book

Index 2

2. လူပုလေးများ နှင့် တွေ့ဆုံခြင်း

  • Author : Mei Mei
  • Genres : Adventure, Action
  • Original Author : L. Frank Baum

သူမ အိပ်ပျော်နေရာမှ ရုတ်တရက် အထိတ်တလန့်ဖြင့် လန့်နိုးလာခဲ့သည် ၊ ထိုနူးညံ့တဲ့အိပ်ရာလေးပေါ်မှာ အိပ်နေတာသာ မဟုတ်ပါက လန့်နိုးတဲ့အရှိန်နဲ့ ပြုတ်ကျကာ ဒဏ်ရာတောင်ရသွားနိုင်ပါတယ်လေ။ သူမကိုလန့်နိုးသွားစေတဲ့ အကြောင်း ရင်းကတော့ ရေခရားတစ်လုံးပြုတ်ကျတဲ့အသံကြောင့်ဆိုတာ သိပြီး နောက် တော်ပါသေးရဲ့ဟု တွေးလိုက်မိလေသည်။ ခွေးလေးတိုတိုကတော့ သူ့ရဲ့ နှာခေါင်းသေးသေးလေးကို သူမမျက်နှာနားကပ်ထားပြီး စိတ်အလိုမကျဟန်ဖြင့် တအီအီ အော်ညည်းပြနေလေသည်။

ဒေါ်ရသီသည် အိပ်ရာပေါ်မှထထိုင်လိုက်ပြီးနောက် ချက်ချင်းပင် သတိပြုမိတာကတော့ အိမ်ကလေးဟာ မရွေ့လျားတော့သလို မှောင်လည်းမမှောင်နေဘဲ နေရောင်ခြည်လေးတောင်ပြတင်းပေါက်မှတဆင့်ဖြာကျ ကာတစ်ခန်းလုံးကိုဖြန့်ကျက်လွှမ်းခြုံထားနေလေသည်။ သူမသည် တိုတို ကိုပိုက်၍ အိပ်ရာပေါ်မှ ဆင်းကာ တံခါးဆီသို့ အပြေးအလွှားသွားကြည့်လိုက်မိသည်။ ထိုရင်သပ်ရှုမောဖွယ်ရာရှုခင်းများကို ငေးမောကြည့်ရှုရင်း သူမ အံ့ဩမှုကြောင့် အကျယ်ကြီးအော်ဟစ်လိုက်မိပြီး မျက်လုံးများပင်တဖြည်းဖြည်းပြူးကျယ်လာမိတော့ လေသည်။ ထိုဆိုင်ကလုန်းက အိမ်ကလေးကို အံ့ချီးဖွယ်ရာအလှတရားများနှင့်ပြည့်နှက်နေသော နေရာတစ်ခု ၏အလည်ဗဟိုမှာ ညင်သာစွာချထားခဲ့လေသည်။ 

လှပသောအစိမ်းရောင်သစ်ပင်များပေါ်တွင် မှည့်ဝင်းသော အသီးများသီးနေကြပြီး    ကြည့်လေရာနေရာတိုင်း သစ်ပင်စိမ်းများက ဝေဝေဆာဆာ ပေါက်ရောက်ရှင်သန်နေကြသည်။ သစ်ပင်များနှင့် ခြုံပုတ်များပေါ်တွင် တောက်ပသော အမွှေးအတောင်ရှိသော ငှက်ကလေးများက တေးသီဆိုနေကြပြီး ရှားပါးသောမျိုးစိတ်ဝင် ငှက်ကလေးများလည်းနားနေကြပြီး ဝင့်ဝင့်ကြွားကြွားပွင့်လန်းကာ လှပနေသော ပန်းကလေးများကလည်း လမ်းဘေးဝဲယာတလျှောက်အပြည့်ပေါက်ရောက်နေကြသည်။ အတန်ငယ်ဝေးသောနေရာတွင် စိမ်းလန်းသော ကမ်းစပ်များအကြားတွင် ချောင်းငယ်လေးတစ်စင်းက တစ်လက်လက်တောက်ပလျက် တိုးညှင်းသောအသံ လေးဖြင့်မြည်တမ်းရင်း စီးဆင်းနေသည်ကိုကြားရသည်မှာ ဤမျှကာလပတ်လုံး မီးခိုးရောင်မြက်ခင်းလွင်ပြင် ဒေသတွင် နေထိုင်ခဲ့သောမိန်းကလေးတစ်ဦးအတွက်တော့ သာယာနာပျော်ဖွယ်ကောင်းလှလေသည်။ သူမ သည်ထူးဆန်းပြီးလှပသောမြင်ကွင်းများကိုစိတ်အားထက်သန်စွာကြည့်နေစဉ်သူမမြင်တွေ့ခဲ့ဖူးသမျှတွင်စိတ်၀င်စားစရာအကောင်းဆုံးလူစုတစ်စုကသူမဆီသို့လာနေသည်ကိုသတိပြုမိသည်။

သူတို့ဟာသူမအမြဲတမ်းကြားဖူးနားဝရှိနေတဲ့ ပုံပြင်တွေထဲက လူကြီးတွေလောက်လည်း အရွယ်အစားက မကြီးတဲ့အပြင် အရမ်းလည်းသေးမနေဘူး။ 

သို့သော်လည်း စင်စစ်အားဖြင့်သူတို့သည် ဒေါ်ရသီ ကဲ့သို့ပင်ကလေးတစ်ယောက်၏ ခန္တာကိုယ်အရွယ်အစားရှိ နေသော်လည်း ရုပ်ရည်ကြည့်လိုက်ပါက ဒေါ်ရသီထက် နှစ်ပေါင်းများစွာပင် ပိုအသက်ကြီးပုံပေါ်လေသည်။



ထူးဆန်းသော အဝတ်အစားများ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်နှင့် အမျိုးသားသုံးယောက် လာနေသည်ကို တွေ့ရလေသည်။

သူတို့ကသူတို့ ဦးခေါင်းအထက်တွင် အနည်းငယ်မြင့်သည့် ဦးထုပ်များ ဆောင်းထားကြပြီး ၎င်းဦးထုပ်များ၏ ဘေးပတ်ပတ်လည်တွင်ခေါင်းလောင်းငယ်လေးများ တပ်ဆင်ထားလေသည်။ သူတို့၏ဦးထုပ်များသည် အပြာ ရောင်ဖြစ်ပြီးအမျိုးသမီး၏ဦးထုပ်သည်အဖြူရောင်ဖြစ်ပြီးသူမပခုံးပေါ်မှ အတွန့်အခေါက်လေးများ တွဲလောင်း ကျနေသောအဖြူရောင်ဂါဝန်ကိုဝတ်ဆင်ထားလေသည်။ ထိုဂါဝန်ပေါ်တွင်နေရောင်ခြည်အောက် တလက် လက်တောက်ပနေသောစိန်ပွင့်လေးများသဖွယ်ဖြစ်နေသော ကြယ်ပွင့်သေးသေးလက်လက်လေးများ ကိုစီခြယ်ထားလေသည်။ အမျိုးသားများကလည်း သူတို့ဦးထုပ်နှင့် အရောင်ရော ပုံစံရော ဆင်တူသော အပြာရောင်အဝတ်အစားများဝတ်ဆင်ထားပြီး ကောင်းမွန်စွာသန့်ရှင်းထားသော ဘွတ်ဖိနပ်များနှင့် အပြာရင့် ရောင်ဘောင်းဘီရှည်များကိုဝတ်ဆင်ထားကြလေသည်။ ထိုသူနှစ်ယောက်သည်မုတ်ဆိတ်များ ထားရှိသည်ကို တွေ့သောအခါ ဦးလေးဟင်နရီကဲ့သို့ အသက်ကြီးနေပြီဟုဒေါ်ရသီထင်ခဲ့သည်။

သို့သော်ထိုအမျိုးသမီးသည် ထိုအမျိုးသားများထက် ပို၍အသက်ကြီးမည်မှာသေချာသည်။

သူမ၏မျက်နှာသည်အရေးအကြောင်းများဖုံးလွှမ်းနေပြီး သူမ၏ဆံပင်များမှာအဖြူရောင်ဘက်သို့သမ်းနေပြီး လမ်းလျှောက်ရာတွင် သက်တောင့်သက်သာ မလျှောက်နိုင်ပုံပေါ်နေပြီး ကြည့်ရသည်မှာခက်ခက်ခဲခဲလျှောက် နေရသကဲ့သို့ တောင့်တောင့်ကြီး ဖြစ်နေလေသည်။ ဤသူများသည် ဒေါ်ရသီရပ်နေသောအိမ်လေး၏ တံခါး ပေါက်အနီးသို့ရောက်သောအခါသူတို့ ခဏရပ်တန့်သွားကြပြီးဒေါ်ရသီနားသို့ အရမ်းနီးကပ်သွားမည်ကို ကြောက်လန့်နေသောအသွင်ဖြင့် သူတို့အချင်းချင်းတီးတိုး ပြောနေကြလေသည် ။ ထို့နောက်တွင် အဘွားအို သည်ဒေါ်ရသီထံလာကာ ဦးညွှတ်၍ချိုမြိန်စွာပြောလိုက် သည်မှာ - 

"အမြင့်မြတ်ဆုံးမှော်ဆရာမ ၊ သင့်ကို လူပုလေးများတိုင်းပြည်မှ ကြိုဆိုပါတယ်။ အရှေ့ဘက်ရဲ့ဆိုးသွမ်းတဲ့ စုန်းမကိုသတ်ခဲ့ပြီး ငါတို့ပြည်သူတွေကိုကျွန်ဘဝကနေ လွတ်မြောက်စေတဲ့အတွက်ကျွန်ုပ်တို့မှ အမတန် ကျေးဇူးတင်ရှိပါတယ်"

ထိုအမျိုးသမီးပြောလိုက်တဲ့ စကားတွေအရ 

" အရှေ့ဘက်ရဲ့ဆိုးသွမ်းတဲ့စုန်းမကိုသူမက သတ်လိုက်တယ်ဆိုတာကရော ဘာလဲ? သူမကို မှော်ဆရာမ ဟု ခေါ်နေတာတွေက‌ရော? ဘာတွေဖြစ်နေတာပါလိမ့်"

 ဟု ဒေါ်ရသီသည် အံ့ဩတကြီးတွေးနေမိတော့သည်။ ဒေါ်ရသီဆိုသည်က ဆိုင်ကလုန်းကြောင့် သူမ၏ နေရပ်မှ မိုင်ပေါင်းများစွာ ဝေးသော အရပ်သို့ ရောက်လာသော ကလေးမလေး တစ်ဦး၊ သူမသည်စိတ်ထား ဖြူစင်သော၊ ဘယ်သူ့ကိုမှအန္တရယ်မပေးတတ်သော၊ သူမဘဝမှာလည်း မည်သူ့ကိုမှလည်း သတ်ဖြတ်ခြင်း မပြုဖူးသော ကလေးတစ်ဦးသာဖြစ်လေသည်။

သို့ပေမဲ့ ထိုအမျိုးသမီးကြီးက ဒေါ်ရသီကို  သက်သေအထောက်အထားခိုင်မာစွာဖြင့် ဖြေရှင်းချက်ပေးနေလေ သည်။ ထိုအခါ ဒေါ်ရသီက မဝံ့မရဲ လေသံလေးဖြင့် ပြောပြနေသည်မှာ - 

“အဒေါ်က အလွန်ကြင်နာတာပဲ၊ ဒါပေမဲ့ တစ်ခုခုတော့ လွဲနေတာဖြစ်မယ်နော် ဘာလို့ဆိုတော့ သမီး ဘဝမှာ တစ်ခါမှ ဘယ်သူ့ကိုမှ မသတ်ခဲ့ဖူးဘူးလေ”

ထိုအမျိုးသမီးက ရယ်ပြီးပြန်ပြောသည်မှာ - 

“ဘယ်လိုပဲဖြစ်ဖြစ်ပါ သူမကသမီးရဲ့ အိမ်လေးကြောင့်သေသွားပြီလေ အဲ့တော့ သမီး ကသတ်ပေးလိုက်တယ် လို့လည်း ပြောလို့ရတယ်လေ သဘောတရားကအတူတူပဲလေ သမီးရေ …. ကြည့်ကြည့်ပါအုန်း ၊  

ဒီမှာလေ….  သစ်သားပုံအောက်ကနေထွက်နေတဲ့ ခြေထောက်နှစ်ချောင်းကိုတွေ့တယ်မလား”

ဒေါ်ရသီ ထိုအခါမှ ကြည့်လိုက်မိရာ ထိုမြင်ကွင်းကြောင့် ကြောက်လန့်တကြားအော်လိုက်မိတော့သည်။

ဟုတ်တာပေါ့၊ တကယ်ပဲ…… ထိုအိမ်လေးရဲ့ ထောင့်စွန်းဘက်အောက်က အစွန်းထွက်နေတဲ့ ငွေမှင်ရောင် ဦးချွှန်ဖိနပ်စီးထားတဲ့ ခြေထောက်နှစ်ချောင်းကတကယ်ရှိနေတာပဲ။

“အမယ်လေး……. အမယ်လေး …… ဘယ်လိုလုပ်ရပါ့မလဲ” 

ဟု ဒေါ်ရသီသည် စိတ်မချမ်းမြေ့စွာဖြင့် သူမ၏လက်နှစ်ဖက်ကို အချင်းချင်းတင်းကြပ်စွာဆုပ်ကိုင်ထား လိုက်ပြီး ငိုကြွေးလေတော့သည်။

“ဒီအိမ်လေးက သူမအပေါ်ကို ပြုတ်ကျသွားတာပဲ၊ သမီးတို့ ဘာလုပ်ပေးနိုင်မလဲ ဟင်?”

ထိုလူပု အမျိုးသမီးကြီးက ဒေါ်ရသီ့ကို

“အခုမှတော့ ဘာမှ မလုပ်ပေးနိုင်တော့ဘူး သမီးရေ” 

ဟု ပြန်ပြောလိုက်လေသည်။ 

“ဒါနဲ့ သူမကဘယ်သူလဲ …ဟင် အဒေါ်” 

ဟု ဒေါ်ရသီကမေးလိုက်သည်။

“သူမက အဒေါ် စောနကပြောတဲ့ အရှေ့ဘက်ကဆိုးသွမ်းသော စုန်းမဆိုတာလေ သမီး” 

ဟု ဒေါ်ရသီကို ပြောပြလေသည်။ 

"သူမဟာ လူပုလေးတွေအားလုံးကိုကျွန်ဘဝမှာနှစ်ပေါင်းများစွာထိန်းသိမ်းထားခဲ့တယ်။ ပြီးတော့ သူတို့ကို သူမ၏နေ့ညမပြတ်ကျွန်ခံစေ၏။ ယခုတော့သူတို့အားလုံးလွတ်မြောက်လာပြီလေ သမီး … အဲ့တော့ အဒေါ်တို့ လူပုမျိုးနွယ်က သမီးအပေါ် ကျေးဇူးကြွေးတစ်ခုရှိသွားပြီလေ” 

ဒေါ်ရသီ က “ လူပုလေးတွေက ဘယ်သူတွေလဲဟင် အဒေါ်” 

ဟု မေးမြန်းလိုက်လေသည်။

“သူတို့ဟာဆိုးညစ်တဲ့စုန်းမအုပ်စိုးခဲ့တဲ့အရှေ့ပိုင်းမှာနေထိုင်ကြတဲ့လူတွေပါ သမီး” 

ဟု ဖြေလေသည်။

"အဒေါ်ကရော လူပုမျိုးနွယ်က လား?" ဟု ဒေါ်ရသီက မေးလေသည်။

“မဟုတ်ဘူး သမီး ။ ဒါပေမဲ့ အဒေါ်ကသူတို့သူငယ်ချင်းပါ၊ ဒါပေမယ့်အဒေါ်က မြောက်ပိုင်းမှာနေတယ်။ အရှေ့ဘက်ကအဲ့စုန်းမ သေပြီဆိုတာကိုသူတို့မြင်တဲ့အခါ လူပုမျိုးနွယ်ဘက်က ခြေမြန်တော်လွှတ်ပြီး အဒေါ် ဆီအမြန်လာကြည့်ဖို့ အကြောင်းကြားတဲ့အခါ ချက်ချင်းပဲရောက်လာတာပါ သမီး၊ အဒေါ်ကတော့ မြောက်ပိုင်း က စုန်းမလေ”

ထိုအခါ ဒေါ်ရသီ က စိတ်လှုပ်ရှားစွာဖြင့်

 “အိုး……တကယ်ကြီးလား အဒေါ်က တကယ့်စုန်းမလားဟင် အရမ်းအံ့ဩဖို့ကောင်းတာပဲ”

ဟု အော်ပြောလေတော့သည်။ 

“အင်း ….တကယ်ပေါ့ သမီး” ဟု ထိုအမျိုးသမီးကပြန်ဖြေလေသည်။ 

“သို့ပေမဲ့ အဒေါ်ကတော့ ဟိုစုန်းမလိုမဟုတ်ပါဘူး….. ပြည်သူတွေကလည်းချစ်ကြတဲ့ ကောင်းမွန်တဲ့ စုန်းမ ပါ၊ ဒါပေမဲ့လည်း အဒေါ်ရဲ့မှော်အစွမ်းက ဒီမြောက်ဘက်ပိုင်းကိုအုပ်ချုပ်တဲ့ အဲ့ကောက်ကျစ်တဲ့ စုန်းမထက် အားနည်းနေခဲ့တယ်၊ အဲ့လိုသာအားမနည်းခဲ့ရင်အဒေါ့်ဘာ့သာဒီပြည်သူတွေကို အစကတည်းက လွတ်မြောက် အောင်လုပ်ပေးလို့ရနိုင်ခဲ့မှာပဲ။”

 တကယ့်စုန်းမအစစ်ကြီးကို အပြင်တွင် နဖူးတွေ့ဒူးတွေ့ တွေ့နေရ၍ အနည်းငယ်သော ကြောက်စိတ်လေး မပြယ်သေးသော ဒေါ်ရသီလေးက ပြန်ပြောလိုက်သည်မှာ 

“ဒါပေမဲ့ စုန်းမတွေအားလုံးကတော့ ကောက်ကျစ်ကြတာပဲ မဟုတ်ဘူးလား ဟင်”

“အိုး…..မဟုတ်ရပါဘူး သမီးရယ်၊ အဲ့လိုသာယူဆနေရင် အမှားကြီးတစ်ခုဖြစ်သွားမယ်…. ဘာလို့လဲဆိုတော့ ဒီအော့ဇ့် နယ်မြေမှာ စုစုပေါင်း စုန်းမ လေးယောက်ရှိကြတယ်လေ ၊ အဲလေးယောက်ထဲက မြောက်ပိုင်းနဲ့ တောင်ပိုင်းကိုအုပ်ချုပ်တဲ့ စုန်းမနှစ်ယောက်က စိတ်ထားကောင်းမွန်တဲ့ သူတွေပေါ့၊ အဲ့ဟာကတော့ ဘယ်လိုမှ မမှားနိုင်ဘူး ဘာလို့ဆိုတော့ အဒေါ်က အဲ့နှစ်ယောက်ထဲက တစ်ယောက်ဖြစ်နေလို့လေ၊ ဆိုတော့ကား ကိုယ့်ကိုကိုယ်တော့ အမှတ်မမှားနိုင်ပါဘူးလေ… ။ ဒါပေမဲ့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို အုပ်ချုပ်တဲ့ အဲ့စုန်းမ နှစ်ယောက်ကတော့ တကယ့်ကိုပဲ ကောက်ကျစ်ပြီးဆိုးသွမ်းကြတယ် ၊ အခုသမီးက သူတို့ထဲက တစ်ယောက် ကိုသတ်လိုက်မိတော့ ဒီအော့ဇ် နယ်မြေမှာ အနောက်ပိုင်းကဆိုးသွမ်းတဲ့စုန်းမတစ်ယောက်ပဲ ရှိတော့မယ်။”

ဒေါ်ရသီလေး အတွေးထဲခဏနစ်မျောသွားပြီးပြောလိုက်သည်က -

“ဒါပေမဲ့……… အဒေါ်အမ် ကပြောပြတာကကျတော့ စုန်းမတွေအကုန်လုံးက က ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက သေဆုံးသွားခဲ့ကြပြီဆို”

ထိုအမျိုးသမီးက မေးလိုက်လေ သည် - “အဒေါ်အမ် ဆိုတာကဘယ်သူလဲဟင်?”

“သူမက သမီးရဲ့ အဒေါ်လေ အန်တီရဲ့ သမီးအခုလာခဲ့တဲ့ ကန်ဆတ်စ် မှာ အတူနေကြတာလေ”

မြောက်ပိုင်းမှ စုန်းမသည် ဦးခေါင်းကိုညွတ်၍ မြေပြင်ပေါ်သို့ အတန်ကြာ စိုက်ကြည့်နေပြီး အချိန်အတန်ကြာ စဉ်းစားနေပုံရသည်။ ထို့နောက်သူမသည်အဝေးကိုမျှော်ကြည့်လိူက်ပြီး 

“အဲ့ကန်ဆတ်စ် ဆိုတာက ဘယ်မှာလဲဆိုတာ အဒေါ်မသိဘူး၊ ဘာလို့လဲဆိုတော့ဒီတိုင်းပြည်ဟာတစ်ခါမှ မကြားဖူးဘူး။ ဒါပေမယ့် ပြောရရင် အဲ့ဟာက လူနေမှု၊ ယဉ်ကျေးမှုတွေတိုးတက်နေတဲ့ တိုင်းပြည်တစ်ပြည်လား”

ဒေါ်ရသီလေးက ပြန်ဖြေလိုက်သည် “ အိုး…ဟုတ်တာပေါ့”

“အဲ့ဒါဆို အဲ့ဒီ့မှာ စုန်းမတွေ သေကုန်ပြီပြောတာကလည်း မမှားပါဘူး။ အဲ့ဒီ့လိုတိုးတက်နေတဲ့နိုင်ငံတွေမှာ အဒေါ်တို့ မှော်ဆရာ တွေ၊ စုန်းမတွေ, စုန်းအတတ်ပညာရှင်တွေက မနေကြတော့ဘူးလို့ အဒေါ်ထင်တယ်။ ဒါပေမဲ့ အော့ဇ် နယ်‌မြေက အဲ့လို့မျိုး လူနေမှုယဉ်ကျေးမှု အဆင့်အတန်းတိုးတက်မှုတွေမရှိဘူး အဲ့လိုအပြင် လောကကတိုင်းပြည် နိုင်ငံတွေနဲ့လည်းအဆက်အဆံမရှိဘဲ တစ်သီးတစ်ခြားတည်ရှိနေတဲ့ နေရာလေးတစ်ခု ပေါ့။ အဲ့အတွက်ကြောင့် စုန်းပညာရှင်တွေ မှော်ပညာရှင်တွေကတော့ ဒီနယ်မြေကလူတွေကြားထဲ ယခုထိ တည်ရှိနေတုန်းပဲလို့ ပြောလို့ရတယ်။”

ဒေါ်ရသီကမေးလိုက်လေသည်- “မှော်ပညာရှင်တွေကရော ဘယ်သူတွေလဲဟင်”

ထိုစုန်းမကြီးက အသံကိုနှိမ့်၍ တိုးတိုးလေးကပ်ပြီး - 

“အော့ဇ် ကိုယ်တိုင်ကိုက ကြီးမြတ်တဲ့ မှော်ပညာရှင်ကြီးလေ” ဟု ပြောပြလေသည်။ 

“ပြီးတော့ သူက ဒီမှာရှိတဲ့ မှော်ဆရာတွေ စုန်းတွေအားလုံးထက် အများကြီးအစွမ်းထက်တယ်၊ သူက မြစိမ်းရောင်မြို့တော်မှာနေတယ်လေ သမီးရဲ့”။

ဒေါ်ရသီက နောက်ထပ် မေးခွန်းတစ်ခုမေးဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ဘေးနားမှာ တစ်ချိန်လုံးတိတ်ဆိတ်စွာ ရပ်နေတဲ့ လူပုလေးတွေက ဟိုဆိုးယုတ်တဲ့ စုန်းမ လဲပြီးပိနေတဲ့ အိမ်ထောင့်တစ်နေရာကို လက်ညိုးထိုးပြီး အထိတ်အလန့်အော်ဟစ်လိုက်လေသည်။

ထိုအမျိုးသမီးကြီးကလည်း “ဘာဖြစ်တာလဲ” ဟု လှမ်းကြည့်လိုက်ပြီးနောက် ရယ်စရာတစ်ခုကိုတွေ့လိုက် သလိုစတင်ရယ်မောလေတော့သည်။ အကြောင်းကတော့ ထိုနေရာတွင် သေဆုံးသွားတဲ့ စုန်းမရဲ့ ခြေထောက် တွေကလုံးဝ ပျောက်ကွယ်သွားပြီး ဘာမှမရှိတော့ဘဲ ငွေမှင်ရောင်ဖိနပ်တစ်ရံသာကျန်ခဲ့လေတော့သည်။



မြောက်ပိုင်း စုန်းမက ဆက်လက်ရှင်းပြသည်မှာ - 

“အဲ့စုန်းမက အရမ်းအိုနေပြီလေ…. အဲ့ဒါကြောင့် သူမကနေရောင်အောက်မှာ မြန်မြန်ဆန်ဆန် ခြောက်သွား တာလေ၊ သူမရဲ့အဆုံးသတ်လို့ပြောလို့ရတာပေါ့ အခုတော့ အဲ့ငွေမှင်ရောင်ဖိနပ်တွေက သမီးပိုင်ဆိုင်မှုဖြစ်သွား ပြီ၊ အဲ့ဖိနပ်တွေ သမီး စီးထားလို့ရတယ်။”

ထို့နောက် ဖိနပ်တွေကိုကောက်ယူလိုက်ပြီး ဒေါ်ရသီကို လှမ်းပေးလိုက်လေသည်။

“ အဲ့အရှေ့ပိုင်းကစုန်းမက သူမရဲ့ငွေမှင်ရောင်ဖိနပ်တွေနဲ့ပတ်သတ်ပြီး အရမ်းကို ဂုဏ်ယူဝင့်ကြွားခဲ့တာလေ၊ ပြီးတော့ အဲ့ဖိနပ်မှာ မှော်အစွမ်းတချို့လည်းရှိနေတယ်လို့ပြောကြတယ်… အဲ့ဟာကဘယ်လိုအစွမ်းမျိုး လဲဆိုတာတော့ကျွန်ုပ်တို့မသိကြဘူး” 

ဟု လူပုလေးများထဲမှ တစ်ယောက်ကပြောပြလေသည်။

ဒေါ်ရသီလေးက ဖိနပ်ကိုအိမ်လေးထဲသယ်သွားပြီး စားပွဲပေါ်တင်ထားလိုက်တယ်၊ အဲ့ဒီ့နောက်သူမ အပြင်ပြန် ထွက်လာပြီး လူပုလေးတွေကိုပြောလိုက်တယ် 

“သမီး အဒေါ်နဲ့ဦးလေးဆီအမြန်ပြန်တွေ့ချင်နေပြီ၊ သူတို့တွေသမီးကိုစိတ်ပူနေကြမှာသေချာတယ်၊ 

အဲ့ဒါကြောင့် သမီးကိုပြန်ပို့ဖို့ နည်းလမ်းတစ်ခုခုများရှာဖို့ ကူညီပေးပါလားဟင်”

စုန်းမကြီးနှင့်လူပုလေးများကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး.၊ ထို့နောက် ဒေါ်ရသီလေး ကိုကြည့်ကာ သူတို့၏ ဦးခေါင်းတွေကိုခါယမ်းလိုက်လေသည်။

"ဒီကနေသိပ်မဝေးတဲ့ ဟိုးအရှေ့ဘက်မှာတော့ သဲကန္တာရကြီးတစ်ခုရှိတယ် ပြီးတာ့ အဲ့ကန္တာရကို ဘယ်သူမှ အခုထိ အသက်ရှင်လျက် မဖြတ်သန်းသွားနိုင်ကြဘူး” 

ဟု လူပုလေးတစ်ယောက်ကပြောလေသည်။

နောက်တစ်ယောက်က “တောင်ဘက်မှာလည်းအဲ့ဒီ့လိုပဲ၊ ငါတစ်ခါရောက်တော့မြင်ခဲ့တာ တောင်ဘက်ပိုင်းမှာ Quadlings တိုင်းပြည်ရှိတယ်”  

ဟု ပြောပြလေသည်။ တတိယမြောက် လူပုလေးက 

“ငါလည်းသူများတွေပြောတာကြားဖူးတယ်  အနောက်ပိုင်းမှာလည်းအဲ့လိုပဲတဲ့ အဲ့တိုင်းပြည်မှာက Winkies တွေနေကြပြီး အနောက်ပိုင်းရဲ့ ကောက်ကျစ်တဲ့စုန်းမက အုပ်ချုပ်နေတာတဲ့ အဲ့ကနေဖြတ်သွားသမျှ လူတွေကို သူမ ရဲ့ အခိုင်းအစေလုပ်ပစ်တယ်တဲ့လေ” 

ဟု ပြောပြလေသည်။ ထိုအခါ စုန်းမကြီးက 

“မြောက်ဘက်ကတော့ အဒေါ်ရဲ့ အိမ်လို့လည်းပြောလို့ရတယ် အဒေါ်ရဲ့ ပိုင်နက်လည်းဖြစ်နေတော့၊ ဒါပေမဲ့ အော့ဇ် နယ်မြေရဲ့ဘေးပတ်ပတ်လည်အကုန်လုံးက သဲကန္တာရကြီးတွေချည်းပဲ။ အဒေါ် ထင်တာတော့ သမီးလေး အဒေါ်တို့နဲ့ပဲ လိုက်နေရတော့မယ်။”

ထိုသို့ကြားလိုက်ရသောအခါ ဒေါ်ရသီလေးသည်သူမ ဒီလူစိမ်းတွေကြားမှာ တစ်ယောက်ထဲ အထီးကျန်စွာ ဘဝကိုနေထိုင်ရမည်ကို တွေးမိသောအခါစတင်ငိုကြွေးမိတော့သည်။ ကလေးမလေးရဲ့ မျက်ရည်တွေကျဆင်း လာတာကိုတွေ့ရသောအခါ ကြင်နာတတ်သော လူပုလေးများသည် သူတို့ရဲ့ လက်ကိုင်ပဝါများကို အသီးသီး ထုတ်ကာသုတ်ပေးကြလေသည်။ စုန်းမကြီးကတော့ သူမ၏ဦးထုပ်ကိုချွတ်ကာ သူမ၏နှာခေါင်းအဆုံးထိ ဖုံးအုပ်သွားအောင်ပြန်လည်ဆောင်းလိုက်ပြီး တည်ငြိမ်လေးနက်သော အသံနေအသံထားဖြင့် 

“ တစ်……. နှစ်……… သုံး”  ဟု ရေတွက်လိုက်လေသည်။

အဲ့အချိန်မှာပဲ ဦးထုပ်ဟာ ကျောက်သင်ပုန်း တစ်ခု အဖြစ်သို့ပြောင်းသွားပြီး ၎င်းပေါ်တွင်  

“ဒေါ်ရသီကို မြစိမ်းရောင် မြို့တော်ကို သွားခိုင်းလိုက်ပါ” 

ဟူသော အဖြူရောင်မြေဖြူခဲဖြင့်ရေးထားသော စာတန်းများပေါ်လာလေသည်။

 အမျိုးသမီးကြီးဟာ ထိုကျောက်သင်ပုန်းလေးကို ယူလိုက်ကာ အပေါ်မှ စာသားများကို ဖတ်ကြည့်ပြီးနောက် “သမီးရေ ဒေါ်ရသီဆိုတာ သမီးနာမည်လား”  

ဟု မေးလိုက်သည်။

“ဟုတ်ကဲ့” 

ဟု ဒေါ်ရသီလေးက မျက်ရည်များကိုသုတ်နေရင်းမှ ပြန်ဖြေလေသည်။

“အဲ့ဒါဆိုရင် သမီးလေး မြစိမ်းရောင်မြို့တော်ကို သွားမှဖြစ်မယ်၊ အဲ့ဒီ့မှာဆိုရင်တော့ အော်ဇ့် က ကူညီရင်ကူညီ လိမ့်မယ်”

ဒေါ်ရသီလေးက “အဲ့ မြစိမ်းရောင်မြို့တော်က ဘယ်နားမှာလဲဟင် အဒေါ်” ဟု မေးလိုက်သည်။

ဒီတိုင်းပြည်ရဲ့ အလည်တည့်တည့်မှာ ရှိတယ် သမီးရေ ၊ စောနက အဒေါ်ပြောပြတဲ့ ကြီးမြတ်တဲ့ မှော်ပညာရှင် ကြီး အော့ဇ့် အုပ်ချုပ်တဲ့ မြို့တော်ပေါ့”

“အဲ့ဦးလေးက လူကောင်းလားဟင်” 

ဟု ဒေါ်ရသီလေးက စိတ်လှုပ်ရှားစွာဖြင့်မေးလေတော့သည်။

“သူက ကောင်းမွန်တဲ့ မှော်ပညာရှင်တစ်ယောက်ပါ သမီးရေ…… ဒါပေမဲ့ သူက ယောကျ်ားလား… မိန်းမလား ဆိုတာတော့ အဒေါ်လည်း သူ့ကိုတစ်ခါမှ မတွေ့ဖူးတော့ သေချာမပြောနိုင်ဘူး”

“အဲ့ကို သမီးဘယ်လိုသွားရမလဲ” ဟုဒေါ်ရသီကမေးလိုက်သည်။

“သမီး လမ်းလျှောက်သွားမှ ရမည် ၊ သွားရမှာတော့ ခရီးကအရှည်ကြီးပဲတိုင်းပြည်ထဲကတချို့နေရာတွေက သာယာနှစ်လိုဖွယ်ကောင်းပေမဲ့ တချို့နေရာတွေကတော့ မှောင်မည်းပြီး ဆိုးဝါးတဲ့နေရာဖြစ်တယ်။ ဒါပေမဲ့ သမီးစိတ်မပူပါနဲ့ အဒေါ်သိသမျှ တတ်သမျှ မှော်အစွမ်းတွေသုံးပြီးသမီးကို အန္တရာယ်မဖြစ်အောင် စောင့်ရှောက်ပေးမှာပါ”

“ အဒေါ်က သမီးနဲ့ အတူတူ မသွားဘူးလားဟင်” 

ဟု ဒေါ်ရသီလေးက မဝံ့မရဲ လေး မေးလိုက်လေသည်။ အကြောင်းရင်းကတော့ ထိုအမျိုးသမီးကို သူမ၏ တစ်ဦးတည်းသော သူငယ်ချင်းအဖြစ် သတ်မှတ်ပြီး အားကိုးနေမိသောကြောင့်ဖြစ်သည်။

“ဟင့်အင်း… အဒေါ် သမီး ကိုလိုက်ပို့ပေးလို့တော့မရဘူး၊ ဒါပေမဲ့ အဒေါ်ရဲ့ အနမ်းတစ်ပွင့်ကို သမီးကိုပေး လိုက်မယ်လေ ၊ မြောက်ပိုင်းစုန်းမရဲ့ အနမ်းတစ်ပွင့်ကိုရထားတဲ့ သူကို ဘယ်သူကမှ ထိခိုက်နာကျင်အောင် မလုပ်ရဲကြဘူးလေ” 

ဟု ဒေါ်ရသီလေးကို ပြန်ဖြေလေသည်။

အဲ့လိုနဲ့ သူမ ဒေါ်ရသီ့အနားကိုတိုးလာပြီး နဖူးလေးပေါ်ကို ညင်ညင်သာသာလေး နမ်းလိုက်လေသည်။ သူမရဲ့ နှုတ်ခမ်း ကဒေါ်ရသီ၏ နဖူးကိုထိပြီး အနမ်းပေးလိုက်သောအခါ တောက်ပနေတဲ့ အလင်းစက်ဝိုင်းတစ်ခုပေါ် လာပြီး ဒေါ်ရသီ့တစ်ကိုယ်လုံကိုလွှမ်းခြုံသွားတာကို တွေ့ရှိလိုက်ရသည်။

“မြစိမ်းရောင်မြို့တော်ကို အဝါရောင်အုတ်တွေကိုစီတန်းထားတဲ့လမ်းလေးအတိုင်းလိုက်သွားလိုက်နော် သမီး၊ အဲ့အတိုင်းသာလိုက်သွားရင် လမ်းမမှားနိုင်တော့ဘူး ကလေး၊ ပြီးတော့လည်း ဟိုကိုရောက်ရင် အောဇ့် ကို လည်းအရမ်းကြောက်မနေနဲ့နော်၊ သူ့ကိုတွေ့ရင်သမီးဖြစ်ပျက်သမျှ အကြောင်းတွေကိုပြောပြပြီး အကူအညီ တောင်းကြည့်နော်” 

ဟုစုန်းမကြီးကပြောပြပြီးနောက် “နှုတ်ဆက်ပါတယ် …သမီးလေးရေ” ဟု ပြောကာနှုတ်ဆက်လိုက်လေ သည်။

နောက်ထပ် လူပုလေး သုံးယောက်ကလည်း ခါးကိုညွတ်ကာ နှုတ်ဆက်ကြပြီး ဒေါ်ရသီလေးကို ဆုမွန်ကောင်းတောင်းပေးနေကြလေသည်။ ထို့နောက်တွင်တော့ သူတို့တွေသည် သစ်ပင်တွေကြားမှ ဖြတ်သန်းကာ ထွက်ခွာသွားကြတော့သည်။ စုန်းမကြီးက ဒေါ်ရသီလေးကို ရင်းနှီးစွာ ခေါင်းတစ်ချက်ညိတ်၍ လှည့်ကြည့်ကာ နှုတ်ဆက်ပြီး သူမ၏ဘယ်ဘက်ဖနောင့်ကိုအသုံးပြု၍ သုံးကြိမ်လှည့်ပတ်လိုက်ပြီးနောက် ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။ ခွေးလေးတိုတို သည်ပင် အံ့ဩတကြီးဖြစ်သွားကာ ဟောင်ရန် မေ့သွားခဲ့ပြီး သူမပျောက်ကွယ်သွားပြီးနောက်အတော်ကြာမှ အထိတ်တလန့်ဖြင့်ထိုးဟောင်နေတော့သည်။ ဒါပေမဲ့ သူမက စုန်းမတစ်ယောက်ဆိုတာကို သိပြီးကတည်းက ဒီလို ကိုယ်ပျောက်သွားနိုင်တယ်ဆိုတာတွေကို မျှော်လင့်ပြီးသားဖြစ်သည့်အတွက် ဒေါ်ရသီလေးကတော့ နည်းနည်းလေးတောင် မအံ့ဩမိခဲ့ဘူး။



*Note - နှစ်ရက် ဒါမှမဟုတ် သုံးရက်လောက် တစ်ပိုင်းဆီတင်ပေးသွားမယ်နာ် ❤️❤️ *

😁 မင်မင်ကို buy a cup coffee ဆိုတာလေးနှိပ်ပီး coffee လေးတိုက်လို့ရတယ်နာ် 😘😘


rate now:

1 Reviews
  • reader May Thinn 17.08.2020, 01:27 5

    😘😘😘

    reply