အလောတကော ကောက်ကိုင်လိုက်တော့ မမဟေမာန်ဆီကဖုန်း။ အမှာစာရင်းတွေ လာပို့ရင် သူ့ဆိုင်ဆီ ငွေလွှဲယူခိုင်းလိုက်ပါတဲ့။  ကျွန်မအလိုက်သင့် ပြောပြီးဖုန်းချလိုက်တယ်။  နေ့လည်ရောက်လို့ နေ့လည်စာသာ စားဖြစ်ကြတယ်။ ကျွန်မ ဆာလို့ဆာမှန်းမသိ။ စားလို့စားရမှန်းမသိ။

" မမ စိတ်ညစ်စရာ ရှိနေလားဟင် "

ကျွန်မမျက်နှာကိုအရိပ်လိုကြည့်နေတဲ့  ဖြိုးဖြိုးက  ကျွန်မကိုမေးတယ်။

" မရှိပါဘူး ဒီလိုပါပဲ ဒါနဲ့ ရွှေ့မေ‌မေ သက်သာလား "

ရွှေရောင်လင်းကို ကျွန်မ သတင်းမေးလိုက်တယ်။ ရွှေ့မျက်နှာ‌ေလးက ညှိုးသွားတယ်။

" သက်တော့သက်သာပါတယ် မမရယ်

သွေးနုသားနုနဲ့အလုပ်လုပ်တဲ့ဒဏ်တွေက အခုမှ ပေါ်လာတာဆိုတော့  "

ပြောရင်းတိန်၀င်သွားတဲ့အသံလေးကို နားထောင်ပြီး ကျွန်မစိတ်မကောင်းဖြစ်ရပါတယ်။ 

" အားမငယ်ပါနဲ့ ရွှေ ဘ၀ဆိုတာ ဒီလိုပါပဲ ညီမလေးရယ် "

ကျွန်မကို ရွှေက ခေါင်းလေးညိတ်ပြတယ်။ သူတို့ထက်စာရင် ကျွန်မဘ၀က

အစစသာသေးတာပဲဆိုပြီး ဖြေသိမ့်တွေးတွေးလိုက်တယ်။  ထမင်းစားသောက်ပြီးလို့မကြာ အမှာပစ္စည်းတွေ ရောက်လာတယ်။ ပစ္စည်းတွေ လက်ခံပြီးတာနဲ့ ငွေလွှဲကို မမဟေမာန်ဆိုင်ဆီ 

လွှဲလိုက်တယ်။ ပစ္စည်းရောက်တဲ့နေ့ဆို 

ကျွန်မတို့ဆိုင် အလုပ်ပိုရှုပ်တယ်။ အလုပ်ထဲစိတ်နှစ်နေတော့ လတ်တလောစိတ်ညစ်ရတာတွေ ခဏတော့ ပျောက်သွားတယ်။ 

" ပြောစရာရှိရင် ကျွန်မအလုပ်သိမ်းချိန်မှာ လာပြောပါ အခု အလုပ်လုပ်ချိန်မှာ

ကျေးဇူးပြုပြီး မပြောပါနဲ့ရှင် "

ကျွန်မနားထဲကြားလိုက်ရတာ ရွှေ့ရဲ့အသံစူးစူးလေးမို့ ရွှေ့ဆီ လှမ်းကြည့်လိုက်တယ်။

ရွှေ့ဘေးနားမှာ အသက်လေးဆယ်ကျော် မိန်းမနှစ်ယောက်ကို တွေ့လိုက်ရတယ်။ ကြည့်ရတာ ဈေး၀ယ်သူမဟုတ်တာ သေချာတယ်။ ကျွန်မလည်း ဆိုင်မှာ ပြဿနာတစ်စုံတစ်ရာ မဖြစ်စေချင်တာမို့ ရွှေတို့ရှိရာ လာခဲ့လိုက်တယ်။

" ရွှေ ဘာဖြစ်လို့လဲ ညီမလေး "

ရွှေ့ကိုလှမ်းမေးတော့ ရွှေက မဖြေဘဲ ရွှေ့ဘေးက မိန်းမနှစ်ယောက်ထဲကအသက်ပိုကြီးတဲ့အန်တီက  ၀င်ဖြေတယ်။

" ဘာဖြစ်ရမလဲအေ ရုပ်လေးဗန်းပြပြီး

ကျုပ်သားကို အမိလာဖမ်းလို့‌ေလ"

" ရှင် "

ကျွန်မလည်း အံ့ဩတကြီး ရွှေ့ကိုလှမ်းကြည့်တော့ ဖြိုးဖြိုးက ၀င်ရှင်းပြတယ်။

" ဒီလိုပါမမရယ် ရွှေနဲ့ ဒီအန်တီရဲ့သားနဲ့က ကြိုက်တာ တစ်လလောက်ရှိပြီ အဲဒါ ရွှေနဲ့သဘောမတူလို့ လာပြောဆိုလုပ်နေကြတာ "

ဖြိုးဖြိုးပြောတာနားထောင်ပြီး ကျွန်မသဘောပေါက်လိုက်တယ်။ ဆိုင်မှာ ပြဿနာမဖြစ်‌ေစချင်တာနဲ့  သူတို့ကိုတောင်းပန်လိုက်တယ်။

" ဟုတ်ကဲ့ ဒီလိုလူမှုရေးကိစ္စတွေက  အပြင်မှာပဲ ရှင်းစေချင်ပါတယ်ရှင် ဆိုင်မှာတော့ ပြဿနာမဖြစ်စေချင်ပါဘူးအစ်မကြီးတို့ရယ် "

ကျွန်မတောင်းပန်လို့လားမသိဘူး။ သူတို့ပုံက ပိုဆိုးလာတယ်။

" မဖြစ်စေချင်ရင် သူ့ကိုရပ်တန်းကရပ်ခိုင်းလိုက်လေ အေး ဒီမှာ ကောင်မလေး

ငါ့သားကိုမပက်သက်ပါနဲ့ နင့်လို လင်ကောင်မပေါ်ဘဲ မွေးထားတဲ့ကလေးနဲ့ ငါတို့သားကို ဘယ်လိုမှ သဘောမတူဘူး မိမစစ် ၊ ဖမစစ်ဟာတွေက တန်ရာတန်ရာကိုမှန်း "

ကျွန်မစိတ်ထဲ နင့်ခနဲဖြစ်သွားတယ်။ ကြည့်စမ်း။ တစ်ဖက်စောင်းနင်းနဲ့ ရိုင်းလိုက်တာ။ ဒေါသစိတ်က ကျွန်မတစ်ကိုယ်လုံးဖုံးသွားတယ်။  ကျွန်မပြန်ပြောမလို့ လုပ်တုန်းမှာပဲ ဆိုင်ကို ဈေး၀ယ်သူကျလာလို့ စိတ်ကိုလျှော့ချလိုက်ရတယ်။ 

" အစ်မတို့ပြဿနာကို တခြားမှာသွားရှင်းကြပါ ကောင်းကောင်းမွန်မွန်ပြောမရရင် ရဲစခန်းကို ဖုန်းဆက်ရလိမ့်မယ် "

ပြတ်ပြတ်သားသားကျွန်မဆိုမှ ထွက်သွားကြတယ်။ ရွှေကတော့ မျက်ရည်သုတ်ရင်း ဈေး၀ယ်သူတွေကို ဈေးသွားရောင်းပေးနေကြတယ်။ ရွှေ့ကိုကြည့်ပြီး ကျွန်မငိုင်နေတယ်။ ပြောသွားလိုက်တဲ့စကားတွေက သားသမီးချင်းမစာမနာ ရက်စက်လိုက်ကြတာ။ အဲဒီမိန်းမကြီးတွေ ပြောသွားတဲ့စကားတွေက ကျွန်မနားထဲကမထွက်ဘူး။ ကျွန်မသမီးလေးရော အဲဒီလိုအပြောခံခဲ့ရရင် ဘယ်လို‌ေနမလဲ။ ကျွန်မအတွေးနဲ့တောင်မခံစားနိုင်ပါလား။ ဆိုင်မှာလူရှင်းတာနဲ့ ရွှေ့ကို လှမ်းခေါ်လိုက်တယ်။

" ရွှေ အလုပ်အားရင် မမဆီခဏလာ "

" ဟုတ်မမ "

ရွှေကကျွန်မအနားလာတော့ ရွှေ့ကို ခုံမှာထိုင်စေလိုက်တယ်။

" ရွှေ မမဆူတာမဟုတ်ဘူးနော်  ဆိုင်မှာ ဒီလိုပြဿနာ ဖြစ်တာ ဆိုင်ရှင်သိရင် ကြိုက်မှာမဟုတ်ဘူး ဇယားရှုပ်တယ်ဆိုပြီး အလုပ်တန်းထုတ်ပစ်မှာ "

" ဟုတ်ကဲ့မမ ရွှေသိပါတယ်မမ "

မျက်နှာလေးငယ်နေတဲ့ရွှေ့ကိုကြည့်ပြီး ကျွန်မသနားမိတယ်။ ဒါပေမယ့်ပြောမှ ရမယ့်အရာမို့ ကျွန်မဆက်ပြောရပါတယ်။

" မမကိုယ်ချင်းမစာလို့ ပြောတာမဟုတ်ဘူးနော် ဖြစ်နိုင်ရင် ရွှေ့ကောင်လေးကို ရွှေဖြတ်လိုက်ပါညီမလေး "

" ရှင် "

ပြူးကျယ်တဲ့မျက်ဝန်းလေးနဲ့ ရွှေမော့ကြ ည့်တယ်။ မျက်ရည်တွေပြည့်လျှံလာတာကို မကျအောင်သုတ်ရင်းက အင့်ခနဲ ရွှေရှိုက်တယ်။

" မမစိတ်မကောင်းပါဘူးရွှေ အခုနေရွှေခံစားရတာက ရွှေ့အတွက် သက်သာပါလိမ့်မယ် သူတို့စရိုက်ကို ရွှေမြင်နေတာပဲလေ သူတို့အသိုင်းဝိုင်းထဲရွှေ၀င်ရင် သူတို့လက်ခံလာရင်တောင်  ရွှေ့အားနည်းချက်ကို နင်းပြီး အမြဲအနှိမ်ခံရမှာ  ရွှေ့ချစ်သူက ရွှေ့ဘက် အမြဲရပ်တည်နိုင်ခဲ့ရင် ကိစ္စမရှိပေမယ့်  အမြဲဆိုတာ မသေချာပါဘူးညီမလေး ရွှေဆက်ပက်သက်နေရင် သူတို့ကအမြဲပြဿနာလာရှာနေလိမ့်မယ်  ပြဿနာအမြဲဖြစ်နေရင် မမတို့က ရွှေ့ကို မဖြစ်မနေ အလုပ်ထုတ်ရတော့မှာ  အဲဒီကျရင် ရောဂါသည်အမေကို ရွှေဘယ်လို ရှာကျွေးမလဲ အရင်လို သူများအိမ်ကအ၀တ်စားတွေလျှော်ပြီး ကျွေးမှာလား"

ကျွန်မစကားအဆုံး ရွှေ ရှိုက်ရှိုက်ငိုတယ်။ ငိုရင်းနဲ့ မေးလိုက်တဲ့ရွှေ့စကားက ကျွန်မရင်ဘတ်ထဲ စူးခနဲထိုးစိုက်သွားတယ်။

