book

Index 2

အခန်း (၂)

  • Author : ZENIX
  • Genres : Mystery
  • Original Author : Kelley Armstrong

အခန်း(၂)


ကျွန်မတို့ အနောက်ဘက် စားပွဲမှာ ဘေးချင်းကပ် ထိုင်ကြရင်း ဝယ်သူစောင့်နေကြတာပေါ့။ ဘလေနီ ရဲ့လက်ချောင်းတွေက ကျွန်မရဲ့ ပေါင် အတွင်းဘက်ကို ပွတ်သပ်နေတယ်။ ‘’ပြီးတော့မှာပါ ဒါပြီးရင်တော့...’’ သူက ကျွန်မကို သွားဖြဲပြတယ်။ ‘’မင်းအခန်းမှာ ပီဇာသွားစားကြမလား’’

‘’ဒိုင်ယာနာ အတွက်လည်း ပါမယ်ဆိုရင်ပေါ့ ‘’

သူမျက်နှာ တစ်မျိုးဖြစ်သွားတယ်။ ‘’ဒီနေ့က သောကြာညလေ မင်း အခန်းဖော်က ဒိတ်လုပ်နေတာ ဖြစ်ဖြစ်တစ်ခုခု လုပ်နေရမှာမဟုတ်လား’’

‘’အင်း စိတ်တော့မရှိနဲ့’’

အမှန်တကယ်တော့ သူမ သွားစရာရှိတယ်။ ကျွန်မကသာ ဘလေနီကို အဲဒီအကြောင်း မပြောပြ လိုက်တာ။ ကျွန်မတို့ လိင်မဆက်ဆံရသေးဘူး။ ကျွန်မ သူ့ကို ကျွန်မကအပျိုစင်ဖြစ်တဲ့ အကြောင်းပြောပြီး အချိန်ဆွဲထားတယ်။ လိမ်ထားတာပါ။ ကျွန်မက အပျိုစင်မဟုတ်တော့ဘူး။

ဘလေနီ ဆိုတာက ကျွန်မရဲ့ အရိုင်းစိတ်ဘက်မှာ တွဲလျှောက်နေတဲ့ သူတစ်ယောက်ပေါ့။ ကျွန်မ က  ရဲတပ်ဖွဲ့ဝင်လောင်း တစ်ယောက်ဆိုလည်း ဟုတ်တဲ့ မိန်းမဆိုး တစ်ယောက်ပေါ့။ ဆေးအရောင်းဝယ် ရာဇာတစ်ယောက် ဆိုရင်တော့ ကျွန်မလို မိန်းမတစ်ယောက် အနေနဲ့ သူ့ကိုလက်ခံနိုင်စရာမရှိဘူး ဖြစ်ရမှာလေ။ ငဆိုးကောင်လေးတွေရဲ့ အဆင့်သတ်မှတ်ချက်နဲ့ သတ်မှတ်ရင် ဘလေနီက အဆင့် နှစ်လောက် ရှိမယ်။ သိပ်ဟုတ်တာပေါ့ နာမည်ကို အင်တာနက်မှာ ရှာကြည့်ရင်တောင် တွေ့မှာမဟုတ်တဲ့ မွန့်ရီးရဲလ်လူဆိုးဂိုဏ်းက သူ့အဖိုးနဲ့ အဆက်သွယ်ရှိတဲ့ လူလို့ သူ့ကိုယ်သူ အခိုင်မာပြောတတ်တယ်။ သူ့အဖိုးက သူ့အထက်က စီနီယာရဲ့ အိမ်မှာ ဘွတ်ကီဒိုင်လုပ်တာလေ။ ဘလေနီရဲ့ အဖေကတော့ လူဆိုး လုံးဝမဟုတ်ဘူး သူက ဆေးစပ်သမား တစ်ယောက်ပေါ့ ဒါကြောင့် ဘလေနီ က သူ့အဖေဆီက ဆေးတွေ ခိုးခိုးထားတာ။ ဘလေနီ ကိုယ်တိုင်ကလည်း ဆေးကြို ကျောင်းသားတစ်ယောက်ပါပဲ။ သူရောင်းတဲ့ ဆေးကို ဘယ်တုန်းကမှ မစမ်းကြည့်ဘူး။ အဲဒီညက သူဘီယာတစ်ခွက်ကို နှစ်နာရီလောက် ဇိမ်ခံသောက်ခဲ့တာ။ ကျွန်မလား... ကျွန်မကတော့ Coke သောက်တာ Diet Coke လေ။ ဟုတ်တယ် ကျွန်မတို့က တကယ် အမာခံအားပေးတဲ့ဂျိုးတွေပါပဲ။


နောက်ဆုံး ဝယ်သူတစ်ယောက် ရှိုးတိုးရှန့်တန့်နဲ့ လျှောက်လာတယ် တက္ကသိုလ်အရွယ်လို့ပြောရ လောက်တဲ့ ကောင်လေးတစ်ယောက်ပါပဲ။ သူဝှက်ထားတဲ့ထဲက နောက်ဆုံးကျန်တာကို ဘလေနီ ထုတ်ရောင်းလိုက်တယ်။ အဲဒီနောက် ဘလေနီ က ဘီယာကို အလျင်စလို မြိုချလိုက်တယ်။ ဘလေနီ က သူ့ လက်ကို ကျွန်မ ပုခုံးပေါ် သိုင်းဖက်ပြီး လူမြင်ကွင်းကနေ ခေါ်ထုတ်သွားတယ်။ သူရဲ့  မာန်အပြည့်နဲ့ ကားကားယားယား လမ်းလျှောက်ပုံကိုကြည့်ပြီး ကျွန်မ မျက်စိတောင်မှားတယ် ဒါပေမယ့် ဒါလည်းတစ်မျိုးတော့ ဆွဲဆောင်မှုရှိတယ်။ ကျွန်မသူနဲ့ အတူအိပ်ရလောက်အောင် အဆင်သင့် မဖြစ်သေးပေမယ့် သူ့ကိုတော့ ကျွန်မ သဘောကျမိတယ်။ သူက ခပ်ရှုပ်ရှုပ် သူဌေးသား တစ်ယောက်ဆိုတာတော့ ကျွန်မပြောလို့ရတယ်။

‘’ဒိုင်ယာနာ မင်းအခန်းကနေ အပြင်ထွက်မယ့် အခွင့်ရေးလေး ဘာလေးမရှိဘူးလား။’’ သူက မေးလိုက်တယ်။

‘’အဖြေရှိရင်တောင် အဖြေက မရဘူးဖြစ်နေဦးမှာပဲ’’

 ပခုံးတွန့်ပြပြး သူပြုံးပြလိုက်တဲ့ပုံက တစ်ဝက်က အမှန်လို့ လက်ခံပေးလိုက်မယ် နောက်တစ်ဝက်က ‘’မင်းစိတ်ကိုပြောင်းလဲ လာအောင်လုပ်မယ်’’ ဆိုတဲ့ အပြုံးမျိုး။

ကျွန်မ တက္ကသိုလ် နယ်မြေနဲ့ သိပ်အကျွမ်းတဝင်မရှိဘူး။ ကျွန်မ အဲဒီတုန်းက မြို့ပြင်က နယ်ရဲကောလိပ် တစ်ခုမှာတက်နေခဲ့တာ ပြီးတော့ စနေတနင်္ဂနွေ နေ့တွေဆို ဒေသတွင်း ကောလိပ်တစ်ခုမှာ တက်နေတဲ့ အထက်တန်းတုန်းက သူငယ်ချင်း ဒိုင်ယာနာနဲ့အတူ အချိန်ကုန်လေ့ရှိတယ်။ ကျွန်မတို့နှစ်ယောက်လုံး ဒီကမဟုတ်ဘူး။ အဲဒီနောက် ခပ်မှောင်မှောင်လမ်းကြားဘက်က သွားဖို့ ဘလေနီ ကျွန်မကို တိုက်တွန်းတယ်။ အဲဒီလမ်းက ပီဇာဆိုင်ဆီ သွားဖို့ဖြတ်လမ်းတဲ့။ ကျွန်မလည်း မေးခွန်းထုတ်မနေတော့ပါဘူး။ များသောအားဖြင့် သူစီစဉ်ထားတာက ကျွန်မအတွက်တော့ အဆင်ပြေပါတယ်။ ကျွန်မရဲ့ စိတ်ကို ပြောင်းအောင်လုပ်ပြီး ဒိုင်ယာနာကို တိုက်ခန်းက ပထုတ်နိုင်ဖို့ ကြိုးစားမယ့် နေရာတစ်ခုပေါ့။ 

ကျွန်မတို့ အဲဒီလမ်းထဲကို သွားဖို့အင်တင်တင်ဖြစ်နေပြီး သေနတ်တစ်လက်က ချောက်ခနဲ အသံကို ကြားလိုက်ရတယ်။ ကျွန်မ အသက်ရှူမှားသွားပြီး ဘလေနီကို နောက်တွန်းချလိုက်တယ်။ သူက မော့ကြည့်ပြီး နောက်ကို ခုန်ထွက်လိုက်တယ် ကျွန်မကတော့ ၉ မီလိီမတာကျည်ထွက်ပြောင်းဝနဲ့ ကျွန်မပါးကိုချိန်ခံထားလိုက် ရတယ်။

‘’ကျွန်တော့်မှာ ဒေါ်လာ ငါးဆယ်ပဲရှိတယ်’’ ဘလေနီက လိမ်လိုက်တယ်။ ကျန်တာတွေအားလုံးက သူ့ခြေအိတ်ထဲမှာရှိတယ်။ ‘’သူမ မှာလက်ဝတ်လက်စားတွေ ပါတယ် အဲဒီ လက်ဝတ်လက်စားတွေနဲ့ ဒီ ငွေ ငါးဆယ်ကို ယူလိုက်ဗျာ’’

‘’ငါတို့ ပုံက လူမြင်ကွင်းမှာ ရိုက်လုတဲ့ လူတွေရုပ်ပေါက်နေလို့လား ဆာရာတိုနီ’’

သေနတ်ကို အောက်နှိမ့်လိုက်တော့ ကျွန်မသေနတ် ကိုင်ထားတဲ့ လူကို ဖျတ်ခနဲလှမ်းကြည့်လိုက်တယ်။ အသက် ၂၀ ကျော်ထဲကပဲ။ ရွှေရောင်အရင့် ဆံပင်နဲ့ သားရေဂျာကင်ကို ဝတ်ထားတယ်။ ဘာဂိုဏ်းအမှတ်အသားမှ မပါပေမယ့် တစ်ယောက်ကတော့ သေနတ်နဲ့ နောက် သုံးယောက်က ဓားတွေနဲ့ လူငယ်လေးယောက် ပုံပေါက်တယ်။

ကျွန်မ သူတို့နဲ့လက်ချင်း ယှဉ်ပြီးချလို့မရဘူး။ ကျွန်မမှာ လက်နက်လည်းမပါသလို လက်နက်နဲ့ လူလေးယောက်ကို ချရလောက်အောင်လည်း ကျွန်မရဲ့  ကိုယ်ခံပညာက အလုပ်ဖြစ်မှာမဟုတ်ဘူး။ အဲဒီအစား ကျွန်မ သူတို့ရဲ့ မျက်နှာတွေကို ကျွန်မရဲ့ မှတ်ဉာဏ်ထဲ စွဲအောင်မှတ်တယ် ပြီးတော့ ထူးခြားတဲ့ လက္ခဏာတွေကို လိုက်မှတ်ထားလိုက်တယ်။ ‘’မင်းဒီအရောင်းဝယ် လုပ်နေတာ ဟိုအဘိုးကြီးသိလား’’ ခေါင်းဆောင်တစ်ယောက် ကမေးလိုက်တယ်။

‘’ဘာပြောတာလဲ ငါမသိဘူး’’ ဘလေနီ ကပြောလိုက်တယ်။ 

‘’ငါပြောတာက မင်းက လီယိုဆာတိုရီရဲ့ မြေးမလား မင်း ငါတို့ပိုက်နက်ထဲ လာပြီးရောင်းနေတာရော သိလား’’

ဘလေနီက ညည်းညည်းညူညူနဲ့ပဲ ငြင်းလိုက်တယ်။ သူတို့ထဲက တစ်ယောက်က သူ့ကို နံရံကိုကပ်မြောက်လိုက်တဲ့အချိန်မှာပဲ နောက်တစ်ယောက်က ဘလေနီကိုရိုက်လိုက်တယ်။ သူတို့က သူ့ခြေအိတ် တစ်ဖက်ထဲက ပလတ်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ လက်ကျန်ဆေးပြားတွေနဲ့  နောက်တစ်ဖက်ထဲက ပိုက်ဆံအလိပ်ကို ယူလိုက်တယ်။

 ‘’အိုကေလေ’’ ဘလေနီက ပြောလိုက်တယ်။ ‘’ငါတို့ အခုပြီးပြီမလား’’

ငါတို့က ပိုက်ဆံလိုချင်နေတယ်လို့ မင်းထင်နေတာလား။ သူတို့ခေါင်းဆောင်က သူ့အပေါ်ကနေ မိုးထားလိုက်တယ်။  ‘’မင်းရောင်းနေတာ ငါတို့နယ်မြေထဲနော် ကောလိပ်ကျောင်းသား ချာတိတ်လေး မင်းဘာကောင်လဲ မင်းကိုယ်မင်း ပြန်ကြည့်ဦး ငါဒါကို စစ်ကြေညာတယ်လို့ သတ်မှတ်လို့ရတယ်။

‘’မဟုတ်ပါဘူး ငါ့အဘိုးမသိပါဘူး’’

လမ်းကြားရဲ့ အဆုံးကနေ တချောက်ချောက်အသံ ကြားလိုက်ရတယ်။ ကြောင်တစ်ကောင် အမှိုက်ပုံးတစ်ခုကနေ တစ်ခုကိုခုန်ကူးလိုက်တာ အဲဒီအသံက သေနတ်နဲ့လူကို အလန့်တကြား မဖြစ်စေဘူး။ ကျွန်မရှေ့ကို ပစ်တိုးလိုက်ပြီး လက်ကောက်ဝတ်ကို လှမ်းဖမ်းပြီး လိမ်လိုက်တယ်။ သေနတ် မြေပြင်ပေါ်ရိုက်ကျသွားတဲ့ အသံကြားတော့ ‘’ကောက်လိုက်’’ လို့ကျွန်မပြောလိုက်တယ်။ ဘလေနီကတော့ သေနတ်ကို မယူလိုက်ဘူး သူက လမ်းကြားထဲကနေ ပြေးတော့တာပဲ။ ဟိုလူတွေထဲက တစ်ယောက်က သေနတ်ကိုကောက်ပြီးနေပြီ ပြီးတော့ သူတို့ရဲ့ ခေါင်းဆောင်ရဲ့ လက်ကိုဝိုက်ချိုးပစ်လိုက်တယ်။ ဒါပေမယ့် ဒီလိုလုပ်လိုက်တာ ကျွန်မအတွက်ကောင်းဖို့ အလားလာမရှိဘူး။ သေနတ်နဲ့ တစ်ယောက်က ကျွန်မနဖူးကို စည်ပိုင်းနဲ့ ပစ်ရိုက်လိုက်တယ် ‘’ရပ်တော့’’ ဆိုတဲ့အသံဟိန်းခနဲ ထွက်လာတယ်။ ကျွန်မကို နံရံနဲ့ပစ်မဆောင့်ခင် ကျွန်မ သေနတ်ယူဖို့ အချိန်မရလိုက်ဘူး။ သူတို့ ခေါင်းဆောင်က သေနတ်ကိုယူလိုက်ပြီး ကျွန်မဆီကပ်လာတယ်။

‘’နင်တို့အတွဲမှာ ဘယ်သူက သတ္တိရှိတာ သိလိုက်ရပြီ’’ သူကပြောလိုက်တယ် ‘’အလှပဂေးတရုတ် အရုပ်မလေးပါပဲ။ မင်းရဲ့ ကောင်းလေးက လစ်သွားပြီ အသဲလေးရေ။ သူ့ အပြစ်တွေခံဖို့ မင်းကိုထားသွားတာ’’ သူက ကျွန်မကို ခြေဆုံး ခေါင်းဆုံး ကြည့်လိုက်တယ်။ ‘’ကောလိပ် ကျောင်းသူလေးဆိုလည်း ငါ့အတွက် အရသာရှိပါတယ် ငါက လိုက်လျောညီထွေနေတတ်တဲ့လူပါ။’’ 

ကျွန်မ သူနောက်နေတယ် ဒါမှမဟုတ်  ဖြီးဖြန်းပြောနေတယ်လို့ထင်ရတာပဲ။ ကျွန်မရဲ့ အခြေနေတွေကို ကျွန်မသိပါတယ်။ ကျွန်မနဲ့ အနီးဆုံး ချစ်သူဆီကတောင် လိင်ပိုင်းဆိုင်ရာ စော်ကားချင်တဲ့ အန္တရာယ်မျိုး ကျွန်မဒီထက်မကကြုံဖူးပြီ။

‘’ဒီမှာ‘’ ကျွန်မပြောလိုက်တယ်။ ‘’ရှင်တို့နဲ့ ဘလေနီနဲ့ ဘာအကြွေး ရှိရှိ ကျွန်မနဲ့မဆိုင်ဘူး။ ကျွန်မပိုက်ဆံအိတ်ထဲမှာ ဒေါ်လာ နှစ်ဆယ် ကျန်သေးတယ် ပြီးတော့ ကျွန်မ ဆွဲကြိုးကလည်း ရွှေ အဲ့ဒါတွေ ယူလိုက်’’

‘’ငါတို့က ငါတို့လိုချင်တာ ဘာမဆိုယူမှာ သဲလေးရ’’ 

ကျွန်မပုခုံးက အိတ်ကို ချွတ်လိုက်တယ် ‘’အိုကေ ဒီမှာ ပိုက်ဆံအိတ် လက်ကိုင်ဖုန်းလည်းပါတယ်’’

သူကရှေ့ကို တိုးလာတယ်။ ‘’ငါတို့လိုချင်တာမှန်သမျှ ယူမှာပဲ’’

သူ့အသံက ပိုပိုပြီးမာလာတယ် ဒါပေမယ့် ကျွန်မ ဒုက္ခတွေ့နေပြီလို့ မတွေးမိသေးဘူး။ ကျွန်မ ရိုက်လုတဲ့အဖြစ်အပျက်တွေ ဘယ်လိုလဲဆိုတာသိတယ်။ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်မပိုင်တဲ့အရာတွေကို ပေးလိုက်ရုံပါပဲ။

ကျွန်မရဲ့  ပိုက်ဆံအိတ်ကို ကမ်းပေးလိုက်တယ်။ သူ အိတ်ကို ကြိုးကနေ ဆွဲယူလိုက်ပြီး ဘေးကို ပစ်ပေးလိုက်တယ်။ ပြီးတာနဲ့ ကျွန်မကိုနံရံမှာဆောင့်တွန်းရင်း လက်တစ်ဖက်က ကျွန်မရဲ့ လည်ပင်းကို လှမ်းဖမ်းလိုက်ပြီး နောက်တစ်ဖက်က ကျွန်မရဲ့ ရင်သားတွေကို ကိုင်လိုက်တယ်။ ကျွန်မ နံရံနဲ့ပြင်းပြင်း ဆောင့်မိသွားပြီး စက္ကန့်ပိုင်းရှော့ခ်ရသွားတယ်။ အဲဒီနောက်မှာ ....

အဲ့ဒီနောက် ဘာတွေဆက်ဖြစ်သွားလဲ ကျွန်မမမှတ်မိဘူး။ ယနေ့အချိန်ထိ ကျွန်မ ဦးနှောက်ထဲ ဘယ်လိုအတွေးတွေ ဖြတ်သန်းစီးဆင်း သွားလဲ ကျွန်မ သတိမရတော့ဘူး။ ဘာအတွေးစိတ်ကူးမှမကျန်ခဲ့ဘူး။ ကျွန်မရဲ့ ရင်ဘတ်နဲ့ လည်ပင်းပေါ် ရောက်နေတဲ့ သူ့ရဲ့လက်တွေကို ပဲခံစားမိတယ် ပြီးတော့ ကျွန်မ ရုန်းကန်တုံ့ပြန်တယ်။ 

ကျွန်မရဲ့ ဒူးခေါင်းက သူ့ရဲ့ ပေါင်ခြံနဲ့ ထိနေတယ်။ ကျွန်မတို့ဘေးမှာ ရပ်နေတဲ့ တစ်ယောက်ဘက်ကို ကျွန်မ လှည့်ရုန်းလိုက်တယ်။ ကျွန်မရဲ့ လက်တွေက သူ့ရဲ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်ပြီးသားဖြစ်သွားတယ်။ ကျွန်မ သူ့ရဲ့ မောင်းချဓားကို လှမ်းဆွဲလိုက်တော့ ဓားကအောက်လွတ်ကျသွားတယ်။ ကျွန်မထပ်လှည့်လိုက်တယ် ကျွန်မလက်တွေကို လွှဲချပြီး သူတို့ခေါင်းဆောင်ရဲ့ ပေါင်အပေါ်ကို ဓားနဲ့ထိုးချလိုက်တော့ သူ နောက်ကိုဆုတ်သွားတယ်။ သူ့ရဲ့ ဒူးကနေ ပေါင်ခြံဆီ ကြည့် ညည်းရင်းနောက်ကိုလဲကျသွားတယ်။

အဲဒီနောက်တော့ ကျွန်မအဖြစ်အပျက် အပိုင်းအစတွေကို ပုံဖော်ပြီး ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ နားလည်လာတယ်။ သေချာသလောက်ရှိတယ်လို့ ထင်ရတဲ့ တုံ့ပြန်မှုက တကယ်တော့ မှန်းကြည့်ရလွယ်တယ်။ ခေါင်းဆောင်ကျွန်မကို သူ့လက်တွေနဲ့ကိုင်လိုက်တော့ သူ့မှာ လက်နက်မဲ့သွားတာ ကျွန်မသိလိုက်တယ်။ ဒီတော့ ကျွန်မတုံံပြန်လိုက်တယ် အမျှော်အမြင်ရှိရှိ တုံ့ပြန်လိုက်တာ မဟုတ်ရင်တောင် ကြိုသိတဲ့အသိနဲ့ တုံ့ပြန်လိုက်တယ်။ 

ဒါပေမယ့် ကျွန်မအမျှော်အမြင်ရှိရှိ တုံ့ပြန်လိုက်တာမဟုတ်လို့ ကျွန်မ ဆုံးရှုံးမှုတစ်ခုဖြစ်သွားတာပါပဲ။ ကျွန်မ ခေါင်းဆောင်ကို ဓားနဲ့ထိုးလိုက်တော့... နောက်ထပ် သုံးယောက်အနားမှာ ရှိသေးတယ်လေ။ ကျွန်မဗိုက်ကို တစ်ယောက်ကထိုးတယ်။ နောက်တစ်ယောက်က သူ့ရဲ့လက်သီးကို ကျွန်မ မေးရိုးဆီ ပစ်သွင်းလိုက်တယ်။ တတိယတစ်ယောက်ကတော့ ကျွန်မလက်ကို လိမ်ချိုးလိုက်တာ ကျွန်မပုခုံးဆစ်လွဲသွားလို့ ငယ်သံပါအောင် အော်လိုက်တယ်။ ကျွန်မလက်က ဓားကို လွတ်သွားအောင် သူလွယ်လွယ်လေးပဲ လုပ်လိုက်နိုင်တယ်။ တစ်ယောက်က ကျွန်မ ဒူးခေါက်ကွေးကိုနောက်က ကန်လိုက်လို့ ကျွန်မလဲကျသွားတယ်။ကွန်မလဲကျသွားချင်းပဲ ဖိနပ်တွေ အလုံးအရင်းနဲ့ ဘက်ပေါင်းစုံကနေကျွန်မကို ကန်တော့တာပဲ တအီအီညီးသံနဲ့ ဒေါသထွက်လို့ ဆဲဆိုနေတဲ့ အသံတွေကတော့ ကြားဖြတ်ပေါ်ထွက်လာတယ်။ ‘’မင်းကိုယ်မင်း သိပ်မာလှပြီလို့ထင်နေတာလား ကောင်မစုတ်လေး အေး....အကြမ်းခံနိုင်တယ်ဆိုတာ ဘာလဲငါပြမယ်’’ လို့ သူတို့ခေါင်းဆောင်ပြောတာ ကြားလိုက် ရတယ်။ အဲ့ဒီနောက်တော့ သဲကြီးမည်းကြီးပိတ်ကန်တော့တာပဲ။

ကျွန်မ နောက်လေးရက်ကြာတော့ ဆေးရုံပေါ်မှာနိုးလားတယ်။ ကျွန်မအမေနဲ့ ဆရာဝန်ကတော့ ဆေးရုံဆင်းရလောက်မယ့် ရက်အကြောင်းပြောနေတာ ဖြစ်မယ်။ ကျွန်မရဲ့ ပိန်းပိတ်အောင် မှောင်မိုက်ပြီး ဒဏ်ရာအကြီးကျယ်ရထားတဲ့ ဦးနှောက် တစ်နေရာမှာ အနိုင်ရသွားတဲ့ လက်ဝှေ့သမားတစ်ယောက်လို သူတို့ပြန်ရောက်လာတယ်လို ယုံနေတယ်။ ဒါပေမယ့် ဒါတိုက်ဆိုင်တာပဲနေမှာပါ။ 

ကျွန်မကို အဲဒီလမ်းကြားထဲမှာ သေလုမျောပါးဖြစ်နေတာတွေ့ခဲ့လို့ ဆေးရုံအမြန်တင်ခဲ့ကြတယ်။ ဆေးရုံရောက်တော့ ကျွန်မရဲ့ ခန္ဓာကိုယ် အတွင်းပိုင်းက သွေးထွက်လွန်နေတာကို ရပ်တန့်ဖို့ အရေးပေါ် ခွဲစိတ်လိုက်ရတယ်။ ကျွန်မ ပုခုံးအဆစ်လွဲသွားတယ်။ နံရိုးငါးချောင်း ကျိုးသွားတယ်။ ပြတ်ရှဒဏ်ရာတွေ ချုပ်ထားတဲ့ ချုပ်ရိုးတွေမှ တစ်ရာကျော်လောက်ရှိမယ်။ ပြင်းပြင်းထန်ထန်ခေါင်းထိ သတိလစ်သွားပြီး ခေါင်းထဲသွေးခဲသွားတယ်။ ဘယ်ဘက်လက်ဖျံရိုးကျိုးတယ်။ ညာဘက် ခြေချောင်းရဲ့  ခြေသလုံးက tibia နဲ့ fibula လိုခေါ်တဲ့ အရိုးတွေအက်သွားတယ်။ မုဒိမ်းလည်း ကျင့်ခံရခဲ့တာ ဖြစ်မယ်။ 

ကျွန်မဖြစ်ခဲ့တဲ့ ဒဏ်ရာတွေအကြောင်း အစဉ်တိုင်းပြန်ပြောပြတော့ စိတ်ကုဆရာဝန်တွေအားလုံး ခံစားချက်မဲ့သွားစေတယ်။ နောက်ဆုံးအပိုင်းကတော့ ပိုဆိုးမှာပေါ့။

မုဒိမ်းကျင့်ခံရတာဖြစ်နိုင်တယ်လို့ ပြောတာက အဓိပ္ပာယ်တော့မရှိဘူး။ ကျွန်မ တကယ်အကျင့်ခံခဲ့ရတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဒါသာတကယ်ဖြစ်ခဲ့တယ်ဆိုရင်လည်း ကျွန်မ သတိလစ်နေခဲ့တာပဲ။ ကျွန်မကို ရှာတွေ့ခဲ့ကြတော့ ကျွန်မ ဂျင်းဘောင်းဘီတွေကတော့ ဝတ်လျက်သားပဲ ဒါမှမဟုတ် ပြန် ပဲဝတ်ပေးထားတာလား။ ကျွန်မ မုဒိန်းအကျင့်ခံရလား စစ်ဆေးတဲ့ သက်သေခံအထောက်ထားတွေ သူတို့လုပ်ခဲ့ပေမယ့် မစစ်လိုက်ရခင်မှာပဲ ပျောက်ပျက်သွားတယ်။ အခုခေတ် ရှင်တို့ဆိုလည်း မြို့ကြီးပြကြီးက စုံထောက်တစ်ယောက်အနေနဲ့ အထူးဒုက္ခသည်စခန်း (SVU)လို့ခေါ်တဲ့ နေရာမှာ နှစ်နှစ်လောက် အချိန်ကုန်လိုက်ရင်  အမျှော်အမြင်ရှိတဲ့ ခန့်မှန်းမှုတစ်ခုကို သက်သေအထောက်အထားစစ်စရာ မလိုပဲ ပြုလုပ်နိုင်မှာပါပဲ။ ဒါပေမယ့် ကျွန်မထင်ပါတယ် အဲ့ဒီအထောက်အထား မရှိတော့ဘူးဆိုတော့ တစ်ယောက်ယောက်က အဖြေ အရေးမပါတော့ဘူးလို့ ဆုံးဖြတ်လိုက်တာ ဖြစ်မယ်။ ကျွန်မကို တိုက်ခိုက်ခဲ့တဲ့သူတွေကိုဖမ်းမိလို့ကတော့ သူတို့ကို အကြမ်းဖက်တိုက်ခိုက်မှုနဲ့ လူတစ်ယောက်ကိုသတ်ဖို့ ကြိုးစားလို့ ဆွဲချက်တင်ဖို့ ကောင်းကောင်း လုံလောက်တယ်။


အပြင်ပန်းအရတော့ ကျွန်မ အပြည့်အဝ ပြန်ကောင်းလာခဲ့ပါပြီ။ ဆယ့်ရှစ်လ ကြာခဲ့တယ်။ ကျွန်မ ရဲကောလိပ်မှ ထွက်လိုက်ရပြီး ကျွန်မအတွက် အသင့်စောင့်နေမယ့် အလုပ်ကိုပါ လက်လွှတ်လိုက်ရတယ်။ ပြင်းထန်တဲ့ မှုခင်းတစ်ခုရဲ့ သားကောင်ဖြစ်ခဲ့တော့ ကျွန်မ အမှုထမ်းကာကွယ်ဖို့ မသင့်တော်တော့ဘူးလို့ ယူဆခံခဲ့ရတယ်။ ကျွန်မကတော့ အဲဒါကို လက်မခံဘူး။ ကျွန်မ ပြစ်မှုဗေဒနဲ့ ဘွဲ့ရထားတယ် ဂျပန်အိကီဒိုမှာလည်း ခါးပတ်နက်ရထားတယ်၊ ကိုယ်အလေးချိန်အပေါ့ဆုံးတန်းနပန်း ဖလိုင်းဝိတ် ချန်ပီယံရှစ်မှာလည်း ဆုရတယ်။ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုစာမေးပွဲတွေလည်း ကောင်းကောင်း ဖြေနိုင်ခဲ့ပြီးပြီ တိုက်ခိုက်ခံရပြီး နောက်ငါးနှစ်အကြာမှာတော့ ကျွန်မငှါးရမ်းခံရတယ် ပထမဆုံး စုံထောက်တစ်ယောက်အဖြစ် စတင်ခြင်း လမ်းစပေါ့။

ကျွန်မမိဘတွေကတော့ မပျော်နိုင်ကြဘူး။ ဒီလို မပျော်ရွှင်ဖြစ်တာကလည်း အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ကျွန်မ ရဲတစ်ယောက် ဖြစ်ချင်တဲ့အကြောင်း ပထမဆုံးအသိပေးတော့ သူတို့ရဲ့ တုံ့ပြန်မှုက လုံးဝကြောက်စရာပဲ။ ‘’သမီး မင်း ရဲတစ်ယောက်လုပ်မယ်ဆိုတာထက် ပိုသာပါတယ်။’’ လို့သူတို့ပြောကြတယ်။ သူတို့ဆိုလိုတာကတော့ အဲ့ဒါလုပ်တာထက် ပိုတော်တယ်ပေါ့။ သူတို့လိုတော့ ပါရမီပါတဲ့သူ မဟုတ်ဘူးလေ။ သူတို့ ယူဆတာတော့ ကျွန်မရဲ့ အိုင်ကျူ ၁၃၅ လောက်နဲ့ နည်းနည်း ပိုအားစိုက်လိုက်ရင် ကျွန်မအဖေလို  နှလုံးအထူးကု တစ်ယောက် ဒါမှမဟုတ် ကျွန်မ အမေလို ကလေးခွဲစိတ်အထူးကု အကြီးအကဲ ဒါမှမဟုတ် ကျွန်မ အစ်မလို ဦးနှောက်နှင့်အာရုံကြော အထူးကုတစ်ယောက် ဖြစ်နိုင်တယ်ပေါ့။ သူတို့က သူတို့မျှော်မှန်းထားခဲ့သလို ကျွန်မ ကြိုးစားပေးလိမ့်မယ်လို့ ထင်နေကြတာ။ ကျွန်မက အဲ့ဒါမျိုးတစ်ခုမှ မလိုချင်ဘူးလေ။ ဘယ်တော့မှပဲ။

ကျွန်မ ရဲကျောင်းထွက်လိုက်ရတော့ ကျွန်မရဲ့ ဒီအဓိပ္ပာယ် မရှိတာကိုရပ်ပြီး အဓိပ္ပာယ်ရှိမယ့် အသက်မွေးဝမ်းကြောင်း တစ်ခုစမယ်လို့ သူတို့က အပိုင်တွက်ထားကြတယ် ကျွန်မရဲ့နာမည် အနောက်မှာ စာတွေတသီတတန်ကြီး ဖြစ်စေချင်ကြတာပေါ့။ ကျွန်မတို့ စကားများခဲ့ကြတယ်။ တော်တော်လေးဖြစ်ခဲ့ကြတာ။ သူတို့ကတော့ လွန်ခဲ့တဲ့ လေးနှစ်လောက်က အသေးစား လေယာဉ်ပျက်ကျမှု တစ်ခုမှာ ဆုံးသွားကြပြီ။ ကျွန်မတို့ ဒီစည်းရိုးကို မပြင်နိုင်ခဲ့ကြပါဘူး။

ဒါပေမယ့် ကျွန်မ ဆေးရုံပြန်တက်ရတဲ့အကြောင်း ဆက်မယ်။ ကျွန်မ လမ်းပြန်လျှောက်နိုင်ဖို့ စကားပြန်ပြောနိုင်ဖို့ ကေစီဒွန်ကန် ဆိုတဲ့ ကျွန်မပြန်ဖြစ်ဖို့ပေါ့။ ဒါပေမယ့် ကျွန်မအရင် ကေစီဒွန်ကန်တော့ ပြန်မဖြစ်စေရဘူး။ ကျွန်မ ဘဝက မတိုင်မီက နဲ့ ပြီးတော့ ဆိုပြီး နှစ်ပိုင်း ရှိတယ်။ 

လေးရက်လောက် ကိုးမားဝင်သွားတယ်။ ဆေးရုံပေါ်မှာ ခြောက်ပတ်ကြာနေလိုက်ရတယ်။ ဘလေနီက ကျွန်မကို ဘယ်တော့မှ လာမတွေ့ဘူး။ နုတ်ဆက်တဲ့ ပို့စကဒ်လေးတောင် မပို့ဘူး။ ပို့ရင်လည်း အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲခံလိုက်ရမှာ သူအဲ့ဒါကိုကောင်းကောင်းသိတယ်။ ဒိုင်ယာနာ ကတော့ ကျွန်မ အရေးပေါ်ခွဲစိတ်ခန်းဝင်နေတုန်း သူ့ကို သေချာပေါက် ဆက်သွယ်ခဲ့သေးတယ်။ ကျွန်မ အခြေနေ ဘယ်လောက်ဆိုးနေလဲ သူ မမေးဘူး ဒီတိုင်း ဗလုံးပထွေးပြောပြီး ဖုန်းချသွားတယ်။ သူ လမ်းကြားကနေ ပြေးထွက်သွားတုန်းက သေချာပေါက် အကူညီ သွားတောင်းနေပြီပဲလို့ ဟိုလူတွေကိုဒေါသဖြစ်နေတဲ့ နာကြည်းစိတ်နဲ့ ယုံထားတာ။ ထိုးနှက်ခံနေရတာတောင်မှ အဲဒီစိတ်ကစွဲတုန်း။ သူ ရဲကိုခေါ်ခဲ့မှာ။ သူခေါ်ခဲ့ရမှာ။

နောက်ဆုံး အသိစိတ်မပျောက်သွားခင် အတွေးထဲဝင်လာတာတစ်ခုက ကျွန်မ ဆက်ပြီးတောင့်ထားဖို့ပဲ။ အကူညီရောက်လာတော့မှာပါ။ ရောက်မလာခဲ့ဘူး။ တစ်နာရီလောက်ကြာတော့ အိမ်ခြေမဲ့ တစ်ယောက်  ဒီလမ်းကြားထဲကနေ ကျွန်မကိုကျော်ပြီး ဖြတ်သွားတယ်။ အရက်မူးနေတဲ့ သူစိမ်းတစ်ယောက် ကျွန်မကို အကူညီပြေးခေါ်ပေးခဲ့တာ။ ကျွန်မ ရည်းစားကတော့ ထွက်ပြေးသွားခဲ့တာလေ။

ကျွန်မ သတိပြန်ရလာပြီးတော့ ဘလေနီ  ရဲကိုဒီအကြောင်းတွေ ပြောပြပေးဖို့လိုတယ်လေ။ ဒါပေမယ့် ဘလေနီ အဆိုအရ သူကအာရုံလွှဲခဲ့တာတဲ့။ ကျွန်မ သူနဲ့ အတူလွတ်သွားခဲ့သေးတယ် လမ်းမဘက် ရောက်မှ လမ်းခွဲခဲ့ကြတာတယ် ဟိုရိုက်နှက်တဲ့ လူတွေက ကျွန်မကိုမိပြီး အဲဒီလမ်းကြားထဲ ပြန်ဆွဲခေါ်သွားတာတဲ့။ ဘလေနီသာဒါတွေတကယ်သိရင် သူတစ်ခုခုလုပ်မှာပဲ။ တခြားဟာတစ်ခုခု ကြံမှာပဲ.... ကျွန်မ ခေါင်းမှာဒဏ်ရာရခဲ့တယ် ယာယီ ဦးနှောက်မှတ်ဉာဏ်ထိခိုက်ပြီး အတိတ်မေ့ခဲ့တာ မဟုတ်လား။ တကယ်တော့ ကျွန်မ ကောင်းကောင်း မမှတ်မိတော့ဘူး။

ကျွန်မ ဆေးရုံကဆင်းတော့ သူ့ကို ဖုန်းမဆက်ခဲ့ဘူး။ ဒီစကားက လူချင်းတွေ့ပြောရမှာ။ အဲဒီလိုတွေ့ပြီး ပြောဖို့ ကျွန်မ အချိန်တစ်ပတ်လောက် ယူရသေးတယ် ဘာလို့လဲဆိုတော့ ကျွန်မမှာ လုပ်စရာရှိတယ် သေနတ်ဝယ်ရမှာ။

ဘလေနီရဲ့  ပုံမှန်လုပ်ရိုးလုပ်စဉ်က မပြောင်းဘူး။ မနက်အစော နေမထွက်ခင် လမ်းလျှောက်လေ့ရှိတယ်။ ဒါမှမဟုတ် ကောင်မလေးတစ်ယောက်ကို အထင်ကြီးအောင်လုပ်ပြီဆိုရင် ပြောတဲ့စကား ‘’ကျွန်တော်က မနက်စောစော ငါးနာရီ မထိုးခင် ပန်းခြံထဲလမ်းထလျှောက်တယ်’’ ဆိုတာလေ။ အဲ့ဒါလုံးဝ မမှန်ဘူးတော့ မဟုတ်ဘူး။ သူတကယ် နေမထွက်ခင်သွားပါတယ်။ တကယ် ပန်းခြံထဲမှာ ပြေးတယ်။ သောကြာနေ့ တစ်ရက်တည်း သူလုပ်တာ ပြီးတော့ သူ့ရဲ့ ဆေးတွေ သိမ်းထားတဲ့နေရာ သွားတာသက်သက်ပါပဲ။ အဲဒီနောက် သူ ကျောင်းဝန်းဘက် ပြန်လာတယ် အဲဒီမှာ နောက်ကျပါတီပွဲတွေတက်ပြီး နေမထွက်ခင် အဆောင်ပြန်ဝင်ရတဲ့ ချာတိတ်တွေရှိတော့ ဝယ်သူရလေ့ရှိတယ်။ သူတို့က အဲဒီဆေးနည်းနည်းသောက်ပြီး သောကြာနေ့ အတန်းတွေကို ကျော်ဖြတ်မယ့် သူတွေ။

ပြသာနာ ဖြစ်လို့အကောင်းဆုံးနေရာကို ကျွန်မ သိတယ်။ မြစ်ကမ်းဘေး တံတားနားမှာ အဲဒီဘက်ကို သူအိမ်ပြန်ရင် ဖြတ်နေကျ အဲဒီမှာ နေ့ဘက်ဆို လူရှင်းတယ် တဝေါဝေါ စီးနေတဲ့ ရေသံက ကျွန်မတို့ ဆွေးနွေးနေတဲ့အသံကို လွှမ်းပေးနေနိုင်တယ်။

သေနတ်သံကိုရော ဖုံးနိုင်မလားမသိဘူး။

မဟုတ်ပါဘူး သေနတ်က ပြရုံသက်သက်ပါ။ ဒီဆွေးနွေးပွဲက အလေးအနက်ဆိုတာ သူသိဖို့ပါ။ ကျွန်မ တံတား ခြေရင်းမှာစောင့်နေခဲ့တယ်။ သူချိန်းထားတဲ့ အချိန် ကွက်တိ ရောက်လာခဲ့တယ်။ လမ်းလျှောက်လာခဲ့တာ။ သူက လမ်းလျှောက်တာပဲ ဒါမှ သူ့ကိုလူတွေတွေ့နိုင်မှာလေ။ ကျွန်မ သူ့ဆီက စီစီညံညံမြည်နေတဲ့ ဂီတသံတွေ ကြားနိုင်လောက်တဲ့အထိ စောင့်နေလိုက်တယ်။ ပြီးတော့ သူ့ရှေ့ကိုထွက်လာလိုက်တယ်။

‘’ကေစီ’’ သူ နားကျပ်တွေကို အလျင်မြန်ပဲ ချွတ်လိုက်ပြီး နားကျပ်တွေ အောက်ကို တန်းလန်းကျသွားတဲ့အတိုင်း ထားလိုက်တယ်။ သူကျွန်မကို ငေးကြည့်တယ်။ ‘’မင်းပုံက...’’

‘’ ငါ့ကိုလုံးဝအလန့်တကြား ဖြစ်စေတယ်’’

‘’ သိပ်တော့လည်း မဆိုးပါဘူး’’

‘’ အမှန်ပဲ ပွန်းပဲ့ဒဏ်ရာတွေက သက်သာလာပြီ။ ချုပ်ရိုး ၁၀ ခုလောက်ပဲ ကျွန်မ မျက်နှာမှာ ကျန်တော့တယ်။ အိုး... ဒီနေရာကတော့ ကျွန်မရဲ့ ဆံပင်ကို ရိတ်ပြီး ဦးခေါင်းခွံထဲကို ဖြတ်ဖို့လုပ်ခဲ့တာလေ သွေးထွက်တာ တိတ်သွားအောင်လို့လုပ်ခဲ့ရတာ။’‘ ကျွန်မ သူ့ကိုလှည့်ပြလိုက်တယ်။ ‘’နောက်ပြီး ငါ့ရဲ့ သွားတွေကို မေးရိုးတွေ လုံးဝပြန်ကောင်းလာတဲ့ အချိန်ကျရင် ပြန်စိုက်ရမယ်။ ငါ့နှာတံကလည်း ဆင်းမနေတော့ဘူး သူတို့ကတော့ ပလတ်စတစ် ဆာဂျရီ လုပ်လိုက်ရင် ကောင်းသွားမယ်ပြောတာပဲ။ ငါ အားစိုက်ကြိုးစားပြီး လျှောက်မယ်ဆိုရင်လည်း ထော့နဲ့ထော့နဲ့ လျှောက်စရာမလိုဘူးလို့ ပြောတယ်။’’

အသက်ကြီးကြီး အဒေါ်ကြီး တစ်ယောက်က သူ့ရဲ့ ရောဂါဝေဒနာတွေ ပြန်ပြောပြတာကို နားထောင်ပေးပြီး  ခေါင်းတညိမ့်ညိမ့်နဲ့ အပေါ်ယံ စိတ်ပူတဲ့ အမူအရာမျိုး သူ့မျက်နှာမှာပေါ်တယ်။

ကျွန်မ ပြောတာလည်းပြီးရော သူက ‘’မင်းပြန်သက်သာလာလိမ့်မယ်ဆိုတော့ အဲ့ဒါကောင်းပါတယ်’’ လို့ပြောတယ်။

‘’ကောင်းတယ် ဟုတ်လား’’ ကျွန်မ ရှေ့ကို တိုးလိုက်တယ်။ ‘’ငါသေမလိုတောင် ဖြစ်ခဲ့တာနော် ဘလေနီ ငါ ရဲကောလိပ် ကထွက်လိုက်ရပြီ။ ငါ့ကို ရဲတစ်ယောက် မဖြစ်နိုင်တော့ဘူးလို့ ပြောတာခံခဲ့ရတယ်။ ငါ ဘယ်တော့မှ မြန်မြန် လမ်းမလျှောက်နိုင်တော့လို့တဲ့လေ။ ငါ ဖျတ်ဖျတ်လတ်လတ်မရှိတော့ဘူး တွေးမှာမဟုတ်ဘူး’’

နောက်ထပ် စကားစ နည်းနည်းပြတ်သွားတယ်။ အဲဒီနောက်မှာ ‘’မင်း ဒီလိုဖြစ်ရတာ ငါ စိတ်မကောင်းပါဘူး ကေစီ ငါ မင်းကိုပြေးခွင့်ရအောင် လုပ်ပေးခဲ့တာပဲ’’

‘’မဟုတ်ဘူး ငါကသာ နင့်ကိုပြေးခွင့်ပေးလိုက်တာ နင်ပြေးသွားပြီး အကူညီ ပြန်ခေါ်မလာခဲ့ဘူး’’

‘’ငါ မှတ်မိတာတော့ အဲဒီလိုမဟုတ်ဘူး’’ သူမတ်မတ်ရပ်လိုက်ပြီး ကျွန်မ အကြည့်ကို လွှဲလိုက်တယ်။

‘’မဟုတ်လို့လား’’ ကျွန်မ ပြောလိုက်တယ်။ ‘’ဒါက မင်းအတိတ်ကို ပြန်ဖော်ပေးနိုင်မလားပဲ’’

ကျွန်မ သေနတ်ကို အိတ်ကပ်ထဲက ဆွဲထုတ်လိုက်တယ်။

ဒီလို တွေ့ဆုံမှုမျိုးကို ကျွန်မ နည်းမျိုးစုံ တွေးကြည့်ပြီးပြီ။ ဆေးရုံ ကုတင်ပေါ်မှာ ညစဉ်ညတိုင်း ဒါကို စိတ်ကူးနေတာ သူ့ကို ခပ်မြန်မြန် အသနားခံ ခွင့်လွှတ်ဖို့ မတောင်းခံစေချင်ဘူး။ သေနတ်ထုတ်ပြီး သူ့မျက်နှာ အမူအရာကို ကြည့်ချင်သေးတယ်။ ကျွန်မ အဲဒီလမ်းကြားထဲမှာ ခံစားခဲ့ရသလို သူ့ကိုလည်း ခံစားမိစေချင်တယ်။

အခု ကျွန်မ သူ့ကို သေနတ်နဲ့ချိန်ထားလိုက်တော့ သူက မျက်စိကို ပေကလတ်ပေကလတ် လုပ်တယ် ဒါပဲ ဒီလောက်ပဲ မျက်တောင်ခပ်တာလောက်ပဲ။ သူ့ နှုတ်ခမ်းတွေ လှုပ်လှုပ်ရွရွဖြစ်လာပြီး ရယ်ချလိုက်တော့မယ့် ပုံစံဖြစ်နေတယ်။ သူသာ ရယ်ချလိုက်ရင် ကျွန်မ သေနတ်မောင်းကို ဆွဲပစ်လိုက်တယ်။ ဒါပေမယ့် သူ့ပါးစပ် ကို သပ်လိုက်ပြီး ‘’ကေစီ မင်း ငါ့ကို မင်းရဲ့ လေ့ကျင့်ရေး သေနတ်နဲ့ ပစ်မှာမဟုတ်ပါဘူး မင်းက အဲဒါထက် ပိုတော်ပါတယ်။’’

‘’နင့်ကို ငါ ရဲကောလိပ်က ထွက်ထားတာ ပြောထားသေးတယ်မလား။ အခု ဒါက ငါ့ရဲ့ လေ့ကျင့်ရေး ပစ္စည်းမဟုတ်တော့ဘူးနော်။ အခု ငါ နင့်ကို သေသေချာချာ ပြန်စဉ်းစားစေချင်တယ် ဘလေနီ ။ အဲဒီညက အကြောင်းကို ပြန်စဉ်းစားပြီး နင် ငါ့ကို ပြေးခွင့်ပေးခဲ့တာပါ ဆိုပြီး ထပ်ပြောကြည့်စမ်း’’

‘’အေးပါ ငါသဘောပေါက်ပါပြီ’’ သူ စကားကို အေးဆေးပြောလိုက်တယ်။ ‘’ မင်းက ငါ့ကို ဖုံးကွယ်နေတဲ့ အပိုင်းတွေကို ဝန်ခံစေချင်တာ အဲ့ဒါမှ မင်း....’’

ကျွန်မရဲ့ ဂျာကင်ကို ကျွန်မ ဆောင့်ဆွဲချွတ်လိုက်တယ်။ သိပ်တော့မလွယ်ဘူး။ ကျွန်မ ဘယ်ဘက် လက်မောင်းက ပတ်တီးစည်းထားရတုန်းပဲ ကျွန်မ ပုခုံးက အဝတ်လဲလို့ အဝတ်နဲ့နည်းနည်း  ငြိတဲ့အခါ ပူခနဲ ဖြစ်ဖြစ်သွားတယ်။ ဒါပေမယ့် ကျွန်မ ချွတ်နိုင်ခဲ့တယ်။ သူ့ကို ဂျာကင်နဲ့ ပစ်ပေါက်လိုက်တယ်။

‘’ရှာကြည့်လိုက် အသံဖမ်းစက် မကျေနပ်ရင် ငါ့ကို လာစမ်းကြည့်။ ဘာအသံမှ သွင်းမထားဘူး ဒါငါ့အတွက်လုပ်တာ။ နင်အမှန်ကို ပြောထွက်တာ ငါကြားချင်တယ် ပြီးတော့ နင် တောင်းပန်တာ ငါကြားချင်တယ်။’’

‘’ကောင်းပြီလေ အဲ့ဒါဆိုလည်း သေနတ်မောင်းကို ဆွဲပစ်လိုက်ဖို့ရှိတာပဲ ဘာလို့လဲဆိုတော့ ငါ့မှာ ဘာမှ တောင်းပန်းစရာမရှိဘူး။ ငါတို့ ပြေးခဲ့ကြတာပဲ။ မင်းသာ နောက်တစ်ခေါက် ပြန်သွားတာ နေမှာပေါ့။’’

‘’ဘာလို့ သွားရမှာလဲ’’ ကျွန်မ အော်လိုက်တယ်။ ‘’ဘယ်လို သောက်ကြောင်းနဲ့ ငါက အဲဒီကို နောက်ထပ်ပြန်သွားမှာလဲ’’

‘’သူတို့ မင်းကို ဖမ်းမိတာ မင်းနှေးလွန်းလို့ ဖြစ်မှာပေါ့။’’ 

‘’ငါ မပြေးခဲ့ဘူး နင်သိလား ငါထွက်မပြေးဘူး ငါသူ့ကို လှမ်းဆွဲလိုက်တော့ ကျသွားတဲ့ သေနတ်ကို နင်ကောက်ရမှာလေ ဒါပေမယ့် နင်ကတော့ထွက်ပြေးသွားတယ်။ သောက်ငကြောက်ကောင်လိုပဲ ပြေးတာမှ နောက်ကို လှည့်မကြည့်တော့ဘူး ငါကတော့ သေမလိုဖြစ်ပြီး ငါအဆင်မှပြေပါ့မလားဆိုပြီး ဆေးရုံတောင် အကြောင်းကြားပေးဖော် မရဘူး။’’

‘’မင်း အကောင်းကြီးဖြစ်လို့ အခုငါ့ရှေ့ရောက်ပြီး ငါ့မျက်နှာကိုသေနတ်နဲ့ ချိန်ထားတယ်လေ။ ဟုတ်ပြီ ဒီလိုငါရှေ့ရောက်နေလို့ မင်းအဆင်ပြေလား ငါမသေချာဘူး။ ဒါပေမယ့် မင်း အကူညီလိုတယ်လို့ ငါထင်တယ်။ အမြဲတမ်းလည်း ငါပေးခဲ့တာပဲ။ မင်းက စိတ်လွတ်နေတဲ့ဟာပဲ ကေစီ စိတ်ကုဆရာဝန်ဆို မင်းကို သေကြောင်း ကြံနေတယ်လို့ပဲ ပြောလိမ့်မယ်။’’

ကျွန်မငြိမ်သွားတယ် ‘’ဘာပြောတယ်’’

သူက နောက်ဆုံး စာမေးပွဲမှာ မေ့နေတဲ့ အဖြေကို သိသွားတဲ့ ကျောင်းသားလို ရှေ့ကိုတိုးလာပြီး ‘’မင်းသေကြောင်း ကြံနေတာ ကေစီ ဘယ်သာမန် မိန်းကလေးက ရဲဖြစ်ချင်မှာလဲ။ အဲဒီ ကိုယ်ခံပညာကရော အရေးပါလား။ ငါတို့ လမ်းကြားထဲမှာ အရိုက်ခံရတယ်။ ဒါကို ငါကကောင်းကောင်း ကိုင်တွယ်ဖို့လုပ်တာ မင်းက ဘာလုပ်မှာလဲ။ အဲဒီ လူကို ဆွဲဖမ်းလိုက်တယ်။ တကယ်ပါကွာ ဘုရားမလို့ ငါပြေးခဲ့နိုင်တာ မဟုတ်ရင် ငါပါရောအရိုက်ခံရမှာ’’

ငါ သူ့ခေါင်းကိုရိုက်လိုက်မယ်။ သေနတ်နဲ့ သူ့ခေါင်းကို လွှဲရိုက်လိုက်မယ်။ သူနောက်ကို ယိုင်လဲသွားမယ်။ ငါ အဲ့လူကို ဆက်တိုက်ရိုက်မယ်။ သွေးတွေပန်းထွက်ပြီး သူ့ ပြူးကျယ်နေတဲ့ မျက်လုံးကို လက် နဲ့ကာထားလိမ့်မယ်။

‘’သေလိုက် သောက်ရူး ခွေးမ’’

‘’ငါတို့အကြမ်းဖက်အရိုက်ခံရတာ မဟုတ်ဘူး’’ ကျွန်မပြောလိုက်တယ်။ ရှေ့ကို တိုးရင်း သူ ခေါင်းကိုမတ်မတ်ထားပြီး နောက်ဆုတ်သွားတယ်

‘’နင်သာ သူများ နယ်ထဲ ဆေးသွားရောင်းခဲ့တာလေ။ တကယ်ဆို နင်အသိဆုံးပဲ ဒါကို နင်က သောက်ဂရုမစိုက်တဲ့ ပုံမျိုးလုပ်ခဲ့တာလေ။ ငါ အဲဒီလူကို ဆွဲဖမ်းလိုက်တယ်ဆိုတာက နင့်သောက်ဖင်ကို ကယ်လိုက်တာ ဒါကို နင်က ငါ့ကို သေအောင်ပစ်ထားခဲ့ပြီး ခွက်ပြေးသွားတယ်။’’

‘’သူတို့ အဲ့လိုလုပ်မယ်လို့ ငါမထင်.....’’

‘’နင် ငါ့ကို ပစ်ထားခဲ့တယ်’’

‘’ငါတွေးမိတာက...’’

‘’ဘာများတွေးမိတာလဲ။ ငါ့ကို မုဒိန်းကျင့် သွားဖို့လား။ နင်လွတ်ဖို့ အတွက် အနှောင့်အယှက် ဖြစ်သွားမှာကိုလား။’’

သူ မဖြေဘူး ဒါပေမယ့် သူ့မျက်လုံးတွေက အကြင်နာမဲ့တဲ့ အသွင် မပြောင်းခင်မှာပဲ သူ့မျက်နှာ ဖျတ်ခနဲ အရောင်လတ်သွားတာ ကျွန်မ သိလိုက်တယ်။ 

 ‘’တကယ်သူတို့ မင်းကို မုဒိန်းကျင့်လိုက်တယ် ဆိုရင်လည်း ဒါကမင်းအမှားပဲ။’’ ဘလေနီက ပြောလိုက်တယ်။ ‘’မင်း တစ်ယောက်ထဲ နေလို့မရသေးပါဘူး အခု ငါ့ကို အဲဒါပေးစမ်းပါ။’’

သူ သေနတ်ကို ဆတ်ခနဲ လှမ်းလိုက်တယ်။ ကျွန်မ သူကို ပစ်လိုက်တယ်။ သေနတ်မောင်းကို ဆွဲလိုက်တဲ့ အချိန် ကျွန်မ ခေါင်းထဲကို ဘာအတွေးမှ ဝင်မလာခဲ့ဘူး။ ကျွန်မ ဟိုလမ်းကြားထဲမှာတုန်းကလိုပေါ့။

ဘလေနီ ကျွန်မဆီ လှမ်းလာတာတွေ့တယ်။ ကျွန်မက သူ့ရင်ကို သေနတ်နဲ့ ချိန်ထားပြီးသားဖြစ်နေပြီ။ အဲဒီနောက် ကျွန်မ သေနတ်မောင်းကို ဆွဲလိုက်တယ်။

အဆုံးသတ်သွားပြီ။


အခန်း(၃) ဆက်ရန်....

စာဖတ်သူတို့ ကြိုက်နှစ်သက်တယ်ဆိုရင်ပဲ ကျွန်တော် အားထုတ်ရေးသားရကျိုးနပ်ပါတယ်ခင်ဗျာ ကျွန်တော့် ဒီစာလေးကို သဘောကျလို့ support ပေးချင်ရင်လည်း KBZ Pay ကတစ်ဆင့် Support ပေးလို့ရပါတယ်ဗျ အားပေးတဲ့သူတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ 


Your coffee give me strength for more chapters!!

KBZ Pay -09 442199772


rate now:

1 Reviews
  • reader Nami Athene 17.01.2021, 11:54 5

    👍🏻

    author ZENIX 26.01.2021, 15:13

    Thank U So Much ❤️☺️