ကျနော်က သဘာဝလွန်ဖြစ်ရပ်တွေ စိတ်ဝင်စားပါတယ်။ ဒါနဲ့ ပရဟိတ ဆရာတော်တစ်ပါးနဲ့ စကားစပ်မိတော့ အဲဒီ ဦးဇင်းရဲ့ ဖိတ်ခေါ်ချက်အရ သူ့ကျောင်းကို အလည်လိုက်သွားပါတယ်။ ဦးဇင်းရဲ့ကျောင်းဝင်းထဲမှာ စိတ်ရောဂါခံစားနေရသူတွေ အတော်များများ တွေ့လိုက်ရပါတယ်။
ဆရာတော်က စိတ်ရောဂါရှင်တွေနဲ့ စကားပြောကြည့်ပါလို့ မိန့်တာကြောင့် ဘာများထူးခြားမလဲ သိချင်သွားပါတယ်။
”ခင်ဗျား နာမည်လေး သိပါရစေ”
”ငါသည်ကား စကြဝတေးကိုယ်တော် ဖြစ်တော့သကိုး”
ကျန်သူတွေကလည်း သူ့ထက်ငါ အလု အယက်ဖြေကြပါတယ်။
”ကျနော်က သိကြားမင်းပါ”
”ငါက တိံမရူပနတ်မင်းကြီး”
”ကျွန်ုပ်က အသူရာပါ”
လာဖြေကြတာ ထူးခြားချက်အားဖြင့် တစ်ယောက်မှ အဆင့်နိမ့်နတ်မင်း ရုက္ခစိုးလေးတောင် မပါဘူး။ အကုန်ဟဲဗီးတွေချည်းပဲ။ ဆရာတော်က ပြုံးကြည့်နေပါတယ်။ ပြီးတော့ အသာလက်ကုပ်ပြီး ကျောင်းကြီးပေါ်ကို ခေါ်သွားပါတယ်။ မုန့်တွေနဲ့ ကော်ဖီနဲ့ ဧည့်ခံရင်း ပြောပြပါတယ်။
”သူတို့အားလုံး ဝိဇ္ဇာရူး နတ်ရူးတွေလေ။ ကျင့်စဉ်တွေဖောက်ပြန်ပြီး လမ်းလွဲကုန်ကြတာ။ ဦးဇင်းက သနားလို့ ခေါ်ယူကျွေးမွေးစောင့်ရှောက်ပေးထားရတယ်”
”ဆေးဝါး ကုသ မပေးဘူးလား ဘုရား”
”ကုတာပေါ့ ဒကာရယ်။ ဦးဇင်းမှာ သိကြားမင်းကိုယ်တိုင် ဆက်သထားတဲ့ ဆေးအမြုတေရှိတယ်”
”အဲ…သိကြားမင်းက ဆက်သထားတာ…ဟုတ်လားဘုရား”
”ဟုတ်တယ်ဒကာ။ ဦးဇင်းက သူ့ထက်ပါဝါမြင့်တယ်၊ ဘယ်သူမှ လျှောက်မပြောနဲ့။ ဦးဇင်းက ဗြဟ္မာကြီးကွဲ့”
ကျနော်လည်း ဖိနပ်ခါးကြားထိုးပြီး အသာလစ်ခဲ့ရတော့တယ်။
Via Kyaw Kyaw Soe
Credit:
https://m.facebook.com/story.php?story_fbid=1545429118954025&id=100004608551100