book

Index 5

5. Tin Woodman နဲ့တွေ့ဆုံခြင်း

  • Author : Mei Mei
  • Genres : Adventure, Action
  • Original Author : L. Frank Baum

အခန်း -၅   Tin Woodman ကို ကယ်ဆယ်ခြင်း

Trenslate by Mei


ဒေါ်ရသီ မနက်အိပ်ရာကနိုးလာတဲ့အချိန်မှာ နေရောင်ကသစ်ပင်တွေကြားမှ  ထိုးဖောက်ဝင်ရောက် ကာထွန်းလင်းတောက်ပနေပြီး တိုတို ကတော့ အနားမှာရှိတဲ့ ငှက်တွေနဲ့ ရှဉ်ငယ်လေးတွေကိုလိုက် ဖမ်းနေသည်။ သူမ အိပ်ရာပေါ်ထထိုင်လိုက်ပြီး ဘေးကိုလှည့်ကြည့်လိုက်သည်။ စာခြောက်ရုပ်က တော့သူရပ်နေတဲ့ ထောင့်မှာ စိတ်ရှည်ရှည်နဲ့ ရပ်ပြီး သူမကိုစောင့်နေတုန်းဆိုတာ တွေ့လိုက်ရသည်။ သူမက သူ့ကိုလှမ်းပြောလိုက်သည် - “ငါတို့ ရေသွားရှာကြရအောင်”

သူက “ရေ ဘာလို့ လိုချင်တာလဲ” ဟုပြန်မေးလေသည်။

“ဒီလောက် တစ်လမ်းလုံး ဖုန်တွေပေလာတာ မျက်နှာသစ်ရမယ်လေ... ပြီးတော့ ရေသောက်ဖို့ပေါ့ ဒါမှ ကျောက်ခဲလိုမာနေတဲ့ပေါင်မုန့်ကို စားရင် မနင် မှာပေါ့”

စာခြောက်ရုပ်က အလေးအနက်တွေးရင်းပြန်ပြောသည်က

“အသွေးနဲ့အသားနဲ့ လူဖြစ်ရတာ တကယ် အဆင်မပြေတာပဲ၊ အိပ်လည်းအိပ်ရ... စားရသောက်ရနဲ့…. ဒါပေမဲ့လည်း... နင့်မှာ အရာရာကိုတွေးတော စဉ်းစားနိုင်တဲ့ ဦးနှောက်ရှိနေတာပဲ။ အဲ့ဒီ့တော့လည်း တန်ပါတယ်လေ။”




လယ်တောအိမ်လေးကနေထွက်ခွာလာပြီးနောက် သူတို့ သစ်ပင်များကြားမှ လမ်းလျှောက်ရင်း ကြည်လင်နေသောစမ်းချောင်းလေးတစ်စင်းကို ရှာတွေ့သောအခါ ဒေါ်ရသီလေးက ထိုစမ်းချောင်း တွင်ရေသောက်ပြီးတော့ သူမ အတွက် မနက်စာကိုအဲ့မှာပင် စားလိုက်သည်။ ထို့နောက် ကိုယ်လက် သန့်စင်၍ ရေတစ်ခါထဲ ချိုးလိုက်သည်။ အဲ့ဒါတွေပြီးနောက် သူမ၏ ဆွဲခြင်းလေးထဲကြည့်လိုက်ရာ သူမနှင့် တိုတို စားဖို့ ပေါင်မုန့် ကတစ်ရက်စာသာကျန်တော့သည်ကိုသိလိုက်လေသည်။ ထိုအခါ သူမ ကျေးဇူးတင်စွာတွေးလိုက်မိတော့သည်က

“တော်သေးတာပေါ့ စာခြောက်ရုပ်က အစာစားဖို့ မလိုတာ။”

သူမ မနက်စာစား‌သောက်ပြီးစီးသောအခါ အဝါရောင်အုတ်ခင်းလမ်းအတိုင်းခရီးဆက်ကြလေသည်။ အဲ့အချိန်မှာပဲ အနီးအနား တစ်နေရာ မှ ကျယ်လောင်စွာ ညည်းတွားသံကို ကြားလိုက်ရသည်။

“အဲ့တာ ဘာသံကြီးလဲ” 

ဟု ဒေါ်ရသီလေး က မရဲတရဲ လေသံလေးဖြင့် မေးလိုက်သည်။ စာခြောက်ရုပ်က

“ငါလည်း မခန့်မှန်းတတ်ဘူး... ဒါပေမဲ့ ငါတို့ အဲ့ဘက်ကို သွားကြည့်ကြမယ်လေ” 

ပြောလိုက်သည်။ ထိုညည်းတွားသံကြီးကို နောက်တခေါက် ထပ်ကြားလိုက်ရသောအခါ ၎င်း အသံကြီး က သူတို့ နောက်ကျောဘက်မှ ထွက်လာသည်ကိုသိလိုက်ရသည်။ သူတို့ အနောက်ပြန်လှည့်ကာ သစ်တောထဲခြေလှမ်းအနည်းငယ်လျှောက်ပြီးသွားသောအခါ ဒေါ်ရသီလေး ရောင်ခြည်လိုတောက်ပ တဲ့အလင်းတန်းတစ်ခုက သစ်ပင်တွေကြားထဲ ဖြာကျနေတာကို ရှာဖွေတွေ့ရှိခဲ့သည်။ သူမ အဲ့ဒီ့နေရာ ကိုပြေးကြည့်သောအခါ တွေ့လိုက်ရသောအရာကြောင့် အံ့ဩမှု့ကြောင့် အထိတ်တလန့်အော်လိုက်မိ ပြီး သူမ၏လှုပ်ရှားမှုများမှာလည်း ခဏရပ်တန့်သွားသည်။ သစ်ပင်ကြီးများအနက်မှ တစ်ပင်သည် အလယ်မှ ခုတ်လှဲဖြတ်ထားခံရသည်။ ပြီးတော့ ထိုအပင်၏ဘေးတွင် လက်ထဲမှာ ပုဆိန်တစ်ခုကို မြှောက်ကိုင်ထားပြီး ခန္တာကိုယ်တစ်ခုလုံးကို သံဖြင့်ပြုလုပ်ထားသော လူတစ်ယောက်ကိုတွေ့လိုက်ရ သည်။သူ့ရဲ့လက်မောင်းတွေနှင့်ခြေထောက်တွေကိုခန္တာကိုယ်နှင့်ချိတ်ဆက်ထားပြီး သူက မလှုပ်မရှား  နိုင်သော သူကဲ့သို့ လုံးဝကို တုတ်တုတ်မျှ မလှုပ်ပဲ ရပ်နေခဲ့သည်။ ဒေါ်ရသီ က ထိုသူကို အံ့ဩစူးစမ်း သောအကြည့်ဖြင့်ကြည့်နေခဲ့ပြီး စာခြောက်ရုပ်ကလည်း ဒေါ်ရသီကဲ့သို့ပင် ၎င်းကို ကြည့်နေသည်။ တိုတို ကတော့သူ့အသံစူးစူးလေးဖြင့် ထိုးဟောင်နေပြီး ထို သံနဲ့လုပ်ထားတဲ့ ခြေထောက်ကို တစ်ချက် တစ်ချက်အလစ် ဝင်ဆွဲသည်မှာ သူ့သွားတွေနာလာတဲ့အထိပင်ဖြစ်သည်။

“စောနက အော်ဟစ်ညည်းတွားသံကြီးက သင်လုပ်တာလား” 

ဟု ဒေါ်ရသီကမေးလိုက်သည်။ ထို  သံ လူသားက

“ဟုတ်တယ်။ ငါ လုပ်တာလေ... ငါက အဲ့လိုပဲ အော်ဟစ်နေကျပဲလေ တစ်နှစ်မကတော့ဘူး... ဒါပေမဲ့ ဘယ်သူကမှမကြားကြဘူးလေ အဲ့တော့... ကူညီမယ့်လူတစ်ယောက်တောင်မရောက်လာဘူး”

ဟု ပြန်ဖြေသည်။

“အဲ့လိုဆို ကျွန်ုပ် ဘာများ သင့်အတွက် ကူညီပေးနိုင်မလဲဟင်”

ဟု ဒေါ်ရသီလေးက ထိုသူ၏ ဝမ်းနည်းစိတ်ထိခိုက်စရာကောင်းသော စကားသံကိုကြားပြီးနောက် စိတ်ထဲတွင် ခံစားသွားရပြီး နူးညံ့စွာ မေးလိုက်သည်။ သူက

“ချောဆီ တစ်ဘူးလောက်ရှာပြီး ငါ့ရဲ့ အဆက်တွေကို ချောဆီထည့်ပေးနိုင်မလား။ သူတို့ကဆိုးဆိုး ဝါးဝါးကို သံချေးတက်နေတာ အဲ့ဒါကြောင့် ငါလုံးဝမရွှေ့နိုင်၊ မလှုပ်ရှားနိုင်ဘူး။ အဲ့အဆက်တွေကြား ထဲကို ချောဆီသေချာထည့်လိုက်ရင် ငါ မကြာခင်ပြန်ကောင်းလာပြီး လှုပ်ရှားနိုင်လိမ့်မယ်။ ပြီးတော့ ငါ့အိမ်ထဲက စင်တစ်ခုပေါ်မှာ ချောဆီတစ်ဘူးကို မင်းတွေ့လိမ့်မယ်။”

 ဟုအဖြေပြန်ပေးလေသည်။ ထိုအခါ ဒေါ်ရသီလေး ချက်ချင်းပင် သူမ ညအိပ်ခဲ့သော လယ်တောအိမ် လေးဆီပြန်ပြေးသွားပြီး ချောဆီဘူးကို ထိုသူပြောသည့်နေရာတွင်ရှာတွ့ခဲ့သည်။ ပြီးတော့ သူမ ပြန် လာပြီး “မင်းရဲ့ အဆက် တွေက ဘယ်နားမှာလဲ” လို့  စိုးရိမ်တကြီးမေးလိုက်သည်။

“ပထမဆုံး ငါ့လည်ပင်း အဆက်ကို ဆီထည့်ပေးပါ” ဟု Tin Woodman ကပြန်ပြောသည်။

ဒါကြောင့် သူမ ဆီကိုထည့်နေစဥ်သိလိုက်ရတာက အဲ့ဒါက တော်တော် ဆိုးဝါးစွာ  သံချေးတက်နေတာ ကိုပင်။ ထို့ကြောင့်  စာခြောက်ရုပ်က Tin woodman ၏ သံခေါင်းကို သူလက်ထဲ ထည့်ကိုင်ပြီး ဟိုဘက် ဒီဘက်ကို ဖြည်းညည်းစွာဖြင့် လည်းပင်းကအဆက် များကိုလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင် သည်အထိ ညင်ညင်သာသာ ခေါင်းကို လေ့ကျင့်ခန်းလုပ် လှည့်ပေးနေသည်။ အဲ့ဒီ့တော့မှ ထိုသူသည် သူ့ဘာ့သာသူ ဟိုဘက် ဒီဘက်လှည့်နိုင်လာသည်။

"အခု ကျွန်ုပ် လက်မောင်း အဆက်တွေကို ချောဆီဖြည့်ပေးပါ" 

ဟု ထိုသူက ပြောသည်။ ဒေါ်ရသီ ကသူ့လက်မောင်း အဆက်နေရာများကို ဆီများများထည့်ပေးပြီး စာခြောက်ရုပ်က ၎င်းတို့  သံချေးမရှိတော့ဘဲ အသစ်နီးပါး လှုပ်ရှားနိုင်သည်အထိ ၎င်းတို့ကို ဂရုတစိုက် ကိုင်၍ ကွေးလိုက်ဆန့်လိုက်ဖြင့် လှုပ်ရှားပေးလေသည်။




Tin Woodman သည် သစ်ပင်ကို မှီထားရင်း အားရကျေနပ်မှုအပြည့်ဖြင့် သက်ပြင်းချ၍ သူ့ပုဆိန်ကိုအောက်ကိုပစ်ချလိုက်သည်။ သူက ပြောလိုက် သည်

“နေရတာအတော်သက်တောင့်သက်တာရှိသွားတာပဲ၊ ကိုယ်မှာသံချေးတက်နေလို့ မလှုပ်နိုင်တော့ ကထဲက အဲ့ ပုဆိန်ကို အောက်ချလို့မရလို့ ကိုင်ထားခဲ့ရတာ အခုနောက်ဆုံးတော့  အဲ့ဟာကို အောက်ချ လိုက်နိုင်ပြီ။ အခု ကျွန်ုပ် ခြေထောက်အဆက်တွေကြားထဲကို သင် ချောဆီ ထည့်ပေးပါလား အဲ့ဒါဆို ပိုပြီးလှုပ်ရှားရတာ အဆင်ပြေသွားပြီ” ။

အဲ့ဒီနောက် သူတို့ ၂ယောက်ဟာထိုသူ၏ ခြေထောက်အဆက်တွေကြားထဲကို ချောဆီထည့်ပေးနေကြ သည်။ နောက်ဆုံး သူ့ခြေထောက်တွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တော့တဲ့အထိကူညီပေးခဲ့ သည်။ အဲ့ဒါတွေပြီးတော့ ထိုသူသည်ယဉ်ကျေးရည်မွန်ပြီး ကျေးဇူးသိတတ်သော သူတစ်ယောက်ဖြစ် လေသည့်အတွက်သူတို့၂ယောက်ကသူ့ကိုအခုလိုလွတ်မြောက်အောင် လုပ်ပေးတဲ့အတွက်အထပ်ထပ် အခါခါ ကျေးဇူးတင်ကြောင်း အမျိုးမျိုး ပြောနေလေတော့သည်။ သူက

“တကယ်လို့ သင်တို့သာ လာမကြည့်ဖြစ်ခဲ့ရင် ကျွန်ုပ် အမြဲတမ်း ဒီလိုပဲ မတ်တပ်ရပ်နေရလောက် တယ်။ သင်တို့က သေချာပေါက် ကျွန်ုပ် ဘဝကို ကယ်တင်ပေးခဲ့တာပါ။ ဒါနဲ့ ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာကြတာလဲ” 

ဟု ပြောလိုက်သည်။ ဒေါ်ရသီက

“ကျွန်ုပ်တို့ တွေ ကြီးမြတ်တဲ့ အော့ဇ်ကို တွေ့ဖို့ အတွက် မြစိမ်းရောင် မြို့တော် ကို သွားကြမလို့လေ၊ ဒီနေရာက ကျွန်ုပ်တို့ ဖြတ်သွားရင်း အိမ်လေးမှာ တစ်ညတည်းဖြစ်သွားခဲ့တာ”

ဟု ပြန်ဖြေလေသည်။ သူက ထပ်မေးလိုက်သည်

“သင်တို့ က အော့ဇ့်ကို ဘာလို့ တွေ့ချင်တာလဲ။”

သူမထပ်ပြောလိုက်သည် “သူက ကျွန်ုပ် ကိုကန်ဆတ်စ်ကို ပြန်ပို့ပေးနိုင်မလားလို့လေ စာခြောက်ရုပ် အတွက်ကတော့ သူက သူ့ခေါင်းထဲ ဦးနှောက်ထည့်ပေးတာ လိုချင်လို့လေ။”

Tin woodman ခဏလောက် သေချာအလေးအနက် စဉ်းစားပြီး သူက ပြောသည်

“အော့ဇ် က ကျွန်ုပ်ကိုရော နှလုံးတစ်ခုလောက် ပေးလောက်လား။”

ဒေါ်ရသီ က 

“ပေးနိုင်လောက်မယ်ထင်တာပဲ။ ဘာဖြစ်လို့လဲ... စာခြောက်ရုပ်ကိုဦးနှောက်ထည့်ပေးသလိုပဲ လွယ် လောက်မယ် ထင်တာပဲလေနော်”

 ဟု ပြန်ဖြေသည်။ Tin woodman ကပြန် ပြောလိုက်သည်က

“သေချာတာပေါ့…. အဲ့ဒါဆို တကယ်လို့ ကျွန်ုပ်က  သင်တို့အဖွဲ့နဲ့ ပူးပေါင်းချင်တာ ကို လက်ခံပေးနိုင် ရင်ကျွန်ုပ်လည်း မြစိမ်းရောင်မြို့တော်ကို လိုက်ပြီး အော့ဇ် ကိုအကူအညီတောင်းချင်တယ်”

စာခြောက်ရုပ်က လှိုက်လှိုက်လှဲလှဲ ဖြင့်ပြောလိုက်သည်က

“တစ်ခါထဲလိုက်ခဲ့လေ။”

ထို‌နောက် ဒေါ်ရသီ ကပါထပ်ဖြည့်ပြီး သူမဘက်ကလည်း သူက သူတို့နဲ့အတူတူ လိုက်လာတာကို အဆင်ပြေတဲ့အကြောင်းပြောလိုက်သည်။




အဲ့လို့နဲ့ သူတို့သုံးဦး ထိုအဝါရောင် အုတ်ခဲလမ်းလေးပေါ် တက်ကာ ခရီးဆက်ကြသည်။ Tin woodman ကဒေါ်ရသီ့ ခြင်းတောင်းထဲတွင် သူ့ချောဆီဘူးကိုပါ တစ်ပါထဲထည့်ယူခဲ့ပေးပါရန် မေတ္တာရပ်ခံလေသည်။ သူက ပြောသည်က

“အကယ်၍ ကျွန်ုပ် နောက်ထပ် မိုးရေစိုပြီး မိုးမိရင် ထပ်ပြီးသံချေးတက်လိမ့်မယ် အဲ့ဒီ့အခါ ကျရင် ဒီချောဆီက မရှိမဖြစ်ပဲ လိုအပ်လာမှာမို့ပါ။”

သူတို့အတွက်နောက်ထပ် ခရီးသွားဖော်ရဲဘော်ရဲဘက် အသစ်တစ်ဦးထပ်ရတာ အတော်ကံကောင်း တာပဲဖြစ်သည်။ အဲ့နောက်တွင်တော့ သူတို့ခရီးဆက်ကြရင်း တွေ့ကြုံလိုက်ရသည်က သစ်ပင်တွေနဲ့ အကိုင်းအခက်များလွန်စွာထူထပ်နေတဲ့အတွက်မဖြတ်သန်းသွားနိုင်တော့ဘူး။ ဒါပေမဲ့ TinWoodman ကသူ့ရဲ့ပုဆိန်ကိုထုတ်ပြီး ထိုသစ်ကိုင်းများကိုခုတ်ချပစ်လိုက်ကာ တစ်ဖွဲ့လုံးသွားနိုင်ဖို့ လမ်းရှင်းပေး လိုက်လေသည်။ ဒေါ်ရသီက အတူတူသွားနေရင်း အတွေးထဲနစ်မြှုပ်သွားပြီး ဘေးပတ်ဝန်းကျင်ကို သတိမပြုလိုက်ပေ။ အဲ့ဒါကြောင့် စာခြောက်ရုပ်ကချိုင့်အပေါက်တစ်ခုထဲသို့ ပြုတ်ကျသွားပြီး လမ်း တစ်ဖက်ကို လိမ့်သွားတာကို သတိမပြုမိတော့ပဲ ဖြစ်သွားသည်။ သူ့ကို ထူပေးဖို့ သူမကို နောက်တစ်ခါ လှမ်းအော်ခေါ်လိုက်ရသည်။ 

“သင်ဘာလို့ ချိုင့်ကို ပတ်ပြီးမလျှောက်သွားတာလဲ” 

ဟု Tin Woodman ကမေးလိုက်သည်။ သူက ရွှင်လန်းတက်ကြွစွာဖြင့်

“ငါမှ မသိတာကို… ငါ့ခေါင်းထဲမှာက ကောက်ရိုးတွေကအပြည့်ပဲလေ။ သင်သိပါတယ် အာ့ကြောင့် အော့ဇ် ဆီကနေ ဦးနှောက်ထည့်ပေးဖို့ သွားတာင်းမလို့လေ” 

ဟု ပြန်ဖြေလေသည်။

“အင်း…ငါနားလည်ပြီ။ ဒါပေမဲ့လည်း… နောက်ဆုံးတော့ ဦးနှောက်ရှိတာက ကမ္ဘာပေါ်မှာ အကောင်း ဆုံးကိစ္စ မဟုတ်ပါဘူးလေ” 

ဟု Tin woodman က ပြန်ပြောသည်။ စာခြောက်ရုပ်က စူးစမ်းလိုစိတ်ဖြင့်

“မင်းမှာရော ရှိလား” ဟုမေးလိုက်သည်။

“ဟင့်အင်း… ငါ့ခေါင်းထဲမှာလည်း ဘာမှမရှိဘူး။ ဒါပေမဲ့တစ်ခါကတော့ ငါ့ဆီမှာ နှလုံးသားရော ဦးနှောက်ရော ရှိခဲ့ဖူးတယ်။ အဲ့ဟာတွေကို ငါစိတ်ကုန်နေပြီ။ နှစ်ခုလုံးရှိတာထက်စာရင် ငါကတော့ နှလုံးသားရှိတာကိုပဲ ပိုသဘောကျတယ်” 

ဟု သူက စာခြောက်ရုပ်ကိုပြောြပသည်။

“ပြီးတာ့ရော… ဘာကြောင့်အဲ့လို ပြောတာလဲ” 

ဟု စာခြောက်ရုပ်က မေးလိုက်သည်။

“ငါ မင်းကို ပုံပြင်တစ်ပုဒ်ပြောပြမယ်… မင်းအဲ့ဟာ နားထောင်ပြီးရင် သိသွားမှာပါ”

အဲ့လိုနဲ့ သူတို့ တောအုပ်ကိုဖြတ်၍ ခရီးဆက်ကြရင်း Tin woodman က အဆိုပါပုံပြင်ကိုပြောပြလေ သည်။

“ငါက ဒီတောအုပ်ထဲမှာနေတဲ့ သစ်ခုတ်သမားရဲ့သားလေ။ အဲ့လိုနဲ့ ငါကြီးပြင်းလာတော့ ငါလည်း သစ်ခုတ်သမားဖြစ်လာခဲ့တယ်။ နောက်တော့ အဖေဆုံးသွားပြီး အမေအိုကြီးကို သူမ ဆုံးပါးသွားခဲ့တဲ့ အထိ ငါ ပြုစုလုပ်ကျွေးခဲ့တယ်။ အဲ့လိုနဲ့နောက်ပိုင်း ငါ တစ်ယောက်တည်း အထီးမကျန်ချင်တော့တာနဲ့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့လိုနဲ့ငါ့နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီးချစ်ရတဲ့ သူရှိလာခဲ့တယ်။ သူမက လူပုမျိုးနွယ်ထဲက သိပ်လှတဲမိန်းကလေးတစ်ဦးဖြစ်တယ်။ ငါ အရင်ကထက် အလုပ်ပိုလုပ်ပြီး ပိုက်ဆံကြိုးစားရှာခဲ့တယ်။ ဘာလို့လဲဆိုတော့ သူမက ငါတို့ အတူနေထိုင်ဖို့ အိမ်အသစ်တလုံးဆောက် ပြီးတာနဲ့ ငါနဲ့လက်ထပ်ပါ့မယ်ဆိုပြီး ကတိပေးခဲ့တယ်လေ။ ဒါပေမဲ့ မိန်းကလေးက အသက်ကြီးကြီး မိန်းမကြီးနဲ့အတူတူနေရပြီး အိမ်အလုပ်တွေအကုန်လုပ်ပေးရတယ်။ ဘာကြောင့်လဲဆိုတော့သူမက ပျင်းရိတဲ့အတွက်သူမနဲ့အတူနေစေချင်ပြီး ချက်ပြုတ်တာနဲ့အိမ်အလုပ်တွေလုပ်စေချင်တယ်။ အဲ့ဒီ့ တော့ သူက မိန်းကလေးကို အိမ်ထောင်မပြုစေချင်ခဲ့ဘူး။ အဲ့ဒါကြောင့် အဲ့မိန်းမကြီးက အရှေ့ပိုင်းရဲ့ စုန်းမကိုသွားရှာပြီး တကယ်လို့ အဲ့စုန်းမကသာ ငါတို့လက်ထပ်မှာကိုတားဆီးပေးနိုင်ရင် သူမရဲ့ သိုး၂ကောင်နဲ့ နွားတစ်ကောင်ကိုပေးပါ့မယ်လို့ သဘောတူညီမှုခဲ့ပြီး အပေးအယူလုပ်ခဲ့တယ်။ အဲ့ဒါ တွေကြောင့် ဒီကောက်ကျစ်တဲ့စုန်းမက ငါ့ပုဆိန်ကို ကျိန်စာတိုက်ခဲ့တယ်။ အဲ့လိုနဲ့ ငါ အိမ်အသစ်လုံး ရပြီးလက်ထပ်နိုင်ဖို့ အလုပ်တွေကြိုးစားနေတဲ့အချိန်၊ တစ်နေ့မှာတော့ သစ်ခုတ်နေတုန်း ပုဆိန်က လက်ထဲက ချော်ထွက်သွားပြီး ငါ့ ဘယ်ဘက်ခြေထောက်ကို ခုတ်ဖြတ်မိသွားခဲ့တယ်။အဲ့ဟာကြောင့် ငါ စစချင်းအတော်ကိုအဆင်မပြေဖြစ်သွားတယ်။ သစ်ခုတ်သမားတစ်ယောက်က ခြေထောက်တစ်ဖက် နဲ့ဘယ်လိုလုပ် သစ်ခုတ်လို့အဆင်ပြေမလဲ။ အဲ့တော့ ငါ သံဖြူဆရာဆီ သွားပြီး ငါ့အတွက် ခြေထောက် အတုအသစ်တစ်ချောင်းကို သံဖြူနဲ့လုပ်ခိုင်းရတယ်။ အဲ့ခြေထောက်ကတပ်ထားတာ ကျင့်သားရသွား တာနဲ့သွားရလာရတာအတော်အဆင်ပြေသွားရော။ ဒါပေမဲ့အဲ့လိုငါလုပ်လိုက်တာက စုန်းမကို အတော် ဒေါသထွက်သွားစေခဲ့တယ်။ သူမနဲ့ဟိုမိန်းမကြီးရဲ့ သဘောတူညီမှုဖြစ်တဲ့ ငါနဲ့ မိန်းကလေးလက်မထပ် ရအောင်ကြံစည်ကြိုးစားတဲ့ဟာက မအောင်မြင်ဘူးဖြစ်သွားလို့လေ။ အဲ့လိုနဲ့နောက်တစ်ကြိမ် ငါ သစ်ခုတ်သွားတဲ့အခါမှာ ထပ်ပြီး အဲ့ကျိန်စာတိုက်ခံထားရတဲ့ပုဆိန်က ငါ့ညာဘက်ခြေထောက်ကို ချော် ပြီး ထပ်ခုတ်လိုက်တယ်။ အဲ့ဒါနဲ့ ငါလည်း သံဖြူဆရာဆီသွားပြီး နောက်ထပ် ညာဘက်တစ်ချောင်းကို သံဖြူနဲ့လုပ်ခိုင်းလိုက်ရတယ်။နောက်တစ်ခါကျတော့အဲ့ပုဆိန်ကပဲ ငါ့ရဲ့ လက်မောင်းတစ်ဖက်ကို ချော် ပြီး ခုတ်ပစ်လိုက်ပြန်ရော။ အဲ့လိုနဲ့နောက်တစ်ဖက်ရောပဲအဖြတ်ခံလိုက်ရတယ်။ ဒါပေမဲ့လည်း ဘာမှ မဖြစ်သလိုမျိုး ငါက အဲ့နေရာတွေကို သံနဲ့လုပ်ထားတဲ့ လက်မောင်းတွေအစားထိုးတပ်လိုက်တယ်။ နောက်တစ်ခါလည်းကျရော အဲ့စုန်းမက ပုဆိန်ကို ငါ့ခေါင်းကို ဖြတ်ခိုင်းလိုက်တယ်။ စစချင်းတော့ ငါထင်လိုက်တာ ငါတော့ ဒီတစ်ခါ တကယ် အဆုံးသတ်သွားပြီပေါ့... ဒါပေမဲ့ သံဖြူဆရာရောက်လာပြီး ငါ့ကို သံခေါင်းတစ်ခုလုပ်ပြီးခေါင်းအသစ်တစ်ခုလုပ်ပေးခဲ့တယ်လေ။”

“အဲ့အချိန်မှာ ငါ့တွေးလိုက်တာကငါတော့ဒီတစ်ခါစုန်းမကို အနိုင်တိုက်နိုင်ပြီဆိုပြီးအလုပ်ကို ပိုကြိုးစား ခဲ့တယ်။ ဒါပေမဲ့ ငါမသိခဲ့တာက ငါ့ရန်သူက ဘယ်လောက်တောင် ရက်စက်တတ်လဲဆိုတာကိုပေါ့။ ငါ့ရဲ့ ကောင်မလေးအပေါ် ထားတဲ့အချစ်တွေသေဆုံးသွားအောင် လုပ်ဖို့တွေးလိုက်ပြီး အဲ့ စုန်းမက ငါ့ ပုဆိန်ကိုချော်ပြီး ငါ့ ခန္တာကိုယ်ကို ၂ ခြမ်းဖြစ်အောင်ဖြတ်လိုက်တယ်။ နောက်ထပ်တစ်ကြိမ် သံဖြူ ဆရာက ရောက်လာပြီး ငါ့ကို ကူညီခဲ့တယ်။ သူက ငါ့ ခန္တာကိုယ်ကိုပါသံနဲ့လုပ်လိုက်ပြီး လက်မောင်း တွေနဲ့ခြေထောက်တွေ၊ ပြီးတာ့ ခေါင်းကိုပါတစ်ခါထဲ တွဲဆက်ပေးလိုက်တယ်။ အဲ့လိုနဲ့ အဆက်တွေနဲ့ ဆိုတော့ ငါ လှုပ်ရှားရတာပိုအဆင်ပြေလာတယ်။ သို့ပေမယ့်……. .အလို…… ငါ့မှာ အခု  နှလုံးသား မရှိတော့ဘူးလေ။ အဲ့ဒီ့တော့ ငါ့ရဲ့ ကောင်မလေးအပေါ် ထားတဲ့အချစ်တွေပျောက်ဆုံးသွားခဲ့သောအခါ ငါ့အတွက်သူမကိုလက်ထပ်ဖို့ဆိုတဲ့ကိစ္စကို ငါ ဂရုမစိုက်တော့ဘူး။ အဲ့ဒါက အရေးမပါတော့သလိုပဲ …။ ငါ ထင်တာတော့ သူမ အခုထိ ဟိုမိန်းမကြီးနဲ့ အတူတူနေထိုင်ပြီး ငါ သူ့ကို လာရှာဖို့ စောင့်နေသေး တယ်လို့။”

“ငါ့ရဲ့ ခန္တာကိုယ်က နေ‌ရောင်ထဲမှာတောက်ပနေတဲ့အတွက် ငါ ဂုဏ်ယူမဆုံးဖြစ်နေခဲ့တယ် အဲ့အပြင် ဒီပုဆိန်က ဘယ်လောက်ပဲချော်ထွက်ပြီး ငါ့ကို ခုတ်မိပါစေတော့ ၎င်းကငါ့ကို အခု မဖြတ်နိုင်တော့ ဘူးလေ။  တစ်ခုပဲ စိုးရိမ်စရာရှိတယ် အဲ့ဒါက သံချေးတက်တာပဲ။ အဲ့တော့ ငါ့မှာ အိမ်ထဲမှာ အမြဲ ချောဆီဘူးဆောင်ထားပြီး ကိုယ့်ဘာ့သာကိုယ် ဂရုတစိုက်နဲ့ အဲ့ အဆက်တွေကြားထဲကို လိုအပ်လာတဲ့ အချိန်တိုင်း ချောဆီ ထည့်ထည့်ပေးရတယ်။ အဲ့လိုနဲ့ နေလာရင်း တစ်နေ့မှာတော့ ငါ ချောဆီထည့်ဖို့ မေ့သွားခဲ့ပြီး သံချေးတက်တော့မယ့်အဖြစ်ကို စိုးရိမ်နေတုန်းရှိသေး တောအုပ်ထဲမှာ သစ်ခုတ်နေရင်း မုန်တိုင်းမိသွားခဲ့တယ်။ သင်တို့လာမကယ်ခင်အထိ ငါ အဲ့အတိုင်းပဲရပ်နေခဲ့ရတာ။ အဲ့နေ့ရက်တွေက အတော်ဆိုးဝါးခဲ့တာပါ။ ဒါပေမဲ့လည်း ဒီနှစ်တွေထဲတွေ့ကြုံခဲ့ရတဲ့အရာတွေထဲမှာငါ့နှလုံးသားကိုဆုံးရှုံး ခဲ့ရတာကတော့ အဆိုးဝါးဆုံးကိစ္စပဲ။ ငါ စိတ်ထဲမှာ ချစ်ခြင်းတရားတွေပြည့်နှက်နေခဲ့တုန်းကဆို ငါ ဟာကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံး လူသားတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့နှလုံးသားမရှိတော့သူ တစ်ယောက်ကဘယ်လိုလုပ်ချစ်နိုင်တော့မှာလဲ။ အဲ့တော့ အော့ဇ့် ကိုငါ့အတွက် နှလုံးသားတစ်ခု လောက်ပေးနိုင်မလားမေးကြည့်ချင်တယ်။ တကယ်လို့ သူသာပေးခဲ့ရင် ငါ့ ချစ်သူကောင်မလေးဆီ ပြန်သွားနိုင်ပြီး သူမကို လက်ထပ်ယူနိုင်ပြီလေ။”

ဒေါ်ရသီနှင့်စာခြောက်ရုပ် တို့နှစ်ဦးစလုံးသည် Tin Woodman ၏ဇာတ်လမ်းကိုအလွန်စိတ်ဝင်စား နေကြပြီးသူသည်နှလုံးအသစ်တစ်ခုရရန် အဘယ်ကြောင့်အလွန်စိတ်အားထက်သန်ပြီး စိုးရိမ်ပူပန်နေ သည်ကိုယခုသူတို့သိရှိခဲ့သည်။

"ငါလည်း အတူတူပါပဲ" 

ဟု ပြောကာ စာခြောက်ရုပ်က ဆက်ပြောသည် 

“ဒါပေမဲ့ ငါကတော့နှလုံးတစ်ခုအစား ဦးနှောက်ကိုပဲတောင်းမိမှာပဲ။ဦးနှောက်မရှိတဲ့ အရူးတစ်ယောက် က နှလုံးသားတစ်ခုရှိနေတော့ရော အဲ့ဟာနဲ့ ဘာလုပ်ရမလဲတောင်သိနိုင်မှာမှ မဟုတ်တာလေ။”

Tin woodman ကပြန်ပြောသည်

“ငါကတော့ နှလုံးသားကိုပဲယူမှာ။ ဦးနှောက်ရှိတာက လူတစ်ယောက်ကို ပျော်ရွှင်အောင် မလုပ်ပေးနိုင် ဘူး။ ကမ္ဘာပေါ်မှာ အကောင်းဆုံးအရာက စိတ်ချမ်းမြေ့ပျော်ရွှင်ရတာပဲလေ။”

ဒေါ်ရသီ ကတော့ဘာမှဝင်မပြောပေ။ သူမလည်းတွေဝေဒွိဟဖြစ်နေလေသည်။ သူမ၏ သူငယ်ချင်း နှစ်ယောက်တွင် မည်သူကမှန်ပြီး မည်သူကမှားသည်ဆိုတာ မဝေခွဲနိုင်တော့ပေ။သူမ ကန်ဆတ်စ်ကို ပြန်ရောက်မှပဲ အဒေါ်အမ် ကိုမေးကြည့်ပါတော့မယ်လေ။ အခုအချိန်မှာတော့ စာခြောက်ရုပ်မှာ နှလုံးသား ရှိရှိ၊ မရှိရှိ Tin woodman မှာလည်း ဦးနှောက် ရှိရှိ၊မရှိရှိ ဘာမှမဖြစ်လောက်ပါဘူးလေ … နောက်တော့ သူတို့လိုချင်တာရသွားဖို့ပဲလေ။

သူမကို အခုချိန် စိတ်ပူပန်စေတဲ့အရာကတော့ ပေါင်မုန့်က မရှိသလောက်နည်းနေပြီဆိုတာပဲ။ တိုတိုနဲ့ သူမအတွက် ခြင်းတာင်းထဲမှာစားစရာ ဘာမှမရှိတော့ပေ။ သေချာတာ တစ်ခုကတော့ စာခြောက်ရုပ် ကော၊ Tin woodman ရောက သံတွေ ၊ ကောက်ရိုးတွေနဲ့ လုပ်ထားလို့ စားဖို့မလိုပေမဲ့၊ သူမကတော့ အဲ့ဟာတွေနဲ့ လုပ်ထားတာ မဟုတ်လို့ အစာမစားရရင် သူမဘယ်လို အသက်ဆက်နိုင်ပါ့မလဲ။


*** နောက်ပိုင်း covid ကကူးတာအရမ်းမြန်တော့ reader လေးတွေ ကိုယ်ကိုပိုပီးတော့ ဂရုစိုက်ကြပါနော်။ Mask တွေအမြဲတပ်ပါ ၊ လက်ကိုလဲ ခနခနဆေးကြပါနော်။ 😘😘😘 ***


rate now: