သွေးစုပ်ဖုတ်ကောင် မိန်းမပျို
လူ့အဖွဲ့အစည်းနဲ့ ဝေးရာကို စွန့်ခွာထွက်ပြေးချင်နေတဲ့ ကျွန်တော့် ရဲ့ စိတ်အခြေအနေနဲ့ ကိုက်ညီအဆင်ပြေနိုင်လောက်မယ့် တည်းခိုဖို့နေရာကိုရက်သတ္တပတ်အတော်ကြာ အောင်ရှာဖွေခဲ့ပြီးနောက် နေစရာ တစ်ခုကိုရှာတွ့ခဲ့ပြီ။ ဒီနေရာက ကျိန်းသေပါက်ကို ကျွန်တော် အနားယူချင်တဲ့ပတ်ဝန်းကျင်မျိုးလေ။ ကျွန်တော် တစ်ဖြည်းဖြည်းနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေလျော့ကျလာခဲ့ပြီး စိတ်ပင်ပန်းနေပြီ။ ထူးဆန်းတဲ့ တစ်စုံတစ်ရာက ကျွန်တော့်သွေးထဲမှာမငြိမ်မသက်ဖြစ်နေပြီးတော့ဦးနှောက်ကလည်း တစ်ခုခုလိုအပ်နေသလိုမျိုး ကောင်းစွာအလုပ်မလုပ်နိုင်တော့ဘူး။ ရင်းနှီးနေပြီးသား မျက်နှာတွေနဲ့အရာဝတ္ထုတွေကို ကျွန်တော့်မျက်လုံးထဲ မြင်နေတွေ့နေရတာက တော် တော်လေးကို မနှစ်မြို့စရာဖြစ်လာခဲ့တယ်။ ကျွန်တော် တစ်ယောက်ထဲ နေချင်တယ်။ စိတ်ထိခိုက်ခံစားလွယ်ပြီးတော့ အနုပညာစိတ်ခံစားချက်တွေရှိတဲ့ တစ်စုံတစ်ခုထဲ စိတ်နှစ်ပြီး အလုပ်ကိုစွဲစွဲလန်းလန်းလုပ်လွန်းတဲ့ သူတစ်ယောက်က အလုပ်တွေထဲ မှာပဲခေါင်းနှစ်ပြီး အလွန်အကျွံလုပ်နေတာမျိုး ဒါမှမဟုတ် အမြဲတမ်းပုံစံခွက် လုပ်ရိုး လုပ်စဥ်တစ်ခုထဲမှာပဲအနေကြာလာတဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်အခြေအနေမျိုးပေါ့။ အဲ့ဒီ့တော့ သဘာဝတရားကြီးက သူ့ကို နေ့စဉ်နေနေကျပုံစံကွက် အချိန်ဇယားတွေ ကနေခွဲထွက်ပြီး ပတ်ဝန်းကျင်အသစ်မှာ နေထိုင်ဖို့အချက်ပြလိုက်တာပဲလေ။ သူ့အ တွက်တိတ်ဆိတ်ငြိမ်သက်ပြီး အနားယူနိုင်တဲ့ နေရာတစ်နေရာလိုအပ်နေတယ်ဆိုတာ ကိုပေါ့။
တကယ်လို့ သူသာ အဲ့လို စိတ်အခြေအနေကို ခေါင်းမာမာနဲ့ ဆက်ပြီး တင်းခံနေခဲ့ မယ်ဆိုရင်တော့ သူ တဖြည်းဖြည်းချင်းပြိုလဲလာပြီး စိတ်ကယောင်ချောက်ခြားဖြစ် လာမည့်အပြင် အရာရာကိုပုံကြီးချဲ့ကာ ကိစ္စသေးသေးလေးကိုတောင် အကြီးကြီး ခံစားထိခိုက်လွယ်လာခဲ့မယ်။ လူတစ်ယောက်ဟာ သူလုပ်နေတဲ့အရာ ပေါ်မှာပဲ ဖြစ်စေ၊ အခြားသူတွေရဲ့လုပ်ငန်းကိစ္စရပ်တွေပေါ်မှာဖြစ်စေ လွန်လွန်ကဲကဲ ဝေဖန်မိ တာတွေ၊ အပြင်းအထန် ပြစ်တင်ရှုတ်ချတတ်လာတာတွေက သူ့ ရဲ့လုပ်ငန်းဆောင် တာတွေ လုပ်ကိုင်ရာမှာအရေးကြီး မရှိမဖြစ်တဲ့ စိတ်အားထက်သန်မှု၊ လန်းဆန်း တက်ကြွမှုစတဲ့ ခံစားချက်တွေကို ဆုံးရှုံးနေရပြီ ဆိုတာကို ညွှန်ပြနေတဲ့ မကောင်းတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ အဲ့လိုစိတ်ပျက်ဖွယ်စရာကောင်းလောက်တောင် ပြစ်တင် ဝေဖန်တတ်တဲ့ အခြေအနေကိုမရောက်သေးခင် ကျွန်တော် အလျင်အမြန် အထုပ် ပြင်ပြီးနောက် ကျောပိုးအိတ်တစ်လုံးလွယ်ကာ ဝက်စ်မော်လန် (Westmorland) ရောက်မည့်ရထားတစ်စီးပေါ်တက်ကာ ထွက်ခွာခဲ့လိုက်သည်။ အဲ့လိုနဲ့ ကျွန်တော့် အတွက်ရင်ခုန်ကြည်နူးစရာပတ်ဝန်းကျင်၊ လတ်ဆတ်တဲ့လေထု နှင့် သီးသန့်ငြိမ်းချမ်း ဆိတ်ငြိမ်သော နေရာလေးတစ်ခုကို ရှာဖွေရန် တစ်ကိုယ်ထဲခြေလျင်ခရီးစဉ်ကို စတင်ခဲ့လိုက်သည်။ ဒီနွေရာသီခရီးစဉ်မှာ ကျွန်တော်လိုချင်တဲ့ အနေအထား လိုအပ် ချက်တွေနဲ့ကိုက်ညီနိုင်လောက်တယ်ထင်ရတဲ့နေရာတော်တော်များများကို လှည့်လည် သွားလာကြည့်ရှုခဲ့သော်လည်း တချို့ တချို့သော စိတ်တိုင်းမကျစရာများကြောင့် ပြန်လှည့်လာခဲ့ရပြီး ၎င်းနေရာများကိုသဘောမတွေ့ခဲ့ပေ။ တစ်ခါတစ်လေ အဲ့နေရာ ကရှုခင်းတွေကိုကျွန်တော် သိပ်သဘောမတွေ့ခဲ့ဘူး။ ကျွန်တော် နှစ်ခြိုက်သဘောကျ မိပြီးနေထိုင်မိတဲ့ နေရာတွေကျပြန်တော့လည်း တစ်ပတ်မပြည့်ခင်ပဲ အိမ်ပိုင်ရှင် ဒါမှမဟုတ် မြေပိုင်ရှင်တွေ ကိုကျွန်တော် မနှစ်မြို့သဘောမကျသော ခံစားချက် ဖြစ်လာသောကြောင့် ထိုနေရာများမှ ထွက်ခွာလာခဲ့လိုက်သည်။ အခြားနေရာတွေ ကျတော့လည်း ကျွန်တော့် လိုအပ်ချက်တွေနဲ့ကိုက်ညီပေမဲ့ အိမ်ရှင် သို့မဟုတ် မြေရှင်တွေက မငှားရမ်းချင်ကြတော့လည်း ၎င်းတွင် နေထိုင်ရန် မဖြစ်နိုင်ပေ။ အဲ့လိုနဲ့ ပဲကံတရားက ကျွန်တော့ကို ကွင်းပြင်ကျယ်ကြီး တစ်ခုက လယ်တောအိမ်ဆီ သို့ အရောက်ပို့ပေးခဲ့လေသည်။ ပြီးတော့ ကံကြမ္မာကို ဘယ်သူမှ မလွန်ဆန်နိုင်ဘူးလေ။ တစ်နေ့မှာတော့ ပင်လယ်အနီးက အဆုံးမရှိ ကြီးမားကျယ်ဝန်းတဲ့ ကွင်းပြင်ကျယ်ကြီး တစ်ခုဆီကို ကျွန်တော် ရောက်ရှိနေခဲ့ပြီလေ။ ကျွန်တော် မနေ့ညက ရွာငယ်လေး တစ်ခုမှာ အိပ်စက်အနားယူခဲ့တယ်။ ပြီးတော့ ကျွန်တော့် အနောက်မှာကျန်ခဲ့တဲ့ လျှောက်လာတဲ့ ရှစ်မိုင်အကွာအဝေးတလျှောက်လုံးလည်း လူနေထိုင်ကြတဲ့ အရိပ် အယောင်တစ်ခုမှ မတွေ့ခဲ့ရဘူး။ လာခဲ့ရာလမ်းတစ်လျှောက်လုံး ကျွန်တော် တစ်ယောက်တည်းသာရှိနေခဲ့ပြီး ကျွန်တော့်ရဲ့အပေါ်မှာတော့ လှပတဲကောင်းကင် ပြာကြီး၊ ခရမ်းရောင်ပန်းတွေနဲ့ ကျောက်တုံးလေး တွေအပြည့်ဖုံးလွှမ်းနေတဲ့ တောင်ကုန်းမို့မို့လေးကို ဖြတ်သန်းတိုက်ခတ်လာတဲ့ သန့်ရှင်းလတ်ဆတ်ပြီး နွေးထွေး တဲ့လေပြည်လေညင်းတွေကလွဲပြီး ကျွန်တော့်ရဲ့ အတွေး ခံစားချက် အာရုံတွေကို နှောင့်ယှက်မယ့်အရာတွေ တစ်ခုမှမရှိနေပေ။ ဒီမြေရိုင်းကွင်းပြင် ဘယ်လောက် တောင်ကျယ်ပြန့်လဲဆိုတာကို ကျွန်တော် မသိပေ။ ကျွန်တော် တစ်ခုတော့ သိတယ် အရှေ့ကိုသာတန်းတန်းမတ်မတ်လျှောက်သွားလိုက်ရင်ပင်လယ်ဘက်ကျောက်ဆောင် စွန်းတွေဆီရောက်မယ်ဆိုတာကိုပေါ့. အဲ့ဒါအပြင် ခဏလောက်ထပ်ပြီး ရှေ့ဆက် လျှောက်သွားခဲ့မယ်ဆိုရင်တော့ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြတဲ့ရွာလေးတွေဆီ ရောက် ရှိလိမ့်မယ်။
ကျွန်ုပ်ရဲ့ ကျောပိုးအိတ်ထဲမှာ စားနပ်ရိက္ခာတွေ အလုံအလောက်ပါတဲ့အပြင် ငယ်ရွယ် သေးတော့လည်း ဒီကွင်းပြင်ကြီးထဲကြယ်ရောင်အောက်က ညတစ်ညကို ကြောက်ရွံ့ ခြင်းမရှိဖြတ်သန်းနိုင်ခဲ့တယ်။ ထိုကြယ်ရောင်အောက်က ညတစ်ညကို ကုန်ဆုံးခဲ့ပြီး နောက် ကျွန်တော် နှစ်လိုဖွယ်ကောင်းပြီး အရသာရှိတဲ့ နွေရာသီလေထုကို ရှုရှိုက် လိုက်ရသောအခါမှာတော့ ပျောက်ဆုံးသွားခဲ့တဲ့ ကျွန်တော့်ရဲ့ ပျော်ရွှင်မှုနဲ့ခွန်အား တွေကို ပြန်လည်ရှာတွေ့ခဲ့သည့်အပြင် မြို့ပြမှာ အနေကြာလာပြီး ခမ်းခြောက်နေတဲ့ ကျွန်တော့် ဦးနှောက်ဟာလည်း တဖန်ပြန်လည် ရွှန်းစို လန်းဆန်း လာခဲ့တယ်။ ထိုကဲ့သို့ လန်းဆန်းတက်ကြွလာမှုတို့ကြောင့် မနက်ခင်းကတည်းက စတင်ပြီးကျွန်တော် အဲ့လို ခြေလှမ်းမှန်မှန်လှမ်းရင်းနဲ့ပဲခရီးဆက်လာလိုက်တာတစ်နာရီပြီးတစ်နာရီကုန်ဆုံးသွားပြီး တဲ့နောက်မှာတော့ဆယ်မိုင်ခရီးပေါက်ခဲ့လေပြီး၊ ကျွန်တော် ရှေ့ခပ်လှမ်းလှမ်းမှာ ကျောက်သားဖြင့်တည်ဆောက်ထားပြီး အုပ်ကြွပ်ပြားတို့ဖြင့် မိုးထားသော လယ်တော အိမ်ကြီးတစ်အိမ်ကို တွေ့လိုက်ရတော့သည်။ ကျွန်တော့် ခြေလှမ်းခပ်မြန်မြန်လှမ်း လိုက်ကာ ထိုအိမ်ရှိရာသို့ လှမ်းလာရင်း ရေရွတ်နေမိသည်မှာ -
“တကယ်လို့ ဖြစ်နိုင်ရင်ဒီနေရာမှာပဲစခန်းချပြီးနေလို့ရရင်ကောင်းမယ်”
ကျွန်တော့လိုမျိုး လွတ်လပ်တိတ်ဆိတ်ငြိမ်သက်တဲ့ ဘဝတစ်ခုကို လိုချင်နေတဲ့ သူ အတွက်တော့ ဒီလယ်တောအိမ်လေးထက် သင့်တော်တဲ့ နေရာမရှိတော့ဘူး။ ဒီ လယ်တောအိမ်လေးကမြင့်မားသည့် ချောက်ကမ်းပါးအစွန်းများပေါ်တွင် တည်ရှိကာ အိမ်လေး၏တံခါးမကြီးသည် ကွင်းပြင်ကျယ်ကြီးဘက်ကို မျက်နှာမှုထားပြီးတော့ ခြံအနောက်ဘက်မှ နေ၍ ပင်လယ်ကြီးကို အပေါ်စီးက လှမ်းမြင်နိုင်လေသည်။ ထိုလယ်တောအိမ်လေးနားသို့ ဖြည်းဖြည်းချင်းနီးကပ်လာသည်နှင့်အမျှ ဆောင်းဦး ရာသီတွင်တိုက်ခတ်သော လေပြင်းများ၊ မိုးခြိမ်းသံများနှင့်အတူ ဆပ်ဂ် မြက်ပင်ရှည် များပေါက်ရောက်နေရာဆီသို့ ပျံသန်းသွားကြပြီး ထို မြက်ပင်ရှည်များအောက်တွင် ခိုနားနေကြသည် ပင်လယ်ပျော်ငှက်များအကြောင်းတို့က လှိုင်းတံပိုးတို့၏ ကခုန်သံ နှင့်အတူသားချော့တေးတစ်ပုဒ်ကဲ့သို့ ကျွန်တော် နားထဲချဉ်းနင်း ဝင်ရောက်လာ ခဲ့သည်။ လယ်တောအိမ်လေးရှေ့တွင် ခြောက်သွေ့သော ကျောက်တုံးတို့ဖြင့် ကာရံ ထားသော ဥယျာဉ်ငယ်လေးတစ်ခုရှိပြီး ထို ကျောက်တုံးတံတိုင်းကလည်း လူ တစ်ယောက် ပျင်းရိပျင်းတွဲဖြင့် မှီလို့ရလောက်သည့် မနိမ့်မမြင့် အနေအထားတွင် ရှိလေသည်။ ထို ဥယျာဉ်ထဲတွင် စိုက်ပျိုးထားသည့် မီးတောက်ကဲ့သို့ နီရဲနေသော ဘိန်းပန်းများနှင့်အတူ နူးညံ့သည့်ပုံသဏ္ဍာန်ရှိသည့် ပွင့်ခါနီးဆဲဆဲ ဘိန်းပန်းတို့ကိုလည်း တွေ့မြင်နိုင်ပေသည်။ ကျွန်တော် လယ်တောအိမ် ဆီသို့ ပိုမို နီးကပ်လာသည်နှင့်အမျှ ထို ဘိန်းပန်းပင်အမျိုးအစား တစ်မျိုးချင်းဆီကို အစီအစဉ်တကျ စိုက်ပျိုးထား ကြောင်းနှင့် သန့်ရှင်းသပ်ရပ်နေသော ပြတင်းပေါက်များ၊ ဖွင့်ထားသော အိမ်ရှေ့ တံခါးမကြီးနှင့်အတူ ကျွန်တော် မြင်မြင်ချင်းမှာပင် သဘောကျနှစ်ခြိုက်မိသည့် နှစ်လို ဖွယ်အဆင်းရှိသည့် အမျိုးသမီးတစ်ယောက် သည်အေးအေးဆေးဆေး ခြံတံခါး ရှိရာသို့လျှောက်လာသည်ကိုကြည့်နေမိသည်မှာ သူမ ကျွန်တော့်ကို ကြိုဆို နှုတ်ခွန်း ဆက်လိုက်သော အခါမှ ပင် သတိပြန်ဝင်လာခဲ့တော့သည်။ သူမ က သတ်လတ် ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ဖြစ်ပြီး သူမ ငယ်ရွယ်စဉ်တုန်းက အတော်လေး ကြည့်ကောင်းလောက်မယ်။ သူမခန္ဓာကိုယ်က သွယ်လျလျနဲ့ ရပ်လည်း ရှည်ပြီး ချောမွေကြည်လင်တဲ့ အသားအရေ၊ ပြီးတော့ သူမ မျက်နှာထားလေးက အေးဆေး တည်ငြိမ်နေတယ်။ အဲ့ဒါကကြည့်လိုက်တဲ့လူတိုင်းရဲ့စိတ်ကို အေးချမ်းပြီး သက်တောင့် သက်သာဖြစ်သွားစေတဲ့ခံစားချက်ကို ပေးစွမ်းနိုင်တယ်။ ကျွန်တော် ခေတ္တတည်းခို ဖို့ရာနေရာထိုင်ခင်းကိစ္စ မေးမြန်းကြည့်တော့ သူမက ကျွန်တော် အိပ်စက်ဖို့ အိပ်ခန်း တစ်ခန်းသာမက စားရေးသောက်ရေးကိုပါ စီစဉ်ပေးနိုင်ပါတယ်ဟု ပြန်ပြောပြီးနောက် ကျွန်တော့်ကို အိမ်အတွင်းပိုင်းကိုဝင်ကြည့်ဖို့ သူမ ဖိတ်ခေါ်ခဲ့သည်။ ကျွန်တော် သူမ၏ ချောမွေ့နက်မှောင်နေသော ဆံနွယ် နှင့် အေးစက်စက် အညိုရောင် မျက်လုံးတွေကို ကြည့်နေရင်း ဒီတခေါက်တော့ ငါ အခန်းအနေအထားတွေနဲ့ပတ်သက်ပြီး အရင်လို ဂဂျီဂဂျောင်ကျတာမျိုးမလုပ်ချင်တော့ဘူးဟုဆုံးဖြတ်လိုက်မိတော့သည်။ဒီလို အိမ်ရှင် အမျိုးသမီး နဲ့တွေ့မှတော့ ငါ သေချာပေါက်ကို ဒီမှာနေရတာ အဆင်ပြေမှာပါလို့ တွေးလိုက်မိလေတော့သည်။ အိမ်ရဲ့ အခန်းတွေ အနေအထား ကတော့ တကယ့်ကို ကျွန်တော် မျှော်လင့်ထားတာထက်တောင် ပိုကောင်းနေပါသေးတယ်။ ကျွန်တော် နေရမည့်အခန်းကိုလှပနူးညံ့တဲ့အဖြူရောင်လိုက်ကာတွေတပ်ဆင်ထားပြီး အိပ်ရာခင်း တစ်ခုလုံးကလည်း လာဗင်ဒါ ရနံ့သင်းသင်းလေး မွှေးပျံ့နေတယ်။ အဲ့ဒါအပြင် ဧည့်ခန်းကလည်း ပရိဘောဂတွေနဲ့ပြည့်ကျပ်နေတယ်လို့ မခံစားရပဲ မိသားစုအိမ်လို မျိုးနွေးထွေးဇိမ်ကျတဲ့ပုံပေါ်တယ်။ ထိုအခါမှသာ ကျွန်တော်လည်း စိတ်သက်သာရာ ရစွာနဲ့မဆုံးနိုင်သော သက်ပြင်းအရှည်ကြီးချလိုက်မိပြီး နောက်တွင်တော့ လွယ်ထား သောကျောပိုးအိတ်ကို အောက်သို့ချလိုက်ကာ တည်းခိုခ ကို ပေးချေလိုက်တော့သည်။ သူမ ကမုဆိုးမတစ်ဦးဖြစ်ပြီး သမီးလေးတစ်ယောက်ရှိသည်တဲ့၊ သူမကို ကျွန်တော် ဒီကိုစရောက်ရောက်ချင်းနေ့ကမတွေ့မိပေ၊ အဲ့ဒါက ဘာကြောင့်လဲဆိုတော့ သူမ က နေထိုင်မကောင်းဖြစ်နေတုန်းမို့လို့ အခန်းထဲမှာ အနားယူနေတာကြောင့်တဲ့၊ ဒါပေမဲ့ နောက်တနေ့ရောက်တော့ သူမ နေထိုင်ကောင်းလာပြီးနောက် ကျွန်တော်တို့ နှစ်ယောက်…. မိတ်ဆက်တွေ့ဆုံခဲ့ကြလေသည်။ အစားအသောက်တွေကတော့ ရိုးရှင်းလွယ်ကူတဲ့ အရာတွေပါပဲ… ဒါပေမဲ့လည်း တကယ့်ကို အရသာရှိပြီး ကျွန်တော် ခံတွင်းတွေ့ခဲ့တယ်… နွားနို့၊ ထောပတ်တို့နဲ့ပြုလုပ်ထားတဲ့ အိမ်လုပ်ကိတ်မုန့်တွေ ပြီးတော့ လတ်ဆတ်တဲ့ကြက်ဥတွေ အပြင် ဝက်ပေါင်ခြောက်လည်း ပါသေးတယ်၊ ထို့နောက် အရသာကြွယ်ဝကောင်းမွန်လှတဲ့ လက်ဖက်ရည်တစ်ခွက်သောက်ပြီးတဲ့ အခါမှာတော့ ကျွန်တော့် စိတ်ကျေနပ် အားရစွာဖြင့် အခန်းဆီသို့ပြန်ကာ စောစောစီးစီး အိပ်ရာဝင်ဖို့ ပြင်ဆင်လိုက် တော့သည်။ ပျော်လည်းပျော်၊ ပင်လည်း ပင်ပန်းနေသော ကျွန်တော့်အတွက်တော့ သက်တောင့်သက်သာ အိပ်မပျော်စရာ အကြောင်းမရှိနိုင် ပေ။ အဲ့လိုနဲ့ကျွန်တော်နဲ့မရင်းနှီးသေးတဲ့ အိပ်ရာအသစ်ပေါ် လှဲချလိုက်လေသည်။ ကျွန်တော် အိပ်ပျော်သွားခဲ့ပေမယ့်လည်း တစ်ညလုံး အိပ်မက်တွေချည်းမက်နေ ခဲ့တာကြောင့် နောက်တနေ့ မနက် နောက်ကျမှနိုးလာခဲ့ကာ မလန်းမဆန်း ဖြစ်နေခဲ့ လေသည်။ ထို့နောက်တွင်တော့ ကျွန်တော့ စိတ်ကိုပြန်လည် လန်းဆန်းလာစေရန် ကွင်းပြင်ထဲတွင် လမ်းထွက်လျှောက်လိုက်ပြီးနောက်တွင်တော့ အစာစားချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ပြီး မနက်စာစားရန်အတွက် လယ်တောအိမ်လေးဆီပြန်လာခဲ့ လိုက်လေ သည်။ ရှိတ်စပီးယား ၏ပြဇာတ်တစ်ပုဒ်ဖြစ်သော ရိုမီရို နှင့် ဂျူးလိယက် ထဲမှာ ပြောခဲ့ကြသလိုပင် - လူငယ်လေးတစ်ဦး မြင်မြင်ချင်း ချစ်မိသွားတာမျိုးဖြစ်ဖို့ အတွက်ကောင်းမွန်တဲ့ စိတ်အခြေအနေနဲ့ သင့်တော်တဲ့ပတ်ဝန်းကျင် အချိန်အခါ တစ်ခုကို လိုအပ်သည်ဆိုတာကိုပေါ့။ မြို့ပြမှာတော့ လှပချောမောတဲ့များပြားတဲ့ မျက်နှာတွေက ကျွန်တော့်ဘေးကနေအမြဲတမ်း ဖြတ်သန်း သွားလာနေခဲ့ကြတာ တောင်မှကျွန်တော် ဘာမှမခံစားခဲ့မိသလို၊ ဘယ်လိုခံစားချက်မျိုးမှလည်း မဖြစ်ပေါ် လာခဲ့ဖူးပေ။ ဒါပေမဲ့ ဒီနေ့ မနက်ခင်း ကျွန်ုပ် မနက်ခင်းလမ်းလျှောက်ထွက်ပြီး ပြန်လာ တော့လယ်တောအိမ်လေးထဲ ဝင်လိုက်မိမိချင်း မှာ ကျွန်တော့် တည်းခိုရာအိမ်ပိုင်ရှင် အမျိုးသမီးရဲ့သမီးလေး အေရီရက်နီယ် ဘရွန်းနယ်လ် ရဲ့ထူးခြားတဲ့ဆွဲဆောင်မှု အောက်မှာ ကျွန်တော် လုံးဝတစ်ခါထဲ ကျရှုံးသွားခဲ့လေသည်။ ဒီနေ့ မနက်ခင်း သူမ နေထိုင်ကောင်းလာသောကြောင့် မနက်စာစားချိန်မှာ သူတို့ဆီတည်းခိုနေထိုင်သူ ဖြစ်တဲ့ ကျွန်တော့်ကို သူမ ကလာရောက် တွေ့ဆုံမိတ်ဆက်ရင်း မနက်စာကို အတူတူ စားသောက်ခဲ့ကြလေသည်။ အေရီရက်နီယ် က ဂန္ထဝင်ဆန်ဆန် ချောမောလှပတာမျိုး မဟုတ်ပေ။ ကျွန်တော်ကို သူမ အမေကသူမသမီး ကအချိန်အတော်ကြာ နေမကောင်း ဖြစ်ထားသောကြောင့် ယခု မြင်တွေ့နေရသကဲ့သို့ အခြေအနေရှိကြောင်း ကြိုတင် ပြောပြထားသော်လည်းသိထားသော်လည်း သူမ အသားအရေကတကယ့်ကို သိသိ သာသာကိုသွေးမရှိပဲ ဖြူဖျော့နေလေသည်။ သို့သော်လည်း မြင်မြင်ချင်းမှာပင် သူမ ၏ပြုမှုဆောင်ရွက်ပုံလေးတွေက တကယ့်ကို နှစ်သက်ဖွယ်ကောင်းလွန်းလှလေသည်။ သူမ ပုံပန်းသွင်ပြင်ကတော့ တကယ့်ကို ပုံမှန်မဟုတ်ခဲ့ပေ။ သူမ မျက်လုံးတွေနဲ့ ဆံနွယ်တွေက ထို ဖြူဖျော့နေတဲ့အသားအရေနှင့် ဆန့်ကျင့်စွာပင် ထူးဆန်းစွာ နက်မှောင်မဲနက်နေခဲ့ပြီး သူမ ၏နှုတ်ခမ်း ကလည်းရဲရဲနီနေလေသည်။ သူမကို ကြည့် ရသည်မှာ အော်ဒရေး ဘာ့တ်စလေ ရေးဆွဲလေ့ရှိသော သဟဇာတ လုံးဝမဖြစ် ဟု အမည်ပေးထားသည့် အဖြူ နှင့် အမဲ ပုံတူပန်းချီကားများကဲ့သို့ပင် ဆန့်ကျင်ဘက် အရာများပေါင်းစုထားသလိုမျိုး ဖြစ်နေလေသည်။ ကျွန်တော့်ရဲ့ မနေ့ညက ဆန်းကြယ်သောအိမ်မက်များနှင့် မနက်ခင်းလမ်းလျှောက်ထွက်ခြင်းတို့က ယခု ကျွန်တော် ရှေ့တွင် ရှိနေသော ခေတ်သစ်ရုပ်ပုံကားချပ် တစ်ချပ်ကို စွဲလန်းသွားစေ ရန်အတွက်များ ကြိုတင်ပြင်ဆင်ထားခြင်းများလား ဟုပင် ထင်မှတ်ရလောက်သည်။ မြေရိုင်းကွင်းပြင် ကျယ်ကြီး၏အထီးကျန်ဆန်နေမှုနှင့်အတူ ပင်လယ်ပြင် ၏ တေးသီ ဆိုသံတို့နှင့်အတူ ကျွန်တော့် နှလုံးသားကလည်း သူ့ရဲ့ လန်းဆန်းလာသော တောင့်တ ခြင်းတို့ကိုဆုပ်ကိုင်လိုက်မိနေပြီလေ။ ဘိန်းပန်းပွင့်လေးတွေရဲ့တစ်ချိန်တည်းမှာပဲ စိတ် ကိုညှို့ယူဖမ်းစားနိုင်သလို မေ့ပျောက်လွယ်စေတဲ့သဟဇာတမဖြစ်တဲ့ အရည်အသွေး တွေနဲ့ဒီစိတ်ပျက်စရာကောင်းတဲ့ မြေရိုင်းလွင်ပြင်ကြီးရဲ့ မျက်နှာပြင်ကို ကြည့်လိုက် မိသူတိုင်း ရီဝေဝေအသွင်ဖြစ်စေပြီး အရောင်အသွေးစုံလင်စွာနဲ့ ဆွဲဆောင်နိုင် စေခဲ့တယ်။ ဒီလယ်တောအိမ်ကို ကျွန်တော် ချဉ်းကပ်လျှောက်လာနေစဉ်မှာ အဲ့ မြင် ကွင်းကကျွန်တော့် စိတ်ခံစားချက်ကို တုန်လှုပ်စေခဲ့တယ်. ပြီးတော့ နောက်ဆုံးမှာ တော့ဒီလိုရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ဆန့်ကျင်ဘက်အရာနှစ်ခုကြောင့်ပေါက်ဖွား လာတဲ့ထူးဆန်းတဲ့ ခံစားချက်တချို့က ကျွန်တော့်ရဲ့ စိတ်ခံစားချက်တွေကို ပြည့်စုံစေ ခဲ့သည်။ သူမ မိခင်ဖြစ်သူ က သူမကို ကျွန်တော်နှင့် မိတ်ဆက်ပေးသောအခါ သူမ ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ပြီး ပြုံးပြရင်း လက်ဆွဲနှုတ်ဆက်ရန် သူမ လက်ကို ဆန့်ထုတ်လိုက်လေသည်။ ကျွန်တော် ထို နှင်းပွင့်ကဲ့သို့နူးညံ့သော လက်လေးကို ဖမ်းဆုပ်လိုက်ပြီးနောက် အမျိုးအမည်မသိတဲ့ စိတ်လှုပ်ရှားမှုတစ်ခုက ကျွန်တော့ တကိုယ်လုံးကိုမသိမသာလွှမ်းခြုံလိုက်ပြီးနောက် နှလုံးသားထဲ ဝင်ရောက်လာခဲ့သည်။ ထိုအခိုက်အတန့်လေးတွင် နှလုံးခုန်နှုန်းပါ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ထို ထိတွေ့မှုမှတဆင့် ကျွန်တော် ခံစားလိုက်ရသလိုပင် သူမလည်း ခံစားလိုက်ရပုံပေါ် သည်။ ကျွန်တော်တို့ နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ချိန် သူမ နက်မှောင်သည့် မျက်ဝန်းလေး နူးညံ့လာကာ ရီဝေဝေလေးဖြစ်နေခဲ့ပြီး သူမ နှုတ်ခမ်းနီနီလေးများကပါ ရွှန်းစိုလဲ့နေလေသည်။ ဖောက်ထွင်းမြင်ရတဲ့အဖြူရောင် မီးအိမ်လေး ထွန်းညှိလိုက် သောကြောင့်တောက်ပလာသော အဖြူရောင်အလင်းက သူမ မျက်နှာလေးပေါ် ထင် ဟပ်နေသကဲ့သို့ သူမ၏ ဖြူဖျော့နေသော မျက်နှာလေးပေါ် ရှက်သွေးဖြာသွားသည့် ကြည်လင်နေသော အလင်းတန်းလေးတစ်ခု ဖြတ်ပြေးသွားသည်ကို တွေ့လိုက်ရလေ သည်။
စတွေ့တွေ့ချင်းက လူသေအလောင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်နေသကဲ့သို့ ဖြူဖျော့နေ သော သူမ… ယခု မှာပင် သူမကို ကြည့်ရသည်မှာ ရှင်သန်နေတဲ့ လူသားတစ်ယောက် ကဲ့သို့ ဖြစ်လာတော့သည်။လူတွေ လက်ဆွဲ နှုတ်ဆက်ကြသည့် ပုံမှန်အချိန်ထက် ကြာကြာ သူမ လက်ကလေးကို ကျွန်တော့် လက်ထဲ ဆုပ်ကိုင်ထားရှိခွင့်ပြုထား ပြီးနောက်တွင်တော့ သူမ ဖြည်းဖြည်းလေး ပြန်လည် ဆွဲယူသွားခဲ့ရင်း ကျွန်တော့် ကို အသိအမှတ်ပြုသကဲ့သို့ တစ်စက္ကန့်၊ နှစ်စက္ကန့်လောက် တည်ငြိမ်စွာ ကြည့်နေလေ သည်။ ထို အဆုံးမရှိနက်ရှိုင်းသော ကတ္တီပါမျက်ဝန်းများက ကျွန်တော့် ကို ကြည့် နေသည့်အကြည့်တို့ကို ရုတ်သိမ်းလိုက်သည်သာမက ကျွန်တော့် ဆီမှ စိတ်ခွန်အား များကိုပါစုပ်ယူသယ်ဆောင်သွားသည်ဟု ခံစားလိုက်ရပြီး သူမ ကို လုံးဝဥဿုံ နာခံ တတ်သောအစေခံတစ်ယောက်ဖြစ်သွားစေခဲ့သည်။ သူမ ရဲ့ အကြည့်တွေက နက်ရှိုင်း မှောင်မိုက်တဲ့ကန်ထဲက ကြည်လင်တဲ့ရေတွေအတိုင်းပဲ၊ ကျွန်တော့်ကို စိတ်ထဲကို မီးတောက်တွေ ဖြည့်သွင်းပေးသော်လည်း သန်မာသောခွန်အားတွေကို ပျောက်ဆုံး စေခဲ့တယ်။ ထို့နောက် မနက်က အိပ်ရာထစဉ်ကကဲ့သို့ပင် မောပန်းနွမ်းနယ်စွာဖြင့် ကျွန်တော် ထိုင်ခုံပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချမိလိုက်သည်။
ထို့နောက် ကျွန်တော် ကောင်းမွန်သော မနက်စာကို စားသောက်နိုင်ခဲ့သော်လည်း သူမ ကြည့်ရတာ ဘာမှကိုသိပ်မစားနိုင်ပေ။ သို့သော်လည်း ထို ထူးဆန်းသော မိန်းမလေး သည်ယခုတော့အားအင်ပြည့်ဝ လန်းဆန်းနေပြီး သူမ ပါးပြင်လေးသည်တောင် ရွှန်းစိုတောက်ပလာသလိုပင်၊ ထိုကဲ့သို့ တက်ကြွအသက်ဝင်လာသော ပုံရိပ်လေးက သူမကို ပိုမိုငယ်ရွယ်စေပြီး ပိုတောင် လှပလာစေလေသည်။ ကျွန်တော် ဒီလိုနေရာကို တစ်ကိုယ်တည်းအေးဆေးစွာနေနိုင်ရန်ရောက်ရှိလာခဲ့သော်လည်း ယခု အေရီရက်နီယ် နဲ့တွေ့ဆုံပြီးသည့်နောက်မှာတော့…. သူမတစ်ယောက်ထဲအတွက် ဤနေရာကို ကျွန်တော် ရောက်လာခဲ့သလိုမျိုး ခံစားလိုက်ရတော့သည်။ ပြန်တွေးကြည့်ရင်တော့ သူမက သိပ်တော့တက်ကြွရွှင်လန်းမှုမရှိခဲ့ပေ။ သူမ ဆီမှစကား အများကြီး ပြောတာ လည်းမတွေ့ရပေ။ ကျွန်တော်ကပင် စကားစမပြတ်စေရန် ဦးဆောင်၍ မေးမြန်းနေခဲ့ သော်လည်း သူမဘက်ကတော့ ဟုတ်တယ်၊ မဟုတ်ဘူး ၊ အင်း…အဲ…. ဟင့်အင်း စသည့် စကားလုံးလေးတွေနဲ့ပဲ မေးခွန်းတွေကို ပြန်လည်ဖြေပေးနေခဲ့သည်။ သူမက ကြည့်ရတာ စကားပြောရသည်မှာ သက်တောင့်သက်သာ မရှိပုံပေါ်နေသော်လည်း သူမ မျက်လုံးတွေမှတဆင့် ကျွန်တော့်ကို စကားပြောရင်း သူမလိုချင်တဲ့ ဦးတည်ချက် ရောက်အောင် ကျွန်ုပ် အတွေးတွေကိုဦးဆောင် ခေါ်သွားနေသကဲ့သို့ စိတ်ထဲတွင် ထင်မြင်ခံစားလာရသည်။ သူမ အကြောင်းတွေကို အသေးစိတ် ငါ ပုံမဖော်နိုင်ခဲ့ဘူး။ သူမကိုမြင်မြင်ချင်းမှာပင် ငါ တစ်ခုပဲသိလိုက်တော့တယ် သူမ ကျွန်တော့်ကို ထိတွေ့ လိုက်တဲ့အချိန်ကစပြီး ကျွန်ုပ် ညို့ယူခံလိုက်ရကာ အခြားဘာအကြောင်းအရာကိုမှ မတွေးတောနိုင်တော့တာကိုပေ။ ထိုသို့ အရူးအမူးစွဲလန်းခြင်းက ကျွန်တော့် တစ်ကိုယ် လုံးကိုပူးကပ်နေခဲ့ပြီး တနေ့လုံး သူမ သွားရာနောက်ကို ခွေးတစ်ကောင်ကဲ့သို့ လျှောက်လိုက်နေစေခဲ့သည်။ ညတိုင်းလည်း သူမ၏ ဖြူဖျော့ဖျော့ တောက်ပနေသော မျက်နှာလေး နှင့် တည်ငြိမ်သော မျက်ဝန်းနက်များ၊ စိုထိုင်းရွှန်းလဲ့နေသော နှုတ်ခမ်း ရဲရဲလေး တို့ကိုဆက်တိုက် အိမ်မက်မက်နေခဲ့လေသည်။ ထို့နောက် မနက်ခင်းတိုင်း ကျွန်တော် အရင်နေ့တွေကထက်ပင်ပို၍ မောပန်းနွမ်းနယ်စွာ နိုးထလာခဲ့လေသည်။ တစ်ခါတစ်ရံကျရင်တော့ သူမ နှုတ်ခမ်းရဲရဲလေးတွေနဲ့ကျွန်တော့်ကို နမ်းနေပြီး၊ သူမ ရဲ့ ပိုးသားလိုနူးညံ့သည့် အနက်ရောင် ဆံနွယ်တွေက ကျွန်ုပ်ရဲ့ လည်ပင်းကို ဖုံးလွှမ်းလာ သည့်အခါ ကျွန်ုပ် ထိုအထိအတွေ့ကို တုန်လှုပ်နေခဲ့လေသည်။ တစ်ခါတစ်လေကျ တော့ ကျွန်တော်တို့တွေ လေထဲမှာ မျောလွင့်နေခဲ့ပြီး သူမ လက်မောင်းတွေက ကျွန်တော့်ကို ဖက်တွယ်ထားကာ သူမ၏ ရှည်လျားသော ဆံနွယ်များ က မှင်နက်ရောင် တိမ်များကဲ့သို့ ကျွန်တော်တို့ နှစ်ယောက်လုံးကို ထွေးပွေ့ထားလေသည်မှာ ကျွန်တော် သည် အကူအညီမဲ့စွာဖြင့် ကျောရိုးမရှိသလို လဲလျောင်းနေခဲ့ရသည်တို့ကို ဆက်တိုက် အိမ်မက်မက်နေလေသည်။
ကျွန်တော် နှင့် သူမ ပထမဆုံး တွေ့သည့်နေ့မှာပင် မနက်စာစားသောက်ကြပြီးနောက် တွင်သူမနှင့်အတူတူမြေရိုင်းကွင်းပြင်ထဲကိုလမ်းလျှောက်ထွက်လာကြရင်း ကျွန်တော် တို့လယ်တောအိမ်ဆီ ပြန်မရောက်ခင်မှာပင် ကျွန်တော့် အချစ်တွေ သူမကို ဖွင့်ဟ ပြောဆိုကာ သူမ ဘက်မှလည်းသဘောတူ လက်ခံပေးခဲ့သည်။ ကျွန်ုပ် လက်မောင်း ထဲတွင် သူမကို ထွေးပွေ့ထားရင်း ကျွန်ုပ် ၏ အချစ်ကို တုံ့ပြန်အဖြေပေးသည့်အနေနှင့် သူမဆီမှအနမ်းတို့ကို လက်ခံရရှိခဲ့သည်သာမက ဤကဲ့သို့ မြန်ဆန်စွာဖြင့် ထိုကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည်ကိုလည်း ကျွန်တော် ထူးဆန်းတယ် ဟု မတွေးမိ ခဲ့ မိပေ။ သူမ က ကျွန်တော့ အတွက်ပဲဖြစ်သလို၊ ကျွန်တော်ကလည်း သူ့မအတွက်ပဲ ဆိုတာကို တစ်ခဏလေးတောင်တွေဝေမိခြင်းမရှိခဲ့ပေ။ ကျွန်တော် သူမကို ပြောလိုက် တယ်. ကံကြမ္မာက သူမကို ကျွန်တော့်ဆီ ပို့ပေးခဲ့တယ်ဆိုတာကိုပေါ့…. အဲ့ဒါကြောင့် ကျွန်တော့်ရဲ့ အချစ်ကို သံသယမဝင်ဖို့သူမကိုပြောပြီးနောက် သူမကလည်း ကျွန်တော် ကသူမဘဝကို ပြန်လည်အသက်ဝင်လာအောင် လုပ်ပေးတဲ့သူပါ ဟုပြန်ဖြေလေ သည်။ အေရီရက်နီယ် ရဲ့ မိန်းကလေးသဘာဝ ရှက်ရွံ့မှုကြောင့် သူမက ကျွန်တော့်ကို အကြံပေးလေသည် - ကျွန်တော်တို့နှစ်ယောက်ရဲ့ လျင်မြန်စွာ ချစ်ကျွမ်းဝင်သွားသည့် အကြောင်းကို သူမ အမေကိုမပြောသေးဖို့ပေါ့။ သို့သော်လည်း ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပြုမှု ဆက်ဆံပုံတွေရ မစ္စ ဘရွန်းနယ်လ် က အရိပ်အမြွက်လောက်တော့ သိနေပြီဆိုတာ သံသယရှိစရာမလိုပေ။ ချစ်သူတွေဆိုတာ ငှက်ကုလားအုတ်တွေလို မျိုး သူတို့ရဲ့ခံစားချက်တွေကို ဖုံးကွယ်မထားနိုင်ကြဘူးလေ။ ကျွန်တော် မစ္စ ဘရွန်းနယ်လ်ကို သူမ သမီး နှင့် လက်ဆက်ရန် တောင်းဆိုဖို့ မကြောက်ရွံ့မိပါချေ။ ဘာကြောင့်လဲဆိုတော့ မစ္စ ဘရွန်းနယ်လ် ဘက်က ကျွန်တော့်အပေါ် မျက်နှာသာပေး ဆက်ဆံပေးလေသည်။ ကျွန်တော့်အပေါ် ယုံကြည်ကြောင်းကိုလည်း ထုတ်ဖော်ပြသ နေလေသည်။ ထို့ကြောင့်ပင် လူမှုရေးအဆင့်အတန်း ခွဲခြားခြင်းကလွဲလျှင် ကျွန်တော် တို့၏လက်ထပ်ထိမ်းမြားခြင်းကို တကယ်အနှောင့်အယှက်ဖြစ်စေသည့် အရာမရှိနိုင် ပါချေ။ သူမတို့ နှစ်ယောက်က ဒီလို အထီးကျန်ဆန်ပြီး လူသူကင်းမဲ့တဲ့နေရာမှာ နေထိုင်ရတာက တကယ်တော့ ကျန်းမာရေးကြောင့်သာဖြစ်ပြီး အစေခံတွေ မရှိတာ လည်းဒီလိုလူသူအရိပ်အယောင်တောင်မရှိတဲ့ ဝေးကွာလွန်းလှတဲ့ နေရာမှာ ဘယ်သူ ကမှလာမလုပ်ချင်ကြဘူးလေ။ ဒါ့ကြောင့် ကျွန်တော် ရောက်ရှိလာခြင်းကို သူမတို့ သားအမိနှစ်ယောက်လုံး ကကြိုဆိုခဲ့ကြခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ… အစဉ်အလာအရ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ကျွန်တော့် ၏ လက်ထပ်ခွင့်တောင်းခံမည့် ကိစ္စကို တစ်ပတ် နှစ်ပတ်လောက် ရွှေ့ဆိုင်းထားရန် ဆုံးဖြတ်လိုက်လေသည်။ ထို့နောက် ကြိုတင်စနစ်တကျစီစဉ်ရင်း အခြေအနေပေး တဲ့နေ့ရောက်လာမည်ဟု ယုံကြည်ရင်း စောင့်ဆိုင်းနေလိုက်သည်။ ထိုသို့ စောင့်ဆိုင်း နေရင်း ကျွန်တော်နှင့် အေရီရက်နယ်လ် သည်အရာအားလုံကိုမေ့ကာ ပျော်ရွှင်စွာဖြင့် စားလိုက်သောက်လိုက်နှင့်အချိန်များကို အတူတကွ ကုန်ဆုံးနေလေသည်။ တစ်ညပြီး တစ်ည အိပ်လိုက်နောက်တနေ့ မနက်တိုင်း ထို အိပ်မက်များနှင့်အတူ ပင်ပန်းနွမ်းနွယ် စွာနိုးထလာခဲ့လိုက်ဖြင့် ကျွန်တော် အချစ်အကြောင်းကလွဲရင်တခြား ဘာကိုမှ မတွေး တောနိုင်တော့ပေ။ သူမ က တနေ့ တခြား သန်မာလာခဲ့တဲ့အချိန်မှာ ကျွန်တော်ကတော့ တနေ့ထက်တနေ့ အားနည်းလာပြီး စတွေ့တွေ့ချင်း ကသူမနေရာကို ရောက်လာသလို ဖြစ်လာခဲ့တော့သည်။ သို့သော်လည်း ကျွန်တော် သူမကို အရင်ကထက်တောင် အရူးအမူး ချစ်မိနေဆဲပင် ဖြစ်ပြီး သူမ နှင့် အတူရှိနေမှသာ ကျွန်တော်ပျော်ရွှင်နိုင် လေသည်…. သူမကသာ… ကျွန်တော့် ဘဝရဲ့…တစ်ခုတည်းသော ပျော်ရွှင်မှု… ကျွန်ုပ် တစ်ဦးထဲရဲ့ ကြယ်စင်လေးပေါ့… ကျွန်တော်တို့ ဝေးဝေးလံလံ နေရာတွေကို မသွားကြပေ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် အဝေးတစ်နေရာ က လှိုင်းရိုက်သံ တွေကိုနားထောင်ကာ မြေရိုင်းကွင်းပြင်ရဲ့ခြောက်သွေ့နေတဲ့မြေကြီးပေါ် လဲလျောင်း ရင်း သူမရဲ့ တောက်ပနေတဲ့ မျက်နှာလေးနဲ့ရွှန်းစိုနေတဲ့ မျက်ဝန်းတွေကို ငေးကြည့် ရတာသဘောကျတယ်လေ။ ငါတွေးလိုက်မိတယ် အချစ်က ကျွန်တော့်ကို ပျင်းရိစေ တယ်၊ ယောကျ်ားတစ်ယောက်က သူ့အနားမှာ လိုချင်တာ အားလုံး မရှိရင်တောင်မှ အိမ်မွေးကြောင်တွေကို အတုယူပြီး သူတို့လို ခြင်းတောင်းလေးထဲ နေပြီး ပျင်းရိစွာ နေဆာလှုံနေလောက်တယ် ဆိုတာကိုပေါ့။
ငါ တကယ့်ကို မြန်မြန် ညှို့ယူပြုစားခံခဲ့ရပြီး အဲ့ ပုံရိပ်ယောင်တွေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သော်လည်း ထိုအဆိပ်က ငါ့သွေးထဲကနေစွန့်ခွာသွားနိုင်ဖို့က တော့ အချိန်ကြာကြာယူလောက်တယ်။ တစ်ညမှာတော့… ဒီ လယ်တောအိမ်ကို ရောက်ရှိနေပြီးရက်သတ္တပတ်အတော်ကြာပြီးနောက်၊ အေရီရက်နီယ်နဲ့ငါ လရောင် အောက်မှာ လမ်းလျှောက်ထွက်ပြီး ပြန်လာခဲ့တယ်။ ထိုမှာ လပြည့်ည ဖြစ်သည့် အပြင် ညအပူချိန်ကလည်းနွေးနွေးထွေးထွေး ရှိတဲ့အတွက်ကြောင့် အပြင်ကလေပြည် လေညင်းလေးတွေဝင်ရောက်နိုင်စေဖို့ ငါ့ အိပ်ခန်းရဲ့ ပြတင်းပေါက်ကို အသာလေး ဟကာဖွင့်ထားလိုက်သည်။ ကျွန်တော် ခါတိုင်းထက်ကို မောပန်းနွမ်းနယ်နေသော ကြောင့် ဖိနပ်နဲ့ကုတ်အင်္ကျီကိုပင် လက်ကျန်အားလေးနှင့် ချွတ်လိုက်ကာ မူးဝေ မောပန်းစွာဖြင့် စောင်ကိုလှန်ကာအိပ်ရာထဲတန်းဝင်လိုက်တော့သည်။ ထို့နောက် အိပ်ရာထဲ ရောက်ရောက်ချင်း အိပ်မောကျသွားသောကြောင့် အိပ်ရာဘေးတွင် အမြဲ တမ်းအသင့်ထားရှိပေးသည့် အိပ်ရာဝင်ခါနီးတိုင်း ကျွန်တော် အငမ်းမရသောက်တတ် သည့် မုယော စည်ဘီယာကိုတောင် မသောက်နိုင်ခဲ့ပေ။
ထို ညမှာတော့… ငါ ကြောက်စရာကောင်းတဲ့ အိမ်မက်တစ်ခုကိုမက်ခဲ့တယ်။ ငါ့ မကောင်းဆိုးဝါး လင်းနို့တစ်ကောင်ကို တွေ့လိုက်ခဲ့တယ်.. ပြီးတော့ အဲ့လင်းနို့ မှာ အေရီရက်နီယ်ရဲ့မျက်နှာနဲ့ဆံပင်တွေလည်းရှိတယ်။ သူမက ဖွင့်ထားတဲ့ ပြတင်းပေါက် ကနေပျံဝင်လာခဲ့တယ်။ နောက်တော့ သူမရဲ့နှုတ်ခမ်းနီနီနဲ့ သွားဖြူဖြူတွေက ငါ့ လက်မောင်း မှာတွယ်ကပ်နေခဲ့တယ်။ ငါ ဒီကြောက်စရာအကောင်ကို ရိုက်ထုတ်ဖို့ ကြိုးစားခဲ့တယ်… ဒါပေမဲ့ ငါမလုပ်နိုင်ခဲ့ဘူး ဘာကြောင့်လဲဆိုတော့ ဒီမကောင်းဆိုးဝါး အကောင်က ငါ့လက်မောင်းကနေတဆင့် သွေးနဲ့အတူ ကလူးကိုစ့် တွေကိုပါ အလျင်အမြန် စုပ်ယူနေသောအခါ ငါ့တစ်ကိုယ်လုံး ကို ချုပ်နှောင်ထားသလိုမျိုး ပြီးတော့ မူးဝေလာခဲ့တယ်။ ငါ အိမ်မက် မက်နေသလိုမျိုး ရီဝေဝေ ဖြစ်နေရင်းမှ အခန်းထဲ ကြည့်လိုက်သောအခါ ကြမ်းပြင်ပေါ်တွင် တန်းစီ လဲလျောင်းနေသာ ကောင်လေး အတော်များများ၏အလောင်းတွေကို တွေ့လိုက်ရလေသည်။ သူတို့ အလောင်းတွေမှာ ငါ့လက်မောင်းကို သွေးစုပ်ဖုတ်ကောင်စုပ်နေတဲ့ နေရာမှာပဲ သူတို့ မှာလည်း အနီရောင် အစက်ရှိနေတာကို တွေ့လိုက်ရပြီးတော့ ငါ မှတ်မိလိုက်တယ် လွန်ခဲ့တဲ့ နှစ်ပတ်အကြာကတစ်ညမှာ ငါ့လက်မောင်းပေါ်က အဲ့နေရာမှာပဲ အနီရောင် အစက်ကို မြင်ခဲ့လိုက်ပြီး ဘယ်လိုရလာတာပါလဲဟု ငါစဉ်းစားနေမိခဲ့တယ်ဆိုတာ ကိုပေါ့။ လျှပ်တပြက်အတွင်းမှာ ငါ့ရဲ့ထူးဆန်းစွာ အားနည်းလာခဲ့ပုံကို သဘောပေါက် နားလည်သွားခဲ့တယ်။ ပြီးတော့ တစ်ချိန်တည်းမှာပဲ စူးရှတဲ့ နာကျင်မှု တစ်ခုက ငါ့ကို အိမ်မက်ဆန်တဲ့သာယာမှုထဲကနေ နိုးထစေခဲ့တယ်။
ငါ သူတို့ ဆေးခတ်ထားတဲ့ အိပ်ရာဝင်ဘီယာကို မသောက်ရသေးဘူးဆိုတာ သတိမပြုမိပဲ ထိုသွေးစုပ်ဖုတ်ကောင်က စိတ်အားထက်သန်စွာနဲ့ ပိုမိုနက်ရှိုင်းစွာ ကိုက်ခဲရင်း စုပ်ယူနေခဲ့တယ်။ ငါ နိုးထလာခဲ့ပြီးတော့ သူမရဲ့ ပကတိအသွင်အပြင် အလုံးစုံကို ငါ ညသန်းခေါင်ယံ လရောင်အောက်မှာ တွေ့မြင်လိုက်ရသည်၊ သူမရဲ့ အနက်ရောင်ဆံပင်တွေ လျော့ရဲစွာပြေကျနေပြီး သူမရဲ့နှုတ်ခမ်းနီနီ တို့က ငါ့ လက်မောင်းမှာကပ်တွယ်နေတာတွေကိုပေါ့။ ငါ ကြောက်လန့်တကြား အော်ဟစ် လိုက်ရင်း သူမကို တစ်ခါထဲ နောက်ကို အားကုန်သုံးပြီး တွန်းပစ်လိုက်ပြီးနောက် သူမရဲ့ သွေးဆာနေပြီး ရက်စက်တဲ့ မျက်လုံးတွေ၊ ဖြူဖျော့နေတဲ့ မျက်နှာနဲ့ သွေးစွန်းနေတဲ့ နှုတ်ခမ်းရဲရဲတို့ကိုဖြတ်ခနဲ့ မြင်လိုက်ပြီးတဲ့ နောက်မှာတော့ ငါ အပြင်ဘက် ည အမှောင်ထဲကိုတဟုန်ထိုး ပြေးထွက်လာခဲ့တယ်။ ကြောက်လန့်မှု နဲ့ အမုန်းတရား တွေ က ငါ့ အတွက် လှုပ်ရှားနိုင်ဖို့ တွန်းအားဖြစ်လာခဲ့ရုံသာမက ပြီးတော့ အဲ့ ကွင်းပြင်က ကျိန်စာသင့်နေတဲ့ လယ်တောအိမ်ဆီကနေသာမက၊ သူမ နှင့် ငါ့ကြား မိုင်ပေါင်းများစွာ မကွာမဝေးမချင်း ငါ ခဏလေးတောင် မရပ်တန့်ပဲ ရူးသွပ်စွာ ပြေးထွက်ခဲ့လေတော့ သည်။