" ရွှေဘာလို့ အဲဒီလောက်ကံဆိုးရတာလဲမမရယ် ဖြစ်နိုင်ရင် အဖေမရှိမှတော့ ရွှေ့ကို ဖျက်ချပစ်လိုက်ကြပါလားဟင် အဲဒါကမှ ရွှေလူမဖြစ်ဘဲ တခါထဲ ဇာတ်သိမ်းသွားမှာ အခုတော့ လူ့ဘ၀မှာ လူဖြစ်ပြီး အမြဲအနှိမ်ခံ လူဖြစ်ခဲ့ရတယ်

ငယ်ငယ်ထဲက ကလေးချင်းဆော့လို့ပြဿနာဖြစ်ရင် သူတို့မိဘတွေက အဖေမရှိဘဲ မွေးတဲ့ကလေးက လူပါး၀လို့ အမြဲအပြောခံခဲ့ရတာ ကျောင်းတက်တော့လည်း သူငယ်ချင်းတွေကြားမှာ မျက်နှာငယ်ခဲ့ရတယ် စကားများရင်လည်း အဖေမရှိဘဲမွေးတဲ့ကောင်မဆိုပြီး ရွယ်တူတွေ ဆဲတာ ခံခဲ့ရတယ်  တချို့သူငယ်ချင်းတွေက ရွှေ့ကိုအပေါင်းသင်းမလုပ်ကြဘူး

သူ့အမေက သူ့ကိုလင်ကောင်မပေါ်ဘဲမွေးတာဆိုပြီး အမြဲကဲ့ရဲ့ခံခဲ့ရတယ် အခုချစ်သူထားတော့ရော ချစ်သူအသိုင်းဝိုင်းက လင်ကောင်မပေါ်ဘဲ မွေးတဲ့ကလေးဆိုပြီး သဘောမတူကြပြန်ဘူး ...."

" ရွှေဘာမှားခဲ့လို့လဲ ရွှေဘာမှားမိခဲ့လို့လဲမမရယ် ဒီစွဲချက်ကြီးက ရွှေသေတဲ့အထိ အစွဲခံနေရမှာလား ရွှေဆင်းရဲရတာလည်း ခံနိုင်ပါတယ် ရွှေမကျူးလွန်တဲ့အချက်ကြီးနဲ့ တသက်လုံးသေရာပါ အနှိမ်ခံနေရမှာလား ရွှေ့ကို ဘာလို့မွေးခဲ့ကြရတာလဲ  ရွှေသေလိုက်ချင်တယ်မမရယ် ရွှေသေသွားချင်တယ် "

ပြောပြောဆိုဆို ရွှေရှိုက်ကြီးတငင်ငိုချလိုက်တယ်။ ကျွန်မရင်ဘတ်ထဲ ရွှေ့စကားတွေ နားထောင်ပြီး မိုးကြိုးပစ်ချခံလိုက်ရသလိုပါပဲရှင်။ ရွှေ့အနားသွားပြီး

ရွှေ့ကိုပွေ့ဖက်ထားလိုက်တယ်။ ကျွန်မတို့မိခင်တွေက ကျွန်မတို့ရဲ့သိက္ခာတွေ ကို မိခင်မေတ္တာနဲ့ တွန်းလှန်ပြီး မွေးခဲ့ပေမယ့် သားသမီးလေးတွေရဲ့ မပြည့်စုံတဲ့လိုအပ်ချက်ကို ထည့်မစဉ်းစားမိကြပါလား။ ပထမဆုံး ကျွန်မတို့ရဲ့မိခင်စိတ်အပေါ် ကျွန်မကိုယ်တိုင်  ပထမဆုံး သံသယစိတ်၀င်လာရပါတယ်။ ကျွန်မပါးပြင်ပေါ်ကို စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ဖို့ကို ကျွန်မကိုယ်တိုင် ခွန်အားမဲ့နေခဲ့ရပါပြီ။

     *********

ဒီနေ့ စိတ်သိပ်ပင်ပန်းတယ်။ ဆိုင်ကပြန်ရောက်လာတာနဲ့ အခန်းထဲ၀င် လှဲနေမိတယ်။ အပြင်မထွက်လို့ထင်ပါရဲ့။ ကျွန်မအခန်းထဲ မေမေ၀င်လာတယ်။

" အလတ်မ နေမကောင်းဘူးလား "

မေမေ့အမေးကို ခေါင်းခါပြရင်း ဖြေလိုက်တယ်။ 

" ‌နေကောင်းပါတယ်မေမေ ခေါင်းထဲညည်းစီစီဖြစ်နေလို့ "

" မေမေ့ကိုစိတ်ဆိုးနေတာလားသမီး "

မေမေ့အမေးကို ကျွန်မဘာမှပြန်မဖြေဖြစ်ဘူး။ ကျွန်မမျက်နှာကို ကြည့်ပြီး မေမေကစကားဆက်တယ်။ 

" မေမေတို့ မိဘတွေစေတနာ တနေ့ သမီးနားလည်လာလိမ့်မယ် တနေ့ကျရင် မေမေတို့မရှိရင် သမီးတစ်ယောက်ထဲ ဘ၀ကိုရှေ့ဆက်ရမှာ  သမီးဘေးမှာ မားမားမတ်မတ်ရပ်ဖို့ ဖေးမဖို့ လူတစ်ယောက်က မရှိမဖြစ်လိုတယ် သမီးအသက်က အခုမှ နှစ်ဆယ့်ငါးထဲ၀င်ရုံရှိသေးတယ် အရွယ်ရှိတယ် ရုပ်ရှိတယ် 

နောက်ထပ် မသင့်တော်တဲ့သူထပ်တွေ့ရင် သမီးဘ၀တင်မဟုတ်ဘူး မြေးလေးဘ၀ပါ အဆစ်ပါသွားလိမ့်မယ် သမီးလေး ဘာဖြစ်ဖြစ်တခုခုကို လုပ်တော့မယ်လို့တွေးရင် ‌‌ေမြးလေးပုံပုံကို အမြဲထည့်စဉ်းစားပါ"

မေမေ့ကို ဘာမှကျွန်မပြန်မပြောနိုင်ပါဘူး။ မျက်၀န်းထဲ တွဲခိုချင်လာတဲ့ မျက်ရည်တွေကို မကျမိအောင်ဘဲ ထိန်းလိုက်တယ်။ မောင်ရေ။ အရမ်းလွမ်းသလို ကျွန်မနှလုံးသားတွေ အထပ်ထပ်နာကျင်နေရပါတယ်။ မောင့်ဖုန်းကို မျှော်လင့်နေပေမယ့် ဖုန်းက၀င်မလာသလို ကျွန်မခေါ်တော့လည်း ဖုန်းက စက်ပိတ်ထားသလိုလို။ 

" မေမေ"

သမီးလေးက ကျွန်မအခန်းထဲ၀င်လာတယ်။ သမီးလေးကို ရင်ခွင်ထဲဆွဲပွေ့ရင်း နေ့လည်က ရွှေ့ကို ပြန်မြင်ယောင်လာတယ်။ မေမေ့သမီးလေးများ ရွှေ့လိုကြုံရမယ်ဆိုရင် ကျွန်မဆက်မတွေးရဲဘူး။ သမီးရဲ့ပါးလေးနှစ်ဖက်ကို ငုံ့နမ်းရှိုက်တယ်။ သမီးလေးကို နမ်းလိုက်ရရင် ကျွန်မသောကတွေ လျော့ပါးသွားတာကိုတော့ ကျွန်မပဲ သိတယ်လေ။

သမီးလေးဟာ မေမေ့ဘ၀အတွက် အရာရာပါသမီးရယ်။

**********


rate now: