အခန်း- ၇ ကြီးမြတ်သော အော့ဇ် ဆီသို့ ခရီးဆက်ခြင်း
Translate by Mei
သူတို့အဖွဲ့ဟာအနီးပတ်ဝန်းကျင်တွင်လူနေအိမ်များမတွေ့ရသည့်အတွက်ညရောက်လာသည့်အခါတွင် တောအုပ်ထဲကသစ်ပင်ကြီးတစ်ပင်အောက်မှာ စခန်းချရပ်နားခဲ့ သည်။ ဒီလိုထူထဲကြီးမားတဲ့သစ်ပင်ကြီးတွေအောက်မှာစခန်းချရပ်နားခြင်းကသူတို့ကို နှင်းရည်တွေမစိုရွှဲအောင် ကာကွယ်ပေးနိုင်တယ်။ Tin Woodman ကသူ့ပုဆိန်ကို သုံးပြီး သစ်တွေခုတ်ကာ ဒေါ်ရသီကတော့ မီးပုံတစ်ခုကိုဖိုပေးသည်။ မီးပုံလေးက သူမကိုအနွေးဓာတ်ကောင်းစွာပေးပြီးအထီးကျန်ဆန်မှုနည်းပါးအောင်လုပ်ပေးနိုင်လေ သည်။ သူမနှင့်တိုတို နောက်ဆုံးလက်ကျန်ပေါင်မုန့်လေးကိုစားပြီး နောက်တွင်တော့ နောက်တစ်နေ့မနက်စာကို သူမဘယ်လိုစီမံရမလဲမသိတော့ပေ။ ခြင်္သေ့ကပြောလိုက် သည်
“တကယ်လို့သင်သာဆန္ဒရှိရင်ငါတောအုပ်ထဲကိုသွားပြီးသမင်တစ်ကောင်ကိုသတ်ပေး မယ်လေ။ အဲ့ဟာကိုမီးကင်စား နိုင်တယ်လေ။ ပြီးတော့ သင်တို့စားတဲ့အရသာတွေက ထူးဆန်းတယ်ချက်ပြီးသားဟာပဲစားနိုင်ကြတာ။ အဲ့လိုသာဆိုသင် မနက်စာကောင်း ကောင်းလေးစားရပြီပေါ့”
Tin Woodman ကမေတ္တာရပ်ခံလိုက်သည်
“မလုပ်ပါနဲ့….. ကျေးဇူးပြုပြီး အဲ့လိုမလုပ်ပါနဲ့လား။ အဲ့သနားစရာသမင်လေးကို မင်းသတ်လိုက်မယ်ဆိုရင်ငါငိုကြွေးမိလိမ့်မယ်အဲ့အခါကျရင်ငါ့မေးရိုးတွေ သံချေးထပ် တက်လိမ့်မယ်”
ဒါပေမဲ့ ခြင်္သေ့ကတော့ တောထဲကိုထွက်သွားပြီးသူ့ညစာကိုရှာဖွေကာ စားသောက် နေလေသည်။ သူဘာစားနေတာလဲဆိုတာကတော့ သူကလည်း မပြောပြတော့ ဘယ်သူမှမသိကြပေ။ အဲ့ဒီ့နောက်တွင်တော့ စာခြောက်ရုပ်ကလည်း အခွံမာသီးတွေ အပြည့်သီးနေသော သစ်ပင်ကိုရှာတွေ့ပြီး ဒေါ်ရသီ၏ ခြင်းထဲကို ခူးထည့်လိုက်သည်။ အဲ့လိုဆို သူမ အချိန်အတော်ကြာတဲ့အထိ ဆာလောင်မှု မခံရလောက်တော့ဘူးလေ။ စာခြောက်ရုပ်ကတကယ့်ကို ကြင်နာတတ်ပြီး တွေးတောတတ်တာပဲဟု သူမ တွေး လိုက်သည်။ ဒါပေမဲ့ သူမ လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်ပြီး အခွံမာသီးတွေကို ကောက်ယူရာတွင်အဆင်မပြေဖြစ်နေသောထိုသနားစရာသတ္တဝါလေးဆီသို့လျှောက်သွားလိုက်သည်။ အခွံမာသီးလေးတွေကအလွန်သေးငယ်အခါ သူ့ရဲ့ အစာသွပ် ထားတဲ့လက်က သေချာမကိုင်နိုင်ပဲချော်ထွက်ကာ အများစုကပြုတ်ကျကာ ခြင်းထဲသို့ အကုန်မထည့်နိုင်ပေ။ မီးပုံကမီးပွားလေတွေ သူ့ကိုလာစင်ပြီး ကောက်ရိုးတွေလောင် မှာလည်း စိုးရိမ်ရသောကြောင့် မီးပုံကိုရှောင်ကွင်းကာ ခြင်းထဲကို အပြည့်ထည့်နိုင်ဖို့ သူအတော်အချိန်ယူရမည်ဆိုတာ နားလည်သော်လည်းစိတ်ပျက်ခြင်းအလျဉ်း မရှိချေ။ ထို့နောက်တွင်တော့ သူ သေချာတဲ့ အကွာအဝေးတစ်ခုကနေပြီး မီးပုံကိုရှောင်ရှားကာ သွားပြီး လဲလျောင်းကာအိပ်ဖို့ပြင်နေသော ဒေါ်ရသီလေးကို သစ်ရွက်ခြောက်များ ကို သုံး၍စောင်ကဲ့သို့ဖုံးလွှမ်းပေးလေသည်။ အဲ့လိုလုပ်ပေးတာက ဒေါ်ရသီကို နွေးထွေး ကာသက်တောင့်သက်သာရှိစေသည်။ အဲ့လိုနဲ့ မနက်မိုးလင်းအထိ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ မနက်မိုးသောက်သောအခါသူမသည် အနီးရှိတောင်ကျချောင်း ငယ်လေးတစ်ခုတွင်မျက်နှာသစ်ပြီးနောက်တွင်တော့ သူမတို့၏ မြစိမ်းရောင် မြို့တော် ဆီသို့ ခရီးကိုပြန်လည်စတင်တော့သည်။ ဤနေ့သည် ခရီးသွားများဖြစ်သော သူတို့ အတွက် စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နှက်နေသော နေ့တစ်နေ့ဖြစ်ကြောင်းတွေ့ ကြုံခဲ့ရသည်။သူတို့ခဲခဲယဉ်းယဉ်းတစ်နာရီနီးပါးလမ်းလျှောက်ပြီးသောအခါ လမ်းတစ် ဖက်တွင်တောအုပ်၏ဟိုဘက်ခြမ်းကိုပင်မမြင်နိုင်အောင် နက်ရှိုင်းသော ချိုင့်ကြီးရှိနေ သည်ကိုတွေ့လိုက်ရသည်။ အဲ့ဒီ့ဟာက အလွန်ကို ကျယ်ပြန့်တဲ့ ချိုင့်ကြီးတစ်ခုဖြစ်ပြီး သူတို့ ၎င်း၏ အစွန်းကို တွယ်တက်သွားပြီး ကြည့်လိုက်သောအခါ အလွန်ကို နက်ရှိုင်း ပြီးချိုင့်အောက်ခြေတွင်လည်း ချွန်ထွက်နေသောကြီးမားသည့်ကျောက်တုံးတွေကို တွေ့ရသည်။ ချိုင့်အစွန်း နှစ်ဖက်စလုံးကမတ်စောက်တဲ့အတွက်ဘယ်သူမှ မဆင်းနိုင် ကြဘူး၊ အဲ့အချိန်အတောအတွင်းမှာ ခံစားလိုက်ရတာက သူတို့ရဲ့ခရီးဟာ အဆုံးသတ် ရတော့မယ်လို့ထင်ရသည်။ ဒေါ်ရသီက စိတ်ပျက်စွာမေးလိုက်သည်
“ငါတို့ ဘာလုပ်သင့်လဲ ဟင်”
ခြင်္သေ့ ကသူလည်းမသိကြောင်းလည်ဆံမွှေးတွေကို ခါယမ်းပြပြီး အတွေးများနေ သည်။ Tin Woodman ကလည်း ပြောသည်
“ငါ့မှာလည်း အကြံကောင်းမရှိသေးဘူး”
ဒါပေမဲ့ စာခြောက်ရုပ်ကတော့ပြောသည်
“ငါတို့ကပျံလို့မရတာတော့သေချာတယ်။ ပြီးတော့အဲ့ချိုင့်နက်ကြီးထဲကိုလည်း မဆင်း နိုင်ဘူး၊ အဲ့ဒီ့တော့ တကယ်လို့ ငါတို့ တစ်ဖက်ကိုလည်း ခုန်မကျော်နိုင်ဘူးဆိုရင်။ ငါတို့ ဒီနေရာမှာပဲ ရပ်လိုက်ရတော့မှာပေါ့။”
သူရဲဘောကြောင်သော ခြင်္သေ့က သူ၏စိတ်ထဲတွင်အကွာအဝေးကိုသေချာတွက်ချက် ပြီးနောက် ဝင်ပြောသည်
“ငါတော့ ခုန်ကျော်နိုင်မယ် ထင်ရတာပဲ”
စာခြောက်ရုပ်ကပြန်ဖြေသည်
“အဲ့ဒါဆို ငါတို့အဆင်ပြေပြီပေါ့။ မင်းတစ်ခါခုန်ကျော်တိုင်းငါတို့ တစ်ယောက်ချင်းဆီ ကို ကျောပေါ်မှာ တင်သွားရင်ရတာပေါ့”
“ကောင်းပြီလေ… ငါတို့စမ်းကြည့်ကြတာပေါ့။ ဘယ်သူအရင်ဆုံးလိုက်မလဲ”
ဟုခြင်္သေ့ကမေးလိုက်သည်။
“ငါ အရင်လိုက်မယ်… တကယ်လို့ မခုန်ကျော်နိုင်လို့ ပြုတ်ကျခဲ့သည်ရှိသော် ဒေါ်ရသီ သာလိုက်ခဲ့ရင်တစ်ခါထဲသေသွားလိမ့်မယ်။ Tin Woodman သာဆိုရင်လည်း အောက် ကကျောက်တုံးတွေကြောင့် သူ့ သံထည်တွေချိုင့်ဝင်သွားလိမ့်မယ်။ အဲ့တော့ ငါလိုက်တာက ပိုကောင်းတယ်။ အောက်ပြုတ်ကျတာက ငါ့ကို နာကျင်ထိခိုက်အောင် မလုပ်နိုင်ဘူး။”
ခြင်္သေ့ ကပြောသည်
“ငါကတော့ ငါ့ကိုယ်ငါ ပြုတ်ကျမှာ အရမ်းကြောက်တာပဲ။ ဒါပေမဲ့ ငါတို့ ဘာမှ မလုပ်ကြည့်ပဲ ထိုင်နေလို့တော့မရဘူးလေ။ အဲ့တော့ကြိုးစားကြည့်ကြတာပေါ့၊ ငါ့ကျောပေါ် တက်တော့ အခုပဲ စမ်းကြည့်ရအောင်”
စာခြောက်ရုပ်က ခြင်္သေ့ ၏ကျောပေါ်တွင်နေရာယူလိုက်လေသည်။ ပြီးနောက် သားရဲ ကြီးသည်ချောက်အစွန်းဆီသို့လျှောက်သွားပြီးဝပ်လိုက်သည်။စာခြောက်ရုပ်ကမေးလိုက်သည် “မင်းဘာလို့ တစ်ခါထဲ ပြေးပြီး မခုန်တာလဲ”
“ဘာလို့လဲဆိုတော့ အဲ့လိုက ခြင်္သေ့ တွေလုပ်တဲ့နည်းလမ်းမဟုတ်ဘူး”
ဟု သူက ပြန်ဖြေသည်။ ထို့နောက် လေထဲသို့ အားအင်အပြည့်ဖြင့် ခုန်ကျော်လိုက်ကာ တစ်ဖက်ကမ်းသို့ဘေးကင်းစွာဆင်းသက်ခဲ့သည်။ သူအလွယ်တကူ ခုန်ကျော်နိုင်ခဲ့တဲ့ အတွက်သူတို့အားလုံးဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြပြီးစာခြောက်ရုပ်က သူ့ကျောကုန်း ပေါ်ကဆင်းပြီးတဲ့နောက်မှာတော့ ခြင်္သေ့ ဟာချိုင့်ကိုဖြတ်ပြီးတစ်ဖက်ကမ်းကို ပြန် ရောက်လာခဲ့တယ်။ ထို့နောက်တွင် ဒေါ်ရသီက နောက်တစ်ခေါက်အလှည့် သူမ သွား မည်ဟုတွေးလိုက်ကာ တိုတိုလေးကို လက်မောင်းကြားထဲတွင်ထည့်ထားလိုက်ပြီး ခြင်္သေ့ ၏ကျောပေါ်သို့တက်ကာသူ့၏ လည်ဆံမွှေးကိုလက်တစ်ဖက်ဖြင့် တင်းတင်း ကြပ်ကြပ်ကိုင်ထားလိုက်သည်။ နောက်တစ်ခဏအကြာတွင်တော့ သူမ လေထဲတွင် ပျံသန်းနေသကဲ့သို့ခံစားလိုက်ရပြီး နောက်တွင်ဟိုဘက်ကမ်းသို့ဘေးကင်း လုံခြုံစွာ ရောက်ရှိသွားလေသည်။ ခြင်္သေ့ သည်တတိယအကြိမ်မြောက် ဟိုဘက်ကမ်းသို့ ပြန် ကူးသွားပြီး Tin Woodman ကိုသယ်ဆောင်ကာ ပြန်လာခဲ့သည်။ ထို့နောက်တွင်တော့ သူတို့အားလုံးမြေကြီးပေါ်တွင်ထိုင်ချလိုက်ကြကာ ခဏအနားယူဖို့ ဆုံးဖြတ်လိုက် ကြသည်။ အဖွဲ့သားတွေအကုန်လုံးကို သယ်ဆောင်ပြီး ဖြတ်ကူးလာရသော ခြင်္သေ့ ကြီးအတွက်လည်း အနားယူဖို့လိုအပ်လေသည်။ သူသည် အသက်ကို ဖြည်းညည်းစွာ ရှုကာ ခွေးတစ်ကောင်ကအကြာကြီးပြေးလွှားခဲ့ရသကဲ့သို့ အမောဖြေနေလေသည်။
ဒီဘက်အခြမ်းကတောအုပ်ကပိုပြီးထူထဲကာ အထဲကိုမမြင်နိုင်အောင် ပိန်းပိတ်မှောင်မဲ နေပြီးကြည့်မိသူတိုင်းကို စိတ်ညစ်ညူးဖွယ်ရာအသွင်ဖြစ်နေသည်။ ခြင်္သေ့ သည် ကောင်းစွာ အနားယူပြီးသောအခါ သူတို့ သွားနေကျ အဝါရောင်အုတ်စီလမ်းလေးပေါ် ပြန်တက်ကာ သူတို့ စိတ်ထဲတွင် ဤခရီးကို အဆုံးထိရောက်အောင် သွားနိင်ပါ့မလား။ တောအုပ်ရဲ့ဟိုဘက် အဆုံးကတောက်ပတဲ့ နေရာင်ခြည်ကိုမြင်နိုင်ပါ့မလားဟူသော အတွေးကိုအသီးသီးတိတ်တဆိတ်တွေးတောကြရင်း ခရီးကိုပြန်လည် စတင်ကြတော့ သည်။ သူတို့၏ မသက်မသာ ခံစားချက်များအပြင် ထူးဆန်းသော အသံများကို ဟိုတောအုပ်အတွင်းပိုင်းမှ ထပ်ကြားလိုက်ရသည်။ ထိုအသံများကို ကြားရသောအခါ ခြင်္သေ့ ကသူတို့နားကပ်ကာဒီနေရာပတ်ဝန်းကျင်က ကာ့လီဒါ့ရှ် (Kalidahs) တွေနေတဲ့ တိုင်းပြည်ရဲ့ပိုင်နက်ထဲမှာဟုတီးတိုးပြောပြလိုက်သည်။ သူမကမေးမြန်းလိုက်သည် “ကာလီဒါ့ရှ် ဆိုတာ ဘာတွေလဲ”
"သူတို့ကကြောက်မက်ဖွယ်ကောင်းတဲ့သားရဲတွေ၊က်ဝံလိုခန္ဓာကိုယ်နဲ့ခေါင်းတွေကျား တွေလိုပါပဲ။ "
ခြင်္သေ့ကဆက်ပြောသည်
"သူတို့ကငါ့ကိုကိုက်ဖြတ်နိုင်အောင် ရှည်လျားပြီးထက်မြက်တဲ့ ခြေသည်းတွေရှိတယ် ပြီးတော့ ငါ အလွယ်တကူ တိုတို ကိုသတ်နိုင်သလိုပဲ ကာလီဒါ့ရှ် တွေကလည်း ငါ့ကို အလွယ်တကူလေးနှစ်ခြမ်းဆွဲဖြဲနိုင်တယ်။ ငါ ကာလီဒါ့ရှ် တွေကိုတကယ်ကြောက် တယ်။”
ဒေါ်ရသီကပြန်ပြောလိုက်သည်
“ငါတော့ အဲ့ဒီ့လောက်အံ့ဩဖို့ကောင်းတယ်မထင်ပါဘူး။ သူတို့က ဒီအတိုင်း ကြောက် မက်ဖွယ်ရာသားရဲတိရစ္ဆာန်တွေပဲ ဖြစ်လိမ့်မယ်”
ခြင်္သေ့ ကဒေါ်ရသီ့ကို ပြန်ပြောဖို့ ပြင်နေတုန်းမှာ သူတို့တွေ နောက်ထပ် ကြီးမားတဲ့ ချိုင့်ကြီးဆီရောက်လာခဲ့သည်။ ဒီတစ်ခုကအရင်ဟာထက်ပိုကြီးပြီးပိုလည်းနက်တာ ကြောင့် ခြင်္သေ့ သည်သူအရင်တစ်ခုလိုခုန်ကျော်ဖို့ မဖြစ်နိုင်ဘူးဆိုသည်ကို သိလိုက် သည်။ အဲ့ဒီ့နောက်တွင်တော့ သူတို့ထိုင်ချလိုက်ပြီး ဘာဆက်လုပ်ရင်ကောင်းမလဲ ဆိုတာ စဉ်းစားကြတော့သည်။ အတန်ကြာ အလေးအနက်စဉ်းစား ပြီးသည့်နောက် တွင်တော့ စာခြောက်ရုပ်က ပြောသည်-
“ဒီ ချိုင့်နှုတ်ခမ်းအစွန်းနားမှာ သစ်ပင်အကြီးကြီး တစ်ပင်ရှိတယ်လေ ။ တကယ်လို့ Tin Woodman ကသာ အဲ့အပင်ကြီးကို ခုတ်ချနိုင်ရင် အဲ့အပင် က ချိုင့် တစ်ဖက်ခြမ်းပေါ် လဲကျသွားလိမ့်မယ်။ အဲ့အခါကျရင် ငါတို့က ကန့်လန့်ဖြတ်လဲကျနေတဲ့ ဒီအပင်ပေါ်က နေဖြတ်ပြီး ဟိုဘက်ခြမ်းကို အလွယ်တကူ ကူးသွားလို့ရပြီပေါ့။”
ခြင်္သေ့ကပြောသည်
“ဒါ တကယ့်ကို ပထမတန်းစား အကြံဉာဏ်ပဲ။ တစ်ယောက်ယောက်က မင်းခေါင်းထဲ ကောက်ရိုးတွေမဟုတ်ပဲတကယ်ပဲဦးနှောက်ရှိနေတာလားလို့တောင် သံသယဝင်တော့ မှာပဲ။”
ထို့နောက်တွင် Tin Woodman က သူ့အလုပ်ကိုစတင်တော့သည်။ သူ့၏ အလွန်ထက်သော ပုဆိန်ကြောင့် တစ်ခါခုတ်လိုက်သည်တွင်ပင်သစ်ပင်ကြီးသည် လဲကျလုနီးပါး ပြတ်သွားသည်။ အဲ့နောက်တွင် ခြင်္သေ့ သည်သူ၏သန်မာသော ရှေ့ခြေထောက်များကိုသုံး၍ အားအကုန်ထုတ်ကာဟိုဘက်ကမ်းသို့ လဲကျလုနီးပါး သစ်ပင်ကြီးကိုတွန်းလိုက်လေသည်။အဲ့လိုနဲ့သစ်ပင်ကြီး၏ထိပ်ဖျားပိုင်းအကိုင်းအခက် များသည် တစ်ဖြည်းဖြည်းချင်း ဟိုဘက်ချိုင့်နှုတ်ခမ်းပေါ်သို့ လဲကျသွားတော့သည်။
သူတို့ဤသစ်လုံးတံတားပေါ်သို့ တက်ကာ စတင် ဖြတ်သန်းသော အချိန်တွင် စူးရှသော အော်မြည်သံ ကို ကြားလိုက်ရသောကြောင့် သူတို့ မော့ကြည့်လိုက်ကြရာ ကိုယ်လုံးက ဝက်ဝံနှင့်တူပြီး ခေါင်းကကျားနှင့်တူသည့် ကြီးမားသောသားရဲနှစ်ကောင်သည် သူတို့ဆီသို့ဦးတည်ပြီးထိုးဆင်းလာသည်ကို မြင်လိုက်သည့်အခါ အကြောက်တရား တို့ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ထိုသူရဲဘောကြောင်သော ခြင်္သေ့ကတုန်တုန်ရီရီဖြင့် ပြောလိုက်သည်၊ “သူတို့တွေက ကာလီဒါ့ရှ် တွေပဲ”
စာခြောက်ရုပ်ကအော်ပြောလိုက်သည်
“မြန်မြန်လေး…… ငါတို့ ဟိုဘက်ကို မြန်မြန်ရောက်အောင် ကူးကြရအောင်”
ထို့ကြောင့်ဒေါ်ရသီလေးသည် တိုတို ကိုသူ၏လက်မောင်းထဲမှာပိုက်၍ အရင်သွား လိုက်သည်။ Tin woodman ကဒေါ်ရသီ့ နောက်မှလိုက်သွားပြီး စာခြောက်ရုပ်က သူတို့နောက်ကလိုက်သွားသည်။ သေချာပေါက်ခြင်္သေ့ လည်းတကယ့်ကို ကြောက်ပေ မဲ့သူသည်ကာလီဒါ့ရှ်များကို မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်သည်။ ထို့နောက်တွင်တော့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ခြင်္သေ့ ၏အလွန်ကျယ်လောင်သော ဟိန်းသံကြောင့်ဒေါ်ရသီသည်ထိတ်လန့်မှုကြောင့်သံကုန်အော်လိုက်မိပြီးစာခြောက်ရုပ်သည်လည်း နောက်ပြန်ဖင်ထိုင်ရက်လဲကျသွားခဲ့သည်။ ထိုအချိန်မှာပင် ၎င်းကြောက် မက်ဖွယ် သားရဲများသည်ပင် ခေတ္တကြောင်အမ်းသွားကြပြီး သူ့ကို အံ့ဩမှင်သက်စွာ ကြောင်ကြည့်နေကြလေသည်။ ဒါပေမဲ့မကြာခင်မှာပင်သတိပြန်ဝင်လာကြပြီး သူတို့ ကိုယ်ထည်က ဒီခြင်္သေ့ထက်လည်းကြီးပြီး သူတို့ကနှစ်ကောင်တောင် ဒီကောင်က တစ်ကောင်ထဲဆိုတာအတည်ပြုပြီးနောက် တစ်ဖန်ရှေ့သို့ တဟုန်ထိုး ပြေးတက်လာခဲ့ ကြသည်။ အဲ့နောက်တွင် ခြင်္သေ့ သည်သစ်ပင်ကိုခုန်ကျော်လိုက်ပြီး သူတို့ ဘာဆက် လုပ်မည်ကိုပြန်လှည့်ကြည့်လိုက်သည်။ ထိုကြမ်းတမ်းရက်စက်သော သားရဲများသည် တစ်ချက်လေးတောင်ရပ်တန့်ခြင်းမရှိပဲသစ်ပင်ကိုဖြတ်ကျော်လာကြသည်။ထို့နောက်တွင် တော့ ခြင်္သေ့ က ဒေါ်ရသီ့ ဘက်ကို လှည့်ကာ ပြောလိုက်သည် -
“ငါတို့ ရှုံးသွားပြီ၊ သူတို့ရဲ့ချွှန်ထက်တဲ့ လက်သည်းတွေနဲ့ ငါတို့ကို အပိုင်းပိုင်းဖြစ်အောင် စုတ်ဖြဲ ပစ်တော့မှာပဲ။ ဒါပေမဲ့လည်း ငါ့နောက်မှာ နီးနီးကပ်ကပ်ရပ်နေ ငါ မသေမချင်း သူတို့နဲ့ တိုက်ခိုက်မယ်။”
စာခြောက်ရုပ်ကလှမ်းပြောလိုက်သည်
“ခဏလေး…. ” ဟုဆိုကာ သူသည် ယခုအချိန်တွင် ဘယ်လိုလုပ်ဆောင်တာက အကောင်းဆုံးဖြစ်မလဲလို့သူစဉ်းစားခဲ့ပြီးနောက်တွင်တော့ Tin Woodman ကို သူတို့ရှိနေတော့ချိုင့်ကြီးဘက်မှသစ်ပင်ကြီး၏ပင်စည်အရင်းကိုခုတ်လှဲရန်ပြောလိုက်သည်။ ဤသို့ ပြောလိုက်သည်နှင့် တပြိုင်နက် Tin Woodman ဘက်ကလည်း သူ့၏ ပုဆိန်ကိုသုံးကာစတင်ပြီးခုတ်ဖြတ်ခဲ့တော့သည်။ ကာလီဒါ့ရှ်နှစ်ကောင် သူတို့ဘက်ဆီ သို့ဖြတ်ကျော်လာပြီးရောက်ခါနီးအချိန်မှာပင် ၎င်းသစ်ပင်ကြီးသည် ချိုင့်နက်ကြီးထဲ သို့ပြုတ်ကျသွားပြီးဖြတ်ကျော်လာသောသားရဲကြီးနှစ်ကောင်ကိုပါအညှာအတာကင်းမဲ့စွာဖြင့်ချိုင့်အောက်ခြေဆီသို့၎င်းနှင့်အတူခေါ်ဆောင်သွားခဲ့သည်။ သားရဲနှစ်ကောင် လုံးသည် ချိုင့်နက်ကြီး အောက်ခြေရှိ ချွှန်ထက်သော ကျောက်စိုင်ကျောက်တုံးများဖြင့် ရိုက်မိ၍ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့လေသည်။ ကြောက်တတ်သောထိုခြင်္သေ့ သည် သက်ပြင်းရှည်ကြီးတစ်ခုကိုချကာ
“ကောင်းပြီ၊ကြည့်ရတာငါတို့နည်းနည်းပိုကြာကြာအသက်ရှင်နိုင်သေးတာပဲတော်သေးတာပေါ့။ ဒါတကယ့်ကိုဝမ်းသာစရာကိစ္စပဲ၊ သေရတာကြီးကလုံးဝ သက်တောင့် သက်သာမရှိလောက်ဘူး။ ဒီအကောင်တွေက ငါ့ကို တကယ်ကြောက်လန့်စေတယ် အခုထိ ငါ့နှလုံးခုန်နှုန်းတွေ အရမ်းမြန်နေတုန်းပဲ။”
Tin Woodman ကဝမ်းနည်းစွာနဲ့ပြောသည်
“အာ….. ငါ့မှာလည်း အဲ့လို ခုန်နိုင်မယ့် နှလုံးတစ်ခုလောက်သာရှိရင်ကောင်းမှာပဲ”
ဒီစွန့်စားခန်းကြောင့် ခရီးသွားနေသောသူတို့အဖွဲ့သည် စိတ်ပူပန်စွာြဖင့် ဤတောအုပ်ထဲမှမြန်မြန်ထွက်နိုင်ရန် မြန်မြန်ဆန်ဆန်ကို လျှောက်ကြတော့လေသည်၊ ဤသို့ခရီးသွားနှုန်းသည် မြန်ဆန်လာသောကြောင့် ဒေါ်ရသီလေးသည် ပင်ပန်းနွမ်းနယ် လာလေသည်။ ထို့အတွက်ကြောင့် သူမသည်ခြင်္သေ့၏ကျောပေါ်မှ လိုက်လာခဲ့တော့ သည်။ ရှေ့သို့ခရီးဆက်လာသည်နှင့်အမျှ သစ်တောထဲတွင် သစ်ပင်များကို ကျိုးတို့ ကျဲတဲသာတွေ့နေရသည်က သူတို့ကိုပျော်မဆုံးဖြစ်လာစေသည်။ ဤသို့ခရီးဆက် လာရင်း နေ့လည်အချိန်လောက်တွင် သူတို့ရှေ့တွင် လျင်မြန်သောအဟုန်ဖြင့် စီးဆင်း နေသောကြီးမားကျယ်ပြန့်သည့် မြစ်တစ်စင်းကို ရုတ်တရက်တွေ့လိုက်ရသည်။ မြစ်၏ တစ်ဖက်ကမ်းတွင်တော့ဘေးနှစ်ဖက်လုံးတွင်စားချင်စဖွယ်အသီးများပြည့်နှက်အောင် သီးနေသော သစ်ပင်များရှိနေသော အဝါရောင်အုတ်စီလမ်းလေးသည် စိမ်းလန်းသော မြက်ခင်းပြင်များနှင့် တောက်ပစွာ ပွင့်လန်းနေသော ရောင်စုံပန်းများဖြင့်လှပနေသော တိုင်းပြည်ကို ဖြတ်သန်းခင်းထားသည်ကို သူတို့မြင်တွေ့လိုက်ရသည်။ သူတို့၏ မျက်စိရှေ့တွင်ဝမ်းမြောက်ကြည်နူးဖွယ်မျက်စိပသာဒများဖြင့်ပြည့်နေသော တိုင်းပြည် ကို မျက်မြင် တွေ့လိုက်လိုက်ရသည်။ ဒေါ်ရသီ ကမေးလိုက်သည်
“ငါတို့ မြစ်ကို ဘယ်လို ဖြတ်ကူးကြမလဲ..”
စာခြောက်ရုပ်က ဖြေလိုက်သည်
“ဒါကလွယ်လွယ်လေးပါ။ Tin Woodman ကိုငါတို့အတွက် ဖောင်တစ်စင်း ဆောက်လိုက်ရင် ငါတို့ ဟိုဘက်ကို လွယ်လွယ်လေး ကူးသွားလို့ရပြီလေ”
ထို့နောက်တွင်တော့ Tin Woodman သည်သူ့၏ပုဆိန်ကိုယူကာ သစ်ပင်ငယ် လေးများကို ခုတ်လှဲလိုက်ပြီးဖောင်တစ်စီးလုပ်လိုက်သည်။ သူအဲ့ဟာနဲ့ အလုပ်ရှုပ် နေတဲ့ အချိန်တွင် စာခြောက်ရုပ်က မြစ်ကမ်းဘေးတွင် အသီးများဖြင့်ပြည့်နေသော အပင်ကိုရှာတွေခဲ့သည်။တနေ့လုံးအခွံမာသီးတွေချည်းပဲစားထားရသောဒေါ်ရသီလေး ကိုဤအသီးတွေကကျေနပ်ပျော်ရွှင်စေသည်။ ထို့နောက်တွင် သူမသည် မှည့်ဝင်းနေ သောအသီးများကို ခူးကာ ကျနပ်စွာဖြင့် သူမ၏နေ့လည်စာကို စားတော့သည်။
လုံ့လဝီရီယအပြည့်ဖြင့် မမောပပန်း အလုပ်လုပ်နိုင်သော Tin Woodman အတွက်တောင် ဖောင်တစ်စီးရလာဖို့ကိုအချိန်အတော်ကြာ လုပ်လိုက်ရသည်မှာ ည ရောက်လာသည်အထိမပြီးသေးချေ။ ထို့ကြောင့်သူတို့သည် သစ်ပင်တွေ၏အောက် တွင်သက်တောင့်သက်သာ ဖြစ်မည့်နေရာကိုရှာကာ မိုးလင်းသည်အထိ အိပ်စက် အနားယူခဲ့ကြသည်။အိပ်စက်နေချိန်တွင်ဒေါ်ရသီသည်အိမ်မက်ထဲတွင်မြစိမ်းရောင်မြို့တော်ကို ရောက်နေပြီး ကောင်းမွန်ပြီး ကြီးမြတ်သော မှော်ပညာရှင် အော့ဇ် က သူမကို အိမ်သို့ မကြာခင်ပြန်ပို့ပေးတော့မည်ဟု မက်နေလေတော့သည်။
* ရောဂါတွေအဖြစ်မျာတော့ ဂရုစိုက်ပြီးနေကြပါနော် *
* လမ်းကြုံ coffee လေးလဲတိုက်လို့ရတယ်နော် 😉😉*