book

Index 16

16. ကြီးမြတ်သော အယောင်ဆောင်မှော်ဆရာ ၏ မှော်အနုပညာ

  • Author : Mei Mei
  • Genres : Adventure, Action
  • Original Author : L. Frank Baum

အခန်း -၁၆ ကြီးမြတ်သော အယောင်ဆောင်မှော်ဆရာ ၏ မှော်အနုပညာ


နောက်တနေ့ မနက်ရောက်သောအခါ စာခြောက်ရုပ်က သူ့သူငယ်ချင်းတွေနဲ့ စကားပြောဆိုနေသည် -

“ငါ့ကို ဂုဏ်ပြုစကားပြောတော့လေ၊ နောက်ဆုံးတော့ အော့ဇ် က ငါ့ကို ဦးနှောက်ထည့်ပေးတော့မယ်၊ ငါပြန်လာတဲ့အချိန်ကျရင် အခြားသူတွေလိုမျိုး ဖြစ်သွားပြီ”

ဒေါ်ရသီလေး က ရိုးသားစွာ ပြန်ပြောလိုက်သည် “ နင်က နင် ဖြစ်နေသရွေ့ အမြဲ နှစ်သက် သဘောကျ နေပြီးသားပဲ”

သူက ပြန်လည် တုံ့ပြန်လိုက်သည် “ဒီလို စာခြောက်ရုပ်ကို သဘောကျပေးတဲ့ နင်က အရမ်းကြင်နာတတ်တာပဲ၊ ဒါပေမဲ့ ငါ ဦးနှောက်အသစ် ရလာတဲ့အခါ ထွက်လာတဲ့ အကြံဉာဏ်ကောင်းတွေကို ကြားရတဲ့အခါ ငါ့ အကြောင်းကို ပိုတွေးမိလာမှာ သေချာပေါက်ပဲ လို့ပြောရဲတယ်။” ထို့နောက် တက်ကြွရွှင်လန်းစွာ သူ့ သူငယ်ချင်းတွေကို နှုတ်ဆက်စကားပြောပြီး နောက် ညီလာခံခန်းမဆီသို့ သွားကာ တံခါးခေါက်လိုက်သည်။

အော့ဇ်က ပြောလိုက်သည် “ဝင်ခဲ့ပါ”

စာခြောက်ရုပ် အခန်းထဲသို့ ဝင်သွားသောအခါ ပြတင်းပေါက်နားတွင်ထိုင်ပြီး အတွေးထဲတွင် နစ်မြှုပ်နေသည့် သူ့ ကို တွေ့လိုက်ရသည်။

အနည်းငယ် မဝံမရဲဖြင့် သူ ပြောပြလိုက်သည် “ကျွန်ုပ် အတွက် ဦးနှောက်ပေးမယ်ဆိုလို့ လာခဲ့တာပါ”

အော့ဇ်က ပြန်ပြောလိုက်သည် “အို ..ဟုတ်တာပေါ့ ကျေးဇူးပြုပြီး ထိုင်ခုံမှာထိုင်ပါ၊ ကျွန်ုပ် သင့်ရဲ့ ဦးခေါင်းကို ခဏဖြုတ်လိုက်မယ် ခွင့်ပြုမယ်မလား၊ သင့်တော်တဲ့နေရာမှာ ဦးနှောက်ကို ထည့်ပေးရမှာမို့လို့ အဲ့လိုဖြုတ်လိုက်မှ ရမယ်”

စာခြောက်ရုပ်က ပြန်ပြောသည် “ရပါတယ်…ကိစ္စမရှိဘူး၊ ပိုမိုကောင်းတဲ့ တစ်ခုသာ ပြန်တပ်ပေးနိုင်သရွေ့ ဒီခေါင်းကို လိုလိုချင်ချင်ပဲ အဖြုတ်ခံနိုင်တယ်”

ထိုသို့ ကြားရသောအခါ မှော်ဆရာသည် သူ့ ဦးခေါင်းကို ဖြုတ်ယူကာ ကောက်ရိုးများကို ဖယ်ထုတ်လိုက်သည်။ ထို့နောက် သူ့ အနောက်ဘက်ရှိ အခန်းလေးထဲသို့ ဝင်သွားကာ များစွာသော ပင်အပ်များ ၊အပ်များနှင့် အတူရောနှောထားသော ဂျုံစေ့အခွံများ များကို ယူကာ ၎င်းတို့ကို ကောင်းစွာ သမနှံ့စပ်သွားအောင် သေချာ လှုပ်ခါလိုက်သည်။ ၎င်းတို့အားလုံး ရောသမသွားသောအခါ စာခြောက်ရုပ်၏ ခေါင်းထဲသို့ ၎င်းတို့ကို သိပ်ထည့်လိုက်သည် ၊ ထို့နောက် ကျန်ရှိနေသေးသော နေရာအလွတ်များတွင် ကောက်ရိုးတို့ဖြင့် ဖြည့်လိုက်သောအခါ နေရာတကျဖြစ်သွားသည်။

ထို ဦးခေါင်းကို စာခြောက်ရုပ်၏ ကိုယ်ပေါ်တွင် နေရာတကျ ပြန်တပ်လိုက်ပြီးနောက် သူကပြောလိုက်သည် “အခုချိန်ကနေစပြီး သင်က ကြီးမြတ်တဲ့ လူသားတစ်ယောက်လိုဖြစ်သွားပြီ၊ သင့်ဆီကို ကျွန်ုပ် လွန်စွာရှားပါးတဲ့ ဦးနှောက်အသစ်တွေအများကြီး ထည့်ပေးလိုက်တယ်”

စာခြောက်ရုပ်လည်း ကျေနပ်သွားပြီး သူ့ အကြီးမားဆုံး ဆန္ဒပြည့်မြောက်သွားသောကြောင့် ဂုဏ်ယူဝံ့ကြွားစွာဖြင့် အော့ဇ်ကို နွေးထွေးစွာ ကျေးဇူးတင်စကားပြောကြားပြီးနောက် သူ့ သူငယ်ချင်းတွေဆီသို့ ပြန်သွားတော့သည်။

ဒေါ်ရသီ့က သူ့ကို သိချင်စိတ်အပြည့်ဖြင့် ကြည့်နေခဲ့သည်။ သူ့ခေါင်း ကကြည့်ရတာ ထိပ်တန်းဦးနှောက် နဲ့ အတော်ဖောင်းကားနေတာပဲ ။

သူမက မေးလိုက်သည် “သင် ဘယ်လိုခံစားရလဲ”

“ငါတကယ် ဉာဏ်ပညာရှင်ဖြစ်နေပြီ လို့ခံစားရတယ်၊ ငါ့ ဦးနှောက်တွေနဲ့ နေသားတကျဖြစ်သွားရင် အရာရာကို သိရှိလာနိုင်တော့မှာပဲနော်” ဟုသူကစိတ်အားထက်သန်စွာဖြေဆိုခဲ့သည်။

Tin Woodman ကမေးလိုက်သည် “မင်းခေါင်းထဲက ဘာဖြစ်လို့ ဒီအပ်တွေ နဲ့ ပင်အပ်တွေ ထိုးထွက်နေတာလဲ”

ခြသေ့်က ပြန်ဖြေလိုက်သည် “အဲ့ဒီ့ဟာက သူက ထက်မြက်နေပြီဆိုတာ သက်သေပြတာပေါ့”

Woodman က ပြောလိုက်သည် “ကောင်းပါပြီ…ငါလည်း အော့ဇ်ဆီသွားပြီး ငါ့အတွက် နှလုံးသားတစ်ခု သွားယူလိုက်အုန်းမယ်။” ထို့သို့ပြောပြီး သူလည်း ညီလာခံခန်းမရှိရာဘက်ကို ထွက်သွားကာ တံခါးခေါက်လိုက်သည်။

အော့ဇ် က”ဝင်လာခဲ့ပါ” ဟုပြောပြီးနောက် Tin Woodman ကဝင်လာပြီး ပြောလိုက်သည် “ကျွန်ုပ် နှလုံးသား အတွက် လာခဲ့တာပါ”

ထို သေးငယ်သော လူသားက ဖြေလိုက်သည် “ကောင်းပါပြီ…ဒါပေမဲ့ မင်းရင်ဘတ်မှာ ငါ အပေါက်တစ်ပေါက်တော့ ဖောက်ရလိမ့်မယ် အဲ့ဒါမှ မှန်ကန်တဲ့နေရာမှာ နှလုံးကို ထည့်ပေးလို့နိုင်မှာ၊ မနာလောက်ဘူးလို့တော့ မျှော်လင့်ရတာပဲလေ”

Woodman ကပြန်ဖြေလိုက်သည် “အို…မဟုတ်တာ..စိုးရိမ်မနေပါနဲ့၊ ကျွန်ုပ်က ဘာမှ ခံစားရမှာမဟုတ်ဘူး”

ထိုသို့ သော စကားကြားလိုက်ရသောအခါမှ အော့ဇ်သည် သံဖြတ်ကတ်ကြေးတစ်လက်ကို ယူကာ Tin Woodman ၏ ရင်ဘတ် ဘယ်ဘက် အခြမ်းတွင် လေးထောင့် အပေါက်လေး ဖောက်လိုက်သည်။ ထို့နောက် အံဆွဲတစ်ခုကိုဖွင့်ကာ လွှစာမှုန့်များအစာသွပ်ဖြည့်သွင်းထားသော ပိုးစဖြင့် ချုပ်လုပ်ထားသည့် အသည်းနှလုံးပုံစံချုပ်ထားသည့် နှလုံးတစ်ခုကို ထုတ်ယူလိုက်သည်။

သူက မေးလိုက်သည် “ဒါလေးက…မလှဘူးလား ဟင်”

Woodman က ကျေနပ်ပီတိအပြည့်ဖြင့် ပြန်ဖြေလိုက်သည် “ အမှန်ပဲ….အဲ့ဒါက တကယ့်ကို လှပတယ်”၊ အဲ့နှလုံးသား ကကြင်နာတတ်တဲ့တစ်ခုလား”

အော့ဇ် ကအဖြေပြန်ပေးသည် “အို…သေချာတာပေါ့ ဒီဟာက တကယ့်ကို ကြင်နာတတ်တာ”၊ ထိုအရာကို Tin Woodman ရင်ဘတ်ထဲသို့ သေချာထည့်သွင်းနေရာချပြီးနောက် ဖြတ်ထားသော လေးထောင့်အပေါက်လေးကို သေသပ်စွာ ပြန်လည် ဂဟေဆော်ကာ နဂိုအတိုင်း ပြန်လုပ်ပေးလိုက်သည်။

 သူက ပြောလိုက်သည် “ဒီမှာ…ပြီးသွားပြီ၊ အခု သင့်မှာ တခြားသူတွေလိုမျိုး နှလုံးသားတစ်ခု ရှိသွားပြီ ဂုဏ်ယူဝင့်ကြွားစွာ နေနိုင်ပြီ၊ ဒါပေမဲ့ သင့်ရင်ဘတ်မှာ အဖာအထေး တစ်ခုတော့ဖြစ်သွားပြီ ငါအဲ့ဒါကို ပျောက်အောင် မလုပ်ပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး”

ပျော်ရွှင်နေသော Tin Woodman က ပြန်ပြောသည် “ရပါတယ် အဲ့အဖာအထေးလောက်ကတော့ စိတ်ထဲထားမနေပါနဲ့၊ သင့်ကို ကျွန်ုပ် တကယ်ကို ကျေးဇူးတင်ပါတယ်၊ သင့်ကြင်နာမှုကို အမြဲမှတ်ထားပါ့မယ်”

အော့ဇ်က လည်း ပြန်ပြောလိုက်သည် “ဒီလောက်လေးကို စကားထဲထည့်ပြောမနေပါနဲ့ …ရပါတယ်ကွာ”

ထို့နောက် Tin Woodman သည် သူ့ကံကောင်းမှု အတွက် ဆုတောင်းရင်း ပျော်ရွှင်နေကြသော သူငယ်ချင်းများဆီသို့ ပြန်သွားလေသည်။

ခြသေ့်သည်လည်း ညီလာခံခန်းမဆီသို့ လာကာ တံခါးခေါက်လိုက်သည်။

အော့ဇ်က ပြောလိုက်သည် “ဝင်ခဲ့ပါ”

ခြသေ့် ကလည်း သူ့လာရင်း အကြောင်းရင်းကို အခန်းထဲဝင်ဝင်ချင်း ကြေငြာလိုက်သည် “ကျွန်ုပ် ရဲ့ ရဲစွမ်းသတ္တိအတွက် ရောက်လာတာပါ”

ထို သူက ပြန်ဖြေလိုက်သည် “ကောင်းပါပြီ….ငါ မင်းအတွက်ဟာ ယူလာခဲ့မယ်”

သူ ဗီရိုရှိရာသို့ သွားကာ အထဲရှိစင်မြင့်ပေါ်တွင် တင်ထားသော အစိမ်းရောင်လေးထောင့် ပုလင်းလေးကို ယူလိုက်ပြီး လှပစွာ ပြုလုပ်ထားသော အစိမ်းရောင်ပန်းကန်ပြားထဲသို့ လောင်းထည့်လိုက်သည်။သူရဲဘောကြောင်သော ခြသေ့် ရှေ့တွင် ထို ပန်းကန်ပြားကို ချလိုက်သောအခါ ခြသေ့်သည် နှာတရှုံ့ရှုံ့ လုပ်ရင်း အနံခံနေပြီး မကြိုက်သည့် အမူအယာပေါ်နေလေသည်၊ အော့ဇ်ကပြောလိုက်သည် -

“သောက်လိုက်လေ”

ခြသေ့်က ပြန်မေးလိုက်သည် “ဒါက ဘာကြီးလဲ”

အော့ဇ် က ဖြေပေးလိုက်သည် “ကောင်းပြီ …ဒီဟာက သင့်ကိုယ်ထဲရောက်သွားရင် သင်လိုချင်တဲ့ ရဲစွမ်းသတ္တိဖြစ်သွားလိမ့်မယ်။ မင်းလည်းသိပါတယ်…ရဲစွမ်းသတ္တိက မင်းကိုယ်ထဲမှာရှိနေတဲ့ဟာပဲ၊ ဒါ့ကြောင့် ဒီဟာကို မမျိုချနိုင်မချင်း ရဲစွမ်းသတ္တိလို့ ခေါ်လို့မရဘူး၊ ဒါကြောင့် ဖြစ်နိုင်သမျှ မြန်မြန်သောက်လိုက်ဖို့ အကြံပေးချင်တယ်”

ခြသေ့်သည် လည်း တွန့်ဆုတ်မနေတော့ပဲ ပန်းကန်ပြားပေါ်မှာ ကုန်စင်သွားတဲ့အထိ သောက်ပစ်လိုက်သည်။

အော့ဇ်က မေးလိုက်သည် “မင်း ဘယ်လိုခံစားရလဲ”

ခြသေ့်က  “သတ္တိတွေအပြည့်ပဲ” ဟု ပြန်ပြောရင်း သူ့ကံကောင်းမှုကို ပြောပြရန် သူငယ်ချင်းများဆီသို့ ပျော်ရွှင်စွာ ပြန်သွားတော့သည်။

အော့ဇ် တစ်ယောက်ထဲကျန်ခဲ့သောအခါ စာခြောက်ရုပ် ၊Tin Woodman နှင့် ခြသေ့်တို့ အလိုရှိရာကို ရလိုက်ပြီဟု ထင်အောင် လုပ်ပေးလိုက်နိုင်သော့ သူ့‌

အောင်မြင်မှု့ကို တွေးမိကာ ပြုံးနေမိတော့သည်။  သူက ရေရွတ်လိုက်သည် “ငါ က အယောင်ဆောင်တစ်ယောက်ဖြစ်နေတာတော့ မတတ်နိုင်ဘူး၊ အကုန်လုံးက မဖြစ်နိုင်ဘူးဆိုတာ သိနေအရာတွေကို ငါက ဖြစ်အောင်လုပ်ပေးနိုင်တယ်ဆိုပြီး ဘာလို့ လာလာလုပ်ခိုင်းနေကြတာမှန်းကို မသိတော့ဘူး။ စာခြောက်ရုပ်၊ သစ်ခုတ်သမားနဲ့ ခြသေ့်တို့ပျော်သွားအောင် လုပ်ပေးဖို့က လွယ်ကူတယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့က ငါကဘာမဆို လုပ်ပေးနိုင်လိမ့်မယ်လို့ စိတ်ကူးယဉ်ထားကြလို့ပဲ၊ ဒါပေမဲ့ ဒေါ်ရသီ့ကို ကန်ဆတ်စ် ရောက်အောင် ပြန်ပို့ပေးဖို့ကကျတော့ ဘယ်လိုလုပ်ရမယ်မှန်း ငါလည်း သေချာမသိတော့ဘူး”


rate now: