book

Index 1

အခန်း (၁)

  • Author : ZENIX
  • Genres : Mystery
  • Original Author : Kelley Armstrong

အခန်း(၁)

‘’ကျွန်မလူတစ်ယောက်ကို သတ်ခဲ့တယ်’’ ကျွန်မရဲ့ စိတ်ကုထုံးဆရာဝန်ကိုပြောပြလိုက်တယ်။

ကျွန်မ ဆိုဖာမှာထိုင်တယ်ဆိုရုံလေးပဲ... ဆိုဖာလည်းမဟုတ်ပါဘူး ဒါပေမယ့် ကျောမှီထိုင်လို့ရတဲ့ ကုလားထိုင်မျိုးဖြစ်ပြီး ထိုင်ဖို့ဖိတ်ခေါ်နေတဲ့ပုံ ပေါက်ပေမယ့် တော်တော်လေးကို  သက်တောင့်သက်သာ မရှိတာ။ စိတ်ကုထုံးပညာရပ်လိုပေါ့။

ကျွန်မရဲ့ ပထမဆုံး စကားတစ်ခွန်းတည်းနဲ့တင် သူမကို  သတိလက်လွတ် ဖြစ်သွားစေတယ် ဒါပေမယ့် ဒါမျိုးကတခြား စိတ်ကုဆရာဝန်တွေနဲ့ ကြုံဖူးနေပါပြီ။ တိတိကျကျပြောရရင် ငါးယောက်ပေါ့။ အကြိမ်တိုင်းမှာ ‘ဟယ်လို’ နဲ့ ‘ကျွန်မက လူသတ်သမားပါ’ ဆိုတဲ့ စကားနှစ်ခွန်းကြား အချိန်ကွာဟမှုက တော်တော်လေး နည်းသွားပြီ။ ဒီမှာပြောစရာရှိတာက ကျွန်မ နုတ်ဆက်စကားကိုအပင်ပန်းခံ ပြောသေးလို့ သူမ ကျေနပ်လို့ရပါသေးတယ်။ စိတ်ကုဆရာဝန်တွေက နာရီနဲ့ကျသင့်ငွေတောင်းတာလေ။

‘’မင်း...’’ သူမပြောလိုက်တယ် ‘’လူသတ်ခဲ့တယ်ဟုတ်လား’’

နားလည်သဘောပေါက်တဲ့ အကြည့်။ ကျွန်မ အဲဒီအကြည့်ကို ကောင်းကောင်းသိတာပေါ့ စိတ်ကုဆရာဝန်တွေ သူတို့နားကြားလွဲလိုက်တယ်ဆိုတာသေချာတဲ့ အခိုက်တန့်မျိုးပေါ့။ ဒါမှမဟုတ်လည်း ကျွန်မ ဖွဲ့နွဲ့ပြီးပြောလိုက်တာပေါ့။ ကျွန်မလူတစ်ယောက်ရဲ့ နှလုံးသားကိုဖောက်ခွဲလိုက်တယ်။ တကယ်တမ်းပြောရရင် မှန်တယ်။ ကြည်ဆံက နှလုံးကိုဖောက်နိုင်တယ်လေ။ ယတိပြတ်အဓိပ္ပာယ်မျိုး မထွက်ပေမယ့် အဲဒီသဘောရောက်ပုံပါပဲ။ 

ကျွန်မခေါင်းညိတ်ပြတော့ သူမ မေးတယ် ‘’ဘယ်တုန်းကဖြစ်ခဲ့တာလဲ’’

‘’လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်က’’

နံပါတ်နှစ် အမူရာ။ စိတ်သက်သာရာရတဲ့ပုံ။ အနည်းဆုံးတော့ ကျွန်မလူတော့မသတ်ခဲ့ပါဘူးဆိုတဲ့ပုံမျိုး ဒါကကျွန်မကို ပိုပြီးတော့ စိတ်အနှောင့်ယှက်ဖြစ်စေတယ်။ 

အဲဒီမှာ တတိယအကြည့်က လာပါလေရော။ တဖြည်းတဖြည်းနားလည်လာတဲ့ အကြည့်။

‘’မင်း ငယ်ငယ်ကဖြစ်မှာပေါ့’’သူမကပြောတယ် ‘’ဆယ်ကျော်သက်အရွယ်တုန်းက’’

‘’ဆယ့်ရှစ်နှစ်တုန်းက’’

‘’‘အာဟ..’’သူမထိုင်ခုံကျောမှိီချလိုက်တယ်။ သူမစိတ်သက်သာရာရသွားမှုက ပိုပြီးပြင်းထန်လာလိုက်တာ သူမ ပဟေဠိတစ်ခုကို အဖြေထုတ်လိုက်နိုင်တဲ့သူလိုပဲ။ ‘’တော်တဆမှုတစ်ခုခုမလား’’

သူမကတော့ တုံးပါတယ်။ တခြားသူတွေဆိုရင် ကျွန်မကို သူတို့ရဲ့ ကောက်ချက်ဆွဲမှုတွေထဲမှာ လည်ထွက်သွားအောင်လုပ်ကြတယ်။ ‘’မင်းလူတကယ်သတ်ခဲ့တာမဟုတ်ပါဘူး။ ယာဉ်မတော်တဆဖြစ်လို့ ဒါမှမဟုတ် ငယ်ရွယ်တုန်းမလို့ အထင်မှားပြီး မင်းကိုယ်မင်း အပြစ်ရှိတယ်လို့ ခံစား နှိပ်စက်နေတာ ဖြစ်မှာပေါ့။’’

‘’မဟုတ်ပါဘူး။ ကျွန်မ ရည်ရွယ်ချက်ရှိရှိပဲလုပ်ခဲ့တာ သေနတ်မောင်းကို ရည်ရွယ်ချက်ရှိရှိ ဆွဲခဲ့တာပါ။ ကျွန်မ အဲဒီကိုအစီစဉ်တကျ သွားသတ်ခဲ့တာတော့ မဟုတ်ဘူးပေါ့။ ရက်ရက်စက်က် သတ်လိုက်တာပါ သူ့ကိုယ်သူသတ်သေတာမဟုတ်ဘူး။ ရှေ့နေကောင်းတစ်ယောက် ဆိုရင်တော့ မပြည့်စုံတဲ့ခုခံမှုတစ်ခုလို့  အငြင်းပွါးနိုင်တယ် ပြီးတော့ ဆယ့်နှစ်နှစ်လောက် ထောင်ထဲထည့်ခံရအောင်လုပ်လို့ရတာပေါ့။’’ 

သူမကနောက်ကိုမတ်လိုက်တယ် ‘’မင်းသေချာလေ့လာထားတာပဲ’’ လို့ သူမ ပြောလိုက်တယ် ‘’ရာဇဝတ်မှု အပြစ်ဒဏ်တို့’’ 

‘ဒါကကျွန်မ အလုပ်လေ’’

‘’ဘာလို့လဲဆိုတော့ မင်းကိုယ်မင်း အပြစ်ရှိတယ်လို့ ခံစားနေရလို့လေ’’

‘’မဟုတ်ဘူး ကျွန်မက ရဲတစ်ယောက်ပဲ’’

သူ့ပါးစပ်က အံ့ဩပြီး ဝလုံးလို ဝိုင်းသွားတယ် သူမရဲ့ လက်သည်းထိပ်တွေနဲ့ ကျွန်မရဲ့ ဖိုင်တွဲကို သေချာစေ့စေ့စပ်စပ် မဖတ်ကြည့်မိတဲ့အတွက် စိတ်ထွက်ပေါက်တစ်ခုလို တစ်ဒေါက်ဒေါက် ခေါက်နေတယ်။ အဲဒီနောက် သူမ ပါးစပ်နောက်တစ်ခေါက်ပွင့်လာတယ်။ ဖျက်ခနဲ အပြုံးရိပ်တစ်ခုသမ်းသွားတယ်။ 

‘’မင်းက ရဲအရာရှိ’’ သူမပြောလိုက်တယ်။ ‘’မင်းက တစ်ယောက်ယောက်ကို တာဝန်အရ ပစ်တာ ဖြစ်မှာပေါ့။ မဟုတ်သေးပါဘူး မင်းကအရမ်းငယ်သေးတဲ့ ရဲတပ်ဖွဲ့ဝင်လောင်းတစ်ယောက် ဖြစ်နေလို့များလား’’ 

‘’အင်းဟုတ်တော့ဟုတ်တယ် ဒါပေမယ့် အဲ့ဒါက လေ့ကျင့်ရေးမတော်တဆမှု မဟုတ်ဘူး’’ ကျွန်မ ခုံပေါ်မှာ သက်တောင့်သက်သာထိုင်လိုက်တယ်။ ‘’တကယ်လို့ ကျွန်မရှင့်ကို ဇာတ်ကြောင်းပြောပြမယ် ဆိုရင်ရော’’

သိသာနေတဲ့ ဖြေရှင်းချက် ဒါပေမယ့် အဲ့ဒါကို သူတို့မေးခွန်းမထုတ်ခဲ့ကြပါဘူး။ တစ်ချို့သူတွေ အခုတစ်ယောက်လိုပေါ့ ကျွန်မ တကယ်ပြောပြမယ်လုပ်ရင် တုံ့ဆိုင်းသွားကြရော။ ကျွန်မပြောတဲ့ ဇာတ်လမ်းကို သူမ မကြားချင်ဘူးလေ။ ကျွန်မ အပြစ်ရှိတယ်ဆိုတာကို ကြားရမှာ ကြောက်ကြပြီး အဲဒီလို မဖြစ်စေချင်ကြဘူး။ သူမကို သဲလွန်စ နည်းနည်း ပေးလိုက်ရင် သူမ ကျွန်မကို နှစ်သိမ့်ဖို့ နည်းလမ်းရှာလိမ့်မယ်။ 

အပြစ်ကိုဖြေပေးတာမျိုး မလိုချင်ဘူး။ ကျွန်မရဲ့ ဇာတ်ကြောင်းကိုပဲ ပြောပြချင်တယ်။ ဘာလို့လဲဆိုတော့ ဒါကျွန်မလုပ်မယ့် အရာတစ်ခုဖြစ်နေလို့ပဲ။ ကျည်ခြောက်တောင့် ထည့်ရတဲ့ ခြောက်လုံးပြူးသေနတ်ထဲကို ကျည်တစ်ထောင့်ထည့်ပြီး နားထင်ပစ်ကစားသလိုပဲ ကံသေကံမ မပြောနိုင်ဘူး တစ်နေ့မှာတော့ စိတ်ကုထုံးဆရာဝန် တစ်ယောက်က လျို့ဝှက်ထားရမယ့် စည်းမျည်းကိုချိုးဖောက်ပြီး ကျွန်မကို ရဲလက်အပ်ရင် အပ်လိုက်လိမ့်မယ်။ ဒါက ဘယ်လိုဖြစ်နေလဲဆိုတော့ ငယ်ငယ်က အမှားတစ်ခုခု လုပ်မိလို့ အပြစ်ရှိကြောင်း ဝန်ခံဖို့ကို အပြစ်ပေးခံရမှာ အရမ်းကြောက်ပြီး ဝန်မခံသလိုဖြစ်နေတယ်။ ကျွန်မ သဲလွန်စတွေချပေးသွားမယ် ကျိုးကြောင်းဆက်စပ် စဉ်းစားလို့ရနိုင်အောင်ပေါ့ အဲဒီ သဲလွန်စအရိပ်မြွက်တွေကပဲ ကျည်ရှိတဲ့ အကန့်ကိုရှာတွေ့သွားလိမ့်မယ်။ ဆန်းဆန်းပြားပြားအတွေး ကလေးဆန်တဲ့အတွေး ဒါပေမယ့် ဒါကျွန်မ အခုလုပ်မယ့်အရာပဲ။ ကျွန်မပြောတဲ့ ဇာတ်လမ်းကို နားထောင်ပြီး ကျွန်မ အမှန်တကယ်အပြစ်ကျခံရသင့်တယ်ဆို စိတ်ကုဆရာဝန်က ကျွန်မကို ရဲလက်အပ်လိမ့်မယ်။

‘’ကျွန်မ စပြောလို့ရပြီလား ‘’ ကျွန်မမေးလိုက်တယ်။

သူမက သတိရှိသွားပြီး စလို့ရတဲ့အနေထားမျိုးနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

‘’ကျွန်မ ကောင်လေးနဲ့ အဲဒီညက ဘားတစ်ခုကို သွားခဲ့တယ်’’ ကျွန်မပြောလိုက်တယ်။ ‘’ဒိတ်လုပ်ဖို့ပေါ့ ဒါပေမယ့် သူက အနောက်ဘက်မှာ စီးပွါးရေး လုပ်နေလေရဲ့။ သူကတော့ အဲဒီလို ပြောတာပဲ စီးပွါးရေး လုပ်တာတဲ့လေ။ ပျော်ပါးရမယ့် ဘားတစ်ခုမှာ ကိုကာကိုလာ သောက်နေသလိုပဲလေ။ တကယ်တမ်းတော့ ကျွန်မတို့က တက္ကသိုလ်နယ်မြေထဲမှာပါ ဗီတာမင် အာရ် နဲ့ ဘန်ဇီဒရင်း အပြားတွေကို စာမေးပွဲ ရှိတဲ့ ရက်သတ္တပတ်တွေမှာ လိုနေတဲ့ ချာတိတ်တွေကို သူကရောင်းတာပေါ့..’’


အခန်း(၂) ဆက်ရန်....

စာဖတ်သူတို့ ကြိုက်နှစ်သက်တယ်ဆိုရင်ပဲ ကျွန်တော်အားထုတ်ရေးသားရကျိုး နပ်ပါတယ်ခင်ဗျာ Donation နဲ့ Support ပေးလို့လည်းရပါတယ်ဗျ ဖတ်ရှုပေးတဲ့သူတစ်ယေညက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်



rate now: