book

Index 15

15. ဆိုးဝါးသော အော့ဇ် အကြောင်းကို ရှာဖွေသိရှိသွားခြင်း

  • Author : Mei Mei
  • Genres : Adventure, Action
  • Original Author : L. Frank Baum

အခန်း - ၁၅ ဆိုးဝါးသော အော့ဇ် အကြောင်းကို ရှာဖွေသိရှိသွားခြင်း


ထို ခရီးသွားလေးယောက်သည် မြစိမ်းရောင်မြို့တော်၏ ကြီးမားသောဂိတ်တံခါးဆီ လျှောက်သွားပြီး အချက်ပေးခေါင်းလောင်းကို နှိပ်လိုက်သည်။ တစ်ချက်ပြီးတစ်ချက် နှိပ်ပြီး အတော်ကြာကာမှ သူတို့အရင်က တွေ့ဆုံခဲ့ဖူးတဲ့ ဂိတ်တံခါး စောင့်ရှောက်သူက ရောက်လာပြီး ဂိတ်ကို ဖွင့်ပေးသည်။

သူက အံ့ဩသင့်စွာဖြင့် မေးလိုက်သည် “ဘာကြီးလဲ !! ဘာတွေဖြစ်ကုန်တာလဲ….မင်းတို့က ဘယ်လိုလုပ် ဒီပြန်ရောက်လာကြတာလဲ”

စာခြောက်ရုပ်က ဖြေလိုက်သည် “မင်း ငါတို့ကိုတွေ့မြင်နေရတယ်မဟုတ်ဘူးလား”

“ဒါပေမဲ့ …မင်းတို့က အနောက်ပိုင်းစုန်းမ ဆီ သွားလည်နေတယ်လို့ ငါထင်ခဲ့တာလေ’

စာခြောက်ရုပ်က ပြောလိုက်သည် “ မင်းထင်တာမှန်တယ်လေ၊ ငါတို့ တကယ်ပဲ သူမဆီ သွားလည်ပြီး သွားပြီ”

ထို လူက သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည် “အဲ့ဒီ့တော့ သူမ ကမင်းတို့ကို လွှတ်ပေးလိုက်တာလား”

စာခြောက်ရုပ်က ရှင်းပြလိုက်သည် “သူမ က ဘယ်လိုလုပ်လွှတ်ပေးနိုင်တော့ မှာလဲ၊ သူမကိုယ်တိုင်တောင် အရည်ပျော်ကျသွားတာကို”

ထို လူကပြောလိုက်သည် “ဘာ… အရည်ပျော်ကျသွားတာ၊ အဲ့ဟာ တကယ့်ကို သတင်းကောင်းပဲ၊ ဘယ်သူက သူမကို အရည်ပျော်သွားအောင်လုပ်လိုက်တာ လဲ”

ခြသေ့်က လေးလေးနက်နက် ပြောလိုက်သည် “ဒေါ်ရသီ လုပ်လိုက်တာ”

ထိုလူ သည် အံ့ဩတကြီးဖြင့် “ဘယ်လိုတောင်လား….အံ့ဩဖို့ကောင်းလိုက်တာ” ဟု အာမေဋိတ်သံဖြင့် ပြောဆိုပြီးနောက် သူသည် ဒေါ်ရသီ့ကို ရိုသေစွာ ဦးညွတ်လိုက်တော့သည်။

ထို့နောက် သူတို့ကို အခန်းငယ်လေးတစ်ခန်းထဲသို့ ခေါ်ဆောင်သွားကာ အရင်ကလုပ်ခဲ့သလိုမျိုး အလွယ်တကူချွတ်မရအောင် သော့ခတ်ထားသော မျက်မှန်များကို အစိမ်းရောင်သေတ္တာထဲမှ ထုတ်ယူကာ သူတို့ မျက်လုံးများပေါ်တွင် တပ်ဆင်ပေးလိုက်သည်။ လုပ်ဆောင်စရာရှိသည်တို့ကို လုပ်ဆောင်ပြီးနောက် ဂိတ်တံခါးဝ မှ  ဖြတ်သန်းကာ မြစိမ်းရောင်မြို့တော်ထဲသို့ ဝင်ရောက် လာ ကြတော့သည်။ မြို့ထဲရှိလူများကလည်း ဂိတ်တံခါးစောင့်ရှောက်သူထံမှ တဆင့် ဒေါ်ရသီက အနောက်ပိုင်းနယ်မြေရဲ့ ကောက်ကျစ်သော စုန်းမကို အရည်ပျော်ကျအောင် လုပ်ခဲ့သူဖြစ်ကြောင်း သိရသောအခါ ထိုခရီးသွားများ အနားတွင် ဝိုင်းအုံလျက် သူတို့နောက်မှ ကပ်လိုက်လာကြသည်မှာ အော့ဇ်၏ နန်းတော်သို့ လာရာလမ်းတလျှောက် လူစုလူဝေးကြီးတောင်ဖြစ်နေတော့သည်။

နန်းတော် တံခါးပေါက်မှာတော့  ထိုအစိမ်းရောင်မုတ်ဆိတ်ရှည် စစ်သား ပင် စောင့်ကြပ်နေဆဲဖြစ်သောကြောင့် သူတို့မှန်းသိသည်နှင့် တစ်ခါထဲ ဝင်ခွင့်ပေးလိုက်လေသည်။ အထဲသို့ ရောက်ပြီးနောက် အရင်တစ်ခါ ကတွေ့ခဲ့ဖူးသော ထို အစိမ်းရောင် မိန်းမလှလေးကပဲ သူတို့ အရင်အနားယူရာ အခန်းများဆီသို့ အော့ဇ်က လက်ခံမတွေ့ဆုံမီ အနားယူနိုင်ရန် ပို့ပေးခဲ့လေသည်။

ဒေါ်ရသီ နှင့် သူမ၏ ခရီးသွားအပေါင်းအဖော်တို့က ကောက်ကျစ်သော စုန်းမကို ဖျက်ဆီးပြီးနောက် ပြန်ရောက်လာခဲ့ပြီဆိုသော သတင်းကို ထိုစစ်သား ကအော့ဇ်ဆီသို့ တန်းတန်းမတ်မတ် သွားရောက်သတင်းပို့ပေးခဲ့သော်လည်း အော့ဇ်က အကြောင်းမပြန်ခဲ့ချေ။ သူတို့ ထင်ထားတာက အော့ဇ်က ထိုသတင်းကြားသည်နှင့် တပြိုင်နက် သူတို့ကို လက်ခံတွေ့ဆုံဖို့ အကြောင်းပြန်မယ်ထင်ထားခဲ့တာ အခုတော့ သူဘာကိုမှ ပြန်မပြေခဲ့ဘူး။ အဲ့လိုနဲ့ သူတို့ တစ်ရက်ပြီး တစ်ရက် အော့ဇ်များ ဘယ်တော့အကြောင်းပြန်မလဲဟု စောင့်နေခဲ့သေည်လည်း ရက်တွေသာ ကုန်ဆုံးသွားသည်၊ အော့ဇ်ဘက်ကတော့ စကားလေးတစ်ခွန်းတောင် ပြန်မပြောခဲ့ပေ။ ထိုကဲ့သို့ စောင့်နေခြင်း က တကယ့်ကို စိတ်မော လူမော ဖြစ်စေသောကြောင့် နောက်ဆုံး အော့ဇ်ကို မကျေမနပ်ဖြစ်မိလာတော့သည်…ထိုစုန်းမ၏ ကျွန်ပြုမှုတွေနှင့် ဆင်းရဲပင်ပန်းမှုတွေကို ဖြတ်သန်းခဲ့ပြီးတာတောင်သူတို့ကို တကယ့်ကို ဆိုးဝါးစွာ ဆက်ဆံနေတယ် ဆိုတဲ့ အတွေးတွေ ကြီးထွားလာတော့သည်။ ထို့ကြောင့် စာခြောက်ရုပ်က ထိုအစိမ်းရောင်မိန်းကလေးမှတဆင့် နောက်ဆုံးအကြိမ် အဖြစ် မေးခိုင်းလိုက်သည် က - တကယ်လို့ ဒီတစ်ခါလည်း တွေ့ဖို့ကိစ္စ ဘာမှအကြောင်းမပြန်ဘူး၊ တွေ့ခွင့်လည်း မပေးဘူးဆိုရင် အတောင်ပံပါမျောက်တွေကို ဆင့်ခေါ်ပြီး သူတို့ကနေတဆင့် ငါတို့ကို သင်ပေးထားတဲ့ကတိကို တည်မလား မတည်နိုင်ဘူးလားဆိုတဲ့ အကြောင်း ကူညီပြီမေးခိုင်းလိုက်မယ်။ ထိုအကြောင်းအရာကို မှော်ဆရာသိသွားသောအခါမှာတော့ သူ အလွန်ကြောက်လန့်သွားပြီး သူ့ကို ညီလာခံခန်းမမှာ နောက်တနေ့မနက် ကိုးနာရီထိုးပြီး လေးမိနစ်မှာလာတွေ့ဖို့ အကြောင်းပြန်လိုက်တော့သည်။ သူ အရင်တစ်ခါက အနောက်ပိုင်းနယ်မြေမှာ အဲ့မျောက်တွေနဲ့ တစ်ခါ တွေ့ခဲ့ပြီးကတည်းက အဲ့မျောက်တွေကို နောက်တစ်ခါ ထပ်မတွေ့ချင်တော့ဘူးလေ။

နောက်တနေ့ မနက် ကိုးနာရီ ထိုးခါနီးတွင် အစိမ်းရောင်မုတ်ဆိတ်ရှည် စစ်သား ကပင် သူတို့ကို လာခေါ်လိုက်သည်၊ နောက် လေးမိနစ် ကြာသောအခါ သူတို့တွေအကုန်လုံး အော့ဇ်နှင့်တွေ့ဆုံရန်ညီလာခံခန်းမထဲသို့ ဝင်ရောက်ခဲ့ကြသည်။

သူတို့တွေ သေချာပေါက်မျှော်လင့်ထားတာက အရင်တခါကတွေ့ခဲ့ရတဲ့ပုံစံတွေထဲက တမျိုးနဲ့ အော့ဇ့်ကို တွေ့ခွင့်ရမယ် တွက်ထားပေမဲ့ သူတို့ အခန်းတစ်ခန်းလုံး လျှောက်ကြည့်တာတောင် သူတို့ကလွဲပြီး အခြားဘယ်သူ့ကိုမှမတွေ့ရသောကြောင့် အကြီးအကျယ် အံ့အားသင့်နေကြသည်။ သူတို့ တံခါးပိတ်လိုက်ပြီး ရာ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ တိတ်ဆိတ်ငြိမ်သက်နေခြင်းက အော့ဇ့်ကို တခြား ပုံတွေနဲ့ တွေ့ရခြင်းထက် ပိုပြီး ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းသည်။

ထိုအချိန်မှာပင် ကြီးမားသော အမိုးခုံးကြီး၏ ထိပ်ဘက် အနီးအနား တစ်နေရာမှ တည်ငြိမ်စွာ ထွက်ပေါ်လာသော အသံတစ်သံကို ကြားလိုက်ရသည် ၊ ၎င်းကပြောသည် - “ကျွန်ုပ်က အော့ဇ် ဖြစ်တယ်….ဆိုးဝါးတဲ့..ကြီးမြတ်တဲ့ အော့ဇ်၊ သင်တို့က ဘာကြောင့် ကျွန်ုပ်ကို တွေ့ချင်ရတာလဲ”

သူတို့တွေ အခန်းထောင့်တွေတိုင်းကို လိုက်ကြည့်လိုက်သည်၊ သို့သော် တစ်ယောက်မှ မတွေ့ရပေ။ ဒေါ်ရသီက မေးလိုက်သည် “အရှင်က ဘယ်နားမှာလဲ”

ထို အသံက ပြန်ဖြေသည် “ငါက နေရာတိုင်းမှာ ရှိတယ်၊ ဒါပေမဲ့ ဒီလို သေမျိုးလူသားတွေရဲ့ သာမန်မျက်လုံး အမြင်အာရုံက ငါ့ကို မမြင်နိုင်ကြဘူး၊ အခု ငါ ပလ္လင်ပေါ်မှာထိုင်နေတာ အဲ့တော့ သင် ကျွန်ုပ်နဲ့ စကား အပြန်အလှန်ပြောလို့ရတယ်”

အမှန်တကယ်လည်း ထိုအသံက ပလ္လင်ပေါ်မှ ထွက်ပေါ် လာသကဲ့သို့ထင်ရလေသည်၊ ထို့ကြောင့် သူတို့ အရှေ့သို့ တိုးကာ အတန်းလိုက်ရပ်ပြီးနောက် ဒေါ်ရသီက ပြောလိုက်သည် “ဟို ….အော့ဇ် သင့်ကတိအတိုင်း ကျွန်ုပ်တို့ အလိုရှိရာကို လုပ်ဆောင်ပေးဖို့ အတွက်ကျွန်ုပ်တို့ လာရောက်ပြီး အကြောင်းကြားတာ ပါ”

အော့ဇ်ကမေးလိုက်သည် “ဘာ ကတိလဲ”

မိန်းကလေးက  ပြောလိုက်သည် “ဒီကောက်ကျစ်တဲ့ စုန်းမကို ဖျက်ဆီးနိုင်တယ်ဆိုရင် ကျွန်ုပ် ကို ကန်ဆတ်စ်ကို ပြန်ပို့ပေးမယ်လို့ ကတိပေးလိုက်တယ်လေ”

စာခြောက်ရုပ်က လည်းပြောလိုက်သည် “ ပြီးတော့ အရှင် ကျွန်ုပ် ကိုလည်း ဦးနှောက်ပေးမယ်လို့ ကတိပေးတယ်လေ”

Tin woodman ကလည်း ပြောသည် “ကျွန်ုပ်ကိုရောပဲလေ နှလုံးသားတစ်ခုပေးမယ်လို့ ကတိပေးလိုက်တာ”

သူရဲဘောကြောင်သောခြသေ့်သည် လည်း ပြောလိုက်သည် “ကျွန်ုပ်ကို လည်းပဲ ရဲစွမ်းသတ္တိပေးမယ် ကတိပေးခဲ့တာ”

ထို အသံက မေးလိုက်သည် “တကယ်ပဲ…အဲ့ကောက်ကျစ်တဲ့စုန်းမ ကို ဖျက်ဆီးလိုက်တာလား” ။ ထိုကဲ့သို့ မေးလိုက်သောအသံသည် အနည်းငယ်တုန်လှုပ်နေပုံ ရသည်ဟု ဒေါ်ရသီလေးတွေးမိရင်း သူမ ပြန်ဖြေလိုက်သည် “ဟုတ်တာပေါ့၊ သူမကို ကျွန်ုပ် ရေတစ်ပုံးနဲ့ အရည်ပျော်ကျအောင်လုပ်လိုက်တာ”

ထိုအသံ က ပြောလိုက်သည် “အလိုလေး…ဘယ်လိုတောင်လား…ကောင်းပြီလေ အဲ့လိုဆိုရင်လည်း ငါ စဉ်းစားဖို့ အချိန်လိုအပ်တယ် မနက်ဖြန်မှ ထပ်လာခဲ့ကြပါ”

Tin Woodman က ဒေါသထွက်ထွက်ဖြင့်ပြောလိုက်သည် “သင် အချိန်တွေ အများကြီး ယူပြီးပြီလို့ မထင်ဘူးလား”

စာခြောက်ရုပ်ကလည်း ဝင်ပြောလိုက်သည် “ငါတို့ နောက်ထပ်တစ်ရက်တောင် မစောင့်နိုင်တော့ဘူး”

ဒေါ်ရသီ ကလည်း အတိအလင်း ဝင်ပြောသည် “သင် ကျွန်ုပ်တို့ကို ပေးထားတဲ့ ကတိတည်ရမယ်လေ!! ”

ခြသေ့်ကတော့ ဒီမှော်ဆရာကို နည်းနည်းတော့ ကြောက်သွားအောင် ခြောက်လှန့်ရမယ်ဟု တွေးကာ လွန်စွာ ကျယ်လောင်သော ဟိန်းဟောက်သံကြီး ပြုလုပ်လိုက်သည်၊ ထို အသံသည် ကျယ်လောင်ပြီး ကြောက်မက်ဖွယ်ကောင်းသော ကြောင့် တိုတို သည်ပင် လန့်ဖြန့်ကာ သူ့ဆီမှ အဝေးကို ထွက်ပြေးကာ အနားရှိ လိုက်ကာအစွန်းပေါ်မှ ခုန်ကျော်ကာ ထောင့်တစ်ထောင့်သို့ ပြေးဝင်သွားပြီး ရပ်နေလေသည်။ ထို့ ကြောင့် တစ်ခုခု ပြုတ်ကျသံကြားလိုက်ရ၍ လှည့်ကြည့်လိုက်ရာ ထိုလိုက်ကာနောက်မှ အရာကို မြင်လိုက်ရသောအခါ သူတို့ သိချင်စိတ်တွေတဖွားဖွားဖြစ်လာခဲ့သည်။ သူတို့ မြင်လိုက်ရတာကတော့…ထို လိုက်ကာနောက်ကွယ်မှာ ပုန်းလျိုးနေတဲ့ လူအို သေးသေးလေးတစ်ယောက်၊ မျက်နှာမှာ အရေးအကြောင်းတွေနဲ့ အပြင် ထိပ်ကလည်းပြောင်နေသေးသည် ၊ ပြီးတော့ သူ့ကြည့်ရတာ သူတို့ထက်တောင် အံ့ဩသင့်နေပုံပေါက်သည်။ Tin Woodman က သူ့ပုဆိန်ကို မြှောက်ကာ ထို လူသား အဖိုးအိုဆီသို့ ပြေးသွားကာ အော်မေးလိုက်သည် “သင်က ဘယ်သူလဲ”

ထို အိုမင်းနေတဲ့ လူသားသေးသေးလေးက တုန်လှုပ်စွာဖြင့် ပြန်ဖြေလိုက်သည် “ငါက…ငါက ….အော့ဇ်လေ ၊ ကြီးမြတ်တဲ့ ဆိုးဝါးတဲ့ အော့ဇ်ပါ၊ ဒါပေမဲ့ ကျေးဇူးပြုပြီး ….ငါ့ကို မခုတ်ချလိုက်ပါနဲ့.. သင်ဘာဖြစ်ချင်လဲ ငါအကုန်လုပ်ပေးမယ်လေ”

ထို သူငယ်ချင်းတစ်စုသည် စိတ်ပျက်လက်ပျက်ဖြင့် သူ့ကို အံ့ဩတကြီး ကြည့်နေမိလေသည်။

ဒေါ်ရသီက ပြောလိုက်သည် “ငါက အော့ဇ်ဆိုတာက ခေါင်းအကြီးကြီး ဖြစ်မယ်ထင်နေတာ”

စာခြောက်ရုပ်ကလည်း ပြောသည် “ငါလည်း ထင်နေတာ သူက ချစ်စဖွယ်မိန်းမပျိုလေးဆိုပြီး”

Tin Woodman လည်းပြောလိုက်သည် “ပြီးတော့ ငါထင်နေတာကလည်း အော့ဇ်ဆိုတာ ရက်စက်တဲ့ သားရဲကြီးပေါ့”

ခြသေ့်လည်း ဝင်ပြောလိုက်သည် “ငါကတော့အော့ဇ်က မီးဘောလုံးကြီးလို့ ထင်ထားတာ”

ထို လူသေးသေးလေးက နူးညံ့သိမ်မွေ့စွာပြောလိုက်သည် “ဘယ်ကသာ ဟုတ်ရမှာလဲ၊ မင်းတို့ အကုန်လုံးမှားတယ်၊ ငါက မင်းတို့ ယုံအောင်လုပ်ထားတာ”

ဒေါ်ရသီက အော်ပြောလိုက်သည် “ဘာ….ငါတို့ယုံအောင်လို့…..ဘာလို့လဲ သင်က ကြီးမြတ်တဲ့ မှော်ဆရာကြီးမဟုတ်ဘူးလား”

သူ ကပြောလိုက်သည် “ဟမ်….ငါ့ရဲ့ ချစ်လှစွာသော …ကလေးမလေးရေ အဲ့လောက်အကျယ်ကြီး မပြောနဲ့လေ၊ သင်ပြောတာကို အပြင်က လူတွေ ကြားသွားရင် ဘယ်နဲ့လုပ်မလဲ..အဲ့လိုသာဆို ငါတော့သွားပြီလေ၊ ငါက ကြီးမြတ်တဲ့ မှော်ဆရာကြီးလို့ ထင်နေအောင် နေနေရတာ”

သူမက မေးလိုက်သည် “ပြီးတော့ သင်က …မဟုတ်ဘူးလား”

“ဘယ်ကလာ ဟုတ်ရမှာလဲ၊ မဟုတ်ကဟုတ်ကတွေ ငါက ဒီအတိုင်းရိုးရိုး သာမာန်လူတစ်ယောက်ပဲကို”

စာခြောက်ရုပ်က မချိတင်ကဲ ဖြင့် ပြောလိုက်သည် “သင်က သာမာန်ဆိုတာထက်တော့ ပိုပါတယ် သင်က အယောင်ဆောင်ထားတဲ့ သူ မလား”

ထို လူသေးသေးလေးက သူ့လက်နှစ်ဖက်ကို စိတ်သက်သာရာရသွားသကဲ့သို့ ပွတ်ရင်း အတိအလင်း ပြောလိုက်သည် “သေချာတာပေါ့ အဲ့အတိုင်း အတိအကျပဲ၊ ငါ ဒီအတိုင်း  အယောင်ဆောင်ထားတာလေ”

Tin Woodman ကပြောလိုက်သည် “ဒါပေမဲ့ …ဒီလိုသာဆို တကယ်ဆိုးဝါးတာပဲ၊ ငါလိုချင်တဲ့ နှလုံးသားကို ဘယ်လိုလုပ်ရတော့မလဲ”

ခြသေ့်ကလည်း မေးလိုက်သည် “အာ…ငါ့အတွက် ရဲစွမ်းသတ္တိရော”

စာခြောက်ရုပ်ကလည်း သူ့ရဲ့ ကျဆင်းလာသော မျက်ရည်များကို ကုတ်အင်္ကျီလက်ဖြင့် သုတ်ရင်း တရှုံ့ရှုံ့ ငိုကြွေးကာ မြည်တမ်းနေသည် “အာ…ငါ့ရဲ့ ဦးနှောက်လေးရော ဘယ်လိုလုပ်ရပါတော့မလဲ”

ထို အော့ဇ် ကပြောလိုက်သည် “ငါ့ရဲ့ ချစ်လှစွာသော သူငယ်ချင်းလေးတို့ရေ…မင်းတို့ရဲ့အဲ့ကိစ္စသေးသေးလေးတွေကို ထားပါအုန်း…ငါ့ဘက်ကလည်းတွေးကြည့်ပေးပါအုန်း၊ အခုလို ဖော်ထုတ်ခံလိုက်ရတာ ငါ့အတွက် တော်တော်ပြသနာတက်တော့မယ်”

ဒေါ်ရသီက မေးလိုက်သည် “သင်က အယောင်ဆောင်ထားတယ်ဆိုတာ ဘယ်သူမှ မသိကြဘူးလား”

အော့ဇ်က  ပြန်ပြောလိုက်သည် “မင်းတို့ လေးယောက်နဲ့ ငါကိုယ်တိုင်ကလွဲရင် ဘယ်သူမှ မသိကြဘူး၊ ပြီးတော့လည်း ဒီလောက်အကြာကြီး အကုန်လုံးကို အရူးလုပ်လာနိုင်ပြီး ဖုံးကွယ်ထားနိုင်ခဲ့တာ။ မင်းတို့ကို ဒီညီလာခံခန်းမထဲဝင်ခိုင်းလိုက်မိတာကို က ငါ့အတွက် အကြီးကျယ်ဆုံးအမှားတစ်ခုပဲ။များသောအားဖြင့် ငါ့ လက်အောက်ငယ်သားတွေကိုတောင် အတွေ့မခံတဲ့နောက် တော့ ငါက ဆိုးရွားတယ်ဆိုတာကို သူတို့ တကယ်ယုံကြည်သွားကြရောလေ”

ဒေါ်ရသီလေး ကသိချင်စိတ်အပြည့်ဖြင့်မေးလိုက်သည် “ဒါပေမဲ့ တကယ်နားမလည်တာတစ်ခုရှိတယ် သမီးနဲ့တွေ့တုန်းက သင်ကဘယ်လိုလုပ်ပြီး‌ ခေါင်းအကြီးကြီးပုံစံနဲ့ ပေါ်လာရတာတုန်း”

အော့ဇ်က ပြန်ဖြေလေသည် “ဒါက ငါ့ရဲ့ လှည့်ကွက်သေးသေးလေးတစ်ခုပဲ၊ ဒီဘက်ကိုလာခဲ့ သမီးကို ဘယ်လိုလုပ်တာလဲပြောပြမယ်။”

ထို့နောက် ညီလာခံခန်းမထဲရှိ အခန်းငယ်လေး တစ်ခန်းဆီ သို့ လျှောက်သွားတော့ သူတို့က သူ့နောက်ကနေ လိုက်လာခဲ့တော့သည်။ သူ က ထိုအခန်းထဲမှာ စက္ကူစအထူကြီးဖြစ် လုပ်ထားပြီး မျက်နှာပုံစံ ဆေးခြယ်ထားသော လူခေါင်းကြီးတစ်ခု ထားရှိရာ အခန်းထောင့်ချိုးလေးတစ်ခုကို ညွှန်ပြလိုက်သည်။

အော့ဇ် ကဆက်ပြောသည် “ဒီဟာကို မျက်နှာကျက်ကနေ ဝိုင်ယာကြိုးနဲ့ ငါ တန်းလန်းချထားလိုက်တာလေ၊ ပြီးတော့ ငါက လိုက်ကာနောက်ကနေပြီး ဒီခေါင်းမှာ ချည်ထားတဲ့ ကြိုးမျှင်မျှင်လေးကို ကိုင်ထားပြီး မျက်လုံးတွေ ပါးစပ်တွေကို အလိုရှိသလို လှုပ်နေလိုက်တာလေ”

သူမ ကဆက်လက် စူးစမ်းလေသည် “ဒါဆို…အသံကရော ဘယ်လိုလုပ်တာလဲ”

ထို လူသေးသေးလေးက ပြောပြလေသည် “ အို..ဒါကတော့လား ငါက နှုတ်ခမ်းမလှုပ်ပဲ စကားပြောနိုင်တဲ့ ပညာရှင်တစ်ယောက်လေ၊ ငါ ဆန္ဒရှိတဲ့အခါတိုင်း လူတွေက ငါ့ နှုတ်ခမ်းလှုပ်တာ မမြင်ရပဲ စကားသံကိုပဲ ဘယ်နားက ထွက်လာတာမှန်း မသိအောင်လုပ်နိုင်တယ်လေ။ အဲ့ဒီ့တော့ သင်က အဲ့အသံက ခေါင်းကြီးထဲကထွက်လာတာလို့ထင်သွားတာပေါ့လေ အဲ့လိုနည်းနဲ့ သင့်ကို လှည့်စားနိုင်ခဲ့တာပဲ”

ထို့နောက်တွင် သူက စာခြောက်ရုပ်ကို ချစ်စဖွယ် မိန်းမပျိုလေးအသွင် လှည့်စားတုန်းက သုံးခဲ့သည့် အဝတ်အစားများနှင့် မျက်နှာဖုံးတို့ကိုလည်း ပြပြီးနောက် Tin Woodman နှင့်တွေ့ခဲ့သည့် သားရဲကောင်ကြီးကို လည်းပြသောအခါမှ ထိုသားရဲကောင်ကြီးမှာ ဘာမှမဟုတ်ပေ၊ အရေခွံတွေအများကြီးကို တွဲချုပ်ထားသော အရာကြီးပင်ဖြစ်သည်။ ခြသေ့် မြင်ခဲ့ရသော မီးဘောလုံးဆိုသည်မှာလည်း ထိုမှော်ဆရာ အယောင်ဆောင်က မျက်နှာကျက်ပေါ်က တွဲလောင်းချထားခြင်းသာဖြစ်သည်။ ထိုအရာက တကယ်တော့ ချည်ဘောလုံးတစ်လုံးသာဖြစ်ပြီး အပေါ်မှာ ဆီသုတ်လိမ်းထားသောကြောင့် အရှိန်ပြင်းပြင်းလောင်ကျွမ်းနေခြင်းဖြစ်သည်။

စာခြောက်ရုပ်က ပြောလိုက်သည် “တကယ်ကြီးကိုပဲ ….သင် မရှက်ဘူးလား ဒီလိုမျိုး အယောင်ဆောင်ဘဝနဲ့နေနေရတာ”

ထိုလူက ဝမ်းနည်းကြေကွဲစွာ ပြန်ဖြေသည် “ဘယ်ကသာ..ငါ…ငါလည်း သေချာပေါက်ရှက်တာပေါ့ ဒါပေမဲ့လည်း အဲ့ဟာက ငါလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာပဲလေ။ အရင်ဆုံး ထိုင်ကြပါအုန်း…ဒီမှာလည်း ခုံတွေအများကြီးရှိတာပဲ ပြီးရင် ငါ ပုံပြင်တစ်ပုဒ်ပြောပြမယ်လေ”

ထို့ကြောင့် သူတို့တွေ ထိုင်ခုံတွေပေါ် အသီးသီး ထိုင်ချလိုက်ကြကာ သူပြောပြသည့် ဇာတ်လမ်းလေးကို နားထောင်ခဲကြသည် -

“ ငါ့ကို အိုမာဟာမှာ မွေးခဲ့တာ…”

ဒေါ်ရသီ ကအော်ပြောလိုက်သည် “အာ…ဘာကြောင့်လဲ၊ အဲ့နေရာက ကန်ဆတ်စ်ကနေဆို သိပ်မဝေးဘူး”

သူ ခေါင်းကို ဝမ်းနည်းစွာဖြင့် ဖြည်းညင်းစွာ ခါယမ်းရင်းပြောလိုက်သည် “မဟုတ်ဘူး၊ ဒါပေမဲ့ ဒီကနေဆိုရင်တော့ အရမ်းဝေးတယ်လေ၊ အဲ့မှာ ငါကြီးပြင်းလာတော့ အသံတုအမျိုးမျိုးလုပ်နိုင်တဲ့ သရုပ်ဆောင် ပညာရှင်တစ်ယောက်ဖြစ်လာခဲ့တယ်၊ ပြီးတော့ အဲ့လိုဖြစ်လာအောင်လည်း ငါ့ရဲ့ ဆရာက ကောင်းကောင်းလေ့ကျင့်ပေးခဲ့တယ်လေ၊ ဘယ်လို သားရဲ သတ္တဝါ ဖြစ်စေ၊ ဘယ်ငှက် အသံပဲဖြစ်ဖြစ် ငါသေချာ အတုခိုးပြောနိုင်တယ်” 

အဲ့လိုပြောနေရင်းနဲ့ သူသည် ကြောင်တစ်ကြောင်ကဲ့သို့ အော်ပြလိုက်လေသည် ၊ထိုအခါ တိုတို သည် သူ့နားရွက်များကိုထောင်ကာ နားထောင်ရင်း ထိုကြောင်မ ဘယ်မှာလဲ ဟု လိုက်ရှာနေလေသည်။ အော့ဇ်က ဆက်ပြောသည် “အဲ့လိုနေလာရင်းနဲ့ ကြာလာတော့ ငါငြီးငွေ့လာပြီ မီးပုံးပျံ ဘောလုံး စီးသူတစ်ဦးဖြစ်လာခဲ့တယ်” ဒေါ်ရသီလေး ကမေးလိုက်သည် “အဲ့တာက ဘာလုပ်တာလဲ”

သူ ကရှင်းပြသည် “ဆက်ကပ်ပွဲ ကျင်းပတဲ့နေ့ မှာ အဲ့လူက မိုးပျံပူဖောင်း အပေါ် တက်လိုက်ပြီး လူတွေ အာရုံစိုက်မိအောင် လုပ်ရတာ အဲ့တော့မှ သူတို့က ဆက်ကပ် ပွဲကို သတိပြုမိပြီး ကြည့်ဖို့ လာကြတာ”

သူမ ကပြောလိုက်သည် “အော်…အဲ့လိုမျိုးလား…နားလည်ပါပြီ”

“ကောင်းပြီ အဲ့လိုနဲ့ ငါ မိုးပျံပူဖောင်းပေါ်ရောက်နေတဲ့ အချိန် ကြိုးတွေက လိမ်သွားပြီး ပြန်ဆင်းလာလို့ မရတော့ဘူး။ အဲ့ဒီ့နောက် အဲ့မိုးပျံပူဖောင်း က တိမ်တွေကြားထဲထိ ရောက်သွားပြီး လေပြင်းနောက်ပါသွားပါလေရော အဲ့လိုနဲ့ မိုင်တွေအများကြီးလွင့်ပါသွားခဲ့တာ။ တစ်နေ့နဲ့တစ်ည အဲ့လိုလေနောက်ပါသွားပြီး နောက်တနေ့ ဒုတိယမြောက်နေ့ ငါလည်းနိုးလာရော စီးလာတဲ့ မိုးပျံပူဖောင်းက ဒီလိုသာယာလှပတဲ့ ထူးဆန်းတဲ့ တိုင်းပြည်ဆီရောက်နေတာကို တွေ့လိုက်ရတယ်”

“မိုးပျံပူဖောင်းက အောက်ဘက်ကို တဖြည်းဖြည်း နိမ့်ဆင်းလာခဲ့ပြီး ငါလည်းနည်းနည်းတောင် ဘာမှ မထိခိုက်လိုက်ဘူး။ ဒါပေမဲ့ ငါ ထူးထူးဆန်းဆန်းလူတွေကြားထဲရောက်နေတာ သိလိုက်ရတယ် ပြီးတော့ သူတို့ကလည်း ငါက တိမ်တွေကြားထဲကနေ ဆင်းလာတာကို တွေ့လိုက်ပြီးတော့ ငါ့ကို ကြီးမြတ်တဲ့ မှော်ဆရာကြီးဆိုပြီး ထင်ကြရော။ အဲ့လိုနဲ့ပဲ ငါလည်း သူတို့ထင်ချင်သလိုထင်ပစေတော့ဆိုပြီး ထားလိုက်ရတာ၊ ပြီးတော့ သူတို့ ကြည့်ရတာ ငါ့ကို ကြောက်လန့်နေကြပြီး ငါဘာပြောပြော လုပ်ပေးပါ့မယ်ဆိုပြီး ကတိပေးကြတယ်လေ”

“အဲ့ဒါနဲ့ ငါလည်း ပျော်စရာလေးတွေ ဖန်တီးချင်လာပြီး သူတို့လို လူကောင်းတွေကို အလုပ်လေးနည်းနည်း ပိုရှုပ်စေချင်တာနဲ့ သူတို့ကို ငါ့အတွက် နန်းတော်နဲ့ မြို့တစ်မြို့ဆောက်ပေးဖို့ အမိန့်ပေးလိုက်ရော၊ သူတို့က အဲ့ဒါကိုလည်း ကျေကျေနပ်နပ်ကြီး လုပ်ပေးကြတယ်လေ။အဲ့ဒီ့နောက်တော့ ဒီတိုင်းပြည်က အရမ်းလှပြီး နေရာတိုင်းက စိမ်းမြမြဖြစ်နေတယ်လို့ တွေးမိတော့ ဒါကို မြစိမ်းရောင် မြို့တော်လို့ အမည်ပေးလိုက်တယ်၊ ပြီးတော့ အဲ့နာမည်နဲ့ပိုပြီး လိုက်ဖက်သွားအောင် ဒီမှာနေတဲ့ လူတွေအကုန်လုံးကို မှန်အစိမ်းနဲ့ မျက်မှန်တွေလုပ်ပြီးတပ်ခိုင်းလိုက်တာပဲ၊ အဲ့လိုနဲ့ပဲ သူတို့မြင်မြင်သမျှအရာတိုင်းက အစိမ်းရောင်တွေဖြစ်ကုန်ရောလေ”

ဒေါ်ရသီက မေးလိုက်သည် “ဒါဆို ဒီမှာရှိသမျှ အရာအားလုံးက အစိမ်းရောင်မဟုတ်ဘူးလား”

အော့ဇ်က ပြန်ဖြေလိုက်သည် “ဒီမြို့ကလည်း တခြားမြို့တွေလိုပါပဲ ဘာမှ သိပ်မကွာခြားပါဘူး၊ ဒါပေမဲ့ သင်က မျက်မှန်အစိမ်းတွေဝတ်ထားပြီး အဲ့ဟာတွေနဲ့ကြည့်တဲ့ အခါကျတော့ သေချာပေါက်ကို သင်မြင်သမျှ အရာတိုင်းက အစိမ်းရောင်ဖြစ်နေမှာပေါ့။ ဒီမြစိမ်းရောင်မြို့တော်ကို စတင်ဆောက်ခဲ့တုန်းက ငါကလည်း မိုးပျံဘောလုံးနဲ့ ပါလာတဲ့ လူငယ်လေးတစ်ယောက်၊ အခုတော့ ဒီမြို့တော်ကို တည်ဆောက်ခဲ့တာနှစ်တွေတောင် အတော်ကြာခဲ့ပြီးတော့ ငါလည်း အခုဆို လူအိုကြီးတစ်ယောက်ဖြစ်နေခဲ့ပြီ။ သို့သော်လည်း ကျွန်ုပ်ရဲ့ ပြည်သူတွေအကုန်လုံးက ဒီမျက်မှန်အစိမ်းတွေကို အကြာကြီးတပ်လာခဲ့ကြတော့ သူတို့တွေ အကုန်လုံး အတွေးထဲမှာ ဒါက တကယ့်ကို အစိမ်းရောင်တွေအပြည့်နဲ့ မြစိမ်းရောင်မြို့တော်ဖြစ်နေပြီ၊ အဲ့ဒါအပြင်ကို ဒီမှာ တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာတွေနဲ့ သတ္တုတွေလည်း အများကြီးပဲ ကောင်းမွန်တဲ့ အရာတွေကိုလည်း သူတို့ အကုန်လုံးရနိုင်ကြတယ်လေ၊အဲ့တော့ သူတို့တွေ လည်း ပျော်ရွှင်နေကြတာပေါ့။ ငါကလည်း သူတို့တွေအပေါ် ကောင်းကောင်းဆက်ဆံပေးတော့ သူတို့က ငါ့ကိုလည်း သဘောကျကျတယ် ပြီးတော့ ဒီနန်းတော် ဆောက်ပြီးကတည်းက ဒီထဲမှာပဲ ငါ့ကိုယ်ငါ ပိတ်လှောင်ပြီးနေခဲ့တာ ဘယ်သူ့ကိုမှ အတွေ့မခံခဲ့ဘူး”

“ငါအကြောက်ဆုံးက တော့ ဒီကစုန်းမတွေပဲ၊ ငါ့မှာက တကယ့်ကို ဘာမှော်အစွမ်းမှ မရှိတဲ့ အပြင် ဒီက စုန်းမတွေကတော့ တကယ့်ကို အံ့ဩစရာကောင်းတာတွေ လုပ်ပြနိုင်တယ်လေ။ ဒီကနယ်မြေ ကို အရှေ့၊ အနောက်၊ တောင်၊မြောက် ဆိုပြီး‌ လေးပိုင်းခွဲထားပြီး အဲ့စုန်းမ လေးယောက်က အသီးသီး အုပ်ချုပ်ကြတယ်။ ကံကောင်းသွားတာက မြောက်ပိုင်းနယ်မြေနဲ့ တောင်ပိုင်း ကစုန်းမတွေက လူကောင်းတွေ ပြီးတော့ သူတို့က ငါ့ကို ထိခိုက်အောင် မလုပ်ကြဘူးဆိုတာ ငါသိနေတယ် ဒါပေမဲ့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း နယ်မြေက စုန်းမ နှစ်ယောက်ကကျတော့ ဆိုးသွမ်းကောက်ကျစ်တယ်၊ တကယ်လို့ သူတို့ကသာ ငါက သူတို့ ထင်ထားသလိုမျိုး စွမ်းအားမကြီးဘူးဆိုတာသာ သိသွားခဲ့ရင် သူတို့ ငါ့ကို လာဖျက်ဆီး ကြမှာပဲ။ အဲ့လိုကြောင့်ပဲ နှစ်ပေါင်းများစွာ ငါ အထိတ်တလန့်နဲ့ နေခဲ့ရတယ်၊ ဒါကြောင့် သင်စိတ်ကူးကြည့်စမ်းပါ…. သင့်ရဲ့ အိမ်က အရှေ့ပိုင်းနယ်မြေက စုန်းမပေါ်ကျပြီး ပိသေသွားတယ်လို့ ကြားခဲ့ရတုန်းက ငါ တကယ့်ကို ကျေနပ်ပီတိဖြစ်ခဲ့ရတာ။ သင် ကျွန်ုပ် ကို လာရှာတဲ့ အခါ သင်သာ နောက်စုန်းမတစ်ယောက်ကိုပါ အဝေးမောင်းထုတ်နိုင်ခဲ့ရင် ဘာပဲဖြစ်ဖြစ်လုပ်ပေးမယ်ဆိုပြီး ကတိပေးခဲ့တယ်။ ဒါပေမဲ့ အခုတော့ သင်က သူမကို အရည်ပျော်ကျအောင် လုပ်လိုက်သော်လည်း ငါ့ကတိကို တည်အောင် ဘာမှ မလုပ်ပေးနိုင်တဲ့ အတွက် အရမ်းကို ရှက်မိပါတယ်”

ဒေါ်ရသီက ပြောလိုက်သည် “သင်က တကယ့်ကို အကျင့်မကောင်းတဲ့သူပဲ”

“အို…မဟုတ်ရပါဘူး…ငါ့ရဲ့ချစ်လှစွာသော ကလေးမလေးရေ…ငါက တကယ့်ကို ကောင်းမွန်တဲ့ လူကောင်း တစ်ယောက်ပါ၊ ဒါပေမဲလည်း မှော်ဆရာတစ်ယောက်အနေနဲ့ဆိုရင်တော့ တကယ့်ကို ဆိုးဝါးလွန်းတာကိုတော့ ငါ ဝန်ခံတယ်”

စာခြောက်ရုပ်က မေးလိုက်သည် “ကျွန်ုပ်ကို ဦးနှောက် မပေးနိုင်ဘူးလား ဟင်”

“မင်းအတွက် အဲ့ဟာက လိုအပ်မယ်မထင်ပါဘူး၊ မင်းနေ့တိုင်း တစ်ခုခုကို သင်ယူနေနိုင်တာပဲကို၊ ကလေးလေးတစ်ယောက်မှာလည်း ဦးနှောက်ပါတာပဲ၊ ဒါပေမဲ့ သူဆို ဘာမှ မသိဘူးလေ။ အတွေ့အကြုံက သာ တကယ့်အသိပညာ ဗဟုသုတတွေပဲ ပြီးတော့ ဒီကမ္ဘာလောကကြီးထဲမှာ မင်း ကြာကြာနေနိုင်လေ နေ့တိုင်း မင်းအလိုရှိသလောက် အသိပညာတွေကို သေချာပေါက် ရရှိနိုင်တာပဲလေ”

စာခြောက်ရုပ်က ပြောလိုက်သည် “အဲ့လိုကျတော့လည်း သင်ပြောတာတွေက မှန်နေသလိုပဲ၊ ဒါပေမဲ့လည်း သင် ငါ့ကို ဦးနှောက်မပေးမချင်း ငါတကယ့်ကို မပျော်မရွှင်ဖြစ်နေတော့မှာပဲ”

ထို မှော်ဆရာ အတု သည် သူ့ကို သေချာကြည့်လိုက်လေသည်။

သူ သက်ပြင်းချပြီးပြောလိုက်သည် “ကောင်းပြီလေ၊ ငါ တကယ့်မှော်ဆရာတစ်ယောက်တော့ မဟုတ်ပေမဲ့ တကယ်လို့ သင် မနက်ဖြန် မနက် ငါ့ဆီလာခဲ့မယ်ဆိုရင် သင့်ခေါင်းထဲ ဦးနှောက်ထည့်ပေးမယ်။ ဒါကို ဘယ်လို အသုံးပြုရမယ်ဆိုတာတော့ ငါပြောပြမှာ မဟုတ်ဘူး၊ သင့်ဘာ့သာ သင် ဘယ်လို အသုံးချရမလဲဆိုတာ ရှာဖွေရမယ်”’’

စာခြောက်ရုပ်သည် အော်ပြောလိုက်တော့သည် “အို…ကျေးဇူး….တကယ့်ကို ကျေးဇူးတင်ပါတယ်၊ ငါသေချာပေါက် ဘယ်လိုသုံးရမလဲဆိုတာ ကိုယ့်ဘာ့သာ ရှာနိုင်မှာပါ မစိုးရိမ်ပါနဲ့”

ခြသေ့်ကလည်း စိတ်လှုပ်ရှားစွာ မေးလိုက်သည် “ငါ့အတွက် ရဲစွမ်း သတ္တိကရော”

အော့ဇ်က အဖြေပေးလိုက်သည် “မင်းဆီမှာ သတ္တိတွေ အများကြီးရှိပါတယ်။ မင်းလိုအပ်နေတာက ကိုယ့်ကိုကိုယ် ယုံကြည်မှုပဲ။ အန္တရာယ်နဲ့ ရင်ဆိုင် ကြုံတွေ့လာရတဲ့အခါ မကြောက်တတ်တဲ့ သက်ရှိသတ္တဝါဆိုတာ မရှိပါဘူး။ တကယ့် ရဲစွမ်းသတ္တိအစစ်အမှန်က မင်းအန္တရာယ်နဲ့ ကြုံတွေ့လို့ ကြောက်လန့်နေတဲ့အချိန်မှာ ပေါ်ထွက်လာပါလိမ့်မယ်၊ အဲ့လိုမျိုး ရဲစွမ်းသတ္တိက မင်းဆီမှာ အများကြီးရှိနေပြီးသားပါ”

ခြသေ့်က ပြောလိုက်သည် “အင်း အဲ့လိုလည်း ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ငါက အရင်ကလိုပဲကြောက်တတ်နေတုန်းပဲကို၊ ငါက ကြောက်တတ်တဲ့ သူ တစ်ဦးဆိုတာကို မေ့နိုင်ရလောက်တဲ့ ရဲစွမ်းသတ္တိကို သင် ငါ့ကို မပေးသရွေ့ တကယ့်ကို မပျော်ရွှင်နိုင်ဘူး”

အော့ဇ် ကတုန့်ပြန်လိုက်သည် “ကောင်းပါပြီ အဲ့လိုဆိုရင်လည်း မနက်ဖြန် မင်းလိုချင်နေတဲ့ သတ္တိမျိုးပေးမယ်”

Tin Woodman ကမေးလိုက်သည် “ငါ့အတွက် နှလုံးသားကရော”

အော့ဇ်ကဖြေလိုက်သည် “ဘာကြောင့်လဲ….ဘာအတွက်လိုတာလဲ၊ မင်း နှလုံးသားတစ်ခုလိုချင်တာတော့ မှားနေပြီလို့ ထင်တာပဲ၊ အဲ့ဟာက လူအများကို စိတ်မပျော်ရွှင်မှု စိတ်မချမ်းသာမှုတွေ အများဆုံးဖြစ်ပေါ်စေတဲ့အရာပဲ။ အဲ့အကြောင်းကိုသာ သင်သိရင် သင့်မှာ နှလုံးသားမရှိတာ ကံကောင်းတာလို့တောင်တွေးနေမှာ။

Tin Woodman က ပြန်ပြောလိုက်သည် “အဲ့ဒါနဲ့ ပတ်သတ်ပြီးကတော့ တစ်ယောက်နဲ့ တစ်ယောက် သဘောထားချင်းမှ မတူတာကို၊ ငါ့အတွက်တော့ သင်သာ ကျွန်ုပ်ကို နှလုံးသားတစ်ခု ပေးမယ်ဆိုရင် စိတ်မချမ်းသာစရာဖြစ်ရပ်တွေ ဖြစ်လာခဲ့မယ်ဆိုရင်တောင် တစ်ချက်ကလေးတောင် မညည်းညူပဲ ကျွန်ုပ်ဘာ့သာ ခံယူပါမယ်။”

အော့ဇ်က သိမ်မွေ့စွာ ပြန်ဖြေလိုက်သည် “ကောင်းပါပြီ၊ မနက်ဖြန် ငါ့ဆီလာခဲ့ သင်အလိုရှိတဲ့ နှလုံးသားရပါလိမ့်မယ်။ ငါ မှော်ဆရာတစ်ယောက်လို အယောင်ဆောင်လာတာကလည်း နှစ်တွေအကြာကြီးဖြစ်နေပြီပဲ နောက်ထပ်နည်းနည်းလောက် ထပ်ဟန်ဆောင်လိုက်ပါ့မယ်လေ”

ဒေါ်ရသီလေးက မေးလိုက်သည် “ပြီးတော့ရော သမီးကရော အခု ဘယ်လို ကန်ဆတ်စ်ကို ပြန်သွားရတော့မှာလဲ”

ထို သူက ပြန်ဖြေလိုက်သည် “အဲ့ဒါနဲ့ ပတ်သက်ပြီး ငါတို့ စဉ်းစားကြတာပေါ့၊ ဒီကိစ္စ စဉ်းစားဖို့ ငါ့ကို နှစ်ရက် သုံးရက်လောက် အချိန်ပေး၊ ပြီးမှပဲ  နည်းလမ်းရှာပြီး ဒီသဲကန္တာရထဲကနေ ဟိုဘက် ရောက်အောင် ပို့ပေးမယ်။ ဒီအတောအတွင်းမှာတော့ ငါ့ ရဲ့ ဧည့်သည့်တွေအဖြစ်နဲ့ပဲ နန်းတော်ထဲမှာပဲနေအုန်း၊ ဒီနန်းတော်ထဲ သူတွေက မင်းတို့ လိုချင်တာအကုန်လုပ်ပေးလိမ့်မယ်။ ငါ တစ်ခုပဲ အကူအညီပြန်တောင်းမယ် ငါက အယောင်ဆောင်ထားတဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောပြရဘူး၊ လျို့ဝှက်ချက်ကို သေချာထိန်းသိမ်းပေးပါ။”

သူတို့ ဖြစ်ပျက်သိရှိခဲ့သမျှကို မည်သူ့ကိုမှ မပြောပြဖို့ သဘောတူလိုက်ပြီး စိတ်အားတက်ကြွစွာဖြင့် အခန်းရှိရာသို့ ကိုယ်စီပြန်သွားကြလေသည်။ ဒေါ်ရသီတောင်မှ ကြီးမြတ်ပြီး ဆိုးဝါးသော အယောင်ဆောင်မှော်ဆရာ ဟု သူမခေါ်သော သူက သူမကို ကန်ဆတ်စ် ပြန်ပို့ပေးနိုင်မည့် နည်းလမ်း ရှာပေးမည်ဟု မျှော်လင့်နေတော့သည်၊ သူသာ တကယ်လို့ နည်းလမ်း ရှာတွေ့ခဲ့မယ်ဆိုရင် သူလုပ်ခဲ့သမှ အရာတွေအကုန်လုံးကို ခွင့်လွှတ်ပေးလိုက်မှာပေါ့။


rate now: