"ဘုရင်မင်းမြတ်အား သစ္စာဖောက်မှုကြောင့် ကိုယ်လုပ်တော် ဖေး နှင့် မှူးမတ်တော် ဇီ တို့ကို သေဒဏ်ချမှတ်လိုက်သည်။ အမတ် ဇီ ကို ကြိုးပေး၍ ကိုယ်လုပ်တော် ဖေး ကို အဆိပ်သောက်စေကာ ပြစ်ဒဏ်စီရင်မည်။ သည်လူနှစ်ဦးနှင့် ဆက်စပ်နေသော ဆွေမျိုးနှင့် မိသားစုဝင်တို့ကိုလည်း ကွပ်မျက်မည်။ သင်တို့နှစ်ယောက်ကို အမှတ်အသားမရှိ ဂူသွင်းမြှုပ်နှံပြီး သင်တို့၏အပြစ်ဒဏ်များကို နောင်ဘဝတွင်လည်း ဆက်လက်ခံစားကြရမည်။ အရှင်မင်းမြတ်၏ မြင့်မြတ်လှသော စိတ်သဘောထားကြောင့် မွေးဖွားပြီးသော သင့်ကလေးငယ်အား ချမ်းသာခွင့်ပေးလိုက်သည်။ သို့သော် အရှေ့ဘက်အဆောင်သို့ ပို့ဆောင်စေပြီး ထိုနေရာတွင်သာ နေထိုင်ရန် ကန့်သတ်လိုက်သည်။ အစောင့်တို့ အမိန့်တော်အတိုင်း ဆောင်ရွက်စေ ....."
ရှည်လျားလှသော ပြစ်ဒဏ်အမိန့်အဆုံးတွင် ဖေး သည် ကမ္ဘာပေါ်ရှိသမျှအရာအားလုံးထက် သူမချစ်မြတ်နိုးရသော လူတစ်ယောက် နောက်ဆုံးသော ဝင်လေထွက်လေကို ဖြည်းညင်းစွာ ရှူရှိုက်နေရသည်ကိုကြည့်ပြီး သူမ၏ ကြွေရုပ်သဖွယ်လှပချောမွေ့သော မျက်နှာပြင်ထက်သို့ မျက်ရည်တစ်စက် ကျဆင်းလာတော့သည်။
သူမ သောက်သုံးရတော့မည့် အဆိပ်ခွက်ကို ကိုင်မြှောက်ပြီး ကောင်းကင်သို့တိုင်တည်ကာ ဆုတောင်းလိုက်သည်။
"မြင့်မြတ်လှသောကောင်းကင်နတ်မင်းများ ..... အရှင်တို့ထံမှ ကျွန်တော်မျိုးမ တစ်စုံတစ်ရာမျှ မတောင်းဆိုခဲ့ဖူးပါ ..... ဧကရာဇ်ကို အတင်းအကျပ်လက်ထပ်ရန် ခိုင်းစေခံခဲ့ရသောအခါတွင်လည်း မတောင်းဆိုခဲ့ပါ ..... အကျွနု်ပ်နှင့် ချစ်ရသောသူတို့ ဘဝခရီးလမ်းဆုံးကိုတွေ့နေရသော်လည်း မတောင်းဆိုပါ ..... ဒါပေမယ့် အခု အရှင်တို့ အမှန်တကယ်တည်ရှိကြသည်ဆိုပါက ကျွန်တော်မျိုးမ၏ ကလေးကို ပျော်ရွှင်စွာနေထိုင်နိုင်ရန် စောင့်ရှောက်ပေးတော်မူကြပါ ..... ကျွန်တော်မျိုးမ တောင်းဆိုသော ထိုတစ်ခုတည်းသောအရာကို ကတိသစ္စာပြုပေးနိုင်သည်ဆိုလျှင် ငရဲဘုံတွင်လည်း မည်သို့သော ဒုက္ခများကြုံရပါစေ ဝမ်းမြောက်စွာ လက်ခံနိုင်ပါသည်ဘုရား ....."
သူမ ဆုတောင်းစကားသံကို ကြားသိကြသည့်အလား ကောင်းကင်ပေါ်မှ မိုးရေပေါက်တစ်စက် သူမ ကိုယ်ခန္ဓာပေါ်သို့ ကျရောက်ထိစက်သွားလေသည်။ ဖေး သည် ကြည်လင်နေသော ကောင်းကင်ကို နောက်ဆုံးအကြိမ်အနေနှင့် မော်ကြည့်လိုက်ပြီး နစ်ခြိုက်စွာပြုံးကာ အဆိပ်ခွက်ကို သောက်သုံးလိုက်တော့သည်။
နောက်တစ်နေ့တွင် .......
"ဝါး....ဝါး....ဝါး...."
အဆောင်တစ်ခုတွင် ကလေးတစ်ယောက် ငိုကြွေးနေသည်မှာ အလွန်သနားစရာကောင်းလှပေသည်။
"ဟွန့် ..... စိတ်ပျက်စရာကောင်းလိုက်တာ"
ထိုစကားသံကို ငိုကြွေးနေသောကလေးငယ်သာ နားလည်မည်ဆိုလျှင် ထိုကလေးအတွက် အလွန်ဝမ်းနည်းဖွယ်ရာဖြစ်ပေတော့မည်။ ထိုစကားကိုပြောဆိုလိုက်သူမှာ ဘုရင်ဧကရာဇ်၏ မိဘုရားခေါင်ကြီးသာဖြစ်သည်။
"မင်း အဖေနဲ့အမေလို မသုတ်သင်လိုက်တာကိုပဲ အရှင်မင်းမြတ်ကို ကျေးဇူးတင်သင့်တယ်"
"မယ်မယ်ဘုရား အရှင်မင်းကြီးက ဘာကြောင့် သူ့ကို ချမ်းသာပေးလိုက်တာပါလဲဘုရား"
မိဘုရားခေါင်၏ အစေအပါးဖြစ်သော ဈင် က မေးမြန်းလိုက်သည်။
"ငါက ဘယ်လိုလုပ်သိမှာလဲ ..... သူ့ကို ဘယ်သူက ထိန်းကျောင်းမှာလဲ သူ့ကို အရှေ့ဆောင်ကို ကိုသယ်ဆောင်သွားလို့ တစ်ယောက်ယောက်ကို ချက်ချင်းသွားပြောစမ်း ..... ငါ့သား ရှူရှိုက်နေတဲ့လေကို သူအသုံးချနေတာ မလိုချင်ဘူး"
အလွန်တရာပင် အမျက်ကြီးနေသော မိဘုရားခေါင်ကြီးကြောင့် အစေအပါးသည်လည်း အနီးအနားရှိ အစေခံတစ်ယောက်ကိုခေါ်ကာ သနားစဖွယ်ကလေးလေးကို အရှေ့ဘက်ဒေသသို့ ခေါ်ဆောင်ရန် စေလွှတ်လိုက်တော့သည်။
အရှေ့ဘက်အဆောင်ဆိုသည်မှာ နန်းတော်နှင့် အဝေးကွာဆုံးတွင် တည်ရှိနေသော အဆောင်တစ်ခုဖြစ်သည်။ ထိုအဆောင်သည် နေထိုင်ရန် လုံးဝပင်အဆင်မပြေလှသော နေရာတစ်ခုဖြစ်သည်။ အရှေ့ဆောင်တွင် အိပ်ခန်း၊ မီးဖိုခန်းနှင့် ရေချိုးခန်း တို့သာ ပါဝင်သည်။ ပူလောင်သော နွေရာသီတွင် အဆောင်သည် မအေးမြသလို အလွန်ချမ်းလှသော ဆောင်းရာသီတွင်လည်း နွေးထွေးခြင်းကို မပေးဆောင်နိုင်ပါ။ ထိုအဆောင်တွင် နေထိုင်ရခြင်းကို မည်သည့်အစေခံမျှ အလိုမရှိသကဲ့သို့ ကလေးကိုခေါ်ဆောင်လာသော အစေခံသည်လည်း ထိုနည်းတူစွာပင်။ ထိုကလေးငယ်ကို ထားပြီးလျှင် ပင်မနန်းဆောင်သို့ ပြန်လာရန် ရည်ရွယ်ထားသော်လည်း အခင်းအကျင်းလုံးဝမရှိသော အေးစက်နေသည့် သစ်သားကုတင်ကိုကြည့်ပြီး ကလေးငယ်ကို အလွန်ဂရုဏာသက်သွားကာ ထိုအစေခံသည် မိမိ အိပ်စက်သော အခင်းကို စိတ်မပါစွာနှင့် ပေးထားခဲ့သည်။ အခင်းကို သေသပ်စွာခေါက်ပြီး ကုတင်ပေါ်တွင်တင်လိုက်ကာ ထိုအခင်းပေါ်တွင် ကလေးငယ်ကို သိပ်ထားလိုက်သည်။ ထိုအစေခံသည် အိပ်ပျော်နေသော ကလေးငယ်ကို နောက်ဆုံးတစ်ကြိမ်ကြည့်ကာ ပြန်ထွက်လာခဲ့တော့သည်။ ထိုအစေခံတွင် စောင့်ရှောက်ရမည့် အိမ်သူရှိနေသောကြောင့် အရှေ့ဆောင်တွင် နေထိုင်ရန်အတွက် မသင့်တော်ပေ။
အဆင့်နိမ့်သည့်အစေခံမတစ်ယောက် ထိုကလေးငယ်ကို စောင့်ရှောက်ရန် တာဝန်ပေးအပ်ခံရတော့သည်။ ကလေးငယ်သည် အလွန်ငြိမ်သက်ကာ တိတ်ဆိတ်လှသည်။ သို့သော် ထိုအစေခံသည် အရှေ့ဆောင်တွင် တာဝန်ပေးခံရသောကြောင့် မပျော်ရွှင်၊ ထိုအဆောင်မှလည်း ထွက်လာရန် ရနိုင်သမျှ ကြိုးစားလေသည်။ တစ်ခါတရံတွင် ကလေးငယ်အား ထမင်းကျွေးရန်မေ့ခဲ့ပြီး ပြန်သွားတတ်သည်။
အလွန်အေးလှသည့် ဆောင်းရာသီတွင် ထိုအစေခံသည် ကလေးငယ်ကို သုံးရက်ကြာမေ့လျော့သွားခဲ့သည်။ သို့သော် ထိုကလေးငယ်ကို သေပြီအထင်နှင့် စစ်ဆေးရန်ထွက်လာခဲ့သော်လည်း ကလေးငယ်မှာ နစ်ခြိုက်စွာ အိပ်မောကျနေသည်ကို တွေ့လိုက်ရသည်။ အခန်းမှာလည်း အလွန်ပင်နွေးထွေးနေသောကြောင့် အစေခံ အလွန်အံ့သြသွားတော့သည်။ အကြောင်းရင်းမှာ အရှေ့ဘက်အဆောင်သည် ရာသီဥတုအပူချိန်နှင့်အမြဲ တူညီနေသောကြောင့်ဖြစ်သည်။ သူမ အရှေ့ဆောင်သို့ ပြောင်းရွှေ့ခံရစဉ်ကတည်းက အခန်းနှင့် ပရိဘောဂပစ္စည်းတို့သည် အသစ်ကဲ့သို့ ပြင်ဆင်ထားပြီးသားဖြစ်နေသည်။ ထိုအကြောင်းရာတို့သည် ထူးဆန်းနေကြောင်းကို သိရှိခဲ့သော်လည်း အခြားသောသူတို့ကို မပြောရန်ဆုံးဖြတ်လိုက်ပြီး အချို့သောပစ္စည်းတို့ကို ကလေးငယ်အတွက် အသုံးမလိုနိုင်ဟု မှတ်ယူကာ သူမအခန်းသို့ သယ်ယူလာခဲ့သည်။ ကလေးငယ်လည်း အိပ်မောကျနေသောကြောင့် အရှေ့ဆောင်မှ အမြန်ထွက်ကာ သူမအခန်းသို့ ပြန်လာခဲ့သည်။
အချိန်တို့ တရွေ့ရွေ့ကုန်ဆုံးသွားသကဲ့သို့ ကလေးငယ်လည်း တဖြည်းဖြည်းနှင့် ကြီးပြင်းကာ အရွယ်ရောက်လာသည်နှင့်အမျှ အစေခံသည်လည်း အရှေ့ဆောင်သို့ လာရောက်သည့်အရေအတွက်လည်း တစ်စတစ်စလျော့နည်းလာတော့သည်။ ကလေးငယ် အသက် ၆နှစ်အရွယ်တွင် ထိုအစေခံ ရောက်လာခြင်းလုံးဝမရှိတော့ပေ။
ထိုကလေးငယ် ကောင်လေးမှာ ကျန်းမာဖွံ့ဖြိုးလှသော အသက် ၆နှစ်အရွယ်သို့ ရောက်လာပေသည်။ ထိုကလေးသည် တစ်ယောက်တည်း ကြီးပြင်းခဲ့ရပြီး ငယ်စဉ်ကတည်းက တွေ့ခဲ့ဖူးသူမှာ ထိုအစေခံတစ်ယောက်တည်းသာရှိသည်။ အစေခံမကို တွေ့သောအခါတိုင်းလည်း ထိုကလေး အမြဲပြုံးပြသော်လည်း သူမကတော့ အမြဲ စူးရှလွန်းသောအကြည့်တို့နှင့်သာ ကြည့်လေ့ရှိသည်။ ထိုအကြည့်တို့ကို ထိုကလေးသည် အမြဲကြောက်လန့်ကာ အမှားတစ်ခုခုလုပ်မိသည်ဟုသာ ထင်နေမိသည်။ သို့ပေမယ့် ငယ်ရွယ်လွန်းကြောင့် မစဉ်းစားနိုင်သေးသဖြင့် သူမအပေါ်လည်း အငြိုးမထားနိုင်ပေ။ ယခုတွင် ထိုအစေခံမကို မတွေ့မြင်ရသည်မှာ ကြာညောင်းနေသော်လည်း ကလေး၏ စားပွဲပေါ်တွင် လတ်ဆတ်စွာချက်ပြုတ်ထားသော အစားအသောက်တို့ကို အမြဲတွေ့မြင်နေရသည်။ သူ့အတွက် သူမ လာရောက်ချက်ပြုတ်ပေးထားပြီး စောစောထွက်သွားလေသည်ဟုသာ ထင်မှတ်နေတော့သည်။
ထိုအစေခံမကို နောက်ဆုံးတစ်ခေါက်တွေ့ခဲ့ရပြီးနောက်တွင် သုံးလဟူသောအချိန်လည်း ကုန်ဆုံးသွားပြန်သည်။ ကလေးငယ်သည်လည်း တစ်ယောက်တည်း အထီးကျန်လာသောကြောင့် ထိုအစေခံမကို အစားအသောက် ပြုလုပ်ပေးနေစဉ် အမိအရဖမ်းမည်ဟု ဆုံးဖြတ်ထားလိုက်သည်။ စားစရာတို့ကိုတင်ပေးထားရာ စားပွဲဘေးတွင် အခန်းကျဉ်းသဏ္ဍာန် ကြောင်အိမ်တစ်ခုရှိသည်ကို သတိပြုမိသွားသည်။ ကလေးငယ် ခန္ဓာကိုယ်သည် သေးငယ်သောကြောင့် ထိုအခန်းငယ်ထဲတွင် အလွယ်တကူဝင်ရောက်နေနိုင်သည်။ မကြာသောအချိန်ရောက်သည့်အခါတွင် ကလေးသည် သေးငယ်သောမီးဖိုခန်းမှ ပန်းကန်တစ်ချပ်နှင့်တစ်ချပ် ထိရိုက်မိသံတို့ကို ကြားလိုက်ရသကဲ့သို့ အစားအသောက်တို့၏ အလွန်စွဲမက်ဖွယ်ကောင်းသော ရနံ့တို့ကိုလည်း ရှူရှိုက်လိုက်ရသည်။ စားပွဲပေါ်သို့ စားစရာတို့ကို တင်ထားလိုက်သည့်အသံတို့ကို ကြားလိုက်ရသောကြောင့် အခန်းငယ်ထဲမှ တိုးတိတ်စွာထွက်လာခဲ့ပြီးနောက်တွင် မြင်လိုက်ရသောအရာကြောင့် အံ့အားသင့်သွားတော့သည်။ သူ့အတွက် အစားအသောက်များကို ပြင်ဆင်ပေးနေသူမှာ သူသိသော အစေခံမဟုတ်ပေ။ ပိုးသားကဲ့သို့ နူးညံ့ကာ ရှည်လျားသော ဆံနွယ်တို့ဖြင့် နူးညံ့သောအသွင်နှင့် အဖြူရောင်ပိုးသား ဝတ်ရုံကိုဆင်မြန်းထားသည့် ချောမောလှသော ယောက်ျားလေးတစ်ယောက်။
ထိုအဖြူရောင်နှင့်လူရွယ် သတိမပြုမိသည်ကို သိရသောအခါ အနားတိုးသွားပြီး စကားပြောရန် စိတ်ကိုပြင်ဆင်လိုက်တော့သည်။
"ဟေ့...ဟေ့..."
'ခွမ်း'
အံ့သြနေသဖြင့် တုန်ရီစွာထွက်လာသောအသံကို ကြားလိုက်ရပြီးနောက် အဖြူရောင်နှင့်လူရွယ် ကိုင်ထားသော စားစရာအပြည့်နှင့်ပန်းကန်သည် လွှတ်ကျကာကွဲကြေသွားတော့သည်။ သေးငယ်ပြီး ချိုသာသောအသံကြောင့် လှည့်ကြည့်မိတော့ အနောက်တွင်ရပ်နေသော ကလေးငယ်ကိုတွေ့သောအခါ ထိတ်လန့်သွားပြီး အဖြူရောင် ခိုငှက်အသွင်ကို ပြောင်းလဲကာ ပြတင်းပေါက်မှတဆင့် လျင်မြန်စွာ ပျံသန်းသွားတော့သည်။
အဖြူရောင်နှင့်လူရွယ် အသွင်ပြောင်းသွားသည်ကို မြင်လိုက်ရသောကလေးငယ်သည် အံ့အားသင့်စွာ ကျန်ခဲ့ရပြီး တစ်ဆက်တည်းတွင်လည်း ခိုလေးက အဝေးကိုပျံသန်းသွားသည်ကို မြင်ခဲ့သောကြောင့် အလွန်ပင် ဝမ်းနည်းလာတော့သည်။ ကလေးငယ်သည် ခိုဖြူလေးနောက်သို့ ပြေးလိုက်လာတော့သည်။ မျက်နှာပြင်ပေါ်တွင်လည်း အထီးကျန်မှုနှင့် ဝမ်းနည်းမှုတို့ ရောထွေးနေသော မျက်ရည်များသည်လည်း ရေတံခွန်မှ ရေများစီးဆင်းနေသကဲ့သို့ ကျဆင်းလာတော့သည်။
ထိုကလေး ငိုကြွေးနေသည်ကို ခိုဖြူလေး တွေ့လိုက်ရပြီးနောက် လူအဖြစ်သို့ပြန်ပြောင်းကာ ကလေးငယ်ကို နှစ်သိမ့်ပေးရန် လျှောက်လှမ်းလာလေသည်။
အဖြူရောင်နှင့်လူရွယ်သည် ငိုနေသောကလေး၏ခေါင်းကို အသာအယာပုတ်လိုက်ပြီး .....
"ရှူး.... မငိုနဲ့လေ..."
နူးညံ့ပြီး ဂရုဏာသက်သောအသံကြောင့် အဖြူရောင်လူရွယ်ကို မျက်ရည်နှင့်ပြည့်နေသော မျက်လုံးတို့ဖြင့် မော့ကြည့်လိုက်ပြီး လူရွယ်၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး ရင်ခွင်ထဲသို့မျက်နှာအပ်ကာ စိတ်ကိုလွှတ်ပေးလိုက်ပြီး ခံစားခဲ့ရသမျှတို့ကို ငိုကြွေးရင်းနှင့် ဖြေဖျောက်လိုက်တော့သည်။
အိပ်ပျော်သွားသည့်အထိ ငိုလိုက်ပြီးနောက် လူရွယ်ကပင် ကလေးငယ်ကိုချီလာပြီး အိပ်ရာခင်းပေါ်တွင် သိမ်မွေ့စွာချပေးလိုက်သည်။ ကလေးငယ်အနားမှ ထွက်သွားမည်အပြုတွင် ထိုကလေးသည် အကျႌလက်အနားကို တင်းကျပ်စွာဆုပ်ကိုင်ပြီး လက်မလွှတ်တော့သည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် အဖြူရောင်နှင့်လူရွယ်သည် ကလေးငယ်အနားတွင်သာ ထိုင်နေရုံမှလွဲ၍ ဘာမှလုပ်မရတော့ပေ။
ခဏတာ အိပ်စက်ပြီးနောက် ကလေးငယ်လည်း နှိုးထလာကာ အရှေ့တွင် အဖြူရောင်နှင့်လူရွယ်က ပြုံးလျက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
"နိုးပြီလား ..... ဗိုက်ဆာနေလား ..... စားစရာတွေပြန်နွေးပေးမလို့ ခဏလွှတ်ဦးနော်"
လူရွယ်လေးသည် နွေးထွေးသောအပြုံးနှင့် ပြောလိုက်သည်။ သို့ပေမယ့် ထရပ်လိုက်သောအခါ ကလေးငယ်က ထိုလူရွယ်ထပ်ပျောက်သွားမည်ကိုစိုးရိမ်နေသည့်အလား အကျႌလက်အနားကို မလွှတ်ဘဲ ဆုပ်ကိုင်ထားသည်။ လူရွယ်သည် ကလေးငယ်ကိုပြုံးပြလိုက်ပြီး မီးဖိုခန်းထဲသို့ နှစ်ဦးသားအတူ ဝင်သွားတော့သည်။
အစားအသောက်များကိုပြန်နွေးပြီးနောက် အဖြူရောင်နှင့်လူရွယ်သည် ကလေးငယ်နှင့်အတူ စားပွဲဘေးတွင် ဝင်ထိုင်ပြီး ကလေးငယ် စားသောက်နေသည်ကို ကြည့်နေလိုက်သည်။ ကလေးငယ်သည် အစားကို လျင်မြန်စွာ စားသောက်ရင်း သူ့ကိုလည်း ခဏခဏလှည့်ကြည့်နေသည်ကို ထိုကောင်လေး သတိထားမိသွားသည်။ ထိုကောင်လေး အနားမှထွက်သွားမည်ကိုစိုးသည့်အလား စစ်ဆေးလိုက် စားသောက်လိုက်လုပ်နေသည်ကို လူရွယ် သိလိုက်ရသည့်အခါ ကလေးငယ်ကို အနွေးထွေးဆုံးပြုံးပြ၍ ချိုသာသောအသံဖြင့် စိတ်သက်သာအောင်ပြောလိုက်လေသည်။
"ငါ မထွက်သွားပါဘူး ..... စိတ်မပူနဲ့နော်"
ထိုစကားသံသည် ကလေးငယ်ကို ယုံကြည်စိတ်ချမှုနှင့် စိတ်သက်သာရာရစေသည်။ လူရွယ်ကပင် စကားဆက်ပြောလေသည်။
"ငါ့နာမည်က လုယီ ပါ ..... မင်းကို အစေခံက နာမည်ပေးပြီးပြီလား"
ကလေးငယ်သည် စိတ်ငယ်စွာကြည့်လိုက်ပြီး မပေးရသေးကြောင်း ခေါင်းကို လှည့်ခါပြလိုက်သည်။
"ဟင်း... ဒါဆို ငါ နာမည်ရွေးပေးလို့ရမလား"
လုယီ ပြုံးလျက်မေးလိုက်တော့ ကလေးငယ် ပျော်ရွှင်စွာပြုံးလိုက်ပြီး လိုလားဟန်နှင့် ခေါင်းညိတ်ပြလိုက်သည်။ လုယီ အတန်ငယ်ရယ်လိုက်ပြီးနောက် အလွန်ချစ်စရာကောင်းလှသော ကလေးငယ်ကို အိုက်ရှင်း ဟု အမည်ပေးလိုက်လေသည်။
နောက်ပိုင်းတွင် လုယီ သည် သူ့ကို စောင့်ရှောက်ပေးသူ ဖြစ်သည်ကို အိုက်ရှင်း သိလိုက်ရသည်။ လုယီ သည်သာလျှင် အိုက်ရှင်း အတွက် အစ်ကိုတစ်ယောက် အမေတစ်ယောက်သဖွယ် ဖြစ်လာသည်။ လုယီ သည် အိုက်ရှင်း ကို စောင့်ရှောက်ပေးပြီး အတတ်ပညာတို့ကို တတ်မြောက်အောင် သင်ကြားပေးသည်။ လုယီ ရှိနေသောကြောင့် အိုက်ရှင်း လည်း အထီးမကျန်တော့ပေ။ အိုက်ရှင်း သည် လုယီ မှာ လူမဟုတ်ဘဲ နွေးထွေးကြင်နာမှုနတ်တစ်ပါး ဖြစ်နေသည်ကို သိလိုက်ရသည်။ ထို့ကြောင့်သာ အိုက်ရှင်း ငယ်စဉ်အရွယ်ကတည်းက ကျန်းမာစေရန် မှော်တန်ခိုးတို့နှင့် စောင့်ရှောက်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ အိုက်ရှင်း နှင့် လုယီ တို့ အရှေ့ဆောင်တွင်သာ အတူနေထိုင်ကြပြီး လုယီ သည် အစွမ်းတချို့သုံးကာ အဆောင်ကို သက်တောင့်သက်သာဖြစ်စေရန် ပြုလုပ်ပေးပြီး နန်းဆောင်နှင့်ဝေးရာတွင်လည်း ပျော်ရွှင်စွာ နေထိုင်နိုင်ကြပေသည်။