book

Index 1

အခန်း ၁

နေ့စွဲလေးတစ်ခုကို အမှတ်ရနေစေဖို့

ကျွန်မစာအုပ်လေးထဲ မှတ်ထားလိုက်တယ်။ အဲဒီနေ့လေးဟာ ကျွန်မအတွက် 

ငရဲကျစေတဲ့နေ့။ ကျွန်မအတွက် အရာရာခြေကုန်လက်ပန်းကျတဲ့နေ့။ ကျွန်မကို သေစေချင်လောက်အောင် အဓိပ္ပါယ်မဲ့စေသောနေ့။ အဲဒီနေ့ကို ကျွန်မသိပ်ကြောက်ခဲ့ရပါတယ်။ နေ့စဉ်နဲ့အမျှ ကျွန်မမျက်နှာလေးဟာ ညှိုးငယ်မှိုင်တွေလာတယ်။ အဝေးကိုအဓိပ္ပါယ်မဲ့ ငေးကြည့်စေတယ်။ အိမ်သားတွေနဲ့ ခပ်ကင်းကင်းနေလာမိတယ်။ အားငယ်စိတ်တွေက ခန္ဓာကိုယ်ထဲစီး၀င်လာလိုက်တာ။ ညီအစ်မတွေထဲမှာ ခပ်စွာစွာ ကျွန်မက အလိုလို နုတ်ဆိတ်လာတယ် ။  

" သမီး လဲ့ကေ "

အနောက်ကနေ ရုတ်တရက်ခေါ်လိုက်တဲ့ မေမေအသံကြားတော့ ကျွန်မလန့်သွားတယ်။ အပြစ်ရှိတဲ့သူတွေဟာ အမြဲစိုးရိမ်ထိတ်လန့်နေကြရတာမဟုတ်လား။ ပြန်မထူးဘဲငြိမ်နေတဲ့ ကျွန်မ 

တည်ငြိမ်အောင်မနည်းကြိုးစားနေရတယ်။  

" သမီး မျက်နှာမကောင်းဘူး နေမကောင်းဘူးလား မှန်းစမ်း "

စိတ်ပူပြီး မေမေက ကျွန်မနဖူးကိုလာစမ်းတယ်။ 

" ကောင်းပါတယ်မေမေရဲ့ ဘာမှမဖြစ်ပါဘူး "

မေမေ့မျက်လုံးကို ပြန်မကြည့်ဘဲ ဖြေလိုက်တယ်။ မေမေ့ကို စိတ်မညစ်စေချင်ဘူးလေ။  ဘယ်သူ့ကိုမှ ကျွန်မ စိတ်မညစ်စေချင်တာပါ။  ကျွန်မတို့မှာ ညီအစ်မ သုံးယောက်ရှိတယ်။  ကျွန်မကအလတ်။  မမကြီးက သိပ်ထက်မြတ်တယ်။  ဖေဖေအားအကိုးရဆုံး သမီးပေါ့။ ပွဲရုံလုပ်ငန်းကို ဖေဖေနဲ့မမကြီးပဲ ဦးဆောင်လုပ်လာကြတာလေ။ ညီမလေးသုန်သုန်ကတော့  အငယ်ဆုံးအဆိုးဆုံး။ ကျွန်မအဖေနဲ့ မမကြီးက ရုပ်ရော ၊စိတ်ရော အရမ်းတူတယ်။ ဂုဏ်သိက္ခာကို အသက်ထက်တန်ဖိုးထားကြသူတွေပေါ့။ ကျွန်မအဖြစ်တွေကို  သူတို့များသိရင် 

ဘုရား ဘုရား။ ဘာများလုပ်ကြမလဲမသိ။ ကျွန်မသေသွားရင် ကောင်းမယ်။ 

အဲဒါမှ ဒီပြသနာရှင်းမှာ။

" လဲ့ကေ ညည်းတစ်ခုခုဖြစ်နေတယ်မဟုတ်လား ပြောစမ်း ဘာဖြစ်နေတာလဲ "

ကျွန်မကို မေမေတစ်ယောက် ဘယ်အချိန်ထဲက  အကဲခတ်နေလဲမသိဘူး။ 

မေမေအသံက ကျွန်မကို ပိုထိတ်လန့်စေတယ်။ ဒါပေမယ့် ကျွန်မအရဲစွန့်မှ ဖြစ်မယ်။  ကျွန်မအရဲစွန့်ဖို့ကြိုးစားလိုက်တယ်။ မေမေ့ကိုမှ မပြောရင် ကျွန်မ ဘယ်သူ့ကိုပြောရမလဲ။ ဟုတ်တယ်။ ဘာပဲဖြစ်ဖြစ်ပါ။ မေမေ့ကိုပြောမှဖြစ်မယ်။ 

" ဟိုလေ မေမေ ဟို "

" ဘာလဲ မြန်မြန်ပြောစမ်းပါအေ "

ရှေ့ဆက်ပြီး စကားဆက်ဖို့ ကျွန်မအတွက် ခဲယဉ်းလိုက်တာ။ စကားတွေက လည်ချောင်းထဲတင် တစ်နေတယ်။

" ဟိုလေ သမီး ဟိုဟာမလာတာ သုံးလရှိပြီ "

" ဘယ်လို  ညည်းချုပ်စာတွေ စားလို့နေမှာပေါ့ "

မေမေ့မျက်၀န်းတွေထဲ စိုးရိမ်မှုတွေ အတိုင်းသား မြင်လိုက်ရတယ်။ ကျွန်မခေါင်းကိုငုံ့ချလိုက်ပြီး

" ဟို သမီးမှာ ကိုယ်၀န် သုံးလရှိနေပြီတဲ့ " လို့ဖြေလိုက်တယ်။

" ဘာ "

အော်လိုက်တဲ့မေမေ့အသံက ကျွန်မနားထဲစူးသွားတယ်။ မေမေက ကျွန်မအခန်းထဲက ဗီရိုကို လှမ်းကိုင်ပြီး ကျွန်မကို မယုံနိုင်တဲ့မျက်၀န်းနဲ့ ကြည့်နေတယ်။ ကျန်လက်တစ်ဖက်က သူ့ခေါင်းကို သူပြန်ကိုင်လိုက်တယ်။ မေမေ့ကိုကြည့်ပြီး ကျွန်မစိတ်ပူသွားတယ်။ မေမေ့မှာ သွေးတိုးရှိတယ်လေ။ 

"မေမေ "

ကျွန်မစိတ်ပူပြီး မေမေ့အနား ပြေးသွားဖို့ပြင်တော့ မေမေက လက်ကာပြတယ်။ သူ့အနားမလာစေဘူး။ ကျွန်မပါးပြင်ပေါ်  မျက်ရည်တွေ စီးလာတယ်။ ကျွန်မရင်ထဲ ဆို့နင့် လှိုက်တုန်‌ေနပြီ။ မေမေ့ကိုစိတ်ပူပြီး ငေးကြည့်နေမိတယ်။ မမကြီးက အခန်းထဲ‌ေပြး၀င်လာပြီး မေမေ့ကို ဆီးပွေ့လိုက်တယ်။ 

" မေမေ မေမေဘာဖြစ်တာလဲဟင်  ခေါင်းမူးလို့လား "

မမကြီးအမေးကို မေမေက ခေါင်းခါပြပြီး ကျွန်မကိုလက်ညှိုးထိုးပြီးဖြေတယ်။

"  သမီးကြီး နင့်ညီမ နင့်ညီမ မိုက်လုံးကြီးလိုက်တာ သူ့မှာ ကိုယ်၀န်ရှိနေတာတဲ့  ဟင့် ဟင့် "

ပြီးတော့ မေမေက ချုံးပွဲချငိုတယ်။ မမကြီးက ကျွန်မကို မီး၀င်း၀င်းတောက်တဲ့

မျက်လုံးတွေနဲ့ငေးကြည့်နေပြီး  ကျွန်မအနား လျှောက်လာတယ်။  ကျွန်မလည်း မမကြီးကို ကြောက်ရသူမို့ ခေါင်းကိုငုံ့ထားပြီး လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ပွတ်ချေနေမိတယ်။

" လဲ့ကေ ဒီကိုယ်၀န်ကို ဘယ်သူနဲ့ရတာလဲ "

မမကြီးအမေးကို ကျွန်မပြန်မဖြေနိုင်ဘူး။ ခေါင်းကိုသာ ခါရမ်းပြလိုက်တယ်။  

" လဲ့ကေ ငါမေးနေတယ်လေ  နင် ဘယ်သူနဲ့ဖြစ်တာလဲ "

" ဟင့်အင်း ဟင့်အင်း "

" လဲ့ကေ ငါစိတ်တိုလာပြီနော်  နင်နဲ့ဖြစ်တဲ့အကောင်ကိုပြော "

မမကြီး ဘယ်လောက်မေ‌းမေးခေါင်းသာ တွင်တွင်ခါရမ်းပြလိုက်တယ်။ 

" ဖြန်း "

ကျွန်မပါးပြင်ပေါ် ပူခနဲဖြစ်ပြီး ချာလည်လည်သွားတယ်။  

မမကြီးဒေါသကိုတွေ့မှ မေမေက သတိ၀င်လာဟန်နဲ့ ကျွန်မအနား လျှောက်လာတယ်။

" လဲ့ကေ ပြော ညည်းချစ်သူက ဘယ်ကလဲ   ညည်းချစ်သူကို မိသားဖသားပီပီ လာကြောင်းလမ်းခိုင်းလိုက် ဖြစ်ပြီးမှတော့ မေမေတို့ ပေးစားမယ် "

မေမေ့စကားကိုကြားတော့  ကျွန်မထပ်ပြီး ခေါင်းခါပြလိုက်တယ်။ 

" လဲ့ကေ ညည်းကောင်လေးကို လာတောင်းခိုင်းလိုက်လို့ ပြောနေတယ် ကြားလား"

ကျွန်မရှိုက်ကြီးတငင် ငိုချပစ်လိုက်တယ်။

" မရှိဘူးမေမေ မသိဘူး သူ့ကို သမီး  မသိဘူး "

" လဲ့ကေ ညည်း ညည်း အမိုက်မ ငါ့ကိုအသေသတ်နေတာလားဟင်  ညည်းအဖေသိရင် မိုးမီးလောင်လိမ့်မယ်  ပြောပါအေ ညည်းကောင်လေးက ဘယ်ကလဲ ဘယ်သူ့သားသမီးလဲ ဖြေစမ်းပါ "

" ဟင့်အင်း ဟင့်အင်း "

ကျွန်မ တတွင်တွင် ငြင်းလိုက်တယ်။ ကျွန်မကိုကြည့်ပြီး မမကြီးက ပိုဒေါသဖြစ်ပြီး ကျွန်မဆံပင်တွေကို  ဆောင့်ဆွဲတယ်။ မမကြီးက အိမ်မှာ ဒေါသအရမ်းကြီးတယ်။  ဒေါသတကြီးအော်တယ်။  မမကြီးအော်သံကြားတော့  အငယ်မသုန်သုန်က ပြေးလာတယ်။  အကြောင်းစုံသိတော့

 " အရမ်းရှက်ဖို့ကောင်းတာပဲ မမလေး အဲဒီလောက်တောင် အရှက်မရှိဘူးလား သုန်တို့ပတ်၀န်းကျင်မှာ မျက်နှာမပြရဲတော့ဘူး " 

ဆိုပြီး‌ေပြာတော့တာပဲ။ အဲဒီအချိန်မှာ ကျွန်မကမ္ဘာပျက်သလို ခံစားရတယ်။  ကျွန်မအတွက် ထွက်ပေါက်တစ်ခုက သေခြင်းတရားပဲ။ ကျွန်မသေပစ်လိုက်ချင်တယ်။  ကျွန်မကရော ကျွန်မမိဘအသိုင်းဝိုင်း အရှက်ရအောင်

ဘယ်လုပ်ချင်ပါ့မလဲ။ ဒီလိုတွေဖြစ်လာမယ်လို့ အိပ်မက်တောင်မမက်ခဲ့ဖူးပါဘူး။ ကျွန်မတို့မိန်းကလေးတွေအတွက် 

တန်ဖိုးထားရမယ့်အရာကို တန်ဖိုးမထားခဲ့ရင် ဒီလိုဒုက္ခဆိုးကို ခံစားရတယ်ဆိုတာ ကျွန်မသိလိုက်ပေမယ့် နောက်ကျသွားပြီ။ 

" အေး  ညည်းကောင်လေး ဘယ်သူဆိုတာ ဖွင့်မပြောရင်  ညည်း အဲဒီကလေးကို ဖျက်ချရမယ် "

မေမေ့အသံက ကျွန်မတကိုယ်လုံးကို ဆတ်ခနဲတုန်သွား‌ေစတယ်။ ဖျက်ချရမယ်။ ကလေး။ ကလေးတဲ့။ ဖျက်ချပစ်ရမယ်။  ယောင်ရမ်းပြီး ကျွန်မဗိုက်ကလေးကို စမ်းမိလိုက်တယ်။ အို။

ဒါကလေးလေးပေါ့။ ငါ့ကလေးလေးဖြစ်လာမှာ။ ဒီအသိက ရုတ်တရက် ကျွန်မကိုယ်ထဲ စီးမျောလာတယ်။

ဟင့်အင်း။ မလုပ်ပါရစေနဲ့။ မလုပ်ရက်ဘူး။ သူ့မှာအပြစ်မှမရှိတာ။ 

" ဟင့်အင်း ဟင့်အင်း မေမေ  မလုပ်ပါရစေနဲ့ မလုပ်နိုင်ဘူး သမီးတောင်းပန်ပါတယ် "

" တော်စမ်း လဲ့ကေ နင့်ကြောင့် ငါတို့တဆွေလုံးတမျိုးလုံး ဂုဏ်သိက္ခာ အကျမခံနိုင်ဘူး  ဖေဖေသိရင် ရှက်လို့သေသွားလိမ့်မယ်   မေမေပြောတဲ့အတိုင်း နင်လုပ်ရမယ် "

မမကြီးကပါ ရာဇသံ ထပ်ပေးလာပြန်တယ်။  ကျွန်မစိတ်ထဲ ဘယ်ကသတ္တိတွေက အလိုလို၀င်လာလဲမသိဘူး။ မမကြီးကိုပါ  ပြန်ခံ‌ေပြာလိုက်တယ်။

" ဒီကလေးကို လဲ့ကေ မဖျက်ချဘူးနော် 

လဲ့ကေ မလုပ်နိုင်ဘူး လဲ့ကေကို ဇွတ်လုပ်ခိုင်းမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်မယ် "

ကျွန်မစကားဆုံးတော့  မေမေငိုင်သွားတယ်။ မမကြီးပါအသံတိတ်သွားပြီး မမကြီးနဲ့ သုန်သုန်က စိတ်ဆိုးမာန်ဆိုးနဲ့ ကျွန်မအခန်းထဲက ထွက်သွားကြတယ်။  မေမေက ကျွန်မဆီ လှမ်းလာတယ်။ ကျွန်မကုတင်ပေါ်ထိုင်ချရင်း  တစ်လုံးချင်းပြောတယ်။

" လဲ့ကေ ဘယ်မိဘမှ ကိုယ့်သားသမီးဒုက္ခရောက်တာမမြင်ချင်ဘူး  ညည်းဒုက္ခရောက်မှာကို အမေဖြစ်တဲ့ငါက ဘယ်လိုသတ္တိနဲ့ ကြည့်ရမလဲဟင် "

မေမေ့စကားကိုကြားတော့ မျက်ရည်များနဲ့ မေမေ့ကို မော့ကြည့်လိုက်တယ်။

" မေမေ  သမီးကို မေမေချစ်သလို လဲ့ကေလည်း လဲ့ကေ ကလေးလေးကို ချစ်တယ်လေ အပြစ်မရှိတဲ့ဒီကလေးလေးကို မလုပ်ရက်လို့ပါမေမေရယ် 

သမီးကို နားလည်ပေးပါမေမေရယ် သမီး‌ေနရာမှာ မေမေဆိုရင်ရော  အဲဒီလိုမျိုးလုပ်ရက်မှာလား

အဲဒီလိုမျိူးသာ ဆိုရင် လဲ့ကေရော လူဖြစ်ခွင့်ရလာမှာလားမေမေ"

ကျွန်မစကားအဆုံး မေမေဘာမှမပြောဘဲ ကျွန်မအခန်းထဲက ထွက်သွားတယ်။  ကျွန်မသေမှာကိုတော့ အားလုံးက မလိုလားကြဘူးလေ။  ကျွန်မစိတ်တွေ အရမ်းပင်ပန်းလိုက်တာနော်။ ကံကြမ္မာကြီးက ကျွန်မအပေါ် သိပ်ရက်စက်တာပဲ။ ကျွန်မ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုချပစ်လိုက်တယ်။ ရှေ့လျှောက် ဘယ်လိုပြဿနာတွေကို ကျွန်မရင်ဆိုင်ရမလဲ မသိဘူး။ အဲဒီညက ပင်ပင်ပန်းပန်း အိပ်ပျော်သွားတယ်။ အိပ်မက်ထဲမှာ 

ကလေးလေးတစ်‌ေယာက်က ကျွန်မကိုယ် ငိုပြနေ‌ေလရဲ့။ အဲဒီကလေးလေးနား သွားပြီး  ကျွန်မက မေးလိုက်တယ်။

" ကလေးလေး နင်ကဘာလို့ငိုနေရတာလဲဟင် "

" သမီးကို မသတ်ပါနဲ့နော် သမီးကို မေမေ့ရင်ခွင်ထဲက မထုတ်ပစ်ပါနဲ့နော် "

" အို "

ကျွန်မရင်ထဲ ဘယ်လိုခံစားလိုက်ရမှန်းမသိဘူး။ အဲဒီကလေးလေးကို ပွေ့ဖက်ပြီး‌ေချာ့‌ေနမိရင်း အိပ်မက်ကနေ 

ကျွန်မလန့်ပြီး နိုးလာတယ်။

အိပ်မက်ထဲက ကလေးငိုသံလေးဟာ

ကျွန်မရင်ကို နာကျင်စေလိုက်တာ။ စိတ်ချပါ ကလေးလေးရယ်။ မင်းကိုမထိခိုက်အောင် မေမေကာကွယ်ပါ့မယ်။ မေမေကာကွယ်ပါ့မယ်ကွယ်။

             ************

အခုရက်တွေ အခန်းထဲကနေ အခန်းပြင်ကို  ကျွန်မ မထွက်ဘူး။ အမှန်တော့ ဖေဖေ့ကို ကျွန်မကြောက်လို့ပါ။ သားသမီးတွေကို ချစ်ပေမယ့် ဖေဖေက စည်းကမ်းကြီးတယ်။

" လူဆိုတာ ကိုယ့်တန်ဖိုးကို ကိုယ်မြင့်အောင် နေရမယ် ကိုယ်ကတန်ဖိုးမြင့်အောင်နေရင် တန်ဖိုးမြင့်တဲ့သူနဲ့တွေ့မယ် ဆုံမယ် မိတ်ဆွေဖြစ်မယ်  ကိုယ်က သိက္ခာမဲ့တဲ့အလုပ်ကို လုပ်ပြီး တန်ဖိုးမဲ့နေရင် တန်ဖိုးမဲ့တဲ့အသိုင်းဝိုင်းမှာပဲ ရှင်သန်ရလိမ့်မယ် ဒါကြောင့် ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ကိုယ်တိုင် တန်ဖိုးထားကြပါ။  ဂုဏ်သိက္ခာနဲ့ အသက်ကို ရွေးရမယ်ဆိုရင်  ဂုဏ်သိက္ခာကိုပဲ ဖေဖေကတော့ရွေးမယ် "

ဖေဖေခဏခဏပြောတတ်တဲ့စကားလေးမို့  ကြားရဖန်များလွန်းလို့ ကျွန်မတို့ညီအစ်မတွေ အလွတ်ရမတတ်ပါ။

ကျွန်မအကြောင်းကို ဖေဖေသိရင် ကျွန်မကို တခုခုလုပ်မှာသေချာတယ်။

" အလတ်မ တစ်ယောက်ကောမမြင်ပါလား  ရှိရောရှိရဲ့လား အပြင်သွားနေတာလား "

ဖေဖေ့မေးသံကို ကျွန်မကြားလိုက်ရတယ်။ ဖေဖေ့အသံကြားရင်ကို ကျွန်မတကိုယ်လုံး တုန်နေပြီ။ ဘယ်နေ့အထိ ဖေဖေ့ကိုရှောင်နိုင်မှာလဲ။  လိမ်ထားလို့ရနိုင်မှာလဲ။ 

" ဘာ "

"ဟင် "

နောက်ဆက်တွဲ ဖေဖေ့အော်သံကို ထပ်ကြားလိုက်ရကထဲက 

ကျွန်မသိလိုက်သလိုပဲ။ မေမေလား။ မမကြီးလား။ တစ်စုံ ၊တစ်ယောက်က ဖွင့်ပြောလိုက်တာ သေချာသလောက်ပဲ။ ဟူး။ ကျွန်မသက်ပြင်းရှည်ကြီး ချမိပြန်တယ်။

" အဲဒီကောင်မ  ငါသတ်မယ် ငါ့ကို မျက်နှာမဖော်ဝံ့အောင် အရှက်ခွဲတဲ့အမိုက်မ   ဒီလောက်ဆုံးမသွန်သင်နေတာကို  တောက် သတ်ပစ်ပြီး ကြိုးစင်တက်ပစ်မယ် "

" မလုပ်ပါနဲ့ အဖေကြီးရယ် မလုပ်ပါနဲ့ "

မေမေ့တားသံ ၊ ဆွဲသံတွေကို ကြားကထဲက အိမ်ရှေ့မှာ အလှဆင်ချိတ်ထားတဲ့ ငှက်ကြီးတောင်ဓါးကို ဖေဖေဖြုတ်ဖို့လုပ်နေပြီဆိုတာ ကျွန်မသိလိုက်တယ်။

 ကျွန်မပါးပေါ် မျက်ရည်တွေ စီးကျလာတယ်။  ကျွန်မမှာ အားကိုးမဲ့သလို ခံစားနေရတယ်။ ကျွန်မအားငယ်လိုက်တာ။

ဘ၀မှာ တကြိမ်တခါမိုက်မဲမိတာလေးက အခါခါအသတ်ခံရသလို ဖြစ်စေတယ်ဆိုတာ ကျွန်မအတွက် သင်ခန်းစာကြီးတစ်ခု ပေးနေသလိုပါပဲ။

"  အဖေကြီးရယ် သူ့ကိုသတ်လို့ သေသွားတော့ကော ရှင်ပျော်နိုင်မှာလား

ကျွန်မက အမေရှင့်  ရှင့်ကိုလည်း အဲဒီလိုအဖြစ်မခံနိုင်သလို  သမီးလတ်ကိုလည်း ဒုက္ခအဖြစ်မခံနိုင်ပါဘူး သူ့ကိုသတ်မယ်ဆိုရင် ကျွန်မကိုသာ အရင်သတ်လိုက်ပါ ကျွန်မသေမှ ကျွန်မကွယ်ရာမှာ လုပ်ချင်တာလုပ်ကြ ဟီး ဟီး "

 မေမေ။  မေမေရယ်။ မငိုပါနဲ့။ မေမေ့ငိုသံကို မကြားနိုင်လို့ပါ။ ကျွန်မကြောင့်

မေမေငိုနေရပြီ။ ကျွန်မဟာ မိဘမျက်ရည်ကျအောင် လုပ်တဲ့သမီးမိုက်ပါ။ ကျွန်မလေ နောင်တတွေ ရနေလည်း နောက်ကျနေပြီမေမေရဲ့့။  

မေမေ့ငိုသံ‌ေကြာင့်ထင်တယ်။ ဖေဖေဟာ ကျွန်မကို သတ်ဖို့ ဓါးဆွဲခဲ့ပေမယ့် မသတ်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီနေ့ကစပြီး ဖေဖေဟာ ကျွန်မကို စကားမပြောတော့ဘူးလေ။ ဖေဖေ့မေတ္တာကို အဲဒီနေ့ကစပြီး ကျွန်မဆုံးရှုံးခဲ့ရတယ်။  မမကြီးကလည်း စကားကောင်းကောင်းမပြောသလို ညီမလေးသုန်သုန်ကလည်း 

မခန့်တရန့်စောင်းစောင်းပြောတတ်လာတယ်။ မိသားစုတစ်ခုမှာ အပြစ်တစ်ခုကျူးလွန်လာရင် အဲဒီအပြစ်က သေရာပါလောက်တယ်ထင်ပါရဲ့။  ကျွန်မဟာ 

အခန်းထဲမှာ အနေများလာတယ်။ ဘယ်သူနဲ့မှ စကားသိပ်မပြောဖြစ်တော့ဘူးလေ။ တဖြည်းဖြည်း အပယ်ခံဖြစ်မှန်းမသိ ဖြစ်ဖြစ်လာရတာပါပဲ။ ထမင်းစားရင်လည်း မိသားစုနဲ့အတူမစားဖြစ်တော့ဘူး။ တစ်ယောက်ထဲ အားလုံးစားပြီးချိန်မှ ထွက်စားဖြစ်တယ်။  နေ့စဉ် မပျက်မကွက် လုပ်ဖြစ်တာကတော့  ဒိုင်ယာရီစာအုပ်လေးထဲ ကျွန်မအဖြစ်တွေရေးမှတ်ထားတာပေါ့။ ကျွန်မကလေး‌ေလးက  သားယောက်ျားလေးဖြစ်လာရင် " မင်းအမေက အဲဒီလိုဒုက္ခတွေကို ခါးစည်းခံရတာ"  ဆိုပြီး သူများသားပျို ၊သမီးပျိုကို အဲဒီလို မလုပ်မိဖို့ ဆုံးမရမယ်။  သမီးမိန်းကလေးဆိုရင်လည်း " သမီးမေမေက  မိန်းကလေးတွေ တန်ဖိုးထားရမယ့်အရာတစ်ခုကို  တန်ဖိုးမထားခဲ့လို့ ဘ၀မှာ စုတ်ပြတ်သတ်နေအောင် ခံစားခဲ့ရတာ " ဆိုပြီး သမီးလေး ကျွန်မလိုအညှာမလွယ်အောင် ဆိုဆုံးမရမယ်။ 

ဒါမှ ကျွန်မသားသမီးတွေ ဘ၀ကို တန်ဖိုးရှိရှိ ဖြတ်ကျော်နိုင်မှာမဟုတ်လား။ 

********

ဒီနေ့က အငယ်မ သုန်သုန်မွေးနေ့။ သုန်သုန်သူငယ်ချင်းတွေနဲ့အတူ အိမ်နီးနားချင်းတွေကို ဖိတ်ထားကြတယ်။ မွေးနေ့ပွဲက မကျဉ်းမကျယ်လေးပေါ့။ သုန်သုန့်မျက်နှာလေးက  ပျော်ရွှင်တက်ကြွနေလိုက်တာ။ ညီမလေးကို ငေးပြီး မပြုံးဖြစ်တာကြာတဲ့ကျွန်မ ပြုံးလာမိတယ်။ 

                အလှပြင်ဆင်ထားပြီး  ဂါဝန်ဖြူဖြူလေးနဲ့ လှချင်တိုင်း လှနေတဲ့ ညီမလေးကို  ကျွန်မချစ်မဝပါဘူး။ 

 ဧည့်သည်တွေတစဲစဲလာနေကြသလို  မွေးနေ့လက်ဆောင်ပစ္စည်း‌ေတွကလဲ ဖေဖေမေမေတို့မျက်နှာနဲ့ဆိုတော့ အများကြီးပဲ။ 

                   မိသားစုကို သူ့ဧည့်သည်တွေနဲ့မိတ်ဆက်ပေးနေတဲ့ဖေဖေက  ကျွန်မနာမည်ကိုမေ့နေတယ်ထင်ပါရဲ့။ မွေးနေ့ရှင်ညီမလေးနဲ့ ဖေဖေအမြဲဂုဏ်ယူတတ်တဲ့ ဖေဖေ့ခြေရာနင်းနိုင်သူ မမကြီးသာပါတယ်လေ။ ကျွန်မက ဘောင်မဝင်တဲ့သားသမီးပါလားလို့ တွေးရင်း ရင်ထဲဆို့ဆို့တက်လာပါရဲ့။ 

                သက်ပြင်းခပ်သဲ့သဲ့ချရင်း ကျွန်မပခုံးပေါ်လက်တင်လာတဲ့ မေမေ့ကို ဘာမှမဖြစ်သလို ပြုံးပြလိုက်ရပေမယ့် ကျွန်မရင်ထဲနာကျင်ရပါတယ်။ ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဘယ်သူ့ကိုမှ အပြစ်မတင်ဝံ့ပါဘူးရှင်။ 

                  မှားခဲ့မိပါတယ်။ မှားတာကိုသိပြီး ဆက်မမှားချင်တော့တာ ကျွန်မမှားလား။  တခါတခါ ဒီအဖြစ်မျိုးကြီးနဲ့ကျွန်မအသက်မရှင်ချင်ဘူး။ဒါပေမယ့်ကျွန်မသေလို့လည်း မရပြန်ဘူးး။ ကျွန်မရဲ့ရင်‌ေသွးလေးအတွက် ကျွန်မရှိသင့်တယ်။ သူ့ရှေ့မှာ မားမားမတ်မတ် ကျွန်မရပ်သင့်တယ်။ သူ့မှာဘာအပြစ်မှမရှိတာကို  ကျွန်မက ဘယ်လိုအင်အားနဲ့ရက်စက်နိုင်မလဲ။ 

                သူရှိပြီဆိုတာသိလိုက်တာနဲ့ ကျွန်မအစခဏတော့ ခေါင်းကြီး   ကြီးပြီး မူးဝေကြောက်လန့်သွားတာ။ ကြောက်ရွံ့စိတ်နောက်မှာ သူရှိတဲ့နေရာဆီ ကျွန်မလက်ကလေး ရောက်သွားတိုင်း ကျွန်မတကိုယ်လုံးနွေးနွေးသွားတယ်။ ကျွန်မမသိတဲ့ စိတ်တွေက ခန္တာကိုယ်ထဲ တဆင့်တဆင့်ဖြတ်သန်းစီးဆင်းလာလိုက်တာများ။  အဲဒါတွေဟာ ကျွန်မကိုယ်တိုင် နားမလည်သေးတဲ့ မိခင်မေတ္တာထင်ပါရဲ့လေ။ ကျွန်မဗိုက်ကလေးကလဲ တနေ့တခြား ရှေ့ကိုစူစူထွက်လာပြီ။ အပျိုဗိုက်မို့ တအားကြီး မထွက်ပေမယ့်  သိသိသာသာဖြစ်နေပြီလေ။ ဗိုက်ဖုံးအင်္ကျီတဲ့။ မေမေက ဈေးက၀ယ်လာပေးတယ်။  ဗိုက်ဖုံးအင်္ကျီလေးနဲ့ လှနေတဲ့ကျွန်မကို မေမေက မိန်းကလေးမွေးမှာလို့ပြောတယ်။ 

" တချို့က ကိုယ်၀န်ဆောင်နဲ့ ရုပ်ပိုဆိုးလာရင် များသောအားဖြင့် ယောက်ျားလေးမွေးတယ်။ အရမ်းကြည့်လို့ကောင်းပြီး ပိုချောလာရင်တော့ အဲဒါမိန်းကလေးပဲ သမီးက မိန်းကလေးဖြစ်ဖို့များတယ် "

မေမေက အဲဒီလိုပြောတော့ ကျွန်မရယ်မိတယ်။ မိန်းကလေးဖြစ်ဖြစ် ၊ ယောက်ျားလေးဖြစ်ဖြစ် ကျွန်မကတော့ ချစ်မှာပဲလေ။ 

                ***********

" လဲ့ကေ  "

အိမ်ရှေ့မှာ လမ်းထွက်လျှောက်နေမိတဲ့ကျွန်မ  ခေါ်သံကြားလို့  ခြံပြင်ကို  လှမ်းကြည့်မိတယ်။ ကျွန်မတို့ခြံနဲ့ မျက်နှာချင်းဆိုင်အိမ်က  မိန်းမကြီး။ သူ့သားက သင်္ဘောသား။ သူ့ချွေးမက သူနဲ့ အတူကျန်ပြီး သူ့သားလုပ်စာ ထိုင်စားနေကြသူတွေပေါ့။ သူ့မျက်၀န်းက ကျွန်မကိုကြည့်ပြီး ပြူးထွက်မတတ် နဲ့ တအံ့တဩကြီးလုပ်ပြနေတာ အမြင်ကတ်ချက်ရှင်။ 

" ဟုတ်ကဲ့ ဘာကိစ္စလဲအန်တီ "

ကျွန်မလည်း အသံခပ်ဆတ်ဆတ်နဲ့ မေးလိုက်တယ်။

" ဟိုလေ  နုတ်ဆက်တာပါကွယ် ကိစ္စအထူးအထွေမရှိပါဘူး "

သိတာပေါ့။ လာစပ်စုနေတာ။ ကျွန်မလည်း အဲဒီမိန်းမကြီးရဲ့မျက်၀န်းတွေကို ကျောခိုင်းပစ်လိုက်တယ်။ ဘယ်လောက်အတင်းလည်‌ေပြာမလဲဆိုတာ  ပုံစံကြည့်တာနဲ့ သိနေပါ့။

ကျွန်မလည်း လမ်းဆက်လျှောက်နေလိုက်တယ်။  ဟော။ ကြည့်စမ်း။ သက်ကျွန်မဗိုက်ထဲက ဆစ်ခနဲ အောင့်သွားပါလား။  ကျွန်မရင်သွေးလေးက ကန်တတ်နေပြီပဲ။

ဒါဆို ကလေးလေးက ကျန်းမာသန်စွမ်း

တာပေါ့နော်။ ဘာလိုလိုနဲ့  ရင်သွေးလေးတောင် လတဖြည်းဖြည်း ရင့်လာပြီပဲ။ 

မကြာခင် သူလည်း ကျွန်မနဲ့အတူ လောကဓံကို ရင်ဆိုင်ကြရတော့မယ်။

မေမေက အားရှိမယ့်အစာတွေ စားရမယ်တဲ့။ မေမေနဲ့မမကြီး အပြင်ကပြန်လာရင် ကျွန်မအတွက် ကိုယ်၀န်ဆောင်အားဆေးနဲ့  ငါးကြီးဆီဆိုလား ၀ယ်လာသေးတယ်။  အဲဒါ‌ေတွကို 

မသောက်ချင်လည်း သောက်ရတယ်။ 

ရှိသေးတယ်။ သံဓာတ်အားဆေးဆိုတာ 

ကျွန်မ မသောက်ချင်ဆုံးပဲ။  အဲအနံ့ကြီးကို အန်ချင်တယ်။ မကြိုက်ဘူး။ဒါပေမယ့်  အဲဒါတွေမသောက်ရင် ကလေးကျန်းမာရေးညံ့တတ်တယ်ဆိုလို့ မ‌‌ေသာက်ချင်လည်း ဇွတ်မှိတ်သောက်ရတာပေါ့။ ညနေဆို ငှက်ပျောသီးတစ်လုံးစားရတယ်။  ကလေးထွားအောင်တဲ့။ ထွားလားမထွားလားတော့မသိဘူး။ ရင်သွေးလေးက သူမထင်ရင် မထင်သလို ကန်တတ်တယ်။ တခါတလေ ဗိုက်ကလေးပွတ်ပြီး ကျွန်မရင်သွေးလေးကို သီချင်းဆိုပြမိတယ်။   မကြာခင် ရင်သွေးလေးက  ကျွန်မအနား ရောက်လာရင် အကျင့်ဖြစ်နေအောင်ပေါ့။  မမြင်ရသေးပေမယ့် ရင်သွေးလေးကို ကျွန်မချစ်တယ်။

          ************

       ဒီနေ့ ထူးထူးခြားခြား မိုးတွေရွာနေတာမို့  အေးစိမ့်စိမ့်အငွေ့အသက်တွေက   ခြုံလွှမ်းနေတယ်။  ကျွန်မလည်း ဘာကြောင့်မှန်းမသိဘူး။ နေရထိုင်ရတာ တမျိုးကြီးပဲ။ စိတ်ထဲက တစ်စုံတစ်ယောက်ကို နာကျင်ခြင်းကြားကနေ ကျွန်မသတိရနေမိတယ်။ ပြန်တွေးမိတိုင်း ခုထိမယုံနိုင်ခဲ့ဘူး။ ကျွန်မခိုဝင်ခဲ့တဲ့ရင်ခွင်က ကျွန်မကို အဆိပ်သင့်စေခဲ့တယ်လေ။ ခုချိန်ထိကျွန်မဘဝလေးက သူများ တံတွေးခွက်ကြားပက်လက်မျောခဲ့တာပါ။ 

" အချစ်" ကိုရူးရူးသွတ်သွတ် ရှေ့တမ်းတင်ခဲ့လို့ ကျွန်မဘဝက  ပြောင်းပြန်လှန်ခဲ့ပြီးပြီမဟုတ်လား။ တချက်တချက် ထိုးထိုးအောင့်တဲ့ဝေဒနာဆိုးကို ကျွန်မစတင်ခံစားလာရတယ်။ နေမထိထိုင်မထိ နဲ့ တကိုယ်လုံးနေမရတဲ့ဝေဒနာက ခံစားရခက်လိုက်တာ။ 

တချက်တချက် ရင်သွေးလေးရဲ့ဆောင့်ကန်ခံရမှု့ကို ကျွန်မကောင်းကောင်းခံနေရတယ်။ လူးလှိမ့်အော်ဟစ်နေတဲ့ ကျွန်မကိုကြည့်ပြီး မေမေကဆေးရုံတန်းပို့တယ်။ ဆေးရုံရောက်လာတော့လည်း  ဆရာဆရာမတွေက ကျွန်မကိုအခန်းတစ်ခုထဲခေါ်သွားတော့တာပဲ။ အဲဒီမှာ ကျွန်မနဲ့ဘဝတူမိန်းကလေးတွေ အများကြီးပေါ့။ ဗိုက်နာလို့ အော်ဟစ်နေကြတာ။   ကျွန်မကိုဘယ်လောက်စိတ်ဆိုးစိတ်ဆိုး

မမကြီးပါ  လိုက်လာတယ်။  ကျွန်မအနား မေမေ့ကိုစောင့်စေပြီး  လိုအပ်တာမှန်သမျှ မမကြီးကလိုက်လုပ်ပေးတယ်။ 

                 ဖေဖေနဲ့အတူဆုံး ဂုဏ်သိက္ခာကို ရှေ့တမ်းတင်တတ်တဲ့မမကြီးက  ခုလိုကျတော့လည်း  မနေနိုင်ပါဘူး။ အဲဒီမှာ ပြသနာတစ်ခုကစတာပဲ။ 

" လူနာရှင်ရဲ့အမျိုးသား က ဘယ်သူပါလဲ "

လူနာရှင်ရဲ့ သက်ဆိုင်သူနေရာမှာ နာမည်တပ်ဖို့ အပြာ၀တ်သူနာပြုဆရာမလေးအမေးကို ရုတ်တရက် မမကြီးက ဘယ်လိုဖြေရမှန်းမသိဘူး။

တောက်တခတ်ခတ်နဲ့ စိတ်တိုနေတဲ့မမကြီးကို မေမေကဖြောင်းဖျနေတယ်။ ကျွန်မကတော့ ခံရခက်လောက်တဲ့ နာကျင်ခြင်းဝေဒနာကို လူးလှိမ့်ခံစားနေရချိန်မို့ မမကြီးရဲ့ ဒေါသရန်က လွတ်မြောက်နေတယ်။ 

                   နာရီပေါင်းများစွာခံစားနေရပြီးမှ  ကျွန်မကို ခွဲခန်းထဲထည့်လိုက်ကြတယ်။   စိုးရိမ်ရတယ်ဆိုတဲ့ ဆရာမတွေရဲ့စကားကို တစွန်းတစ ကျွန်မကြားလိုက်တယ်။ ကျွန်မဟာ ခွဲခန်းထဲကကုတင်ပေါ်မှာ လှုပ်ရှားမှု့ကင်းစွာ  ငြိမ်သက်နေပေမယ့်  အရမ်းကြောက်တာပဲ။  ဆရာ၀န် ၊ဆရာမတွေရဲ့ အသံတွေ နားထောင်ရင်း ကျွန်မရင်တွေ တထိတ်ထိတ်နဲ့။ ကျွန်မကို မေးခွန်းတွေမေး ၊စကားတွေပြောရင်း ကျွန်မခါးကို 

တခုခုနဲ့ထိုးလိုက်သလိုပဲ။ ကျွန်မခါးအောက်ပိုင်းထုံကျင်ပြီး  လုံး၀မလှုပ်နိုင်တော့ဘူး။အဲဒီလိုပဲ ကျွန်မမျက်နှာပေါ်ကို တစ်စုံတစ်ခုက လာအုပ်ထားတယ်။ကျွန်မခါး‌ေအာက်ပိုင်းတစ်ခုလံုးကိုင်တွယ်နေကြတာကို ကျွန်မစိတ်က သိနေတယ်။ ကျွန်မနားထဲ ကလေးငိုသံစူးစူးလေးကို ကြားနေရသလိုလိုပါ။ သူ့ငိုသံလေးဟာ နီးသွားလိုက် ဝေးသွားလိုက်နဲ့ပေါ့။   ခွဲစိတ်ဒဏ်ကြောင့်လား။ထုံဆေးကြောင့်လား  ၊  သေချာမသိပေမယ့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားတယ်။

                 ကျွန်မကောင်းကောင်းသတိရလာချိန်မှာ  မေမေ့ကိုအရင်ဆုံးတွေ့လိုက်ရတယ်။  အပြုံးပွင့်လေးနဲ့မေမေ့မျက်နှာကကျေနပ်နေတဲ့ဟန်။ 

" သမီးလေး  နိုးလာပြီလား "

" မေမေ  ဘာလေးလဲဟင် "

အငမ်းမရမေးတော့ မေမေကပြုံးပြီး "မိန်းကလေးလေ သမီး ဖြူဖြူတုတ်တုတ်ကြီးနဲ့ သိပ်ချစ်ဖို့ကောင်းတာ "

မေမေက  ကျွန်မရင်‌ေသွးလေးကို ပွေ့ချီခေါ်လာပြတယ်။ ခွဲစိတ်ဒဏ်ကြောင့် ထလို့မရသေးတော့ ကျွန်မရင်‌ေသွးလေးကို  လှမ်းငေးကြည့်နေဖြစ်တယ်။ ကြည်နူးလိုက်တာ။ သူ့မျက်နှာလေး မြင်လိုက်ရတာနဲ့ ကျွန်မခံစားနေရတာတွေ ပျောက်သွားတယ်။ ကြည့်ရင်းကြည့်ရင်း  တစိမ့်စိမ့်နဲ့ ကြည့်မဝဘူး။  

                   မိခင်မေတ္တာဆိုတာ ဒီလိုလား။ မေမေ့မျက်နှာကို ငေးကြည့်ပြီး ကျွန်မတို့အပေါ်လည်း ခုလိုနေမှာလို့တွေးလိုက်မိသေးတယ်။ ကျွန်မကိုကြည့်မရတဲ့မမကြီးလည်း  သူ့တူမနားကမခွာနိုင်ဘူးလေ။ ကျွန်မငေးကြည့်ပြီး ကြည်နူးနေမိတယ်။ 

            " အဖေကြီးရေ  မွေးသွားပြီတော့ ရှင့်မြေးကလေ ရှင်နဲ့တစ်ပုံထဲ သိလား "

မေမေ့အသံကြားတော့  ကျွန်မပြုံးမိတယ်။  ဖေဖေကော  ဘယ်လိုနေမလဲ။ ကျွန်မသိချင်လိုက်တာနော်။ 

" သမီးလေး  ညည်းအဖေကို  ဖုန်းဆက်ထားတယ်   သမီးတခုခုစားမလား "

မနေ့ညနေကထဲက ခွဲခန်းထဲ၀င်ကာနီးမို့  ကျွန်မဘာအစာမှမစားရသေးတာ သတိရလိုက်တယ်။ ဗိုက်ထဲလည်းဟာနေတယ်လေ။ ဆရာမတွေကို မေးစမ်းပြီး  မေမေက အရည်လေးတိုက်ဖို့ သွားဝယ်လေရဲ့။ မေမေပြန်ဝင်လာတော့ ဖေဖေပါပါလာတယ်။ ကျွန်မပျော်လိုက်တာရှင်။

ဖေဖေ့ကို မျှော်လင့်တကြီး ကျွန်မငေးကြည့်နေမိတယ်။ ဖေဖေ့ဆီကနေ ကျွန်မကို ခေါ်လာမယ့်အသံလေးကို ကျွန်မနားစွင့်မိရတာ ကြာခဲ့ပြီလေ။

ဖေဖေက ကျွန်မကိုတစ်ချက်လှမ်းကြည့်ပြီး မေမေပြတဲ့  သမီးလေးကို

ငေးနေလေရဲ့။ ဖေဖေ့မျက်၀န်းတွေက 

ကြည်စင်ရွှန်းလဲ့နေကြ‌တယ်။ 

မေမေကလည်း ပြုံးရယ်နေလိုက်ကြတာ။ ကျွန်မရင်ထဲက သမီးလေးအတွက် ပူပင်ရတာတွေ လျော့သွားပါပြီ။ ဘာပဲပြောပြော ကျွန်မမိဘနဲ့ ကျွန်မညီကိုမောင်နှမတွေက  သမီးလေးအပေါ်  ပစ်ပယ်မထားနိုင်ကြတာကိုမြင်မှ ကျွန်မ ရင်ထဲက ပူပင်နေတဲ့အတွေးတွေ ပျောက်ကုန်ရတယ်။ အဖေမရှိတဲ့ သမီးလေးရဲ့ဘ၀ကို ကျွန်မအစွမ်းကုန် ပြုစုယုယရဦးမှာပါ။

                ***********

ဆေးရုံကနေ ကျွန်မပြန်ဆင်းလာရပြီ။ 

အိမ်ရောက်တာနဲ့ သမီးလေးတစ်ခုခုဖြစ်မှာစိုးလို့  ဟိုဟာလည်းမစားရ။ ဒီဟာလည်းမစားရ။ သမီး‌လေး ငိုလိုက်ရင် ကျွန်မမှာ နေမရ ၊ထိုင်မရနဲ့  စိတ်ပူပင်နေမိတယ်။  မေမေလည်း ကျွန်မတို့အပေါ်  အခုလိုနေမှာပဲ လို့ ပထမဦးဆုံး စတွေးမိခဲ့တာပါပဲ။ သမီးလေးအပေါ် တနေ့တခြား ပိုပိုချစ်မိလာလေ မေမေ့မေတ္တာကို ကျွန်မပိုနားလည်လာလေပါပဲ။ 

" ရှေ့လျှောက် ငါ့သမီးလေး ခက်ခဲတဲ့ လမ်းတွေ လျှောက်ရဦးမယ် ခုမှအစရှိသေးတယ် "

မေမေ့ကို အားတင်းပြီး ပြုံးပြလိုက်မိတယ်။ သမီူလေး သုံးလမပြည့်ခင်  အိမ်မှာ နာမည်ပေးဖို့  စဉ်းစားကြတယ်။ ဟိုနာမည်လည်း မကြိုက် ၊ဒီနာမည်လည်း မကြိုက်နဲ့။ နောက်ဆုံးမှ 

သမီးလေးကို စုပြုံပြီးချစ်ရတာမို့ စုပုံချစ်လို့ ပေးလိုက်ကြတယ်။ ကျွန်မသမီး‌ေလးရဲ့နာမည်က စုပုံချစ်တဲ့ ။ 

သုံးလပြည့် နာမည်ပေးကင်ပွန်းတပ်လေး လုပ်ချင်ပေမယ့် အကြောင်းအမျိုးမျိုးတွေးပြီး မ လုပ်ပေးရပါဘူး။သမီးလေးအတွက် တွေးပြီး စိတ်မကောင်းဖြစ်ရတယ်။   ကျွန်မရင်ထဲ  ဘယ်လောက်နာကျင်ရလဲဆိုတာ မပြောပြတတ်အောင်ပါ။  

ကျွန်မဆုံးဖြတ်ချက်တစ်ခုချပြီး  မေမေ့ကိုခွင့်တစ်ခု ပန်ခဲ့တယ်။ 

" မေမေ သမီး မေမေတို့နဲ့ အိမ်ခွဲနေမလားလို့ "

ကျွန်မကိုကြည့်ပြီး မေမေက စကားမပြောနိုင်ဘဲ 

အဝေးကိုငေးနေ‌ေလရဲ့။

" မေမေ သမီးပြောတာကြားလားဟင် "

ကျွန်မ‌‌ေမး‌ေတာ့ မေမေက ခေါင်းညိတ်ပြတယ်။ 

" ကြားတာပေါ့ မေမေစဉ်းစားနေတာ 

မိဘတွေရှိနေသေးလို့ သမီးရပ်တည်ရတာ တော်နေသေးတာ သမီးတစ်ယောက်ထဲ ရပ်တည်ဖို့ ဘယ်လွယ့်ပါမလဲ သမီးရယ် ကလေးကလဲ လသားလေးရှိသေး‌ေတာ့ အလုပ်တစ်ဖက်နဲ့ ဒီကလေးကို သမီးဘယ်လိုပြုစုမလဲ

စိတ်ကူးမယဉ်ချင်စမ်းပါနဲ့ လဲ့ကေရယ်"

" သမီးကြောင့် အားလုံးအရှက်ရနေရတာကို သမီးစိတ်မကောင်းလို့ပါ "

" အဲဒါကြောင့် မေမေပြောခဲ့တာပေါ့ အငိုကလွယ်တယ် အရှိုက်ခက်တယ်သမီး လူရယ်လို့ဖြစ်လာရင် ပတ်၀န်းကျင်မှာ သိက္ခာရှိရှိ ရပ်တည်ဖို့ ကြိုးစားကြရတယ်  အခုတော့ မျက်လုံးပေါင်းများစွာကို လိပ်ပြာမလုံပဲ ကြည့်နေရတာ  ဒီဒုက္ခဟာ သမီးအသက်ကြီးပြီး

စုပုံချစ် အရွယ်ရောက်လာရင် သမီးသိလာလိမ့်မယ် မိဘဆိုတာ ကိုယ့်သားသမီးဘယ်လောက်ဆိုးဆိုး မပစ်ရက်ကြဘူး  ဆိုးလို့ပိုစိတ်ပူရသလို ပိုစိတ်မချဖြစ်ရတယ်။  အချစ်ချင်းကတော့ လိမ်မာတဲ့သူကို လိမ်မာလို့ချစ်ရသလို ဆိုးတဲ့သူကိုလည်း ဆိုးလို့ပိုချစ်ရတယ် ဆိုးလို့ပိုစိတ်ပူရတယ်   သားသမီးကို ဆင်စီးပြီး မြင်းရံတာပဲ မြင်ချင်ကြတယ် ဆင်နင်းပြီး  မြင်းကန်တာ ဘယ်သူမြင်ချင်မှာလဲ ဘယ်မိဘက မြင်ရက်ပါ့မလဲ သမီးအကြောင်းကို စသိတော့  .....  "

" မေ‌ေမဘာလုပ်ရမှန်းမသိဘူး အဲဒီအချိန်က မေမေပါကမ္ဘာပျက်သလိုခံစားခဲ့ရတာ "

မေမေပြောတာကို နားထောင်ပြီး ကျွန်မ နာနာကျင်ကျင် ခံစားနေရတယ်။ ပြီးတော့လည်း အထပ်ထပ်တောင်းပန်မိတယ်။

" သမီးကိုခွင့်လွှတ်ပါနော် "

" ခွင့်လွှတ်ပါတယ် သမီးရယ် ကိုယ့်သားသမီးကို မခွင့်လွတ်တဲ့မိဘ ရှိနိုင်ပါ့မလား ဒါပေမယ့် မဖြေနိုင်လောက်အောင် ယူကြုံးမရ ဖြစ်ရတယ် ကိုယ့်သားသမီးကို ဒီလိုအဖြစ်မျိုးနဲ့ မြင်တွေ့နေရတာကိုက  မေ‌‌ေမတို့အတွက် ငရဲခံနေရသလိုပဲ..... "

" ဖြစ်နိုင်ရင်လေ မေမေသာ ကိုယ်စား၀င်ခံလိုက်ချင်ပါတယ်  မေမေ့သားသမီးတွေကို  ကောင်းကောင်းမွန်မွန်ပဲ မြင်ချင်တယ်သမီး ...."

" သမီးအ‌ကြောင်း စသိတဲ့နေ့က  ညည်းအဖေ ဘယ်လောက်ခံစားနေရတယ်မှတ်လဲ သမီးတို့ရှေ့မှာသာ ဒေါသကြီးပြနေတာ  အိပ်ရာထဲမှာ ကလေးတစ်ယောက်လို ချုံးပွဲချငိုတာ  မေမေနဲ့ အိမ်ထောင်စကျတဲ့ ကာလတလျှောက်

ညည်းအဖေ အဲဒီလိုငိုတာ မေမေမမြင်ဖူးဘူး သမီးအတွက် ယူကြုံးမရဖြစ်ပြီး

ရင်ကွဲမတတ်ခံစားနေရတာပါ သမီးရယ် သိက္ခာကို တန်ဖိုးထားပြီး တစ်သက်လုံး ကိုယ်ကျင့်တရား မပျက်အောင်နေခဲ့တဲ့ ညည်းအဖေလေ  ညည်းကြောင့်  သူ့အပေါင်းသင်းကြား မျက်နှာမပြရဲခဲ့ဘူး "

" တော်ပါတော့ မေမေရယ် သမီးရင်တွေ ကွဲမတတ်ခံစားနေရပါပြီ သမီးမိုက်လုံးကြီးလို့ ဒီလိုတွေဖြစ်ရတာပါ "

မေမေ့စကားတွေ နားထောင်ပြီး ကျွန်မ

ပါးပြင်ပေါ် မျက်ရည်တွေ မရပ်မနား စီးဆင်းကျလာရတယ်။ ဖေဖေနဲ့မေမေ့ကို 

ကျွန်မ သိပ်သနားတာပဲ။ ဖေဖေ့အပေါ် 

ညီအစ်မတွေကြားမှာ ငါ့ကိုနှိမ်တယ်ဆိုတဲ့အသိက ကျွန်မရင်ထဲ ရက်တော်တော်ကြာအထိ သိမ်းထားပြီး နာကျင်‌‌ေနမိတာ။ အခုတော့  ဖေဖေ့အပေါ် ကျွန်မ နားလည်လာပြီ။ 

" မိဘကို မပစ်မှားရဘူး အခုဘ၀မှာတောင်  အတိတ်ဘ၀က  ၀ဋ်ကြွေးကြောင့် သမီးအခုလို ကြုံတွေ့ခဲ့ရတာ ဖြစ်ပြီးမှတော့ ဘ၀ကို  အကောင်းဆုံးကျော်ဖြတ်ဖို့ပဲ စဉ်းစားရတော့မယ်  ကိုယ်ရွေးချယ်တဲ့လမ်းဟာ ရွေးပြီးမှတော့ ဆိုးဆိုး ကောင်းကောင်း  လျှောက်ကို လျှောက်ရတော့မယ်  ဆိုးရင်လည်း ခံနိုင်ရည် ရှိအောင် ရင်ဆိုင်ရမယ် ကောင်းရင်လည်း သမီးပဲ စံရမှာပဲမဟုတ်လား မိဘဆိုတာ သားသမီးလမ်းမမှားဖို့ အတတ်နိုင်ဆုံး ရွေးချယ်ပေးကြတာပဲလေ  မိဘရွေးတဲ့လမ်းကို 

သားသမီးက ကြည်ကြည်ဖြူဖြူ လျှောက်ချင်မှ ဖြစ်တာမဟုတ်လား 

အခုပဲ ကြည့်လေ သမီးက သက်သေပဲ "

" သမီးကြောင့် ရှေ့ဆက်ပြီး မေမေတို့သိက္ခာမကျစေရပါဘူးမေမေ သမီးဂတိပေးပါတယ်"

" မေမေတို့သိက္ခာ ကျတာ မကျတာထက် မေမေ့သားသမီးလေးတွေ အများရှေ့မှာ ခေါင်းမော့ရင်ကော့ နေတာကိုပဲ ကြည့်ချင်ခဲ့တာ   သမီးရေ"

ဒီနေ့ မှ မေမေက စကားတွေ အများကြီးပြောတယ်။ ကြည့်စမ်း ။ ကျွန်မသမီး‌လေးက  နောက်ဖေးတွေ သွားထားလိုက်တာ။  ကျွန်မက သမီးကို

ဘောင်းဘီလဲပေးဖို့ လုပ်လိုက်တယ်။ ဟင်။ ကျွန်မလန့်သွားတယ်။ သမီးလေးရဲ့ ပေါင်ခြေရင်းမှာ အသားစတွေ ရဲရဲနီနေလိုက်ကြတာ မြင်ရတဲ့ကျွန်မစိတ်ထဲ ဘယ်လိုကြီးဖြစ်သွားလဲမသိဘူး။ စိတ်ထဲ စိုးရိမ်လိုက်ရတာလေ။

ကျွန်မပြာယာခတ်တာကိုကြည့်ပြီး မေမေကရယ်တယ်။

" ကလေးတစ်ယောက်ရဲ့ တာ၀န်က ဘယ်လောက်ကြီးလဲဆိုတာ သမီးမကြာခင် သိလာမှာပါ  ဒီကလေးငယ်ငယ်လေးကို ပစ်ပြီး သမီးဘာအလုပ်လုပ်လို့ရမလဲ  ကလေးကိုတောင် သမီးကောင်းကောင်းမပြုစုတတ်သေးဘူးလေ ဒီမှာ ‌မေမေလုပ်တာကြည့် နောက်ဆို သမီးလုပ်တတ်နေမှရမယ် "

မေမေက သမီးလေးကို ဘောင်းဘီလဲပေးသလို ပေါင်ခြံမှာပွန်းနေတဲ့ အသားနီရဲရဲလေးဆီ ၀ယ်ထားတဲ့ ကလေးပေါင်ဒါမှုန့်လေး သုတ်လူးပေးတယ် ။ 

" မိဘဆိုတာ ကိုယ့်သားသမီးကို ဘယ်အချိန်ကြည့်ကြည့် ကလေးပဲ ထင်နေတတ်တာ မေမေ့မျက်လုံးထဲ မေမေ့သမီးအလတ်ဟာလည်း ကလေးပဲရှိသေးတာပေါ့ မေမေတို့က ခုထိ ကလေးလို့ထင်‌ေန‌ေပမယ့် မေမေ့သမီးက လူကြီးဖြစ်လာပြီ   အခုဆို မေမေတို့  မြေးတောင်ရနေပြီမဟုတ်လား  "

မေမေပြောတာကို ကြည့်ပြီး ကျွန်မရယ်မိလိုက်တယ်။ အခုလိုရယ်မိတာ 

ခုရက်တွေမှာ ဒါပထမဆုံးထင်ပါတယ်။

မေမေက အစစဆုံးမသလို သင်ပြတယ်။လမ်းညွှန်တယ်။ ကျွန်မစိတ်တွေ နေတတ် ၊ရပ်တည်တတ်လာအောင် အကောင်းဆုံး လမ်းပြပေးတဲ့ အမေကောင်းတစ်ယောက်ပါပဲလေ။ ကျွန်မသမီးလေးအတွက် ကျွန်မလည်း မေမေ့လို အမေကောင်းတစ်ယောက်ဖြစ်အောင် ရပ်တည်ရပါဦးမယ်။ကြိုးစားရပါဦးမယ်။   သမီးလေး တစ်နှစ်ပြည့်တဲ့နှစ်မှာပဲ မမကြီးကို သူ့ချစ်သူမိသားစုက လာရောက်တောင်းရမ်းယူကြတယ်။ မမကြီးအတွက်  ကျွန်မလည်း ဂုဏ်ယူပါတယ်။ မမကြီး ခင်ပွန်းလောင်းက မမကြီးကို တန်ဖိုးထားတောင်းရမ်းလက်ထပ်ဖို့  တင်တောင်းတဲ့ ပစ္စည်းတန်ဖိုးကကို မနည်းပါဘူး။ ဖေဖေနဲ့မေမေကတော့ ပီတိပြုံးတွေ ဝေနေလိုက်ကြတာလေ။ ဖေဖေပြောတဲ့ တန်ဖိုးဆိုတာ ဒါကိုဆိုလိုတာထင်ပါရဲ့။

မမကြီးတို့မင်္ဂလာပွဲက ကြီးကျယ်ခမ်းနားလိုက်တာရှင်။ မမကြီးမျက်နှာဆိုတာလဲ အပြုံးတွေကို ရွှန်းဝေလို့။ မမကြီးကို ကြည့်ပြီး ကျွန်မကြည်နူးမိရတယ်။  မမကြီးအတွက်  ကျွန်မ ဂုဏ်ယူမိတယ်။

မင်္ဂလာပွဲကိုတော့ မေမေကဘယ်လောက်ခေါ်ခေါ် ကျွန်မ  မလိုက်ပါဘူး။ သမီးလေးနဲ့အတူ ကျန်နေခဲ့တယ်‌ေလ။ လူပုံအလယ်မှာ ကျွန်မတို့သားအမိကို တွေ့လို့မေးရင် မမကြီးးအဖြေခက်ရမှာဖြစ်သလို  ၊ ကျွန်မမိဘတွေ ခေါင်းငုံ့နေရမှာကို ကျွန်မ    မလိုလားပါဘူး။  အိမ်ကနေပဲ မမကြီးတို့မင်္ဂလာပွဲကို  ဆုမွန်တောင်းပေးတော့မယ်။

မေမေတို့ပြန်လာတော့ မမကြီးကပြန်မပါလာတော့ဘူး။ သူ့အမျိုးသားနဲ့ ကျန်ခဲ့ပြီလေ။ ဖေဖေကတော့ ထူးထူးခြားခြား နုတ်ဆိတ်နေသလို ၊ မေမေကလည်း စကားသိပ်မပြောဘူး။ တစ်နာရီလောက်ကြာမှ ဖေဖေက စပြောတယ်။

" မိန်းမရေ သမီးကြီးအတွက်တော့ ငါတို့စိတ်အေးရတာပေါ့ကွာ " တဲ့။

" အင်း စိတ်အေးရပေမယ့် သမီးကြီးနဲ့ မခွဲဘူးတော့  စိတ်ထဲ၀မ်းနည်းတာပေါ့ရှင် "

" အချိန်တန် ခွဲသွားကြမယ့်သူချည်းပဲဆိုတာ မင်းသိထားရမယ်လေ "

" ကျွန်မသာပြောနေတယ် ရှင်ကရော 

ရှင်နဲ့တစိတ်ထဲ ဖြစ်နေတဲ့ သမီးကို ထည့်လိုက်ရတာ နှမျောနေတယ်မဟုတ်လား "

" အမှန်ဆို နှမျောတာပေါ့ ဒါပေမယ့် သူတို့အတွက် ပြန်ကြည့်ရမယ်လေ နောက်ထပ် သမီးလတ် ထပ်အဖြစ်မခံနိုင်ဘူး "

ဖေဖေ့စကားအဆုံး ကျွန်မသက်ပြင်းချလိုက်မိတယ်။  မမကြီးကိုသတိရနေတဲ့ မိဘနှစ်ပါးကို သနားမိတယ်။ ကျွန်မအဖြစ်ကို သူတို့ကြုံလိုက်ကထဲက သူတို့သားသမီးတွေအတွက် သူတို့ ပူလောင်နေရတာပါလားလို့ တွေးမိတော့ ကျွန်မကိုယ်ကျွန်မ ခွင့်မလွှတ်ချင်ပါဘူး။  ကျွန်မ သိပ်ကိုနောင်တရမိပါတယ်။  ဒါပေမယ့် ကျွန်မရတဲ့နောင်တက လွန်ခဲ့‌ေသာနောင်တပါ။  ရှေ့ဆက် အကောင်းဆုံး 

တည်ဆောက်နိုင်ဖို့ပဲ ကြိုးစားရတော့မယ်လေ။ 

သမီးလေးရဲ့ မျက်နှာလေးကို ငုံ့ကြည့်နေမိတယ်။ သမီးလေးဟာ လတစ်လ ပိုကြီးလာလေ ချစ်ဖို့ကောင်းလေပါပဲ။ တခစ်ခစ်ရယ်နေတာလေးကိုက ချစ်စရာကောင်းလွန်းနေတာပါ။ ဒီသမီးလေး လူလားမြောက်ဖို့ ကျွန်မဘယ်လိုရပ်တည်ရမလဲဆိုတာ ခုထိ တွေးမရသေးဘူး။  မိဘတွေသာမရှိရင် ကျွန်မရပ်တည်ဖို့ခက်မယ်။  သက်ပြင်းမောကို

ခဏခဏချရတာလည်းအမောပေါ့။

မေမေကတော့ပြောတယ်။ သမီးလေးတစ်နှစ်ပြည့်ရင် အလုပ်လုပ်ချင်လုပ်တဲ့။

မေမေက သူ့မြေးကိုထိန်းပေးမယ်တဲ့။

ဟုတ်တာပေါ့။ ကျွန်မသမီးလေးအတွက် ကျွန်မအလုပ်ထွက်လုပ်ရမှာပေါ့။

      *****"


rate now: