ရွာဓလေ့ကား ဆန်းလှ၏။ အမည်သညာခေါ်စရာကို ပျော်စရာဟု သဘောထားရာမှ စွဲမြဲသွားတတ် သည်။ ထို့ကြောင့် ဇာတာထဲတွင်ရှိသည့် အမည်နာမတွေကို အဖေ၊ အမေတွေကလွဲပြီး ပတ်ဝန်းကျင်က သိသူရှားသည်။
ဥပမာ ဒေါ်ခွေးမသည် သူ့သား ငပေါကို ဇာတာထဲတွင် မည်သည့်အမည်ပေးထားကြောင်း မည်သူမျှ မသိ။ မည်သို့ဆိုစေ တစ်ရွာလုံးရှိ ရွယ်တူတွေက ငပေါဟုသာ ခေါ်ကြသည်။ အချို့ကလည်း ခွေးမသားဟု ခေါ်ကြသည်။ ထိုသို့ခေါ်ခြင်းကို နာစရာဟု မထင်သောအလေ့မှာ ရွာ၏ချစ်စရာကောင်း သော ဓလေ့သာဖြစ်သည်။
ငပေါအမေကား ဒေါ်ခွေးမဟုခေါ်၏။ အဘယ်ကြောင့် ဒေါ်ခွေးမဟုခေါ်ရသနည်း။ သူ့အဖေ၊ အမေတွေက ခွေးမဟုအမည်သညာခေါ်စရာသတ်မှတ်ခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် တစ်ရွာ လုံးကလည်း ငယ်သူကဒေါ်ခွေးမ၊ ရွယ်တူက မခွေးမ၊ ကြီးသူကခွေးမဟုသာ ခေါ်ကြသည်။ နာစရာမရှိ၊ နာရကောင်းစေဟုလည်းမမှတ်။
မိုးလင်းလျှင် ဒေါ်ခွေးမနှင့် ကင်းနိုင်သူရှားသည်။ အဘယ်ကြောင့်ဆိုသော် ဒေါ်ခွေးမသည် ရွာထဲတွင် တစ်ဆိုင်တည်းသော မုန့်ဟင်းခါးဆိုင်ကိုဖွင့်ထားသောကြောင့်ဖြစ်သည်။ သူ့ဆိုင်ကလည်း ဆိုင်းဘုတ် ချိတ်စရာမလို။
“ဟေ့ ဘယ်လဲ”
“ခွေးမဆိုင်”
အားလုံးက မုန့်ဟင်းခါး သွားစားမည်ကို အလိုလိုသိကြသည်။
ပြဿနာက အသက် ၆၀ ကျော်လာသည်အထိမရှိ။ ဒေါ်ခွေးမသား ငပေါ မြို့ကပြန်လာပြီး သူကြီးဝင် အရွေးခံရာကစသည်။
“ဟေ့ ... ဟိုခွေးမသား ငပေါ ... သူကြီးဝင်အရွေးခံမယ်ဆိုပါလား”
“ဖြစ်နိုင်ပါတယ်လေ ... လူက ပညာလေး နည်းနည်းပါးပါးတတ်ထားတော့ ရွာက လူတွေ ထက်တော့ မြို့ပေါက် ဂတ်ပေါက်လေးရှိတာ အားကိုးရမယ်ထင်ပါ့”
“အင်း ... စာသာနည်းနည်းပါးပါးတတ်တာ။ သောက်ကျင့်ကတော့ လုံးဝပဲ”
“အလိုကွယ် အကျင့်ဆိုတာ လူကဖြစ်တာပါ။ သူကြီးဖြစ်လာတော့ လူရိုသေ၊ ရှင်ရိုသေ နေတတ်မယ် ထင်ပါရဲ့”
မည်သို့ဆိုစေ တစ်ရွာလုံးက ဒေါ်ခွေးမက ခင်မင်ရင်းစွဲရှိကြသဖြင့် ငပေါ သူကြီးအလုပ်ကို မကန့်ကွက် ကြပေ။ သို့ဖြစ်ရာ ငပေါတစ်ယောက် သူကြီးဖြစ်လာသည်။
သူကြီးအိမ်မှ မောင်းသံတဒူဒူ ပေါ်ထွက်လာသည်။ မောင်းထုလျှင် လူစုရသည့်ထုံးစံရှိသည်။ မောင်းစုပါလျက် ပျက်ကွက်လျှင် ငွေတစ်မတ် ဒဏ်တပ်၏။ ထို့ကြောင့် အိမ်စေ့လူကုန် တစ်အိမ် တစ်ယောက် သူကြီးအိမ်ဝင်းထဲကို ရောက်လာကြသည်။
သူကြီး ငပေါက ခေါင်းပေါင်းနှင့် တိုက်ပုံနှင့်ဖြစ်နေသည်။
“အဟမ်း ... အဟမ်း ... ဒီနေ့ ရွာသူရွာသားတွေကို ခေါ်ရတဲ့ အကြောင်းကတော့ ဟောဒီ ရွာမှာ ကျုပ်သူကြီးဖြစ်ကြောင်း အင်္ဂလိပ်အစိုးရမင်းများက အသိအမှတ်ပြုပြီးကြောင်း တစ်ရွာလုံးကို ခေါ်ပြီး အသိပေးတာပဲ”
“သိသားကွယ် ... တို့သဘောမျှလို့လည်း မင်းက သူကြီးရာထူး ရခဲ့မဟုတ်လား”
ရှေ့ဆုံးကထိုင်နေသည် ဘကြီးမှုံက ကွမ်းကို ပလုတ်ပလောင်းဝါးရာက ပြောလိုက်ခြင်းဖြစ်သည်။ ထို့နောက် ဘကြီးမှုံက
“ကိုင်း ... ခွေးမသားကို ကျုပ်တို့ကပဲ သူကြီးအရာ သွင်းခဲ့ကြတာမဟုတ်လားကွယ်ရို့”
“ဟုတ်ပါတယ် ... ဟုတ်ပါတယ်”
“ကိုင်း ကြားလား ... သူတို့အားလုံးထောက်ခံသကွယ်”
“ကျုပ်ပြောချင်တာ ခုမှစမှာ”
“ဘာများလဲကွယ်”
“ယနေ့ကစပြီးတော့ ကျုပ်ကို ခွေးမသားလို့ မခေါ်ကြပါနဲ့။ လူရိုသေ ရှင်ရိုသေဖြစ်အောင် ဦးပေါလို့ပဲ ခေါ်ကြပါလို့ ဒုတိယအနေနဲ့ ပြောချင်တာ”
“အလိုကွယ် ... တစ်ရွာလုံးက မင်းကို ငပေါလို့ သိတာနည်းနည်း။ ခွေးမသားဆိုမှ အားလုံးသိကြတာ။ အစဉ်အလာကို မဖျက်ချင်ပါနဲ့ကွယ်။ မင်းအမေငုတ်တုတ်ကြီး ရှိနေတာ။ ဒီအမေကမွေးလို့ ဒီသားဖြစ်လာ။ ခွေးမကမွေးလို့ မင်းကလူဖြစ်လာ။ ခုတော့ သူကြီးတောင်ဖြစ်လာပြီလေ။ ခွေးမသားက ခွေးမသားပေါ့ကွယ်။ မင်းကို ဝက်မသားလို့ မခေါ်ဖို့ပဲ အအရေးကြီးတာ မဟုတ်လား”
သူကြီး ဒေါသထွက်လာပြီ
“ဒီနေ့ကစပြီး ကျုပ်ကို ခွေးမသားလို့ခေါ်ရင် ထိပ်တုံးခတ်ခံရမယ် ... ဒါအမိန့်ပဲ”
ထိုစဉ် ငပေါအမေ ဒေါ်ခွေးမ ဈေးဗန်းရွက်ကာ ခြံဝိုင်းထဲဝင်လာသည်။ ဆိုင်သိမ်းလာခြင်းဖြစ်သည်။ ဘကြီးမှုံက
“ဟဲ့ ခွေးမ”
“ရှင့် ဘကြီး ... ဘာများလဲပြောပါရှင့်”
“ငပေါက နင့်သားမှ ဟုတ်ရဲ့လား”
“အလို ဘယ့်နှယ်ပြောလိုက်ပါလိမ့်ရှင့် ... ငပေါက ကျွန်မသားလေ တစ်ရွာလုံးသိ”
“ခုပဲ ငါတို့အဲဒါကို ပြောနေတာ။ ငပေါက သူ ခွေးမသားမဟုတ်ဘူးလို့ ငြင်းနေပါလား”
“အလို ... ခုမှ သူကြီးရာထူးလေးရ ... ငါ့ကို ပုန်ကန်ပြီပေါ့။ နင်က ခွေးမသားမဟုတ်လို့ ဘယ်သူ့သားလဲ ပြောစမ်း”
“မဟုတ်ဘူးအမေ ... အဲဒီလိုခေါ်နေတာကြီးက ကြားရဆိုးလွန်းလို့။ ကျုပ်ကို ဒီနေ့ကစပြီး ခွေးမသားလို့ ခေါ်ရင် ထိပ်တုံးလို့ အမိန့်ထုတ်နေတာ”
“အင်း ငပေါရယ် ခက်တော့နေပြီ။ မင်းက ငါ့သားဖြစ်နေတော့ မင်းကို ခွေးမသားလို့ခေါ်တာကို ဘယ်လို အပြစ်ယူလို့ဖြစ်မလဲကွယ်။ ခေါ်ပါစေ။ ခွေးမသားက ခွေးမသားပေါ့”
“မဟုတ်ဘူးအမေ ကျုပ်လူကြီးဖြစ်နေပြီ။ ခွေးမသားဆိုတာ ဟုတ်တော့ ဟုတ်တယ်။ ဒါပေမဲ့ ဒီအခေါ်ကြီးကိုတော့ မကြိုက်ဘူး။ ဒါနဲ့ အမေ့ကို မေးပါရစေဦး”
“ဘာများလဲသား”
“ကျုပ်မှာ အဖေမရှိဘူးလား”
“ရှိတာပေါ့ကွယ်”
“ဒါဆိုရင် အဖေ့နာမည်ကိုပြောဗျာ ... ဒီနေ့ကစပြီး အဖေ့နာမည်ကို ပြောင်းခေါ်ခိုင်းမယ်”
“သားရယ် မင်းအဖေ့နာမည်အရင်းက လူကြားထဲချပြလို့ မတော်ဘူးနဲ့တူရဲ့ ... ထားလိုက်ပါကွယ်။ ခွေးမသားပဲ ကောင်းပါတယ်”
“ပြော ပါအမေ ... ကျွန်တော့် အဖေနာမည်ကို လူကြားထဲ ချပြောလိုက်စမ်းပါ”
“မပြောပါရစေနဲ့ကွယ်”
“ပြောပါအမေရယ်”
“ကိုင်း ဒီလောက်တောင် သိချင်မှတော့ ပြောရတော့တာပေါ့။ မင်းအဖေ့နာမည်က ကျူလိပေါင် တဲ့ကွယ်။ သူက တရုတ်ပြည်ပြန်သွားတာ ပေါ်မလာတော့လို့ ငါ့သားလေးကို အမေကပဲ ခုချိန်အထိ စောင့်ရှောက်ခဲ့ရတာ”
တစ်ရွာလုံးရယ်ကြသည်။ ဘကြီးမှုံက ပြောသည်။
“ကောင်းသားကွယ် ... ဒီနေ့ကစပြီး ခွေးမသား မခေါ်ကြနဲ့ ... ကျူလိပေါင်သားလို့သာ ခေါ်ကြ”
“ဝါး ဟား ဟား”
“တော်ပြီ ... ဘယ်လိုမှ မခေါ်နဲ့ ဦးပေါလို့ပဲခေါ်ရမယ်။ ဦးပေါလို့ မခေါ်ဘဲ ပြောင်သလိုလို နောက်သလိုလို ခွေးမသားလို့ခေါ်ရင် ထိပ်တုံး”
သို့သော် ငပေါမှာ ယခင်ကမှ ခွေးမသားဟုတွင်သေး၏။ ယခုအခါ နောက်ထပ်နာမည်တစ်လုံးထပ် တိုးကာ
“ကျူလိပေါင်” ဟုတွင်လေသည်။
သူ့ကို ခေါ်ချင်သလိုခေါ်သည်။ သုံးမည်ရ ပုဂ္ဂိုလ်ဖြစ်သည်။ ငပေါ၊ ခွေးမသား၊ ကျူလိပေါင် ကြိုက်သလိုခေါ်ကြသည်။ မည်သို့ဆိုစေ သူကား သူကြီးဖြစ်တော့သည်။
တင်ညွန့်
၆.၆.၂၀၂၁
Credit:
https://www.facebook.com/groups/1842969542505964/permalink/2231214810348100/