book

Index 17

အပိုင်း ၁၇။

  • Author : Chan Chan
  • Genres : Adventure
  • Original Author : Taran Matharu

အခန်းမှာ အပြင်က အေးစက်နေသော စင်္ကြန်လမ်းနှင့်ယှဉ်ပါက အတော့်ကိုပူသည်။ အခန်းထောင့်ရှိ မီးခိုတိုင်မှ မီးတောက်များမှာ ဖြာထွက်လျက်ရှိသည်။ 


“အခန်းတံခါးကိုပိတ်လိုက်စမ်းပါကွ၊ အပြင်မှာသေအောင်အေးနေတာ” အသံထပ်ထွက်လာပြန်သည်။ အခန်းအလည်ရှိ သစ်သားစားပွဲခုံနောက်မှ အသံထွက်လာတာမှန်း Fletcher သတိထားမိလိုက်ပြီး အခန်းတံခါးကို ထပိတ်လိုက်သည်။ 


“လှုပ်လှုပ်ရှားရှားနေစမ်းပါကွ။ မင်းဝတ်ထားတဲ့ ခေါင်းစောင်းကို ဖယ်လိုက်။ လူတစ်ယောက်နဲ့စကားပြောရင် မျက်နှာကိုဖုံးထားတာ ရိုင်းတဲ့အပြုအမူဆိုတာ မင်းမသိဘူးလား?” 


Fletcher လည်း အခန်းတံခါးကို မြန်မြန်ပိတ်ပြီး သူ့ကုတ်ကိုချွတ်လိုက်တယ်။ Fletcher နဲ့အတူပါလာတဲ့ နတ်ဆိုးကောင်က ခြေရင်းကိုပြုတ်ကျသွားတယ်။ 


စားပွဲခုံထောင့်က ဆီမီးခွက်ကို မီးညှိလိုက်သည်နှင့် မုတ်ဆိတ်မွှေးအဖြူရောင်များ ထူထဲစွာဖုံးလွမ်းနေသော သူ့ပုံစံကို တွေ့ရသည်။ 


“အင်း မင်းရဲ့နတ်ဆိုးကောင်က ရှားပါးမျိုးပဲ။ ငါ့တောင်မှ တိုက်ပွဲတွင်းမှာ တစ်ခါပဲမြင်ခဲ့ဖူးတာ အဲ့တုန်းကနတ်ဆိုးကောင်ကတော့ ငါတို့ဘက်ကမဟုတ်ဘူး” ထိုလူက စားပွဲပေါ်က မျက်မှန်ကိုကောက်တပ်ကာ lgnatius လေးကို စူးစိုက်ကြည့်လိုက်သည်။ lgnatius က သူ့အကြည့်ကိုရှောင်လိုက်ပြီး ပုန်းလိုက်တော့ သူပြုံးလိုက်တယ်။ 


“ဒီကောင်တွေက အရမ်းသေးပြီး အထိခိုက်မခံပေမယ့် အစွမ်းထက်ကြတယ်။ မင်းကို ဘယ်သူပေးခဲ့တာလည်း ပြောပါဦး? ငါ့တာဝန်က ရှားပါးမျိုးစိတ်နတ်ဆိုးကောင်တွေ ဆင့်ခေါ်နိုင်တဲ့အခါတိုင်းမှာ မှတ်တမ်းလုပ်ပြီး အထက်ကို တင်ပြရတာမို့ပါ”


“ကျွန်တော့ကို Arcturus လွှတ်လိုက်တာပါ” ဒီအဖြေက လုံလောက်မည်အထင်ဖြင့် Fletcher က ပြန်ဖြေလိုက်သည်။ 


“မင်းသူသဘောကျအောင်လုပ်ပြခဲ့တယ်မလား! ငါတို့ဆီ စစ်မြေပြင် အတွေ့အကြုံမရှိသေးတဲ့ ဆင့်ခေါ်သူတွေကို တိုက်ခိုက်သူတွေကိုယ်တိုင် မခေါ်လာဖြစ်တာ ၂နှစ်နီးပါးလောက်တောင် ရှိတော့မယ်ထင်တယ်။ မင်းသိပ်ကံကောင်းတယ်သိလား။ ပုံမှန်အရပ်သားတွေအတွက်ဆိုရင် သာမာန်နတ်ဆိုးကောင်တွေကိုပဲ လက်ဆင့်ကမ်းလေ့ရှိတာ။ အကောင်သေးလေးတွေ၊ ဖမ်းရလွယ်တဲ့ အစွမ်းသိပ်မကြီးတာမျိုးတွေပေါ့ကွာ။ ကံမကောင်းချင်တော့ လိုအပ်တဲ့အခါ စစ်မြေပြင်အတွက်လည်း ထောက်ပံ့ပေးနိုင်မယ့် နတ်ဆိုးကောင်တွေကိုတော့ ကျပန်းရွေးချယ်ပြီး စေလွှတ်ရတာပေါ့။ လက်ရှိလည်ပတ်နေတဲ့ ဂေဟစနစ်က အကောင်းကြီးတော့ မဟုတ်ဘူး ဒါပေမည့်လည်း ဒါကငါတို့မှာရှိတဲ့ အကောင်းဆုံးနည်းလမ်းပဲ။ အင်း ဘာပဲဖြစ်ဖြစ်ပါ ပြီးမှ ငါ Arcturus နဲ့ စကားတော့သွားပြောရဦးမယ်” 


Fletcher က လေးပင်စွာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ 


“ဟေ့ကောင် ဒီမှာက ခေါင်းညိတ်ခေါင်းခါတာတွေမရှိဘူး။ “ဟုတ်ကဲ့ပါ Sir Provost Scipio” လို့ ပြန်ဖြေရတယ် နားလည်လား” 


“ဟုတ်ကဲ့ပါ Sir Provost Scipio” Fletcher လည်း သူ‌ပြောသလိုပြောပြီး မတ်မတ်ရပ်လိုက်တယ်။ 


“ကောင်းပြီး  ခုမင်းဘာလုပ်ချင်လဲ?” Scipio က သူ့ကုလားထိုင်မှာ ပြန်ထိုင်ရင်း မေးတယ်။ 


“ကျွန်တောဒီမှာအဖွဲ့ဝင်ဖြစ်ချင်ပါတယ် ခင်ဗျာ။ တိုက်ပွဲဝင်စစ်သည်တစ်ယောက် ဖြစ်လာအောင် သင်ယူလေ့လာချင်ပါတယ်” 


“မင်းဒီကိုတောင်ရောက်နေပြီပဲ မဟုတ်ဘူးလားကွ။ မနက်ဖြန်မှ တရားဝင်အဖွဲ့ဝင်အဖြစ်နဲ့ စာရင်းသွင်းလို့ရမယ် ခုတော့ မင်းသွားလို့ရပြီ” Scipio က လက်ကိုဝှေ့ရမ်းကာ ထွက်သွားဖို့ပြောသည်။ Fletcher လည်း နားမလည်နိုင်စွာ အူလည်လည်နဲ့ လှည့်ထွက်ခဲ့တော့သည်။ အရာအားလုံးက လွယ်လွယ်ကူလွန်းနေသည် မဟုတ်ပါလား။ 


Jeffrey က စိုးရိမ်စွာနဲ့ သူ့ကို စောင့်နေတာကို တွေ့လိုက်သည်။ 


“အဆင်ပြေခဲ့ရဲ့လား” လှေကားပေါ်ကနေဆင်းလာတဲ့ Fletcher ကို လှမ်းမေးလိုက်သည်။ 


“အဆင်ပြေတယ်ဆိုတာထက်ကို ပိုပါတယ်။ သူ ငါ့ကို အဖွဲ့ဝင်အဖြစ်လက်ခံလိုက်ပြီ” Fletcher က ရွှင်ပြစွာပြုံးပြီး ပြောလိုက်တယ်။ 


“သိပ်တော့မထူးဆန်းပါဘူးကွာ ဒီချိန်မှာ ဆင့်ခေါ်နိုင်တဲ့ ဘယ်သူ့ကိုမဆို အင်အားတရပ်အနေနဲ့ လိုအပ်နေတာဆိုတော့ စည်းမျဉ်းစည်းကမ်းတွေလည်း စပြီး ပြောင်းလဲပစ်နေရတယ်။ ခုဆို အမျိုးသမီးဆင့်ခေါ်သူတွေတောင်ရှိလာနေပြီ။ ဒါငါပြောသင့်တဲ့အရာတော့ မဟုတ်ပါဘူး။ မင်းဘာသာ ကိုယ်တိုင်ပဲ မျက်မြင်တွေ့ရပါလိမ့်မယ်” Jeffrey က တီးတိုးပြောလိုက်သည်။ Fletcher လည်း မစပ်စုဖို့ဆုံးဖြတ်လိုက်ပြီး မှောင်နေတဲ့လှေကားပေါ်မှာ လမ်းကြောင်းမလွဲအောင် ဂရုတစိုက်လျှောက်လာလိုက်သည်။ 


“ဒီနားမှာ မီးအိမ်တွေ မီးတိုင်တွေ သိပ်မတွေ့ရဘူးနော်” လျှောက်လာတဲ့လမ်းကို ကြည့်ရင်းပြောလိုက်သည်။ 


“အင်း ငွေကြေးအခက်အခဲကြောင့်ပေါ့ကွာ။ ဒါပေမယ့် တော်ဝင်မျိုးနွယ်တွေ ရောက်တဲ့အချိန်ကျရင်တော့ ဒီနေရာကြီးတစ်ခုလုံးနွေးနေအောင်ပြင်ထားရမှာ။ သူတို့အတွက် အရာအားလုံးအဆင်သင့်ဖြစ်မနေရင် သူတို့ရဲ့ မိဘတွေဆီမှာ ကွန်ပလိန်းတက်ကြလိမ့်မယ်။ ဒီကိုလာတဲ့ တော်ဝင်မျိုးနွယ်တွေထဲမှာ တဝက်လောက်က ပျက်စီးနေတဲ့ သားသမီးတွေပေါ့၊ ဒါပေမယ့် တစ်ချို့ အရည်အချင်းရှိတဲ့ သူတွေလည်းပါပါတယ်” အောက်ဆုံးထပ်ဆီကိုရောက်တော့ Jeffrey က ခေတ္တရပ်လိုက်သည်။ သူ့ကို သေချာကြည့်မိတော့ ခန္ဓာကိုယ်အချိုးအစားမှာ Fletcher ထက်ပင် ပိန်သေးပြီး အညိုရင့်ရောင်ဆံပင်များက ဖြူရော့နေသည့် သူ့ပုံစံနှင့်မလိုက်ဖက်စွာပဲ ရှိနေသည်။ 


“မင်းအဆင်ပြေရဲ့လား? မင်းကြည့်ရတာ နေမကောင်းနေသလိုပဲ” Fletcher က မေးလိုက်သည်။ Jeffery တစ်ယောက် ရုတ်တရက် ချောင်းတွေဆိုးကာ အသက်ကိုပြင်းပြင်းရှူနေရသည်။ 


“ငါ့မှာ အရမ်းပြင်းတဲ့ ပန်းနာရင်ကျပ်ရောဂါရှိတယ်။ အဲ့ဒါကြောင့် ငါ့ကို စစ်ထဲဝင်ခွင့်မပြုကြတာ။ ဒါပေမယ့် ငါ့တိုင်းပြည်အတွက် တစ်ဖက်တစ်လှမ်းကနေ ကူညီချင်လို့ ဒီမှာ အလုပ်ဝင်လုပ်လိုက်တာ။ ခဏလောက်ပါပဲ ခဏနေရင် ငါသက်သာသွားမှာပါ။ ငါ့ကိုခဏလောက် အချိန်ပေးပါ” Jeffrey က အသက်ရှူကျပ်နေရင်းကပဲ ပြောသည်။ 


Fletcher က Jeffrey ရဲ့ မျိုးချစ်စိတ်ပြင်းထန်မှုအပေါ် အရမ်းလေးစားသွားမိသည်။ Pelt မြို့ကနေ ထွက်လာခဲ့တဲ့တလျှောက် တခြားမြို့ကြီးရွာကြီးတွေ ဖြတ်လာခဲ့တာတောင်မှ ဒီလိုမျိုးချစ်စိတ်ရှိတဲ့ သူမျိုးကို သူမတွေ့မမြင်ဖူးခဲ့။ 


“Scipio ရဲ့ နတ်ဆိုးကောင်ကို ငါမမြင်ခဲ့ရဘူး။ သူ့မှာ ဘယ်လိုနတ်ဆိုးကောင်မျိုးရှိတာများလည်း?” Jeffrey အသက်ရှူရတာ ပုံမှန်ပြန်ဖြစ်လာတော့ Fletcher က စကားစပြောလိုက်သည်။ 


“သူ့မှာမရှိတော့တာ။ အရင်က Flid ဆိုတဲ့ နတ်ဆိုးတကောင် သူ့မှာရှိခဲ့ဖူးတယ်။ အဲ့ကောင်လေးက သူတပ်ကနေ အနားမယူခင်မှာပဲ ဆုံးသွားတယ်။ ပြောကြတာတော့ အဲ့ကောင်လေးကို ဆုံးရှုံးလိုက်ရတုန်းက Scipio တစ်ယောက် အရမ်းစိတ်ထိခိုက်သွားတယ်တဲ့။ ခုတော့ Vocans မှာ သင်ကြားရေးနဲ့ စီမံခန့်ခွဲရေးတွေပဲ လုပ်တော့တယ်” 

Felid က ဘယ်လိုနတ်ဆိုးကောင်မျိုးပါလိမ့်။ ကြောင်နဲ့များတူနေမလားမသိဘူး၊ Fletcher တယောက်တွေးနေမိသည်။ 


 မီးမှိန်မှိန်ထွန်းထားသော စင်္ကြန်လမ်းတလျှောက်ဖြတ်လာကြရင်း ရှေ့ထောင့်နားဆီမှာ လှေကားတစ်ခုကိုထပ်တွေ့လိုက်ရသည်။ Jeffrey က စိုးရိမ်စိတ်ဖြင့် မထားခဲ့ရက်သည့်ပုံဖြင့် သူ့ကိုကြည့်နေခဲ့သည်။ 


“စိတ်မပူပါနဲ့ကွာ ငါအဆင်ပြေမှာပါ။ ဒီကနေဘယ်လိုဆက်သွားရမလဲပဲပြော ငါ့ဘာသာ ဆက်သွားလိုက်တော့မယ်” Fletcher ကပြောတယ်။ 


“Oh ကျေးဇူးပါပဲ ဘုရားသခင်။ ဒီအခမ်းအနားကို မင်းလွတ်သွားလို့ မဖြစ်ဘူး။ သာမာန်အရပ်သားတွေအတွက် အဆောင်က ဒီကနေတက်သွားပြီး အရှေ့တောင်ဘက်အဆုံးထိပ်မှာရှိတဲ့ အဆောင်ပဲ။ မင်းအင်္ကျီတွေကို လျှော်ဖို့ ငါလူတစ်ယောက်လွှတ်ပြီး ယူခိုင်းလိုက်မယ်။ အပေါ်မှာရှိတဲ့ အခန်းတစ်ခန်းဆီတိုင်းမှာ အင်္ကျီအပိုတွေထားပေးထားတယ်။ မင်းနဲ့တော်မယ့် တထည်ကို စမ်းဝတ်ကြည့်ထားလိုက်။ ဟောခန်းထဲရောက်သွားမှ အင်္ကျီကအနံ့နံလို့ဆိုပြီး မင်းရဲ့ ပထမဆုံးနေ့မှာတင် လှောင်ပြောင်ကြမှာတော့ မခံချင်ဘူးမဟုတ်လား” Jeffrey က အမြန်အမြန်ပြောပြီး ထွက်သွားတော့သည်။ 


သူပြောသွားတဲ့အထဲ အရပ်သားတွေအတွက် သီးသန့်အဆောင်ဆိုသည့် အချက်ကို Feltcher စိတ်ထဲ ဘဝင်သိပ်မကျပဲ ရှုပ်ထွေးသွားသည်။ ဘာ့ကြောင့် သာမာန်သူတွေက တသီးတခြား အဆောင်ဖြင့် နေစရာလိုသနည်း? တွေးရင်းနဲ့ပဲ လှေကားရှည်ကြီးပေါ်သို့ တက်လာလိုက်သည်။ 


လှေကားထစ်ပေါင်းများစွာကို တက်လာခဲ့ပြီးနောက်မှာတော့ အပေါ်ထပ်မှ ကောင်လေးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။ 


“ခဏနေပါဦး၊ ဒါအစေခံတွေထဲက တစ်ယောက်ပဲ။ ငါတို့ကို မနက်စာစားဖို့ ခေါ်တော့မယ်လို့ငါထင်တယ်” ကောင်လေးရဲ့အသံက Pelt မြို့ခံတွေလိုပဲ ‌‌‌ဒေသသံဝဲသည်။ 


“ငါတော့ တော်တော်ဗိုက်ဆာနေပြီ။ အရင်တခေါက်ကလိုမျိုး ဒီမှာ ငြိမ်ငြိမ်ထိုင်ခိုင်းရင်းနဲ့ပဲ အချိန်ကုန်သွားအောင် မလုပ်လောက်ပါဘူးနော်?” မိန်းကလေးတစ်ယောက်က သူ့နောက်ကနေလိုက်ပြောသည်။


“Nah အရင်တခေါက်တုန်းက Scipio ဒီမှာရှိနေတော့ ငါတို့ကိုသူက ငြိမ်ငြိမ်နေစေချင်တာ၊ ဒါပေမယ့် ဒီအခန်းက အရမ်းအေးတယ်ဆိုပြီး သူအပြစ်ပြောနေတာကို ငါတွေ့လိုက်တယ်။ ဒီနေ့တော့ သူကန်တင်းမှာ လာမစားလောက်ဘူးထင်တာပဲ” ကောင်လေးကပြန်ဖြေတယ်။


အခန်းကျယ်ထဲကိုရောက်တော့ Fletcherနဲ့ ဆံဖြူကောင်လေးတစ်ယောက်နဲ့ တည့်တည့်တိုးပြီး တိုက်မိမလိုဖြစ်သွားသည်။ 


“Oops တောင်းပန်ပါတယ်ကွာ။ ငါစကားပြောတာနည်းနည်း အရှိန်များသွားပုံရတယ်။ လာ မင်းအိတ်ကို ကူသယ်ပေးပါရစေ” ကောင်လေးကပြောပြီး Fletcher ရဲ့ ခရီးဆောင်အိတ်ကို အခန်းအလည်က စားပွဲခုံရှည်ကြီးရှိရာကို သယ်သွားလိုက်သည်။ 


“Rory Cooper ရဲ့ ဝန်ဆောင်မှုပါဗျ” ကောင်လေးကပြောရင်း Fletcher ကို လက်ဆွဲနှုတ်ဆက်သည်။ “ကျွန်တော်တို့ရဲ့ အဆောင်ကနေ ကြိုဆိုပါတယ် ခင်ဗျာ” 


အစိမ်းရောင်တောက်တဲ့ မျက်လုံးတွေရှိပြီး ပွယောင်းယောင်းဆံပင်တွေနဲ့ လှပတဲ့ မိန်းကလေးတစ်ယောက်က သူ့ကို လှမ်းပြုံးပြသည်။ အမျိုးသမီးလေးရှေ့က စားပွဲပေါ်မှာတော့ လှည့်ပတ်ကစားနေတဲ့ ပိုးတောင်မာနှင့်ပုံစံတူသည့် အပြာရောင်အတောင်ပံတွေနဲ့ နတ်ဆိုးကောင်လေးတစ်ကောင်ရှိသည်။  နောက်တစ်ကောင်မှာ အစိမ်းရင့်ရောင်ရှိပြီး Rory ရဲ့ ခေါင်းပေါ်မှာရှိနေပြီး သူ့ဆီက ထွက်လာတဲ့မြည်သံသေးသေးလေးကို အခန်းရဲ့ နေရာအနှံ့ ကြားနေရသည်။ 


ဒီနတ်ဆိုးကောင်တွေက သူတွေ့ဖူးသမျှ အင်းဆက်ကောင်တွေရဲ့ အရွယ်အစားနဲ့ ယှဉ်လျှင် ကြီးမားလွန်းသည်။ လက်ဖဝါးနဲ့ပင်မဆန့်လောက်ပေ။ သူတို့ကိုယ်ပေါ်မှာ ချပ်ဝတ်တန်ဆာလို သံထည်အကာအကွယ်များ ဝတ်ဆင်ပေးထားသည်။ lgnatius လေးက တခြားနတ်ဆိုးကောင်တွေကို မြင်ကာ သူ့ပုခုံးနောက်ထဲကနေ မာန်ဖီနေပေမယ့် ပုန်းနေရာကနေ အပြင်တော့ထွက်မလာခဲ့။ 


“ငါက Genevieve Leatherby ပါ။ နင့်နာမည်ကရော?” မိန်းကလေးက အပြုံးလေးနဲ့ ကြိုဆိုရင်း မိတ်ဆက်သည်။ 


“Fletcher ပါ။ တွေ့ရတာဝမ်းသာပါတယ်။ ဒီမှာ မင်းတို့၂ယောက်ပဲရှိတာလား? တခြားသူတွေလည်းရှီဦးမယ်ထင်နေတာ... တခြား အရပ်သားတွေလေ” Fletcher က အရပ်သားဆိုတဲ့ စကားလုံးကို တွန့်ဆုတ်စွာပဲ ပြောရင်းမေးလိုက်သည်။ 


“ငါတို့လိုပဲနောက်လူတွေရှိသေးတယ် သူတို့က မနက်စာစားဖို့ အောက်ထပ်ကဟောခန်းထဲမှာ စောင့်နေကြတယ်။ ပြီးရင်တော့ ဒုတိယနှစ်သမားတွေအလှည့်ပေါ့၊ ဒုတိယနှစ်တွေက ငါတို့ထက် နောက်ကျမှ စားရတာဆိုတော့ ခု‌လောက်ဆို အိပ်နေကြတုန်းပဲ ရှိဦးမှာ။ ငါတို့မနက်စားဖို့ ခုချိန်ထိ အချိန်တိတိကျကျ သတ်မှတ်ပေးထားတာ မရှိသေးတော့ အစေခံတွေလာပြီး မကြေညာခင် စောစောထပြီး လာစောင့်နေလိုက်ကြတာ” Genevieve က နောင်တရတဲ့လေသံနဲ့ ပြောသည်။ “ဒီကိုစရောက်တုန်းကတော့ ငါတို့အပြင် ကျောင်းသားတွေ ဒီ့ထက်များမယ်ထင်ထားတာ ဒါပေမယ့် ပထမနှစ်ကျောင်းသားက နင်အပါအဝင် ငါတို့ ၅ယောက်ပဲ ရှိတယ်။ ဒီနှစ်တွေထဲ ဆင့်ခေါ်သူတွေနည်းလာတာကြောင့် အမျိုးသမီးတွေကိုပါ အဖွဲ့ဝင်ဖို့ ဖိတ်ကြားခွင့်ပြုလိုက်တယ်ဆိုထဲကိုက သိပ်တော့ မအံ့သြောသင့်တော့ပါဘူးဟာ” 


ထိုစဉ် Rory က စကားဖြတ်ပြောလိုက်တယ် “တကယ်တော့ ငါတို့မှာ ၇ယောက်ဖြစ်ရမှာ၊ ကျန်တဲ့ ၂ယောက်က မနေ့ညကမှရောက်တာလို့ပြောတယ်။ သူတို့၂ယောက်က အခန်းထဲက ခုထိထွက်ကိုမလာကြသေးတာ။ ဘာတွေပျောက်လို့ရှာနေကြလဲတော့ မသိဘူး” Rory က ပြုံးဖြီးဖြီးနဲ့ပြောသည်။ “သူတို့ငါ့ဆီပဲရောက်လာကြမှာပါ ငါ့ကိုလူတိုင်းကချစ်ကြတယ်လေ” 


“အမယ်လေး တော်စမ်းပါ။ ငါတွေ့ဖူးသမျှထဲမှာ နင်ဆိုတာ လူတကာကို စိတ်အနှောင့်အယှက်ပေးနိုင်ဆုံးလူပဲ” Genevieve က Rory ကို စနောက်ပြီး တွန်းထုတ်လိုက်သည်။ Rory က Fletcher ကို ပြုံးပြပြီး ခပ်ဝေးဝေးက အခန်းတံခါးကို မေးငေါ့ပြသည်။ 


“မင်းသွားပြီး မိတ်ဆက်ကြည့်ပါလား? သူတို့ငါတို့နဲ့ မနက်စာအတူထွက်လာပြီး စားချင်စားမှာပေါ့”


~~~~~


rate now: