book

Index 3

3. စာခြောက်ရုပ်နှင့်တွေ့ဆုံခြင်း

  • Author : Mei Mei
  • Genres : Adventure, Action
  • Original Author : L. Frank Baum

အခန်း (၃) စာခြောက်ရုပ်ကို ဒေါ်ရသီလေးက ဘယ်လိုကယ်တင်မလဲ ?

Translator by Mei 


သူမတစ်ယောက်ထဲကျန်ခဲ့တဲ့အခါမှာတော့ဆာလောင်မှုကိုစတင်ခံစားလာရတော့သည်။ သူမကြောင်အိမ်တံခါးကိုဖွင့်ကြည့်လိုက်ပြီး ပေါင်မုန့်တချို့ကိုယူကာထောပတ်သုတ်လိုက်ပြီး တိုတို ကို ပေါင်မုန့်ထောပတ်သုတ်တချို့ပေးလိုက်တယ်။ ပြီးတဲ့နောက်မှာတော့ စင်ပေါ်ကနေလက်ဆွဲပုံး ယူပြီး သူမသည်ချောင်းထဲမှ ကြည်လင်သောတောက်ပနေသောရေကို ပုံးထဲသို့အပြည့်ဖြည့်လိုက် လေသည်။ ထို့နောက် တိုတို သည်အိမ်ဘေးနားရှိသစ်ပင်ဆီသို့ပြေးသွားကာ သစ်ကိုင်းပေါ်တွင်နား နေသော ငှက်ကလေးကိုစတင်ဟောင်နေလေသည်။ ဒေါ်ရသီက တိုတို ကိုပြန်ခေါ်ဖို့သွားခဲ့ သော် လည်းထိုအပင်အောက်သို့ ရောက်သောအခါ အကိုင်းများပေါ်တွင်ပြွတ်သိပ်ပြီး မှည့်ဝင်းကာတွဲ လောင်းကျနေသောသစ်သီးများကိုတွေ့လိုက်ရလေသည်။ ဒေါ်ရသီသည် သစ်သီးအချို့ကိုခူးဆွတ် ကာ မနက်စာအဖြစ်စားလိုက်လေသည်။ ပြီးတဲ့နောက် သူမအိမ်ထဲပြန်ဝင်သွားပြီး တိုတို နှင့် သူမ အတွက်ပုံးထဲမှ ကြည်လင်အေးမြနေသော ရေကိုခပ်သောက်လိုက်ပြီးနောက်တွင်တော့ မြစိမ်းရောင် မြို့တော်ဆီသို့ ခရီးထွက်ရန် ပြင်ဆင်နေတော့သည်။ 

ဒေါ်ရသီထံတွင် လျှော်ဖွတ်ပြီးသား သန့်ရှင်းနေသောအဝတ်ဟူ၍ အိပ်ရာဘေးတွင် ချိတ်ထားသော ဂါဝန်လေးတစ်ထည်သာလောလောဆယ်ရှိလေသည်။ ၎င်းကအပြာနှင့် အဖြူကိုစပ်ပြီးချုပ်ထားသော ချည်သားဂါဝန်လေးဖြစ်ပြီး ကြိမ်ဖန်များစွာလျှော်ဖွတ်ထားခြင်းကြောင့် အပြာရောင်က မှိန်ဖျော့နေ သော်လည်း ဂါဝန်လေးကတော့လှနေတုန်းပဲဖြစ်သည်။


 


သူမကိုယ်သူမ သေချာသန့်စင်လိုက်ပြီး ထိုလျှော်ဖွတ်ပြီးသားသန့်ရှင်းနေသော ဂါဝန်လေးကိုဝတ်ကာ ဦးထုပ်တောင်းကာ မေးသိုင်းကြိုးကို သေချာချည်လိုက်သည်။ ထို့နောက် ခြင်းတောင်းလေးတစ်ခုကို ယူကာ ကြောင်အိမ်ထဲမှ လက်ကျန် ပေါင်မုန့်ကိုထည့်၍ အပေါ်မှ အဝတ်စအဖြူလေးတစ်စဖြင့် အုပ်လိုက်လေသည်။ အဲ့ဒါတွေပြီးနောက် သူမခြေထောက်ကိုငုံ့ကြည့်လိုက်သောအခါ သူမရဲ့ဖိနပ် တွေဟာ ဘယ်လိုတောင်ဟောင်းနွမ်းနေပြီး စုတ်ပြဲနေတယ်ဆိုတာ တွေ့လိုက်ရတယ်။

“ဒီလိုခရီးအရှည်ကြီးအတွက် ဒီဖိနပ်တွေက အလုပ်မဖြစ်လောက်ဘူးနော် တိုတို ရေ”

ဟု သူမပြောလိုက်သည်။ အဲ့လိုပြောတာကြားတဲ့အခါ တိုတိုလေးက သူ၏ အမြီးလေးကိုရမ်းကာ မည်းနက်နေသော မျက်လုံးသေးသေးလေးများဖြင့်မော့ကြည့်ပြီး ဒေါ်ရသီ ဘာပြောလိုက်သည်ကို နားလည်သည့်အမူအယာလုပ်ပြနေလေတော့သည်။ အဲ့အချိန်မှာပဲ သူမစားပွဲပေါ်မှာတင်ထားတဲ့ အရှေ့ပိုင်းစုန်းမရဲ့ငွေမှင်ရောင်ဖိနပ်တစ်ရံကို တွေ့လိုက် လေသည်။ သူမက တိုတို ကို 

“အဲ့ဖိနပ်တွေ ငါနဲ့တော်မလား သိချင်လိုက်တာ” 

ဟု လှမ်းပြောလိုက်လိုက်လေသည်။

“ပြီးတော့ လမ်းတွေအကြာကြီးလျှောက်ရရင်လည်း မပျက်လောက်ပါဘူးထင်တာပဲနော်” 

သူမ၏ နွမ်းစုတ်နေသောသားရေဖိနပ်ကို ချွတ်လိုက်ကာ ထိုငွေမှင်ရောင်ဖိနပ်ကို စွပ်ကြည့်လိုက် သောအခါသူမ၏ခြေထောက်နှင့် တိုင်းချုပ်ထားသကဲ့သို့ ကွက်တိတော်နေသည်ကို တွေ့လိုက်ရ လေသည်။ နောက်ဆုံးမှာတော့ သူမ ခြင်းတောင်းလေးကို ကောက်ယူလိုက်သည်။ သူမက “သွားရအောင် … တိုတိုရေ”

 “ငါတို့တွေပထမဆုံး မြစိမ်းရောင်မြို့တော် ဆီရောက်အောင်သွားကြမယ်၊ ပြီးရင် ကြီးမြတ်တဲ့ မှော်ပညာရှင်ကြီး အော့ဇ့်ကို ရှာပြီး ကန်ဆတ်စ်ကို ဘယ်လိုပြန်ရမလဲဆိုတာမေးကြရအောင်”

ဟု ပြောလိုက်သည်။

သူမ အိမ်တံခါးကိုသော့ခတ်ကာသေချာပိတ်လိုက်ပြီး သော့ကို ဂါဝန်အိတ်ကပ်လေးထဲထည့်သိမ်း လိုက်သည်။ ထို့နောက်တွင် ခွေးလေးတိုတို နှင့်အတူ သူမ၏ခရီးရှည်ကိုစတင်လေတော့သည်။

အဲ့အနားမှာ လမ်းတွေအများကြီးရှိနေပေမဲ့လည်း အဲ့ထဲကမှ အဝါရောင်ကျောက်တုံးလေတွေ စီထား တဲ့လမ်းကို လွယ်ကူစွာ ရှာတွေ့ခဲ့သည်။ အချိန်တိုလေးအတွင်းမှာပဲ ဒေါ်ရသီလေးဟာ ငွေမှင်ရောင် ဖိနပ်လေးနဲ့ ထိုအဝါရောင်အုတ်လမ်းလေးပေါ်တွင်ပျော်ရွှင်စွာဖြင့် မြစိမ်းရောင်မြို့တော်ဆီ ဦးတည် သွားနေတော့သည်။ လမ်းတစ်လျှောက်တွင်နေရောင်ခြည်က တောက်ပစွာဖြာကျနေပြီး ငှက်ကလေး များကချိုမြိန်စွာတေးသီနေကြနေလေသောကြောင့် ကိုယ်နေထိုင်ရာအရပ်ဒေသမှ ရုတ်တရက်အဝေး သို့ပို့ဆောင်ခြင်းခံလိုက်ရသော ဒေါ်ရသီလေး၏စိတ်ခံစားချက်မှာကောင်းမွန်လာပြီး ကိုယ်နှင့်မရင်း နှီးသောသူစိမ်းတို့အလယ်တွင် ရောက်ရှိနေသော်လည်းစိတ်ထဲတွင် သက်တောင့်သက်သာဖြစ်နတော့ သည်။ သူမ လမ်းလျှောက်လာရင်းနဲ့ မြင်တွေ့လာရသောအလွန်ပင်လှပတင့်တယ်သည့် ရှုခင်းတို့ ကြောင့်အံ့ဩမှုတို့ကစိတ်ထဲကိုအလုံးအရင်းဝင်ရောက်လာတော့သည်။ လမ်းဘေးဝဲယာတစ်လျှောက် မှာ အပြာရောင်ဖျော့ဖျော့ သုတ်ထားသော ခြံစည်းရိုးလှလှလေးတွေခတ်ထားတာတွေ့မြင်နိုင်ပြီး ထိုလှပသောခြံစည်းရိုးများ နောက်ဘက်တွင်တော့ ဟင်းသီးဟင်းရွက် စိုက်ခင်းများ၊ စပါးခင်းများကို တွေ့မြင်နိုင်သည်။ လူပုလေးများသည် စိုက်ပျိုးရေးတွင်ထူးချွန်သော လယ်သမားကောင်းများဖြစ် ကြောင်းကို သူတို့ စိုက်ပျိုးထားသည့် ကြီးမားသော ကောက်နှံများကြည့်ခြင်းအားဖြင့်သိနိုင်ပေသည်။ တစ်ခါတစ်လေ သူမ အိမ်တစ်အိမ်ကိုဖြတ်သွားသောအခါ ထိုအိမ်ထဲမှ လူများက ထွက်လာကြကာ ဦးညွတ်ပြီး လေးစားသောအမှုအရာများ ပြသကြလေသည်။

 


သူတို့အကုန်လုံးသိကြသည်က ဒေါ်ရသီ သည်စုန်းမဆိုးကို သတ်ပစ်ခဲ့ပြီး သူတို့ကိုကျွန်ဘဝက လွတ်မြောက်စေခဲ့သည့်ကျေးဇူးရှိလေသည်။ ထိုလူပုလေးများ၏အိမ်များသည် ထူးဆန်းသည့်နေအိမ် များဖြစ်ပြီး အိမ်များသည်အဝိုင်းပုံစံဆောက်ထားကြပြီး အမိုးခုံးကြီးတစ်ခုကိုသာ အိမ်ခေါင်မိုးအဖြစ် သုံးထားသည်။ သူတို့အားလုံးသည် အိမ်များ ကိုအပြာရောင်ခြယ်သထားသည်ကို ကြည့်ရတာ အရှေ့ပိုင်းရဲ့အနှစ်သက်ဆုံးအရောင်က အပြာရောင် ပဲဖြစ်နိုင်သည်။ ညနေစောင်းလာသောအခါ လမ်းအကြာကြီးလျှောက်လာရသော ဒေါ်ရသီလေး သည် ပင်ပန်းလာပြီး သူမ 

"ဒီညဘယ်မှာ တည်းရပါ့မလဲ?" 

ဟု တွေးတောရင်း သူမမြင်နေကျအိမ်များထက် ပိုကြီးသောအိမ်ဆီသို့ သွားကြည့်လေသည်။ အစိမ်းရောင်မြက်ခင်းပြင်ကြီးပေါ်တွင် မိန်းမတွေ ၊ ယောကျ်ားတွေ အများကြီးကနေကြသည်။ တယောသမား လူပုလေး ငါးယောက်သည် တယောကို အသံကျယ်သည်ထက်ကျယ်အောင် တယော ထိုးနေကြပြီး အခြားသူတွေက ပျော်ရွှင်စွာရယ်မောရင်း သီချင်းဆိုနေကြလေသည်။ အနီးက စားပွဲ အကြီးကြီးပေါ်တွင်တော့ အရသာရှိမည့်ပုံပေါ်သော သစ်သီးများ အစေ့အဆံများ၊ အဆာသွပ်မုန့်များ၊ ကိတ်မုန့်များနှင့် အခြားသော ကောင်းမွန်သည့် စားစရာတွေ အများကြီး ရှိနေလေသည်။ လူတွေက ဒေါ်ရသီလေးကို ကြင်နာစွာ မိတ်ဆက်နေကြပြီး သူမကိုသူတို့နှင့်အတူ ဒီညကို အတူတူကုန်ဆုံးကာ ညလယ်စာ သုံးဆောင်ရန် ဖိတ်ကြားနေကြသည်။ အခု ပါတီကျင်းပနေသော အိမ်က လူပုမျိုးနွယ်စုမှ အချမ်းသာဆုံးအိမ်တစ်အိမ်ဖြစ်ပြီး ယခုထိုအိမ်သားများကပါသူတို့၏ မိတ်ဆွေသူငယ်ချင်းများကို ဖိတ်ခေါ်ပြီးစုရုံးကာ ထိုဆိုးသွမ်းသောစုန်းမ၏ကျွန်အဖြစ်မှ လွတ်မြောက်ခြင်းအထိမ်းအမှတ် ကျင်းပ နေကြခြင်းဖြစ်နေသည်။

ဒေါ်ရသီလေးက အလွန်ကြွယ်ဝသော ညလယ်စာကို စားသောက်ကာ ထို ဘော့ချ် ဟု အမည်ရသော လူပုမျိုးနွယ်၏ သူဌေးကြီးကို တွေ့ရန်စောင့်ဆိုင်းနေလေသည်။ ထို့နောက် ဆက်တီခုံတွင်ထိုင်ကာ လူတွေကနေကြတာကို ထိုင်ကြည့်နေလေတော့သည်။ ဘော့ဂ် က ဒေါ်ရသီလေး၏ ငွေမှင်ရောင်ဖိနပ် များကိုတွေ့သောအခါ သူက

“သင် က အစွမ်းထက်တဲ့မှော်ဆရာမပဲ ဖြစ်ရမယ်” 

ဟုပြောလိုက်လေသည်။

ထိုအခါ သူမက 

“ဘာကြောင့်အဲ့လိုပြောတာလဲ” 

ဟုမေးလိုက်သည်။

“ဘာကြောင့်လဲဆိုတော့ သင် စီးထားတဲ့ အဲ့ငွေမှင်ရောင်ဖိနပ်တွေက သင်သတ်လိုက်တဲ့ အဲ့စုန်းမ ပိုင်ဆိုင်ခဲ့အရာမို့လို့လေ ၊ အဲ့ဒီ့အပြင် သင်က စုန်း၊ ကဝေ၊ မှော်ဆရာ တွေပဲဝတ်တဲ့ အဖြူရောင် အဝတ်အစားကိုဝတ်ထားတယ်လေ။"

ဒေါ်ရသီလေး ကတွန့်ကြေနေတဲ့သူမရဲ့ဂါဝန်လေးကို ပြန့်အောင်လုပ်ရင်း 

“ဒီဂါဝန်က အဖြူနဲ့အပြာစပ်ချုပ်ထားတာပါ၊ သေချာကြည့်ကြည့်ပါ” 

ဟု ပြန်ပြောလေသည်။

ဘောချ့် က 

“ဒီလိုဟာက သင်တို့ မှော်ဆရာတွေ ဝတ်လေ့ရှိတဲ့ဟာမျိုးပါပဲ”

ဟု ပြန်လည်ပြောဆိုသည်။ 

“ပြီးတော့ အပြာရောင်က လူပုမျိုးနွယ်စုတွေရဲ့ ကိုယ်စားပြုအရောင်ဖြစ်ပြီး အဖြူရောင်ကတော့ စုန်းကဝေ မှော်ပညာရှင်တွေရဲ့အရောင်လေ အဲ့ဒီတော့ ကျွန်ုပ်တို့ အကုန်လုံး သင့်ကို မြင်တာနဲ့ တန်းသိတာပေါ့ သင်က အဲ့့ဒီ ခင်မင်ဖို့ကောင်းတဲ့ မှော်ဆရာမလေးဆိုတာကိုပေါ့”

ဒီကလူတွေအကုန်လုံးက သူမကို မှော်ဆရာမလို့ ထင်နေကြတာတွေကို ကြားရတော့ ဒေါ်ရသီလေး ထိုသူကို ဘာပြန်ပြောရမှန်းတောင် မသိတော့ပေ။ ဒါပေမဲ့ သူမသေချာသိတာတစ်ခုကတော့ သူမက ဆိုင်ကလုန်းတိုက်ခတ်ရာမှာ လွင့်ပါလာခဲ့ပြီး ဒီထူးဆန်းတဲ့နေရာကိုကြုံကြိုက်ပြီး ရောက်လာတဲ့ သာမန်မိန်းကလေးတစ်ယောက်ဆိုတာပါပဲ။

သူမ ထိုသူတွေကနေကြတာကို ကြည့်ရင်း ပင်ပန်းနေတဲ့ပုံပေါက်လာတာကြောင့် ဘော့ချ်က သူမကို အိမ်ထဲကိုဦးဆောင်ခေါ်သွားပြီး အိပ်ရာလှလှလေးပြင်ထားတဲ့ အခန်းလေးတစ်ခန်းမှာ အနားယူ အိပ်စက်ရန် စီစဉ်ပေးလေသည်။ အိပ်ရာခင်းအပြာရောင်လေး ခင်းထားတဲ့ အိပ်ရာလေးပေါ်မှာ ဒေါ်ရသီလေး မနက်အထိတစ်ချိုးတည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားတော့သည်။ တိုတိုလေး ကလည်းသူမအိပ်ရာဘေးရှိ အပြာရောင်ကော်ဇောလေးပေါ်တွင် ကွေးကွေးလေး အိပ်နေလေသည်။ သူမ နိုးလာတော့ လူပုမျိုးနွယ်ဝင် ကလေးလေးတစ်ဦးနှင့်အတူကစားနေသော တိုတို တို့ကိုကြည့် ရင်းအလွန်အရသာကောင်းမွန်သောနံနက်စာကို စားသောက်နေလေသည်။ ထိုကလေးလေးက ပျော်ရွှင်စွာ ရယ်မောနေရင်း တိုတို ၏အမြီးကို လိုက်ဖမ်းတမ်းဆော့နေသည်က ကြည့်နေသော ဒေါ်ရသီလေး ကိုပါပျော်ရွှင်လာစေသည်။ ဒီကလူတွေအတွက်တော့ တိုတို လိုခွေးမျိုးလေးကို တစ်ခါ မှမတွေ့ဖူးကြသောကြောင့် ခွေးလေးတိုတို ကသူတို့မျက်လုံးထဲတွင် အထူးအဆန်းအကောင်လေး တစ်ကောင်ဖြစ်နေလေသည်။ ဒေါ်ရသီလေး က 

“ဒီကနေ မြစိမ်းရောင်မြို့တော်ကိုရောက်ဖို့ဆို ဘယ်လောက်လိုသေးလဲဟင်”

 ဟုမေးနေလေသည်။

ဘော့ချ် ကလေးနက်သောပုံစံဖြင့် 

“ကျွန်ုပ်တကယ် မသိဘူး” ဟု ပြန်ဖြေလေသည်။ 

“ဘာလို့လဲဆိုတော့ ကျွန်ုပ်အဲ့ဒီ့ကို တစ်ခါမှ မရောက်ဖူးဘူးလေ။ ပြီးတော့ တစ်ခုရှိသေးတာက အဲ့လို အစွမ်းအရမ်းထက်တဲ့ မှော်ပညာရှင်တွေနဲ့ဝေးဝေးနေလေ ပိုကောင်းလေပဲလေ။ သူတို့နဲ့ဆက်ဆံစရာ ကိစ္စမရှိသရွေ့ အဆက်အဆံမလုပ်တာကပိုကောင်းတယ်လေ။ ဒါပေမဲ့ ကျွန်ုပ်ပြောနိုင်တာတစ်ခုက ဒီကနေ မြစိမ်းရောင်မြို့တော်ကိုရောက်ဖို့ဆိုအဝေးကြီးလိုသေးတယ် ရက်တော်တော်ကြာကြာသွား ရအုန်းမှာ။ ဒီနေရာက သာယာပြီး အစားအသောက်ကောင်းမွန်တဲ့နေရာတစ်ခုဖြစ်ပေမဲ့ ရှေ့မှာ သင် အန္တရာယ်များပြီး ကြမ်းတမ်းတဲ့ ဒေသတွေကို ဖြတ်သွားရအုန်းမယ်၊ ပြီးတော့မှ သင်သွားချင်တဲ့ခရီး ရဲ့အဆုံးကိုရောက်မှာ”

အဲ့လိုပြောတာကြားသိရသောအခါ ဒေါ်ရသီလေး စိတ်ထဲတွင်ပူပန်လာမိလေသည်။ ဒါပေမဲ့ သူမ သေချာတာတစ်ခုကတော့ သူမ ကန်ဆတ်စ် ကိုပြန်သွားဖို့အတွက်ဆိုရင် ကြီးမြတ်တဲ့ မှော်ပညာရှင် ကြီး အော့ဇ့် ကပဲသူမကို ကူညီပေးနိုင်မယ်ဆိုတာကိုပင်။ အဲ့ဒီ့တော့ ဒီခရီးကို သတ္တိရှိရှိ နဲ့ ရှေ့ဆက် သွားဖို့ပဲရှိတော့တယ် နောက်ပြန်လှည့်ဖို့ကတော့ မဖြစ်နိုင်တော့ပေ။ သူမ အဲ့မှာတွေ့ဆုံခဲ့ရသော သူငယ်ချင်း၊ မိတ်ဆွေ များကိုနှုတ်ဆက်ပြီးသောအခါ ထိုအဝါရောင်အုတ်စီလမ်းလေးပေါ် သို့တဖန်  ပြန်တက်၍ သူမ၏ ခရီးရှည်ကြီးကို ဆက်သွားရန် စတင်တော့သည်။ သူမ မိုင်ပေါင်းအတော်များများ သွားပြီးသောအခါတွင် ခဏရပ်နားပြီး အနီးနားရှိခြံစည်းရိုးတစ်ခုပေါ်သို့တက်ထိုင်၍ အနားယူနေ လေသည်။ ထိုခြံစည်းရိုးအလွန်တွင်တော့ ကြီးမားကျယ်ပြန့်သော ပြောင်းဖူးခင်းကြီးတစ်ခုရှိသည်။ ငှက်များကရင့်မှည့်နေသော ပြောင်းဖူးများကိုမစားနိုင်စေရန် ကြောက်လန့်စေရန် ရည်ရွယ်၍တိုင် ပေါ်တွင်မြင့်မြင့်ချည်ထားသည့် စာခြောက်ရုပ်ကို သူမတွေ့လိုက်ရသည်။ ဒေါ်ရသီလေး သူမ လက်လေးပေါ်တွင်မေးတင်၍ ထိုစာခြောက်ရုပ်လေးကို အဓိပ္ပာယ်ပြည့်ဝနေသော အကြည့်များဖြင့် ငေးကြည့်နေလသည်။

 



အဲ့စာခြောက်ရုပ်၏ ဦးခေါင်းအဖြစ် ကောက်ရိုးအထုံးသေးတစ်ခု ဖြင့်ပြုလုပ် ထားပြီး ထိုကောက်ရိုးအထုံးပေါ်တွင် လူမျက်နှာကဲ့သို့ဖြစ်စေရန် မျက်လုံး၊ နှာခေါင်း၊ နှင့်ပါးစပ် ပုံစံတို့ကိုဆေးခြယ်ထားလေသည်။ လူပုလေးတစ်ယောက်ဝတ်ထားသုံးထားပြီးသား ဟုထင်ရသော ဟောင်းနွမ်းနေသော အပြာရောင်ဦးထုပ်တစ်လုံးကိုခေါင်းပေါ်တွင် ဆောင်းပေးထားလေသည်၊။ ကောက်ရိုးများထိုးထည့်ကာ ပြုလုပ်ထားသောခန္တာကိုယ်ပေါ်တွင်တော့ အပြာရောင်အဝတ်ဟောင်း များဝတ်ဆင်ပေးထားလေသည်။ ကောက်ရိုးဖြင့်ပင်လုပ်ထားသော ခြေထောက်များနေရာတွင် ဤ ဒေသမှယောကျ်ားများစီးလေ့ရှိသော ဘွတ်ဖိနပ်အဟောင်းတစ်ရံကို စီးပေးထားသည်။ ထိုကဲ့သို့ ဝတ် စားပြင်ဆင်ပေးထားသည့် စာခြောက်ရုပ်၏ကျောကို ပြောင်းဖူးပင်အရိုးမြင့်မြင့်တစ်ခု တွင်မတ်မတ် ချည်ပြီးထောင်ထားသည်။ ထိုစာခြောက်ရုပ်၏ ဆေးခြယ်ထားသော မျက်နှာကို ဒေါ်ရသီလေးက စိတ်အားထက်သန်စွာဖြင့် စူးစိုက်ကြည့်နေစဉ် သူမကို ထိုစာခြောက်ရုပ်က မျက်လုံးတစ်ဖက်မှိတ်ပြ လိုက်သည်ကို ထူးဆန်းစွာမြင်တွေ့လိုက်ရသည်။ စစချင်း သူမထင်လိုက်တာက အမြင်မှားလိုက်တာ ဟု။ အဘယ့်ကြောင့်ဆိုသော် ကန်ဆတ်စ်က လယ်ကွင်းမှာထားတဲ့စာခြောက်ရုပ် တွေက မျက်လုံး မမှိတ်ပြတတ်ဘူးလေ။ ဒါပေမဲ့ အဲ့လိုတွေးနေတြ့အချိန်မှာပဲ ထိုစာခြောက်ရုပ်က သူမကို ရင်းနှီးနေ သည့်အမူအယာဖြင့်ခေါင်းပါညိတ်ပြလိုက်လေတော့သည်။ ထို့အခါ သူမထိုခြံစည်းရိုးကိုကျော်တက် ကာစာခြောက်ရုပ်ဆီသို့ လျှောက်သွားလေသည်။ တိုတို ကလည်း ဘေးကကပ်လိုက်လာကာ ထို စာခြောက်ရုပ်ကိုချည်ထားသောတိုင်ကို ပတ်ပတ်လည်လှည့်ကာဟောင်နေလေသည်။ စာခြောက်ရုပ် က အနည်းငယ် အက်ကွဲနေသော အသံဖြင့် 

“ကောင်းသောနေ့ပါ” 

ဟု ပြေလိုက်သည်။ ဒေါ်ရသီလေးက 

“နင်က စကားပြောနိုင်တာလား” 

ဟု တအံ့တဩမေးလိုက်လေသည်။

“အသေအချာပဲ”

ဟု ထိုစာခြောက်ရုပ်ကပြန်ပြောလေသည်။ ထို့နောက် ဒေါ်ရသီကို 

“သင်အစစအရာရာအဆင်ပြေရဲ့လား” 

ဟုမေးလိုက်သည်။

ဒေါ်ရသီလေး က 

“ငါ့အခြေအနေမဆိုးပါဘူး ကောင်းပါတယ်၊ ကျေးဇူးတင်ပါတယ်” 

ဟု ယဉ်ကျေးစွာ ပြန်ဖြေလေသည်။ 

“နင်ကရော ဘယ်လိုနေလဲဟင်…  အဆင်ပြေလား”

“ငါကတော့သိပ်နေလို့ထိုင်လို့မကောင်းဘူး ဒီကျီးကန်းတွေကို နေ့ရောညရောခြောက်လန့်ပြီးမောင်း ထုတ်နေရတာ အရမ်းငြီးငွေ့ဖို့ကောင်းတာပဲ”

 ဟု ထိုစာခြောက်ရုပ်က အပြုံးလေးဖြင့် ပြန်ဖြေလေသည်။ 

“နင်ဆင်းလာလို့ မရဘူးလား” 

ဟု ဒေါ်ရသီလေးကမေးသည်။

“မရဘူး…  ဒီတိုင်က ငါ့ကျောနဲ့ကပ်ချည်ထားတာ၊ တကယ်လို့ နင်သာ ဒီတိုင်နဲ့ ကပ်ချည်ထားတာ ကို ဖြုတ်ပေးမယ်ဆိုရင် ငါအရမ်းကျေးဇူးတင်မိမှာပါ ဟာ” 

ဟု ပြန်ဖြေလေသည်။ ထိုအခါ ဒေါ်ရသီလေး က သူမ၏လက်မောင်းနှစ်ဖက်ကို အပေါ်မြှောက်ကာ စာခြောက်ရုပ်ကို တွဲချည်ထားသော တိုင်မှဖြုတ်ပေးလိုက်လေသည်။ ကောက်ရိုးများဖြင့် အစာသွပ်၍ လုပ်ထားလေသောကြောင့်အတော်ပေါ့လေသည်။

“ကျေးဇူးအများကြီးတင်ပါတယ်” 

ဟု စာခြောက်ရုပ်က ပြောသည။ ထို့နောက် ဆက်၍ မြေကြီးပေါ်၌ရပ်ရင်း 

“ အခု ငါ့ကိုယ်ငါ စိတ်သစ်လူသစ် ဖြစ်သွားသလို ခံစားရတယ်”  ပြောလေသည်။

ထိုကဲ့သို့ ကောက်ရိုးဖြင့် သွတ်ထားသော အရုပ်တစ်ရုပ်က သူမဘေးမှကပ်လျှောက်နေပြီး စကား ပြောနေသည်ကို လက်တွေ့ကြုံနေရသောအခါ ခေါင်းထဲတွင် ပဟေဠိများအပြည့်ဖြစ်နေတောသည်။ “နင်က ဘယ်သူလဲ ဘယ်ကိုသွားမလို့လဲ ”

ဟု ထိုစာခြောက်ရုပ်က ကိုယ်ကိုဆန့်ထုတ်ကာ အညောင်းဖြေ ကာ သမ်းဝေရင်း မေးလေသည်။ 

“ငါ့နာမည်က ဒေါ်ရသီလို့ ခေါ်တယ်။ အခု ငါ့အိမ်ကိုပြန်ရောက်ဖို့အတွက် ဒီနေရာကနေ ကန်ဆတ်စ် ပြန်ပို့ပေးဖို့အတွက် မြစိမ်းရောင်မြို့တော်က ကြီးမြတ်တဲ့ အော့ဇ့်ကို သွားရှာမလို့။” 

ဟုပြောလေသည်။

“အော့ဇ်ဆိုတာကရောဘယ်သူလဲ… မြစိမ်းရောင်မြို့တော်ကရောဘယ်နားမှာလဲ”

ဟု သူက စူးစမ်းနေလေတော့သည်။ ဒေါ်ရသီလေး အံ့ဩတကြီး ဖြစ်သွားပြီး 

“နင်တကယ် မသိဘူးလား” ဟု ပြန်မေးလိုက်လေသည်။

“အင်းလေ… တကယ်မသိပါဘူးဆို… နင်ကလည်း ငါ့ခေါင်းတစ်ခုလုံးက ကောက်ရိုးတွေချည်းပဲလေ အဲ့ဒါတွေနဲ့ လုပ်ထားမှတော့ ငါ့မှာ ဦးနှောက်ဘယ်လိုလုပ်ပါမလဲ” 

ဟု ဝမ်းနည်းစွာ ပြန်ဖြေလေသည်။

“အိုး.. ငါမတွေးလိုက်မိလို့ပါ၊ နင်အတွက်တကယ် စိတ်မကောင်းပါဘူး” 

ဟု ပြောလေသည်။ သူက မေးလိုက်သည်မှာ 

“တကယ်လို့ ငါသာနင်နဲအတူ မြစိမ်းရောင်မြို့တော်ကို လိုက်ခဲ့ပြီး အော့ဇ့် နဲ့တွေ့ရရင် သူကငါ့ကို ဦးနှောက်ရအောင်လုပ်ပေးမယ်လို့ နင်ထင်လား။” 

“ငါကဘယ်လိုလုပ်ပြောနိုင်မှာလဲ… ဒါပေမဲ့ နင်လိုက်ချင်ရင်တော့ ငါနဲ့ အတူတူသွားကြမယ်လေ … အော့ဇ် နဲ့တွေ့လို့ သူကနင့်ကို ဦးနှောက်တွေထည့်မပေးဘူးဆိုရင်တောင် နင်အခုအခြေအနေကနေ လည်း ဆုံးရှုံးမှာဘာမှ မရှိဘူးမလား” 

ဟု သူမက ပြန်ဖြေလိုက်သည်။

“အဲ့ဒါတော့အမှန်ပဲ” 

ဟု သူကပြန်ပြောလေသည်။ ပြီးတော့သူက ယုံကြည်မှုအပြည့်ဖြင့်ဆက်ပြောသည်မှာ 

“ နင်တွေ့တဲ့အတိုင်းပဲ ….. ငါ့ခြေထောက်တွေလက်တွေက ကောက်ရိုးတွေနဲ့ လုပ်ထာတော့ ငါ့ကို နာကျင်အောင်လုပ်လို့မရဘူးလေ၊ တစ်ယောက်ယောက်က ငါ့ခြေချောင်းတွေကို အပ်နဲ့ထိုးရင်တောင် ငါကမခံစားတတ်တော့ နာမှာ မဟုတ်ဘူးလေ ။ ဒါပေမဲ့ လူတွေက ငါ့ကို အရူးလို့ခေါ်တာကိုတော့ မခံစားနိုင်ဘူး၊ ပြီးတော့ တကယ်လို့ ငါကို ခေါင်းထဲမှာ ကောက်ရိုးတွေပဲ အပြည့်မဖြည့်ထားပဲ နင့် ဦးခေါင်းလိုမျိုးသာ ဦးနှောက်ပါရင် ငါကဘယ်လိုလုပ်ပြီး ဘာဆိုဘာမှ မသိတဲ့သူဘယ် ဖြစ်မလဲလေနော်”

ထိုအခါ ဒေါ်ရသီလေး ကတကယ်ကို သူ့အတွက် စိတ်ထဲမကောင်းဖြစ်နေလေပြီး 

“နင်ဘယ်လိုခံစားရမလဲဆိုတာ ငါနားလည်ပါတယ်၊ နင်သာငါနဲ့အတူလိုက်ခဲ့မယ်ဆိုရင် နင့်ကိုကူပြီး ငါအော့ဇ့် ကိုမေးကြည့်မယ်လေ၊ သူနင့်ကို ဘယ်လိုလေးများလုပ်ပေးနိုင်မလဲဆိုတာကိုပေါ့” 

ဟု ပြောလေသည်။ 

“ကျေးဇူးတင်ပါတယ်” 

ဟု စာခြောက်ရုပ်က အမှန်တကယ် ကျေးဇူးတင်ကာ ပြောလိုက်သည်။ ထို့နောက် သူတို့ခရီးကို ဆက်လက်သွားကြရန် ပြင်ဆင်ကြလေသည်။ ဒေါ်ရသီ က စာခြောက်ရုပ်ကို ခြံစည်းရိုးကိုကျော်ရန် ကူညီပေးလေသည်။ ပြီးနောက်တွင်တော့ အဝါရောင်အုတ်စီလမ်းလေးပေါ်သို့တက်ကာ ခရီးဆက်ကြ တော့သည်။ တိုတိုက စစချင်းတော့ ဒီအသစ်တိုးလာတဲ့ ခရီးသွားဖော်ကို သိပ်သဘောမကျပေ။ ဒီ ကောက်ရိုးသွတ်ထားသောအရုပ်ကို လှည့်လည်ကြည့်ကာအနံ့ခံရင်း ဒီကောက်ရိုးတွေထဲ ကြွက်သိုက် တွေပါ ရှိနေမလားဟုတွေးကာ  သံသယမကင်းစွာဖြင့်  မကြာခဏ ထိုးဟောင်နေလေတော့သည်။

သူမ၏ သူငယ်ချင်းအသစ်လေးကို 

“ တိုတို ကိုစိတ်ထဲမထားနဲ့နော် သူက မကိုက်တတ်ပါဘူး” 

ဟု ပြောပြနေလေသည်။ စာခြောက်ရုပ်က ဒေါ်ရသီကို  

“အို…  ငါကမကြောက်တတ်ပါဘူး၊ ဘာပဲပြောပြော သူက ကောက်ရိုးတွေကို ထိခိုက်နာကျင် အောင်လုပ်လို့ရတာမှ မဟုတ်တာ၊ ငါ့ကိုအဲ့ခြင်းတောင်းပေးလေ ငါ သယ်ပေးမယ်၊ ငါ့ကိုအားမနာနဲ့ ငါကမမောပန်းနိုင်ဘူးလေ….”

ဟု ပြောရင်းသူကဆက်ပြောသည်မှာ 

“ ငါ နင့်ကို လျို့ဝှက်ချက်တစ်ခုပြောပြမယ် ၊ ဒီကမ္ဘာမှာ ငါကြောက်တာဆိုလို့ တစ်ခုပဲရှိတယ်။" ထိုအခါ ဒေါ်ရသီ က 

“အဲ့ဒါကဘာလဲ၊ နင့်ကိုဖန်တီးပေးတဲ့ လူပုလေးမျိုးနွယ်က လယ်သမားကြီးလား” 

ဟုမေးလိုက်သည်။

“မဟုတ်ဘူး… ငါမီးခြစ်ဆံကိုကြောက်တာ” 

ဟု စာခြောက်ရုပ်က ပြန်ဖြေလေသည်။


😔 အရမ်းနာက်ကျမှတင်မိလို့ sorry ပါနော် 😘😘


rate now: