book

Index 16

အပိုင်း ၁၆။

  • Author : Chan Chan
  • Genres : Adventure
  • Original Author : Taran Matharu

အဲ့ညက Arcturus ဆီက ဘာမှအများကြီးတော့ မသိခဲ့ရပါဘူး။ ဒီလူက သူ့စကားတော့သူတည်တယ်။ Fletcher ကို အမဲသား pie မုန့်အကောင်းစား ဝယ်ကျွေးပြီး သူပြောသမျှတွေကို နားထောင်ပေးခဲ့သည်။ Dicdric အကြောင်းကိုတော့ ချန်ထားပြီး မပြောပြဖြစ်ခဲ့။ Fletcher ပြောပြလို့အပြီးမှာပဲ Arcturus က ခွင့်တောင်းပြီး သူ့အခန်းကိုသူပြန်သွားခဲ့တယ်။ Fletcher ကတော့ ပြည့်အင့်အောင်စားလို့အပြီးမှာပဲ ရေပူကန်ထဲရေဆင်းစိမ်ကာ ‌ရေချိုးပြီး ပိုးမွေ့ယာပေါ်မှာအိပ်ယာဝင်ခဲ့သည်။ lgnatius အတွက်ကိုလည်း လတ်လတ်ဆတ်ဆတ်ကျိတ်ထားသော အသားများကို ကျွေးခဲ့သေးသည်။ Arcturus မှာ ဒီလောက်ထိ စားနိုင်သောက်နိုင်တဲ့ ဝင်ငွေတွေရှိတာတွေ့တော့ ဆင့်ခေါ်သူတွေရဲ့ ဘဝကလည်း အရမ်းတော့မဆိုးဟုတွေးမိသည်။ 


မနက်ရောက်တော့ စိတ်မရှည်စွာနဲ့ လာနှိုးတဲ့လူတစ်ယောက်ကြောင့် သူနိုးလာခဲ့သည်။ ထိုသူက Fletcher ကို Academy ပို့ပေးရန်အတွက် Arcturus ရဲ့ ညွှန်ကြားချက်နဲ့ ရောက်လာခြင်းဖြစ်သည်။ Fletcher လမ်းပေါ်ထွက်လာတာ မြင်သည်နှင့် လှည်းပေါ်အမြန်တက်ရန်ပြောပြီး သူ့ဘေးမှာထိုင်ခိုင်းလေသည်။ သို့မဟုတ်ပါက သူဒီမနက် အသီးအရွက်ပို့ရန်အတွက် နောက်ကျတော့မည်ဖြစ်သည်။ 


ခရီးက အချိန်၂နာရီခန့်ကြာလာတော့ Fletcher က လှည်းမောင်းကို စကားစမြည်ပြောဖို့ ကြံရွယ်ခဲ့သော်လည်း ထိုသူမှာ ယာဉ်ကြောပိတ်ဆို့မှုကိုသာ စိုးရိမ်ပူပန်နေခဲ့သည်။ အဲ့ဒါနဲ့ Fletcher လည်း သူ့ရဲ့ နတ်ဆိုးကောင်လေးကို ပုခုံးပေါ်တင်ပြီး လိုက်ပါစီးနင်းလာတော့ လမ်းတလျှောက် လူတွေရဲ့ တအံ့သြဖြစ်နေမှုကိုကြည့်ကာ ဂုဏ်ယူနေခဲ့မိသည်။ Arcturus က သူ့ရဲ့ နတ်ဆိုးကောင် Sacharissa ကို သတ္တိရှိရှိနဲ့ လမ်းပေါ်ထုတ်ခဲ့တာကို တွေ့ပြီးထဲက သူဘာလို့ ဒီလိုမလုပ်ခဲ့မိတာပါလိမ့်ဆိုပြီး တွေးမိခဲ့သည်။ သည့်အတွက်ကြောင့် lgnatius လေးကို လမ်းပေါ်ထုတ်ခဲ့ခြင်းဖြစ်သည်။


Vocans Academy ကို စိတ်ထဲကနေပုံဖော်နေခဲ့ပေမယ့် ဒီကျောင်းနဲ့ပတ်သက်ပြီး သူသိထားသမျှက အရမ်းကိုနည်းပါးသည်။ ဒီကြီးကျယ်ခန်းနားတဲ့ကျောင်းကြီးထဲမှာ သင်ကြားသူအသစ်တွေအတွက်တော့ လေ့ကျင့်ကွင်းထဲမှာ ဘယ်လိုမှ သက်တောင့်သက်သာ ရှိနိုင်မည်မဟုတ်။ မည်သို့ပင်ဆိုစေကာမူ လှည်းဘီးတချက်လှိမ့်လိုက်တိုင်းမှာ Fletcher ရဲ့ စိတ်လှုပ်ရှားမှုတွေက မြင့်တက်လာခဲ့ရသည်။ 


နောက်ဆုံးတော့ တောင်ဘက်နယ်စပ်ဂိတ်ဆီကို ရောက်ရှိခဲ့သည်။ ပဲ့တင်ထပ်နေသည့် အမြှောက်ပစ်သံများကို အဝေးတစ်နေရာဆီကနေ ကြားနေရသည်။ ပတ်ပတ်လည်တွင် မြက်ခင်းစိမ်းများဖြင့် ပြည့်နေသော်လည်း ဖုန်ထူတဲ့ ဒီလမ်းမကြီးတလျှောက်မှာ ပျက်ဆီးနေသည့် မြေကြွင်းကြီးများကို အနှံ့အပြားတွေ့ရသည်။ စစ်ရဲ့ဘေးထွက်ဆိုးကျိုးထိခိုက်မှုများ၏ သက်သေသဓာကများပင်။ 


“ဟိုမှာက ရဲတိုက်လေ” လှည်းမောင်းက ရုတ်တရက် တိတ်ဆိတ်နေရာကနေ မြူတွေဆိုင်းနေတဲ့အနောက်ဆီက တောင်တလုံးကဲ့သို့ မြင့်မားတဲ့ အရိပ်သဏ္ဍန် အရာကို ညွှန်ပြရင်း ပြောပြသည်။ လှည်းမောင်းက သူ့လှည်းကို  ရှေ့မှာရောက်နှင့်နေသော လက်နက်တင်သည့် ယာဉ်တန်းများနောက်မှာ စီတန်းလိုက်သည်။ 


“အဲ့ဒါ ဘုရင်ကြီးနေတဲ့ ရဲတိုက်လားခဗျ?” 


“မဟုတ်ဘူးကွ။ အဲ့ဒါ Vocans Academy လေ။ ဘုရင်ကြီးက Corcillum မြို့တော်က အပန်းဖြေနန်းတော်မှာ သူ့ဖခင်နဲ့အတူ စံမြန်းနေတယ်” Fletcher က လေပြင်းတွေတိုက်နေသည့်ကြားက မြူတွေဖုံးလွှမ်းနေတဲ့ ရဲတိုက်ကြီးကို အံ့အားသင့်စွာကြည့်နေခဲ့မိပြီး လှည်းမောင်းပြောတာကို နားမဝင်တော့ပါ။ 


ရဲတိုက်မှာ Beartooth တောင်ထိပ်တစ်ခုစာမျှ ကြီးမားသည်။ မိန်းအဆောက်အဦးတစ်ခုထဲကပင် စကျင်ကျောက်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော မိန်းခန်းမဆောင်တစ်ခုရှိပြီး လေးဘက်လေးတန်တွင် အဆောင်ခွဲလေးခုရှိသည်။ အဆောင်တခုဆီတိုင်း၏ထိပ်တွင် ပေတရာခန့်မြင့်မားသော နန်းဆောင်များထက်မှာ ရှေးခေတ်အနုပညာလက်ရာများဖြင့် ပြုလုပ်ထားသည်။ ရဲတိုက်ပတ်ပတ်လည်မှာတော့ ပေ၂၀ပတ်လည်ခန့်ရှိ နက်မှောင်သော ကျုံးတစ်ခုရှိသည်။ ဂိတ်တံတားပေါက်ပွင့်လာတာနဲ့ တပြိုင်နက် လက်နက်တွေ သယ်ဆောင်လာသော ယာဉ်တွေဟာ အဝေးက အမြှောက်များပစ်နေသည့်နေရာသို့ ဦးတည်ထွက်ခွာသွားကြသည်။ 


Academy နားနီးကပ်လာသည်နှင့် ကျောင်းကြီး၏နံရံများပေါ်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာထဲက ထူထဲစွာပေါက်ရောက်နေသော နံရံကပ်နွယ်ပင်များ၊ ရေညှိများဖြင့် လှပစွာ ပြည့်နေသည်ကို တွေ့ရသည်။ 

ဂိတ်တံတားပေါ်ကဖြတ်သောအခါ တံတားပေါ်က သစ်သားအဆွေးကြောင့် မြင်းများမှာလန့်ပြီး ပြုတ်ကျမလိုဖြစ်ခဲ့ပေမယ့်လည်း တစ်ဖက်ကမ်းရောက်အောင် မောင်းနှင်နိုင်ခဲ့သည်။ 


ရဲတိုက်အဝင်တံခါးမှာ ထူထဲသော သစ်သားတံခါးမကြီးများဖြစ်ပြီး ဝင်းပတ်ပတ်လည်မှာ နံရံများကာရန်ထားသဖြင့် အဝေးကလာသော ပြင်ပအလင်းရောင်အနည်းငယ်မျှကိုသာ မြင်နိုင်လေသည်။ 


မြင်းလှည်းရပ်သံကြားသည်နှင့် တပြိုင်နက် နီမြန်းသော မျက်နှာရှိသည့် ခပ်ဝဝ လူကြီးတစ်ဦး အရိပ်ထဲမှ ထွက်လာခဲ့သည်။ သူနှင့်အတူ ပစ္စည်းအတင်အချလုပ်ရန်အတွက် မီးဖိုချောင်အကူကောင်လေး ၂ယောက်ပါလာသည်။ 


“ခါတိုင်းလိုပဲ နောက်ကျပြန်ပြီနော်။ ဒီလိုအမြဲနောက်ကျနေမယ်ဆိုရင် လူလဲပေးဖို့ ကြီးကြပ်ရေးမှူးနဲ့ ပြောမှဖြစ်တော့မယ်။ ခုပဲကြည့်လေ မနက်စာပြင်ဖို့ နာရီဝက်လောက်ပဲ အချိန်ရတော့တယ်” လူဝကြီးက သူ့ခါးစည်းကိုဖြုတ်ကာ ကူသယ်ပေးရင်း ပြောလိုက်တယ်။ 


“ဒီနေ့က ကျွန်တော်နောက်ကျတာမဟုတ်ပါဘူး Mr Mayweather ရေ၊ အရာရှိတစ်ယောက်က လူသစ်တစ်ယောက် ဝင်ခေါ်ခိုင်းလို့ ဝင်ခေါ်တာနဲ့ နာရီဝက်လောက်က နှောင့်နှေးသွားတာပါ။ ‌ဟေ့ ကောင်လေး မင်းလည်းပြောပြလိုက်ဦးလေ” လှည်းမောင်းတဲ့ဦးလေးက Fletcher ကျောကိုပုတ်ပြပြီးပြောလိုက်တယ်။ Fletcher အတွက်တော့ အိမ်သစ်တလုံးဆီ ပထမဆုံးစရောက်နေရသလိုပဲမို့ စကားပင်ကောင်းစွာ ပြန်မဖြေကြားနိုင်ပဲ ခေါင်းပဲညိတ်ပြလိုက်သည်။ 


“အိုကေလေ ဟုတ်ပါပြီ ဒီတစ်ခါတော့ ရှိစေတော့ပေါ့။ ဒါပေမယ့် ခင်ဗျားကို ကျွန်တော်မှတ်ထားတယ်နော်” Mayweather က ပြောရင်း Fletcher နဲ့ နတ်ဆိုးကောင်လေး lgnatius ကို အကဲဖြတ်သလို တစ်ချက်ကြည့်သည်။ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ အကုန်လုံးကို ယာဉ်ပေါ်က ချအပြီးမှာ ယာဉ်မောင်းက နောက်ပင်ပြန်လှည့်မကြည့်ပဲ နောက်နေရာတစ်ခုဆီ ထွက်သွားခဲ့တော့ Fletcher လည်း ဘာလုပ်ရမယ် ရေရေရာရာမသိပဲ ရပ်ကျန်ခဲ့တော့သည်။ 


“ဟေ့ကောင် မင်းဘယ်ကိုသွားရမှာလည်း မင်းသိရဲ့လား?” Mayweather က မာထန်စွာပဲ မေးသည်။ “မင်းပုံစံက တော်ဝင်မျိုးထဲကလည်း ဟုတ်မယ့်ပုံမပေါ်ဘူး။ သာမန်အရပ်သားတွေအကုန်လုံးက လွန်ခဲ့တဲ့တပတ်ထဲက ဒီကို‌ရောက်နေကြတာ၊ ဒီရောက်နေတဲ့ ဒုတိယနှစ်ကျောင်းသားတွေ အကုန်လုံးကို ငါမှတ်တောင်မှတ်မိနေပြီ။ မင်းကလူသစ်ပဲဖြစ်ရမယ်။ မင်းကို Academy ကိုလာဖို့ ဖိတ်ကြားတုန်းက ငြင်းလိုက်ပြီး ခုမှ စိတ်ပြောင်းသွားတာလား?”


“ကျွန်တော့ကို Arcturus လွှတ်လိုက်တာပါ” 


“Ah ဒါဆိုရင် မင်းက သီးသန့်တန်းအတွက်ပဲ။ အပေါ်မှာတော့ ၂ယောက်ရောက်နေပြီ” Mayweather ရဲ့လေသံက အနည်းငယ်ပျော့ပြောင်းသွားသည်။ “ရောက်နေတဲ့ ၂ယောက်က မင်းထက်ပိုပြီး ထူးဆန်းကြသေးတယ်။ ဒါပေမယ့် ငါမင်းကို ခေါ်သွားပေးပါမယ်” 


“ပုံမှန်ဆိုရင် ဒီလိုလေ့ကျင့်ကာလမှာ ကိုယ်ပိုင်နတ်ဆိုးပါလာလေ့သိပ်မရှိဘူး” သူက lgnatius နားကို တိုးကပ်ကြည့်ရင်းပြောသည်။ “ရှာဖွေရေးအဖွဲ့က ထူးခြားတဲ့ ပါရမီရှိသူတွေကိုပဲ ခေါ်လာလေ့ရှိတယ်။ တော်ရုံလူကို ခေါ်မလာကြဘူး။ ခေါ်လာပြီးရင်လည်း သူတို့ရဲ့ နတ်ဆိုးတစ်ကောင်ကို ပြန်လက်ဆင့်ကမ်းရတယ်။ ဒါ့ကြောင့် ထူးခြားတဲ့သူတွေကိုပဲ ခေါ်လာကြတာ။ ရှေ့တန်းအတွက် သူတို့လက်ထဲမှာ နတ်ဆိုးကောင်အင်အား များများ လိုအပ်တယ်လေ။ Arcturus လိုလူမျိုးက မင်းကို ဒီရှားပါး နတ်ဆိုးမျိုးပေးတယ်ဆိုတော့ တော်တော်ကိုထူးဆန်းတာပဲ။ ဒါမျိုးငါတစ်ခါမှ မမြင်ဖူးသေးဘူး” 


“ကျွန်တော်ရောက်ရှိကြောင်း အကြီးအကဲ တစ်စုံတစ်ယောက်ကို တင်ပြစရာလိုသေးလားခင်ဗျ?” Fletcher က Mayweather ဆီက ဒီ့ထက်ပိုပြီး မေးခွန်းတွေထွက်မလာခင် ထွက်သွားချင်နေမိသည်။ သူ Pelt က နေဘယ်လိုထွက်လာပြီး lgnatius ကို ဘယ်လိုရလာလည်း မေးမည်ကို မလိုလား။


“မင်းကံကောင်းတယ်။ မနက်ဖြန်မှ ပထမဆုံးစမှာဆိုတော့ ဘာမှတော့သိပ်မလွတ်သွားပါဘူး။ တော်ဝင်မျိုးနွယ်တွေကတော့ ဒီညမှ‌ရောက်မယ်။ သူတို့က ဒီမလာခင် Corcillum မှာ တပတ်လောက် အရင်ဇိမ်ခံ အနားယူကြသေးတာလေ။ ဆရာတွေကတော့ မနက်ဖြန်မနက်မှ ရှေ့တန်းကနေရောက်ကြမယ်ဆိုတော့ မင်းကို Provost နဲ့ စကားပေးပြောတာ ပိုကောင်းလိမ်မယ်။ သူက ရှေ့တန်းမသွားရတာ နှစ်တဝက်လောက်ရှိနေပြီ။ ဒီအရှေ့တံခါးကနေတည့်တည့်သွားလိုက် ဝန်ထမ်းတယောက်ယောက်နဲ့တွေ့ရင် သူ့ဆီသွားဖို့ လမ်းညွှန်ပေးလိမ့်မယ်။ ကဲ ငါမနက်စာပြင်ဖို့သွားရတော့မယ် ခွင့်ပြုပါဦး” ပြောပြီး Mayweather က လှည့်ထွက်သွားတော့သည်။ 


lgnatius လေးက သူ့လည်ပင်းမှာ ပတ်လျက်ရှိနေသော်လည်း သူ့ကိုယ်သူ ဒီနေရာနှင့် အပ်စပ်သည်ဟု မခံစားရချေ။ ရှေးကျလွန်းတဲ့ ကျောက်နံရံတွေက ဒီအဆောက်ဦး၏ သမိုင်းသက်သေတွေအဖြစ် တည်ရှိနေပြီး သူလို သာမန်အရပ်သားတစ်ယောက်နဲ့တော့ မသက်ဆိုင် ခမ်းနားဝင့်ထည်လွန်းလှသည်။ 


နှစ်ထပ်ပိတ်ထားတဲ့ တံခါးကိုဖွင့်ကာ လှေကားအတိုင်းတက်သွားလိုက်သည်။ မနက်စာ မတည်ခင်းခင်မှာပဲ Provost ကို ရှာတွေ့နိုင်ရင် မနက်စာစားရင်းနဲ့ တခြားကျောင်းသားတွေနဲ့အတူ ငါ့ကိုယ်ငါ မိတ်ဆက်ပေးနိုင်မှာပဲ။ ဒါဆိုရင် ငါခုလိုတစ်ယောက်ထဲ ဖြစ်နေမှာမဟုတ်တော့ဘူး။  သူ့အတွေးနဲ့သူတက်သွားလိုက်သည်။


ဘယ်ညာနှစ်ဖက်ဆီ၌ မြွေလိမ်လှေကားများရှိပြီး ကြီးမားခန့်ညားတဲ့ လေသာဆောင်ခန်းမကြီးတစ်ခုထဲ ရောက်ခဲ့သည်။ အလွှာ၅လွှာပါရှိပြီး အလွှာတိုင်းကို သံတံတားများဖြင့်ချိတ်ဆက်ထားသည်။ မျက်နှာကြပ်ရှိ ကြီးမားလင်းထိန်သော ကျောက်တုံးတစ်တုံးပေါ်မှ ဖန်ခွက်အလှများ စီရီတွဲချကာအလှဆင်ထားပြီး နံရံကပ်မီးချောင်းများဖြင့် လင်းနေစေသည်။ ခန်းမရဲ့အဆုံးမှာ နောက်ထပ် သစ်သားတံခါးမကြီးတစ်ခုရှိနေပြီး အဲ့အပေါ်မှာရေးဆွဲထားသည်များကြောင့် Fletcher အရမ်းကို အံ့သြမှင်သက်သွားရသည်။ ရာနဲ့ချီသောနတ်ဆိုးကောင်များ၏ ပုံတူရုပ်ထုများကို ကျောက်တုံးပေါ်တွင် ရေးဆွဲထားပြီး ပုံတစ်ပုံချင်းဆီတိုင်း၏ အနုစိပ်လက်ရာများမှာ ရင်သက်ရှုမောဖွယ်ဖြစ်ပြီး နတ်ဆိုးကောင်များ၏ မျက်လုံးများကို ထူးခြားစွာ ကျောက်မျက်ရတနာများဖြင့် အလှဆင်ထားသည်။ 


ဒီဇိုင်းမျိုးစုံစွာ အလှဆင်ထားသော ခန်းမကြီးတစ်ခုလိုပင်။ စကျင်ကျောက်ခင်းကြမ်းပြင်ထက်မှာ လူငယ်အလုပ်သမားတစ်ဦး သန့်ရှင်းရေးလုပ်နေတာကို တွေ့လိုက်တော့ သူက Fletcher လျှောက်လာတဲ့ လမ်းတလျှောက်က ညစ်ပေနေတဲ့ ဖိနပ်ရာတွေကို မောပန်းစွာကြည့်လိုက်သည်။ 


“Provost ဆီကို ဘယ်လိုသွားရမလဲဆိုတာ ညွှန်ပြပေးလို့ရမလားဗျ?” Fletcher သူ့ခြေရာတွေကို ပြန်လှည့်မကြည့်ပဲ မသိချင်ယောင်ဆောင်ကာ စကားကို ထိန်းပြီးပြောလိုက်တယ်။ 


“Hmm ငါလိုက်မပြပေးရင် မင်းဒီမှာတင် လမ်းပျောက်နေလိမ့်မယ်။ ကဲ ကဲ လာပါကွာ အချိန်မဖြန်းနဲ့တော့၊ တော်ဝင်မျိုးတွေမလာခင် ငါ့မှာ အလုပ်လုပ်စရာတွေ အများကြီးရှိသေးတယ်” 


“ကျေးဇူးတင်ပါတယ်ဗျ။ ကျွန်တော်က Fletcher  ပါ၊ မင်းကရော?” Fletcher က လက်ဆွဲနှုတ်ဆက်ရန် လက်ကိုဆန့်တန်းထုတ်ပေးလိုက်ရင်း ပြောသည်။ အလုပ်သမားကောင်လေးက အရမ်းကိုအံ့အားသင့်စွာပဲ ကြည့်ပြီး ပြုံးလိုက်တယ်။ 


“အမှန်တိုင်းပြောရင် ဘယ်ကျောင်းသားကမှ ငါ့ကိုဒါမျိုးမမေးဖူးဘူးသိလား။ ငါ့နာမည်က Jeffrey ပါ။ မေးဖော်ရတဲ့အတွက် ကျေးဇူးပါပဲ။ မင်းသိပ်မကြာဘူးဆိုရင် ပြီးသွားတာနဲ့ မင်းနေရမယ့်အဆောင်နဲ့ အဝတ်အစားလျှော်တဲ့နေရာတွေကို ငါလိုက်ပြပေးမယ်။ စိတ်တော့မရှိနဲ့နော် မင်းရဲ့အဝတ်အစားက အနံ့တွေက လျှော်ကိုလျှော်မှရတော့မယ်” Fletcher မနေ့ညက ရေပူချိုးခဲ့ပေမယ့်လည်း သူ့အဝတ်အစားတွေက မလျှော်ခဲ့ရဖြင့် သိုးစော်တွေနံနေတုန်းပဲဆိုတာ ပြန်သတိထားမိသွားသည်။


Jeffrey က အရှေ့ဘက်လှေကားရှိ စင်္ကြန်လမ်းမှတဆင့် လမ်းပြခေါ်သွားခဲ့သည်။ လမ်းတလျှောက်ရှိ နံရံများပေါ်တွင် စစ်ပွဲတွင်းမှ ကြွင်းကျန်ရစ်သော ချပ်ဝတ်တံဆာများ၊ လက်နက်များကို စီရီထားရှိသည်။ ခြေလှမ်းအနည်းငယ်အကွာအဝေးတိုင်းမှာ ရှေးခေတ်တိုက်ပွဲကို ပုံဖော်ထားသည့် တိုက်ပွဲဝင်ပန်းချီကားချပ်များလည်း ချိန်ဆွဲထားသည်။ 


အိပ်ငွေ့ချထားသော နတ်ဆိုးကောင်လေးများကို ထည့်ထားသည့် အစိမ်းဖျော့ရောင် ဆေးရည်စိမ်ပုလင်းများကိုလည်း တွေ့ရသည်။ 


Jeffrey က အနည်းငယ်နှေးသွားခဲ့ပြီး နံရံပေါ်မှာချိတ်ဆွဲထားသော ကျောက်စိမ်းတုံးကြီးတစ်တုံးကိုပြသည်။ ကျောက်စိမ်းတုံးပတ်လည်မှာ မြှားခေါင်းပုံစံအရွယ်အစားရှိ ချွန်ထက်သော ကျောက်စွယ်များဖြင့် ဖုံးထားသည်။ 


“ဒါက Watford Bridge တိုက်ပွဲတုန်းက Amanye မျိုးနွယ် Orc မင်းသားတပါးဆီကနေ သိမ်းယူရရှိခဲ့တဲ့ စစ်အောင်ပွဲအထိမ်းအမှတ်လက်နက်ပေါ့။ အဲ့မင်းသားကို တိုက်ခိုက်အနိုင်ယူခဲ့တာ Provost ပဲလေ” Jeffrey က ဂုဏ်ယူစွာနဲ့ပြောတယ်။ “Provost က လူကောင်းတစ်ယောက်ပါ။ စည်းကမ်းအရမ်းတင်းကျပ်တယ်။ သူနဲ့စကားပြောရင် မျက်လုံးချင်းဆုံနေမှ၊ နောက်ကွယ်မှာပြောနေတာမျိုးတွေသူမကြိုက်ဘူး။ စိတ်ဝင်စားမှုရှိမနေတာမျိုးတွေ စော်ကားပြုမူတာမျိုးတွေကို သူအရမ်းမုန်းတယ်” 


Jeffrey က စကားတွေပြောရင်းပဲ ရှေ့မှာရှိတဲ့ သစ်သားတံခါးကြီးကို လက်သီးနဲ့ထုလိုက်တယ်။ 


“ဝင်ခဲ့ပါ” အထဲမှ နှစ်လိုဖွယ်ကောင်းသော အသံတစ်ခုထွက်လာသည်။ 


”Orc War Club”

~~~~~



rate now: