သူခိုးတွေအနားမရောက်လာခင် နတ်ဆိုးကောင်လေးကို ကုတ်အင်္ကျီထဲပြန်ထည့်လိုက်သည်။ အကောင်ငယ်လေးကလည်း သူ့ခြေချောင်းတွေကို အင်္ကျီထဲထိုးထည့်လိုက်ပြီး အခြေအနေကို စူးစမ်းနေပုံရသည်။
“အသင့်ပြင်ထားတော့ ငါ့ကောင်ရေ၊ အခြေအနေကြည့်ရတာ သိပ်မဟန်ဘူးကွ” Fletcher က တီးတိုးပြောလိုက်ရင်း လေးနဲ့မြှားကိုလက်ထဲအသင့်ပြင်ထားကာ ပစ်မှတ်လာရာလမ်းဘက်ဆီ ဒူးထောက်ချကာ ချိန်ရွယ်ထားလိုက်သည်။ ထိုလူများကလည်း ထောင့်နားဆီမှာ ရပ်တန့်သွားကာ သူ့ဆီကို စိုက်ကြည့်နေခဲ့တယ်။
“ခင်ဗျားတို့ ခုချက်ချင်းနောက်ပြန်ဆုတ်ပါ မဟုတ်ရင် လက်ထဲကမြှားနဲ့ ခင်ဗျားတို့မျက်လုံးတွေ ထုတ်ချင်းပေါက်သွားအောင် ပစ်ချလိုက်မယ်။ လူဆိုး သူခိုးလိုကောင်တွေနဲ့ ချရမှာလောက်ကို ငါက စာဖွဲ့နေမှာမဟုတ်ဘူးနော်။” သူက အော်ပြောရင်း လူကောင်အကြီးဆုံးတစ်ယောက်ဆီကို ချိန်ထားလိုက်တယ်။ ထိုလူက သူ့ရဲ့ ဝါထိန်နေတဲ့ ညစ်ထေးထေးသွားတွေ ပေါ်သည်အထိ ပြုံးလိုက်တယ်။
“အင်း မင်းပြောတာကို ယုံပါတယ်။ ဒါပေမယ့် ပစ်ချင်တိုင်း ပစ်ချလို့ရအောင် ငါတို့က လမ်းဘေးက ကျောက်တုံးအစုတ်အပြတ်တွေလည်း မဟုတ်ဘူးလေကွ” သူ့ရဲ့ ဓားရှည်ကို ထုတ်ပြရင်းပြောတယ်။ “ငါတို့လိုချင်တာက မင်းမှာပါတဲ့ ပိုက်ဆံအိတ်ပဲ၊ အဲ့ဒါရတာနဲ့ မင်းကို ဘာအန္တရာယ်မှ မဖြစ်စေရပါဘူးကွ”
ထိုလူက Fletcher ရဲ့ ဆယ်ပေအကွာနားလောက်ထိ ခြေလှမ်းအနည်းငယ်တိုးလာခဲ့တယ်။ နတ်ဆိုးကောင်လေးရဲ့ နှာခေါင်းမှ နှာမှုတ်သံတစ်ချက်ထွက်လာပြီး မီးတောက်တွေက ထိုလူကြီးမျက်နှာဆီသို့ရောက်ကာ နောက်ကို လဲကျသွားတယ်။
“ကျွန်တော်ဒီနေရာမှာ ဘာမှ ေ_က်လုပ်လာရှုပ်နေတာမဟုတ်ဘူး။ ခုချက်ချင်းထွက်သွားပါ မဟုတ်ရင် ခင်ဗျားတို့ နောင်တရစေရမယ်” Fletcher က အသံတွေတုန်နေပေမယ့် ထပ်အော်ပြောလိုက်တယ်။ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်က အိမ်တွေကို ကြည့်ပြီး သူအံ့သြနေမိတယ်။ သူဒီလောက်အော်နေတာတောင် မကြားရကြဘူးလား? Pinkertons တွေကို တစ်ယောက်မှ မခေါ်ပေးနိုင်ကြဘူးလား? ဒီလောက်ခရီး အဝေးကြီး အထိရောက်အောင်လာခဲ့ရတာ ပထမဆုံးရက်မှာတင် ဒီလို လမ်းကြားအိုလေးထဲမှာပဲ သေဆုံးဖို့အတွက်ဆိုရင် ဘယ်လောက်တောင်မှ စိတ်ပျက်ဖို့ကောင်းလိုက်တဲ့ ဖြစ်ရပ်များလဲ?
“Ah မင်းက ဆင့်ခေါ်သူပဲ! မင်းက Vocans Academy က ဆင့်ခေါ်သူတစ်ယောက်မဟုတ်လား? အခုက အိပ်ချိန်တောင်ကျော်နေပြီလေ?” ထိုလူကြီး လေသံမှာ ရုတ်တရက်လျော့ကျသွားခဲ့သည်။
“ခင်ဗျားတို့သွားကြပါတော့” Fletcher က ပြောလိုက်တယ်။ သူ့နတ်ဆိုးကောင်လေးက မီးကို အတန်အသင့် အကွာအဝေးထိပဲ မှုတ်ထုတ်နိုင်သေးတာကို သူသတိထားမိသည်။ ဒါ့ကြောင့်ဒီညအတွက် ဒါကိုထပ်မစမ်းသင့်သေးဘူး။
“ကောင်းပြီလေ ခု မင်းက မင်းရဲ့လက်နက်ကိုထုတ်ပြလိုက်ပြီဆိုတော့ ငါကလည်း ငါ့မှာရှိတာ ထုတ်ပြရတော့မှာပေါ့” ထိုလူက ပြောရင်းပဲ ခါးကြားက ပစ္စတိုကိုထုတ်ပြီး Fletcher ရင်ဘတ်ကို ချိန်ရွယ်လိုက်သည်။ Fletcher လက်တုန်ပြီး ချိန်ထားတဲ့ မြှားချက်တွေ ဟိုဒီလွဲချော်လုနီးပါးဖြစ်သွားပေမယ့် ထိုလူကရှေ့တိုးလာခဲ့တော့ မြှားကို ချောက်ပြီးပစ်လိုက်သည်။
“ကဲ ဘယ်ဟာက ပိုမြန်မယ်လို့ မင်းထင်လည်း၊ မင်းရဲ့ မြှားလား ငါ့လက်ထဲက သေနတ်ဖြစ်မလား?” ထိုလူက ယုံကြည်ချက်အပြည့်နဲ့ မေးလိုက်တယ်။ Fletcher က သူ့သေနတ်ကို တချက်ကြည့်လိုက်တော့ သူ့သေနတ်က သံထည်တွေက ပွန်းပဲ့နေသည့်အပြင် အက်ကွဲရာများဖြင့် တော်တော်ပျက်စီးနေပြီဖြစ်သည်။
“ခင်ဗျားသေနတ်ကြည့်ရတာလည်း သိပ်တော့မဟန်ပါဘူးဗျာ” Fletcher က နောက်ကိုဆုတ်ခွာရင်းပြောတယ်။
“Aye မင်းပြောတာမှန်တယ်ပဲထား၊ ငါ့ပစ်ချက်က လွဲသွားပြီး မင်းပစ်လိုက်တဲ့ မြှားချက်က ငါ့မျက်လုံးကို ပေါက်ထွက်သွားပြီဆိုပါတော့ အနောက်မှာရှိနေတဲ့ ငါ့သူငယ်ချင်း၂ယောက်က မင်းကို ဒီတိုင်းထားမယ်ထင်လား၊ သူတို့၂ယောက်က မင်းရဲ့နားရွက်ကနေစပြီး တစဆီ လှီးဖြတ်ပစ်လိမ့်မယ်။ ဆိုတော့ကွာ မင်းရော ငါရော ၂ယောက်လုံး ဒီမှာပဲသေကြရမှာပဲလေ၊ ဒီလိုမဖြစ်ချင်ဘူးဆိုရင်တော့ လွယ်ပါတယ် ငါတို့တောင်းတာခုထုတ်ပေးလိုက်။ ပြီးတော့ ကျည်ပြီးပါတယ်ဆိုတဲ့ ဂါထာမန္တန်အတတ်တွေ နတ်ဆိုးကောင်တွေဆိုတာ လောကမှာ မရှိသေးဘူးနော် ဆင့်ခေါ်သူလေးရေ။” သူက ပြောပြန်တယ်။ ဒီလူက ဒါမျိုးဂိမ်းဆော့လေ့ရှိတယ်ဆိုတာကို တစ်စုံတစ်ခုက Fletcher ကို ပြောပြခဲ့ဖူးသည်။
“လျင်သူစားစတမ်းပဲပေါ့” Fletcher က ပြောရင်း မြှားတံကိုပစ်လွှတ်လိုက်တယ်။ သေနတ်ပြောင်းဝဆီက မီးခိုးငွေ့ထွက်လာတာကို မြင်လိုက်ရပြီး သူ့ရင်ဘတ်နားဆီက အက်ကွဲသွားတဲ့ အသံကို သူကြားလိုက်ရတယ်။ အလင်းတန်းတစ်ခုက သူ့အမြင်ကို ဖုံးသွားခဲ့သည့်တိုင် နာကျင်မှုကို မခံစားရသေးပေ။ နတ်ဆိုးကောင်တစ်ကောင်ရဲ့ အော်ဟစ်သံက သူ့နားထဲမှာ ကျယ်လောင်ဆူညံလာကာ သူလဲကျသွားခဲ့သည်။ လူဆိုးကောင်ရဲ့ ဦးခေါင်းမှာ သူ့မြှားစိုက်သွားသည်ကို တွေ့တော့ သူကျေနပ်စွာပြုံးလိုက်မိတယ်။ နောက်မှာရပ်နေတဲ့ လူနှစ်ယောက်ကတော့ အံ့သြတုန်လှုပ်ပြီး ကျက်သေသေနေခဲ့တယ်။ Fletcher တကယ်လုပ်လိမ့်မယ်လို့ သူတို့လုံးဝမတွေးထားမိခဲ့ကြချေ။
“သူပြောသွားတာ တကယ်တော့ မှားတယ်” ကြည်လင်ပြတ်သားတဲ့အသံနဲ့အတူ လမ်းဆုံးအကွယ်ထဲကနေ အရိပ်တစ်ခုထွက်လာခဲ့သည်။ “တကယ်ဆို ဂါထာမန္တန်အတတ်တွေနဲ့ လုပ်လို့ရနိုင်တာတွေ အရမ်းကိုအများကြီး ရှိသေးတယ်။ ဥပမာ ဒိုင်းတွေကို လွင့်ထွက်သွားအောင် လုပ်နိုင်တာမျိုးပေါ့”
အရက်ဆိုင်မှာတုန်းက တွေ့ခဲ့တဲ့ အမာရွတ်မျက်နှာနဲ့ အရာရှိဖြစ်သည်။ သူက ကျန်နေသေးတဲ့ သူခိုး၂ယောက်ကြားမှာ ဝင်ရပ်လိုက်တယ်။ အနောက်ဘက်ဆီမှ သတ္တဝါကောင်တကောင်ရဲ့ အော်မြည်သံကြီးထွက်ပေါ်လာခဲ့ပြီး ကျယ်လောင်လွန်းလို့ Fletcher ရင်ဘတ်ထဲ အသံတွေဖြင့် ဗလောင်ဆူနေတော့သည်။
“မင်းတို့နေရာမှာ ငါသာဆိုရင်တော့ ပြေးမှာပဲ” အရာရှိက အကြံပေးလိုက်သည်။ သူခိုး၂ယောက်လည်း ၂ခါပြန်လည့်မကြည့်ပဲ သုတ်ချေတင်ပြေးကြတော့သည်။ သို့ပေမယ့်လည်း သူတို့ အဝေးရောက်အောင်မပြေးနိုင်ကြသေးခင်မှာပဲ ကျယ်လောင်တဲ့ မြည်ဟိန်းသံနဲ့အတူ အော်ဟစ်သံတွေ ထွက်ပေါ်လာပြီး ပြန်ငြိမ်သက်သွားခဲ့သည်။ Fletcher က သူ့မျက်နှာကို လက်နဲ့အုပ်ထားလိုက်ပြီး မောဟိုက်စွာနဲ့ အသက်ကိုဝအောင်ရှူသွင်းလိုက်သည်။
“ဒီမှာ” အရာရှိကပြောပြီး သူ့လက်ကိုပေးတယ်။ “မင်းကိုမထိခိုက်မိသွားပါဘူး။ ငါ့ဒိုင်းကာနဲ့ ကာပေးလိုက်တယ်”
Fletcher က သူ့လက်ကိုဆွဲပြီး မတ်တပ်ရပ်လိုက်တယ်။ ပြီးနောက် သူ့ရင်ဘတ်ကို စမ်းကြည့်တော့ ဘာဒဏ်ရာမှ မရှိတာကိုတွေ့လိုက်ရသည်။ မြူဝေနေတဲ့ကန်ထဲကအက်ကွဲနေတဲ့ ရေခဲပြင်ပမာ တောက်ပတဲ့ အလင်းရောင်နဲ့အတူ လေထဲမှာ တွဲလျက်ကျနေတဲ့ အကာအကွယ်တစ်ခုကို သူတွေ့လိုက်တယ်။ လေထဲမျောနေတဲ့ ဒီ ဘဲဥပုံသဏ္ဍာန် အရာက သာမာန်မျက်စိနဲ့ကြည့်လို့မရနိုင်အောင် စူးရှလွန်းတယ်။ သူကအဲ့အရာကို ကိုင်ကြည့်ဖို့ကြံရွယ်ခဲ့သော်လည်း ဒိုင်းကာက မှေးမှိန်ပျောက်ကွယ်သွားလေသည်။ ဒိုင်းကာထဲမှ ထွက်ကျလာတဲ့ ကျည်မှာတော့ ဒိုင်းနှင့်ထိမိသည့်အရှိန်ကြောင့် ပြားချပ်နေပြီဖြစ်သည်။
“ငါ့ နောက်ကလိုက်ခဲ့” ဟု အရာရှိက ပြောသည်။ Fletcher က ခဏတာတွန့်ဆုတ်သွားပေမယ့်လည်း လက်ခံလိုက်တယ်။ ဘယ်လိုဖြစ်နေပါစေ ဒီလူက သူ့ကိုကယ်တင်ခဲ့သည်၊ ဘာရည်ရွယ်ချက်နဲ့လည်းဆိုတာကို မမေးတော့ဟု တွေးလိုက်သည်။
lgnatius ကလည်း Fletcher ကျောပေါ်ကို တွယ်တက်ပြီး ကုတ်အင်္ကျီထဲမှာ လိုက်ပါလာရင်း စိတ်လှုပ်ရှားနေပုံရသည်။ အရာရှိက သူ့ရဲ့နတ်ဆိုးကောင်ကို စိတ်ဝင်တစားကြည့်နေတာတွေ့တော့ သူဝမ်းသာသွားသည်။
“Sacharissa!” အရာရှိက အော်ခေါ်လိုက်တော့ အမှောင်ထုထဲကနေ အရိပ်တခုထိုးထွက်လာပြီး အရာရှိရဲ့ လက်ပေါ်မှာ ခေါင်းကိုတိုးဝှေ့နေတာကိုတွေ့ရတယ်။ သတ္တဝါကောင်ရဲ့ကိုယ်ပေါ်ကသွေးတွေ သူ့ရဲ့ လက်မှာပေကျံသွားတော့ ရွံရှာစွာနဲ့ လက်ကိုင်ပုဝါကို ထုတ်ကာ အလျင်အမြန်ပဲ သုတ်ပစ်လိုက်တယ်။ Fletcher က ထိုသတ္တဝါကို ကြည့်လိုက်တော့ ခွေးတကောင်နှင့် အလားတူပုံစံရှိပြီး သာမန်မျက်လုံးတစုံအပြင် အနောက်မှာ သေးငယ်တဲ့ မျက်လုံးတစုံ အပိုအနေနဲ့ ပါရှိတာကို တွေ့ရသည်။ သို့ပေမယ့်လည်း လက်သည်းတွေမှာ ခွေးတကောင်ထက် တောကြောင်ကောင်များနဲ့ ဆင်တူပြီး တစ်လက်မခန့် ရှည်လျားသော လက်သည်းမှာ သွေးများဖြင့် ဖုံးလွှမ်းနေလေသည်။ နက်မှောင်သော အသားအရောင်ပေါ်မှာ ထူထဲသော လည်ဆံမွေးက ကျောရိုးတလျောက်ထိရှည်လျားစွာရှိနေပြီး ဒီသတ္တဝါပုံစံက မြေခွေးတကောင်ကို အမှတ်ရစေသည်။ မြင်းကောင်ပေါက်အရွယ်အစားရှိပြီး သူ့ကျောဘက်မှာ Fletcher ရင်ဘတ်နားထိရောက်အောင်ပင် မြင့်သည်။ နတ်ဆိုးကောင်များအားလုံးသည် lgnatius လိုအရွယ်အစားပဲ ရှိမယ် ထင်ခဲ့ပေမယ့် ဒီသတ္တဝါကောင်ကတော့ လူတယောက်စီးနိုင်ရန် အရွယ်အစားရှိလေသည်။ သူတို့အနားရောက်လာတဲ့ ဒီသတ္တဝါကောင်ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်ကိုကြည့်ပြီး သူ့လက်ချက်နဲ့ သေသွားတဲ့ သူခိုး၂ယောက်ကို ကိုယ်ချင်းစာမိသွားသေးသည်။
ထို့နောက် အရာရှိအနောက်မှာ တိတ်ဆိတ်စွာ လိုက်ပါသွားခဲ့သည်။ အရာရှိက ခက်ထန်မာကျောတဲ့ မျက်နှာထားရှိပေမယ့် အရပ်ရှည်ပြီး ကြည့်ကောင်းသော အသက်၃၀ အရွယ်ခန့် သက်လတ်ပိုင်းယောက်ျားတစ်ဦးဖြစ်သည်။ စစ်ပွဲအတွင်းရရှိခဲ့တဲ့ သူ့မျက်နှာပေါ်ကအမာရွတ်ကို ကြည့်ရင်း သူတိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲတွေအကြောင်းတွေကို Fletcher ခေါင်းထဲ စဉ်းစားပုံဖော်နေခဲ့မိသည်။
လမ်းသွယ်တွေမှာ လူသူကင်းရှင်းစပြုနေပြီဖြစ်ပြီး သူတို့နဲ့အတူပါလာတဲ့ ဒီသတ္တဝါကောင်ကို စူးစမ်းသွားကြသူများရှိပေမယ့်လည်း မိန်းလမ်းမကြီးထဲရောက်သည့် အချိန်မှာတော့ ပတ်ဝန်းကျင်ကတိတ်ဆိတ်နေခဲ့ပြီဖြစ်သည်။
“သူက ဘယ်လိုနတ်ဆိုးကောင်မျိုးများလဲ?” ငြိမ်သက်နေတဲ့ လက်ရှိအနေအထားကို ဖြိုခွဲဖို့ Fletcher ဘက်ကနေစကားစလိုက်တယ်။
“Canid အမျိုးအစားပဲ။ အကယ်၍ မင်းသာအခန်းထဲမှာစာသေချာလိုက်လုပ်ရင် သိမှာပေါ့။ ဒီနတ်ဆိုးအမျိုးအစားတွေအကြောင်းကို ပထမဆုံးသင်ရတာပဲလေ။ ဒီကောင်တွေက အသုံးအများဆုံးနတ်ဆိုးကောင်ဆိုတာ လူတိုင်းသိတယ်။ ဆိုတော့ မင်းက ကျောင်းပြေးတတ်တဲ့ အရူးကောင်ပဲ။ ငါတို့အတွက် ဆင့်ခေါ်သူအင်အားများများသာ လိုအပ်မနေခဲ့ရင် မင်းဘာအကြောင်းပြချက်ပဲပေးပေး မင်းကိုငါခုချက်ချင်းကျောင်းထုတ်ပစ်တယ်။
“ကျွန်တော်က အကယ်ဒမီကျောင်းက မဟုတ်ပါဘူး၊ ဒီမြိုကို ဒီနေ့မနက်ကမှရောက်တာ” Fletcher က ဒေါသတကြီးပြန်ပြောလိုက်တယ်။ သူဒီလိုပြောလိုက်တဲ့အချိန်မှာပဲ အရာရှိဖြစ်သူရဲ့ မျက်နှာက ကျက်သေသေသွားခဲ့သည်။ သူက မျက်တောင်တဖြတ်ဖြတ်ခတ်ရင်း Fletcher မျက်နှာကိုကြည့်ကာ ဘာပြောရမလဲ အခိုက်တန့်ကြာအောင်တွေးနေခဲ့သည်။
“ငါတို့ရဲ့ ရှာဖွေရေးအဖွဲ့တွေပြောတော့ ပြည်သူတွေထဲမှာ ဆင့်ခေါ်နိုင်စွမ်းရှိတဲ့သူတွေကို စမ်းသပ်မှုတွေလုပ်ပြီး ပြီးခဲ့တဲ့ အပတ်ကပဲ ကျောင်းကိုခေါ်လာခဲ့ကြပြီးပြီဆို? မင်းက အဲ့လူတွေထဲကမဟုတ်ရင် မင်းဘယ်ကလည်း? မင်းကတော်ဝင်မျိုးနွယ်ထဲက တစ်ယောက်လား? ပြီးတော့ ဒီနတ်ဆိုးကောင်ကိုရော မင်းကိုဘယ်သူပေးတာလည်း?”
“ကျွန်တော့ကို ဘယ်သူကမှပေးထားတာမဟုတ်ဘူး။ ကျွန်တော့ဘာသာ ကိုယ်တိုင်ဆင့်ခေါ်ထားတာ” Fletcher က စိတ်ရှုတ်ထွေးစွာပဲ ပြန်ဖြေလိုက်သည်။
“Ah မင်းက လူလိမ်လေးပဲ” အရာရှိက ပြောလိုက်ပြီး အရာအားလုံးကို နားလည်သွားသလိုနဲ့ လမ်းဆက်လျှောက်သွားလိုက်တယ်။
“ကျွန်တော်လူလိမ်မဟုတ်ဘူး” အရာရှိရဲ့ ကုတ်အကျီစကို လှမ်းဆွဲရင်း အော်ပြောလိုက်တယ်။
အရာရှိက Fletcher ကို နံရံမှာဆွဲကပ်ပြီး လည်ပင်းကနေဆွဲမြှောက်ထားလိုက်တယ်။ lgnatius လေးက အော်ဟစ်ပြီး ထွက်လာခဲ့ပေမယ့် အရာရှိရဲ့ နတ်ဆိုးကောင် Sacharissa က ဟိန်းဟောက်လိုက်ချိန်မှာ သူလည်းငြိမ်ကျသွားခဲ့တယ်။
“ငါ့ကိုရန်စဖို့ဘယ်တော့မှထပ်မကြိုးစားမိစေနဲ့။ ငါခုပဲမင်းအသက်ကိုကယ်ခဲ့ပေမယ့် မင်းကငါ့ကို အမှန်တိုင်းမပြောပဲလိမ်တယ်။ နတ်ဆိုးကောင်တစ်ကောင်ကို ကိုယ်တိုင်မဖမ်းနိုင်သေးခင်မှာ တခြားဆင့်ခေါ်သူတွေဆီကနေ လက်ဆင့်ကမ်းပေးမှရတယ်ဆိုတာ ကလေးတောင်သိတယ်။ ဘာလဲ၊ နောက်ကျရင် မင်းက ဟိုဘက်ကမ္ဘာကိုမင်းကိုယ်တိုင်သွားပြီး နတ်ဆိုးကောင်တစ်ကောင်ကို မြေပဲအခွံနွှာသလိုပဲ ဖမ်းခဲ့တယ်ဆိုပြီး ပြောဦးမှာလား ဟမ်။ ငါ့ကိုခုပြောစမ်း မင်းကို ဘယ်ဆင့်ခေါ်သူက ဒီနတ်ဆိုးကောင်ကိုပေးခဲ့တာလည်းဆိုတာ ခု ပြော”
Fletcher လဲ လေထဲမှာ ကန်ကျောက်ရုန်းကန်ရင်း အသက်ရှူရကျပ်လာခဲ့ပြီး သူ့စိတ်ထဲနာမည်တစ်ခုပေါ်လာခဲ့သည်။
“James Baker” အရာရှိရဲ့လက်ကိုပုတ်ထုတ်လိုက်ရင်း အသက်ကိုပြင်းပြင်းရှူလိုက်သည်။ အရာရှိက Fletcher ကို အောက်ပြန်ချပေးလိုက်သည်။
သူ့လက်ချောင်းရာတွေ Fletcher လည်ပင်းပေါ်မှာ အချောင်းလိုက်ပေါ်လာတာတွေ့တော့ “ဒေါသတကြီးလုပ်လိုက်မိတဲ့အတွက် ငါတောင်းပန်ပါတယ်။ စစ်ပွဲဆိုတဲ့အရာကြီးက လူတွေရဲ့စိတ်ကို ပျက်ပြားစေတယ်။ ငါမှားခဲ့တဲ့အတွက် မင်းကို ပြန်ကူညီပေးပါရစေ။ ဒီညငါတည်းတဲ့ တည်းခိုခန်းမှာပဲ မင်းအတွက်ပါ အခန်းယူပေးလိုက်မယ်။ မနက်ရောက်လို့ ထောက်ပံ့ရေးလှည်းတွေ Vocans Academy ကို သွားတဲ့အခါ မင်းကိုပါ ထည့်ပေးလိုက်မယ်။ ငါ့နာမည်က Arcturus ပါ မင်းနာမည်ကရော?” အရာရှိက လက်ဆွဲနှုတ်ဆက်ဖို့ လက်ထုတ်ပေးတယ်။
Fletcher လည်း သူ့နဲ့လက်ဆွဲနှုတ်ဆက်လိုက်တယ်။ Academy ဆိုတဲ့ နာမည်ကိုကြားလိုက်တာနဲ့တင် သူလုပ်ခဲ့တာတွေကို ခွင့်လွှတ်ပေးပြီးသားဖြစ်သွားရသည်။ ဒီကျောင်းရဲ့ ဂုဏ်သတင်းကအရမ်းကို ကျော်ကြားသည်။ Homium မြို့တော်စတည်ထောင်ခဲ့ချိန်ထဲက ရှိနေခဲ့သည့် စစ်ပွဲသုံး ပညာရှိတွေ၊ ဆင့်ခေါ်သူတွေကို လေ့ကျင့်သင်ကြားပေးနေခဲ့တဲ့ကျောင်းတကျောင်းလည်း ဖြစ်သည်။ အဲ့ကျောင်းနဲ့ပတ်သက်တဲ့ လျှို့ဝှက်အကြောင်းအရာတွေကို သူတို့နဲ့အတူ တိုက်ပွဲဝင်နေတဲ့ စစ်သားအချို့ပင် မသိနိုင်ပေ။ Arcturus ရဲ့ ဖိတ်ကြားချက်က သူနဲ့ lgnatius အတွက်တော့ အိမ်မက်ပမာ လိုသည်ထက်ကိုကျော်လွန်တဲ့ ကမ်းလှမ်းချက်တစ်ခုဖြစ်နေသည်။
“ကျွန်တော့နာမည်က Fletcher ပါ။ ဘာမှသိပ်မထိခိုက်သွားပါဘူး ကျွန်တော်အဆင်ပြေပါတယ်။ အကယ်၍ ခင်ဗျားသာ ကျွန်တော့ကို မကယ်ခဲ့ရင် ဒီလည်ပင်းဒဏ်ရာထက်ဆိုးတာတွေတောင် ဖြစ်ခဲ့နိုင်ပါသေးတယ်။ ဒီနတ်ဆိုးကောင် ကျွန်တော့လက်ထဲရောက်လာပုံက နည်းနည်းရှုပ်ထွေးလို့ ခင်ဗျားမေးခွန်းတွေမေးလာတော့ ကျွန်တော်စိတ်ရှုပ်သွားလို့ပါ။ ခင်ဗျားခွင့်ပြုမယ်ဆိုရင်တော့ ဖြစ်စဉ်ကို ညကျရင် ကျွန်တော့ ပြောပြချင်ပါတယ်” Fletcher က သူ့လည်ပင်းကို ကိုင်ရင်း ပြောလိုက်သည်။
“အင်း ဒီည ညစာစားရင်းသောက်ရင်း ပြောပြပေါ့ကွာ။ ငါဒကာခံမှာပါ။ ငါမှတ်မိသလောက်ဆိုရင်တော့ James Baker က ဒီလို Salamander တစ်ကောင်ကို ဆင့်ခေါ်နိုင်လောက်တဲ့ အဆင့်မြင့်တဲ့ ဆင့်ခေါ်သူတစ်ယောက်တော့ မဟုတ်ဘူး။ ဒီနတ်ဆိုးကောင်ကို သူဆင့်ခေါ်ခဲ့ပြီး သူ့အတွက်သီးသန့် ထိမ်ချန်ထားခဲ့တာလားလို့တော့ သံသယဝင်မိတယ်” Arcturus က လမ်းလျှောက်ရင်းနဲ့ ဆက်ပြီးတွေးတောနေတော့တယ်။
“သူပြောတာဟုတ်လား?” Fletcher က lgnatius လေးကို ကြည့်ပြီးပြောလိုက်တယ်။ Arcturus က စျေးကြီးတဲ့ တည်းခိုခန်းတစ်ခုထဲ ဝင်လိုက်တော့ အထဲကလာတဲ့ မွှေးကြိုင်တဲ့ အစားအသောက်တွေရဲ့ အနံ့အသက်တွေကို ရှူလိုက်ရင်း သူပြုံးလိုက်မိသည်။ ဒီညတော့ အစားကောင်းကောင်းစားပြီး ခေါင်းရှုပ်စရာတွေမေ့ပစ်ကာ ရေပူစိမ်ပြီးရေချိုးဖို့ကို တွေးနေမိတယ်။ မနက်ဖြန်ဆိုရင် Vocans Academy ကို သွားရတော့မည် မဟုတ်ပါလား။
~~~~~