book

Index 18

18. တောင်ဘက်အရပ် ဆီသို့

  • Author : Mei Mei
  • Genres : Adventure, Action
  • Original Author : L. Frank Baum

အခန်း - ၁၈ တောင်ဘက်အရပ် ဆီသို့ 


ဒေါ်ရသီ က သူမ၏ အိမ်ပြန်ရန် မျှော်လင့်ချက် ပျက်ပြားသွားသောကြောင့် ခါးသည်းစွာ ငိုကြွေးနေလေသည်၊ သို့သော်လည်း သူမ ထိုမိုးပျံပူဖောင်း နှင့် မလိုက်သွားလိုက်မိတာ တော်သေးသည်ဟု တွေးမိရင်း ဝမ်းသာမိသွားခဲ့သည်။ ထို့သို့တွေးလိုက်မိသော်လည်း တစ်ဖက်မှာတော့ သူမ အိမ်ပြန်ခရီးအတွက် ခရီးဖော် တစ်ယောက် ဆုံးရှုံးသွားသည့် အတွက် စိတ်မကောင်းဖြစ်နေလေသည်။

Tin Woodman က သူမဆီလျှောက်လာပြီး ပြောလိုက်သည် - 

“ငါ့ကို ဒီလို ချစ်စဖွယ်ကောင်းတဲ့နှလုံးသားတစ်စုံပေးခဲ့တဲ့ သူအတွက် နည်းနည်းတောင် မလွမ်းဆွေးမိဘူးဆိုရင် ငါ ကတကယ့်ကို ကျေးဇူးမသိတတ်တဲ့သူဖြစ်သွားလိမ့်မယ်…အော့ဇ် က ထွက်သွားခဲ့ပြီဆိုတော့ ငါနည်းနည်းတော့ ငိုသင့်တယ်၊ သင်သာ တကယ်လို့ ကျဆင်းလာတဲ့ ငါ့မျက်ရည်တွေကို ကြင်နာစွာ သုတ်ပေးနိုင်မယ်ဆိုရင် ငါတော့ သံချေးမတက်လောက်ဘူးလေ”

သူမ မျက်နှာသုတ်ပဝါကို ယူလိုက်ရင်း ပြန်ဖြေလိုက်သည် “သေချာတာပေါ့ ငါ ဒီလိုလုပ်ပေးမှာပါ။” ထို့နောက် Tin Woodman သည် မိနစ်အတော်ကြာအောင် ငိုကြွေးနေခဲ့သည်၊ သူ ငိုကြွေးနေတာကို ဒေါ်ရသီလေး ကြည့်နေရင်း ကျဆင်းလာသော မျက်ရည်စက်များကို ပဝါဖြင့် သေချာဂရုတစိုက် သုတ်ပေးလိုက်သည်။ သူ ငိုကြွေးပြီးသောအခါ သူမ ၏ ကြင်နာမှုအတွက် ကျေးဇူးတင်စကားပြောလိုက်ပြီး သူ့ ကျောက်မျက်အပြည့်စီခြယ်ထားသော ချောဆီဘူးကို ယူကာ မတော်တဆ ဖြစ်ရပ်များကို ကြိုတင် ကာကွယ်ရန် အဆက်နေရာများကို ဆီထည့်လိုက်သည်။

ယခုတော့ စာခြောက်ရုပ် က မြစိမ်းရောင်မြို့တော် ၏ အုပ်ချုပ်စီမံသူ အဖြစ်တာဝန်ယူနေသည်၊ သူသည် မှော်ဆရာတစ်ယောက်မဟုတ်ပေမဲ့လည်း လူထုက သူ့အတွက် ဂုဏ်ယူနေကြသည်မှာ သူတို့က ထိုကဲ့သို့ ပြောကြသည်အထိ “ဒီကမ္ဘာပေါ်က ဘယ်တိုင်းပြည်မှာမှ မရှိလောက်ဘူး…ဒီလို အစာသွပ်ထားတဲ့ သူက အုပ်ချုပ်စီမံနိုင်တယ်ဆိုတာက ငါတို့ တိုင်းပြည်မှာပဲရှိတာ၊ ဘယ်လောက် ဂုဏ်ယူဖို့ကောင်းလဲ” ။ ပြီးတော့ သူတို့ ထိုကဲ့သို့ ဂုဏ်ယူရသည်မှာလည်း တကယ့်ကို မှန်ကန်မှန်း သိခဲ့ကြသည်။

အော့ သည် ပူဖောင်းနှင့်အတူ လိုက်ပါသွားပြီး နောက်တနေ့ မနက်တွင်တော့ ထို ခရီးသွားလေးယောက်တို့သည် ညီလာခံခန်းမထဲတွင် တွေ့ဆုံစုဝေးကာ ကိစ္စအဝဝ တို့ကို ပြောဆိုဆွေးနွေးနေကြသည်။ စာခြောက်ရုပ်သည် ကြီးမားသော ပလ္လင်ပေါ် ၌ ထိုင်နေပြီး အခြားသူများ ကလေးစားစွာဖြင့် မတ်တပ်ရပ်နေခဲ့သည်။

ထို အုပ်ချုပ်သူ အသစ်က ပြောလိုက်သည် “ငါတို့ တကယ်တော့ ကံမကောင်းတာတော့ မဟုတ်ဘူး ဟ…အခုဆို မြစိမ်းရောင်မြို့တော် နဲ့ နန်းတော်က ငါတို့ ပိုင်တာဖြစ်သွားပြီ၊ ငါတို့ကြိုက်တာကိုလည်း လုပ်နိုင် ပြီ။  ငါမှတ်မိပါသေးတယ်…သိပ်မကြာခင် အချိန်တုန်းကတောင် ငါက ဒီအတိုင်း လယ်သမားတစ်ယောက်ရဲ့ ပြောင်းခင်းထဲကတိုင်မှာနေခဲ့ရတာ၊ အခုတော့ ဒီလိုလှပတဲ့မြို့တော် ရဲ့ အုပ်ချုပ်သူတစ်ယောက်ဖြစ်နေပြီ၊ ငါတော့ ကိုယ့်ဘာ့သာကိုယ် အတော်လေး ကျေနပ်နေပြီ”

Tin Woodman ကလည်း ဝင်ပြောသည် “ငါရောပဲလေ အခုနှလုံးအသစ်လေးနဲ့ ပတ်သက်ပြီး အရမ်းကျေနပ်တာပဲ ပြီးတော့ တကယ့်ကို ပဲ အဲ့ဟာကို ရလိုက်နိုင်တာက ကမ္ဘာပေါ်မှာ ငါ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုပြည့်သွားတာပဲ”

ခြသေ့်ကလည်း မာန်မတက်ပဲ ဝင်ပြောလေသည် “ငါလည်း တခြားသားရဲတွေလိုပဲ သတ္တိရှိလာပြီ လို့ သိလိုက်ရတာ အရမ်း ကျေနပ်ဖို့ကောင်းတာပဲ၊ သူတို့ထက်သာ သတ္တိပိုမကောင်းရင်သာ နေရမယ် သူတို့လိုပဲ သတ္တိအပြည့်တော့ရှိနေပြီ”

စာခြောက်ရုပ်ကလည်း ဆက်ပြောသည် “တကယ်လို့ ဒေါ်ရသီလေးသာ  ငါတို့နဲ့အတူ မြစိမ်းရောင်မြို့တော်မှာ ကျေနပ်ပျော်ရွှင်စွာ နေနိုင်မယ်ဆို ဘယ်လောက်ကောင်းမလဲ ၊ အဲ့လိုသည်ဆို ငါတို့ အတူတကွ ပျော်ရွှင်စွာနေလို့ရပြီပေါ့” 

ဒေါ်ရသီလေးက ငိုပြီးပြောလိုက်သည် “ဒါပေမဲ့ ငါမှ ဒီမှာ မနေချင်တာ၊ ကန်ဆတ်စ်ကိုပဲ ပြန်သွားချင်တယ်၊ ပြီးတော့ အဒေါ်အမ် နဲ့ ဦးလေး ဟင်နရီတို့နဲ့ပဲ နေချင်တယ်။”

Woodman က ဝင်ပြောလိုက်သည် “ကောင်းပြီလေ၊ အဲ့လိုဆိုမှာတော့ ဘယ်တတ်နိုင်ပါ့မလဲ”

စာခြောက်ရုပ် သည် ခေတ္တစဉ်းစား ပြီးနောက် ဆုံးဖြတ်လိုက်သည်၊ သူ စဉ်းစားရလွန်းလို့ သူ့ခေါင်းထဲက အပ်တွေနဲ့ ပင်အပ်တွေပါ ထိုးထွက်လာသလိုပင်၊ နောက်ဆုံးတော့ သူပြောလိုက်သည် -

“ဘာလို့ အတောင်ပံပါမျောက်တွေကို မခေါ်ကြည့်တာလဲ၊ သူတို့ကို ဆင့်ခေါ်ပြီး ဒီကန္တာရကို ကနေ သင့်ကို သယ်ဆောင်သွားဖို့ အကူအညီတောင်းကြည့်ရင်ရော

ဘယ်လိုလဲ”

ဒေါ်ရသီလေး ပျော်ရွှင်သွားကာ ပြောလိုက်သည် “ဟုတ်သားပဲ အဲ့တာကို တစ်ခါမှ မစဉ်းစားမိဘူး… အဲ့လိုလုပ်ရအောင် အခုပဲ ရွှေဦးထုပ်ကို သွားယူလိုက်မယ်”

ထို့နောက် သူမ ညီလာခံခန်းမထဲသို့ သယ်ယူလာကာ မှော်ဂါထာကို ရွတ်လိုက်သည် နှင့်တပြိုင်နက် အတောင်ပံပါမျောက်အုပ်လိုက်သည် ဖွင့်ထားသော ပြတင်းပေါက်မှ ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး သူမဘေးတွင် မတ်တပ်ရပ်လိုက်ကြသည်။

မျောက်ဘုရင် က မိန်းမငယ်လေးကို ဦးညွှတ်လိုက်ကာ ပြောလိုက်သည် “ဒါနဲ့ ဆို သင်ကျွန်ုပ်တို့ကို ဆင့်ခေါ်တာ ဒုတိယအကြိမ်မြောက်ပဲ… သင်ဘာအလိုရှိပါသလဲ”

ဒေါ်ရသီက ပြောသည် “ကျွန်ုပ်ကို ကန်ဆတ်စ်ကို သယ်ဆောင်သွားပေးပါ”

ဒါပေမဲ့ မျောက်ဘုရင်သည် ခေါင်ကို ခါယမ်းလိုက်သည်။

သူက ပြောလိုက်သည် “ဒါကတော့ မဖြစ်နိုင်ဘူး၊ ကျွန်ုပ်တို့က ဒီတိုင်းပြည်နဲ့ပဲ သက်ဆိုင်တယ်၊ ဒီကနေ ထွက်ခွာသွားလို့မရဘူး…ကန်ဆတ်စ်မှာ ဘယ်တုန်းကမှ အတေင်ပံပါမျောက်တွေမရှိခဲ့သလို၊ ငါထင်တယ်…နောင်လည်းရှိလာမှာ မဟုတ်ဘူး၊ ဘာလို့ဆိုတော့ ငါတို့တွေက အဲ့နေရာကနဲ့ မသက်ဆိုင်ဘူး။ သင်ဘာပဲလိုချင်လိုချင် ကျွန်ုပ်တို့ ဆောင်ရွက်ပေးနိုင်တဲ့အရာဖြစ်နေသရွေ့ ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင် ပေးမှာပါ ဒါပေမဲ့ ကန္တာရကိုတော့ ဘယ်လိုမှ မဖြတ်သွားနိုင်ဘူး…နှုတ်ဆက်ပါတယ်”

ထို့သို့ ပြောပြီးနောက် နောက်ထစ်ကြိမ် ဦးညွတ်အရိုအသေပေးလိုက်ကာ မျောက်ဘုရင်သည် သူ့အတောင်ပံများကို ဖြန့်ကာ ပြတင်းပေါက်မှ တဆင့် သူ့နောက်လိုက်နောက်ပါ များနှင့်အတူ ပြန်လည် ထွက်ခွာသွားခဲ့သည်။

စိတ်ပျက်လက်ပျက်ဖြင့် ဒေါ်ရသီလေး ငိုကြွေးမိတော့ မလို ဖြစ်နေပြီးနောက် သူမ ပြောလိုက်သည်  -“ငါတော့ မရည်ရွယ်ပါပဲ ရွှေဦးထုပ်ရဲ့အစွမ်းကို ဖြုန်းတီးလိုက်မိပြီ

အတောင်ပံပါမျောက်တေါတောင် ငါ့ကို မကူညီနိုင်ကြတော့ဘူး”

နူးညံ့သော နှလုံးသားပိုင်ရှင် ဖြစ်သူ Woodman ကလည်း ပြောသည် “ဒါ တကယ့်ကို ဆိုးတာပဲ”

စာခြောက်ရုပ်ကတော့ နောက်တစ်ကြိမ် စဉ်းစားခန်းဝင်နေပြန်သည် မှာ သူ့ခေါင်းတော့ ဆိုးဆိုးဝါးဝါး ပေါက်ထွက်လာတော့မည်လား ဟုတောင် ဒေါ်ရသီ တွေးကာ ကြောက်လန့် လာမိသည်။

သူ ကပြောလိုက်သည် “ငါတို့ အစိမ်းရောင်မုတ်ဆိတ်ရှည် စစ်သားကို ခေါ်ရအောင် ၊ သူ့ဆီကနေ အကြံတချို့ရမလားမသိဘူး”

ထို့ကြောင့် စစ်သားသည် ညီလာခံခန်းမထဲသို့ ဆင့်ခေါ်ခံလိုက်ရကာ အခန်းထဲသို့ ရိုကျိုးစွာ ဝင်ရောက်လာခဲ့သည်၊ အော့ဇ် ရှိနေစဉ်ကဆိုလျှင် သူ့ကို တံခါးဝအထိပဲ ဝင်ရောက်ခိုင်းပြီး ဘယ်တော့မှ အခန်းထဲဝင်ခွင့်မပြုခဲ့ချေ။

စာခြောက်ရုပ်က စစ်သားကို ပြောလိုက်သည် “ဒီကလေးမလေး က ကန္တာရကို ဖြတ်ကျော်သွားချင်တာ ၊ သူမ ဘယ်လိုသွားရမလဲ ဟင်”

စစ်သား ကပြန်ဖြေသည် “ကျွန်ုပ်လည်း မပြောပြတတ်ဘူး၊ ဘာလို့လဲဆိုတော့ အော့ဇ်က လွဲရင် ဘယ်သူမှ ဒီကန္တာရကို မဖြတ်ကျော်ဖူးကြဘူးလေ။”

ဒေါ်ရသီက စိတ်အားထက်သန်စွာဖြင့်မေးလိုက်သည် “ဒါဖြင့် ကူညီနိုင်မယ့် တစ်ယောက်ယောက် များ မရှိဘူးလား ဟင်”

သူ ကအကြံပြုလိုက်သည် “ဂလင်ဒါ တော့ ကူညီနိုင်လောက်တယ်”

စာခြောက်ရုပ်က မေးမြန်းလိုက်သည် “ဂလင်ဒါ ဆိုတာ ဘယ်သူလဲ”

“တောင်ဘက် နယ်မြေက စုန်းမလေ၊ သူက စုန်းမတွေထဲမှာ အင်အားအကြီးဆုံး အစွမ်းအထက်ဆုံးပဲ ပြီးတော့ Qualding မျိုးနွယ်စု နဲ့ တိုင်းပြည် ကို သူမပဲ အုပ်စိုးတာလေ။ အဲ့ဒါအပြင် သူမ နေတဲ့ ရဲတိုက် က ကန္တာရ ရဲ့ အစွန်းဘက်မှာ ရှိတာ၊ ဒီတော့ ဘယ်လိုဖြတ်သွားရမလဲဆိုတာ သူမတော့ သိမယ်ထင်တယ်”

ကလေးမလေးက မေးလိုက်သည် “သူမက ကောင်းမွန်တဲ့ စုန်းမလား ဟင်”

စစ်သား ကပြောပြသည် “Qualdings မျိုးနွယ်က သူတွေအားလုံးကတော့ သူမက ကောင်းတယ်လို့ ပြောကြတာပဲ၊ ပြီးတော့ လူတိုင်းအပေါ် ကြင်နာတတ်တယ်။ ကျွန်ုပ်လည်း ကြားမိတာက  ဂလင်ဒါ က လှပတဲ့ အမျိုးသမီးတစ်ယောက်တဲ့ ပြီးတော့ အခုထိလည်း ငယ်ရွယ်နုပျိုနေတုန်းပဲ ဘယ်သူမှ သူမ အသက်ဘယ်လောက်ရှိပြီလဲ မသိကြဘူးတဲ့။”

ဒေါ်ရသီ ကမေးလိုက်သည် “သူမ ရဲတိုက်ဆီ ဘယ်လိုသွားရမလဲ”

သူ ကပြန်ဖြေသည် “တောင်ဘက်ကို တည့်တည့်သွားရင်ရပြီ၊ ဒါပေမဲ့ ခရီးသွားတွေအတွက်တော့ လမ်းက အန္တရာယ်များတယ်ပြောကြတယ်။ တောအုပ်ထဲမှာ သားရဲ အရိုင်းတွေနဲ့ လူစိမ်းတွေ ဖြတ်သန်းသွားလာတာကို သဘောမကျတဲ့ ထူးဆန်းတဲ့လူမျိုးနွယ်စုတစ်စုလည်းရှိသေးတယ်။ အဲ့ဒါကြောင့် Qualding ဘက်က ဘယ်သူမှ မြစိမ်းရောင်မြို့တော့်ကို မလာနိုင်ကြဘူးလေ”

စစ်သား ပြန်လည် ထွက်ခွာသွားပြီးနောက် စာခြောက်ရုပ်က ပြောလိုက်သည် -

“ကြည့်ရတာ အန္တရာယ်တော့ နည်းနည်းများပေမဲ့ အခုချိန်မှာ ဒေါ်ရသီအကောင်းဆုံး လုပ်နိုင်တဲ့အရာက တောင်ဘက်ကို သွားပြီး ဂလင်ဒါကို အကူအညီတောင်းဖို့ပဲ။ တကယ်လို့ ဒေါ်ရသီက ဒီမှာပဲ နေနေမယ်ဆိုရင်တော့ သူမ ကန်ဆတ်စ်ကို ဘယ်တော့မှ ပြန်သွားနိုင်မှာ မဟုတ်တော့ဘူး”

Tin Woodman ကလည်း မှတ်ချက်ပေးသည် “သင် နောက်ထပ် နည်းလမ်းလေး ဘာလေး  ထပ်စဉ်းစားကြည့်ပါအုန်း”

စာခြောက်ရုပ်က ပြန်ပြောသည် “ငါ စဉ်းစားတယ်လေ”

ခြသေ့်က ပြန်ဖြေလိုက်သည် “ငါ ဒေါ်ရသီနဲ့ အတူတူသွားမယ်၊ ဒီ မြို့ထဲမှာ နေနေရတာလည်း ငြီးငွေ့လာပြီဆိုတော့ သစ်တောအုပ်တွေနဲ့ ကျေးလက်ဒေသတွေကို လည်း လွမ်းလာပြီ၊ ပြီးတော့ ငါကလည်း သားရဲတစ်ကောင်ဆိုတာ သင်သိပါတယ်၊ ဒေါ်ရသီလည်း သူမကို ကာကွယ်ပေးနိုင်မယ့် သူတစ်ယောက်တော့လိုအပ်တယ်”

Woodman ကလည်း ပြောသည် “အဲ့ဒါကတော့ အမှန်ပဲ။ ငါ့ပုဆိန်ကလည်း သူမအတွက် အသုံးဝင်နိုင်မှာပါ၊ ဒီတော့ ငါလည်း သူမနှင့်အတူ တောင်ဘက်နယ်မြေကို လိုက်ခဲ့မယ်”

စာခြောက်ရုပ်က မေးလိုက်သည် “ငါတို့ ဘယ်နေ့ စထွက်ကြမလဲ”

သူတို့က အံ့ဩတကြီး မေးလိုက်သည် “မင်း…မင်းပါ လိုက်မလို့လား”

“သေချာတာပေါ့…တကယ်လို့ ဒေါ်ရသီ ကြောင့်သာမဟုတ်ရင် ငါ ဒီနေ့လို့ ဦးနှောက်ရှိနေပါ့မလား၊ အဲ့ပြောင်းခင်းထဲ က တိုင်ပေါ်က ငါ့ကို သူမ လွတ်အောင်လုပ်ပေးပြီး ဒီမြစိမ်းရောင် မြို့တော်ကို ရောက်အောင်ခေါ်လာပေးခဲ့တာ။ ဒီတော့ ငါ့ရဲ့ အခုရထားတဲ့ ကံကောင်းမှုတွေက သူမကြောင့်ပဲကို၊ အဲ့တော့ သူမ ကန်ဆတ်စ်ကို ကောင်းကောင်းမွန်မွန် ပြန်မရောက်မချင်း သူမကို လုံးဝ မထားခဲ့နိုင်ဘူး”

ဒေါ်ရသီက ကျေးဇူးတင်စွာပြောလိုက်သည် “ကျေးဇူးတင်ပါတယ်၊ သင်က တကယ့်ကို ကြင်နာတတ်တာပဲ၊ ဒါပေမဲ့ ငါ အခုတော့ ဖြစ်နိုင်သလောက် မြန်မြန်လေး ခရီးစချင်နေပြီ”

စာခြောက်ရုပ်က ပြန်ဖြေလိုက်သည် “ငါတို့ မနက်ဖြန်စထွက်ကြမယ်၊ ဒီတော့ ငါတို့ ဒီညအကုန်လုံး အဆင်သင့် ပြင်ထားရအောင်၊ ဒီဟာက ခရီးရှည်ကြီး ဖြစ်လောက်တယ်”


rate now: