book

Index 14

14. အတောင်ပံပါမျောက်များ

  • Author : Mei Mei
  • Genres : Adventure, Action
  • Original Author : L. Frank Baum

အခန်း -၁၄ အတောင်ပံပါမျောက်များ


သင်တို့လည်းမှတ်မိကြမှာပါ ….ထိုကောက်ကျစ်သော စုန်းမနေထိုင်ရာ ရဲတိုက်နှင့် မြစိမ်းရောင်မြို့တော်တို့ အကြားတွင် ဖောက်ထားသည့် ဖြတ်သန်းသွားနိုင်မည့် လမ်းကြီးမပြောနှင့် လမ်းကြောင်းအတိအကျ တောင် မရှိပေ။ ထိုခရီးသွား လေးယောက်တို့သည် စုန်းမကို လာရှာခဲ့ကြစဥ်က စုန်းမကသာ သူတို့လာနေတာကို တွေ့ပြီး အတောင်ပံပါမျောက်တွေကို လွှတ်ကာ သူတို့ကို ခေါ်ဆောင်သွားခဲ့ခြင်း

ဖြစ်သည်။ထိုကဲ့သို့ ခေါ်ဆောင်သွားခြင်းခံရသည်ထက် ယခုတော့ သူတို့ သည် ထောပတ်ခွက်ပန်းခင်းနှင့် အဝါရောင်ဒေစီပန်းခင်း ကြီးတို့အလယ်တွင် သူတို့ ပိုယ်တိုင် သွားရမည့်လမ်းကြောင်းကိုရှာဖွေနေရသည်မှာ တကယ့်ကို ခက်ခဲသည်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ နေထွက်တဲ့ အရှေ့ဘက် တည့်တည့် ကို ဦးတည်ပြီးသွားရင် သူတို့လာခဲ့တဲ့ လမ်းကြောင်းပေါ် ပြန်ရောက်နိုင်လိမ့်မည်။ ဒါပေမဲ့ အခုက မွန်းတည့်ချိန်ကြီးဖြစ်နေတော့ နေကသူတို့ခေါင်းပေါ်ရောက်နေပြီး ဘယ်ဘက်က အရှေ့၊ အနောက်မှန်း မသိနိုင်တော့ပေ၊ ထိုအကြောင်းကြောင့်ပင် သူတို့သည် ကြီးမားသော ပန်းခင်းထဲတွင် လမ်းရှာမတွေ့နိုင် ဖြစ်နေတော့သည်။သို့သော်လည်း သူတို့ ဆက်လျှောက်နေကြမြဲပင် ၊ အဲ့လိုလျှောက်နေကြရင်း ညရောက်လာတော့ လ ထွက်လာသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ရွှန်းစိုတောက်ပနေတော့သည်။ ထိုကဲ့သို့ စိတ်ကြည်နူးဖွယ်အခြေအနေကြောင့် သူတို့သည် ချိုအီမွှေးပျံ့နေသော အဝါရောင်ပန်းခင်း အလယ်တွင် လဲလျောင်းလိုက်ကြပြီးနောက် Tin Woodman နှင့် စာခြောက်ရုပ်မှလွဲ၍ အကုန်လုံး နောက်တနေ့ မနက်အထိ အိပ်ပျော်သွားကြသည်။

နောက်တနေ့မနက်ခင်း နေမင်းသည် တိမ်တိုက်တို့နောက်တွင် ပုန်းကွယ်နေလေသည်၊ တိမ်ထူထပ်နေသောမနက်ခင်းကို ကြုံတွေ့လိုက်ရသော်လည်း  သွားရမည့် လမ်းကြောင်းကိုသိနေသကဲ့သို့ပြုမှုကာ သူတို့ ခရီးစဉ်ကို စတင်လိုက်ကြသည်။

ဒေါ်ရသီ ကပြောလိုက်သည် “ငါတို့ အတော်ဝေးဝေးသွားမိရင်တော့ တစ်နေရာရာကိုတော့ ရောက်သွားမှာ သေချာတယ်”

ဒါပေမဲ့လည်း နေ့ရက်တွေသာ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်၊ သူတို့ အခုထိ ရဲရဲနီနေသော ပန်းခင်းမှလွဲ၍ ဘာကိုမှ မမြင်မတွေ့ရသေးပေ။ စာခြောက်ရုပ်သည် စတင်ပြီး အနည်းငယ် တုန်လှုပ်လာမိသည်။

သူက ပြောလိုက်သည် “ငါတို့တော့ လမ်းပျောက်နေပြီ ထင်တယ်၊ ပြီးတော့ လမ်းရှာမတွေ့ပဲ မြစိမ်းရောင်မြို့တော်ကို အချိန်မှီမရောက်ရင် ငါ ဦးနှောက် မရနိုင်တော့ဘူးထင်တယ်”

Tin Woodman ကလည်း ဝင်ပြောသည် “ငါရောပဲလေ …ဘယ်လိုလုပ် နှလုံးသားတစ်ခု ရတော့မလဲ၊ကြည့်ရတာတော့ အော့ဇ်ဆီ ရောက်တဲ့အထိ စိတ်ရှည်ရှည်ထားစောင့်ဆိုင်းရမယ်ထင်တယ်၊ ပြီးတော့ ဒီခရီး က အရမ်းရှည်လျားတယ်ဆိုတာတော့  သင်တို့တွေဝန်ခံရတော့မယ်”

ခြသေ့်ကလည်း တိုးတိုးလေးပြောသည် “သင်တို့လည်း သိတာပဲ၊ ငါ သတ္တိမရှိဘူးဆိုတာ အဲ့တော့ အခုလို တစ်နေရာရာကိုတောင် မရောက်ပဲ ယောင်လည်လည်ဖြစ်ပြီး တစ်သက်လုံး လျှောက်သွားနေရတာမျိုးကို ကြောက်တယ်၊ ရင်မဆိုင်ရဲဘူး”

ထို့နောက် ဒေါ်ရသီသည်လည်း မျှော်လင့်ချက်ပျောက်ဆုံးသွားခဲ့သည်။ သူမ မြက်ခင်းပေါ် ထိုင်ချလိုက်ပြီး သူမ၏ အပေါင်းအဖော် တွေကို ကြည့်လိုက်သည်၊ တိုတို ကတော့ သူ့ဘဝတလျှောက်တွင် ပထမဆုံး ခေါင်းပေါ်က ပျံပြေးသွားသော လိပ်ပြာလေးများကို လိုက်ဖမ်းရသည်ကို ငြီးငွေ့သွားတော့သည်။ ထို့ကြောင့် သူလျှာကိုထုတ်ကာ ဟောဟဲလိုက်နေပြီး သူတို့ နောက်ထပ် ဘာလုပ်ရမလဲ ဟုမေးနေသောအကြည့်ဖြင့် ဒေါ်ရသီ့ကို ကြည့်နေလေသည်။

သူမ အကြံပြုလိုက်သည် “ငါတို့ လယ်ကြွက်တွေကို ခေါ်သင့်တယ်ထင်တယ်၊ သူတို့များ ပြောပြနိုင်မလားမသိဘူး မြစိမ်းရောင်မြို့တော်ကို ဘယ်လိုပြန်သွားရတယ်ဆိုတာ”

စာခြောက်ရုပ်ကလည်း ထအော်ပြောသည် “သေချာတာပေါ့ သူတို့ဆို သိနိုင်လောက်တယ်၊ ဒါကို ဘာလို့ ငါတို့ စောစောစီးစီး မတွေးမိရတာလဲ”

ဒေါ်ရသီသည် လယ်ကြွက် ဘုရင်မ ပေးခဲ့သော သူမလည်ပင်းတွင်အမြဲ ဆွဲထားသည့် ဝီစီသေးသေးလေးကို မှုတ်လိုက်လေသည်။ နောက် မိနစ် အနည်းငယ်အကြာတွင် သူတို့ခြေထောက်အောက်မှ ချိုးချိုးချွတ်ချွတ်အသံများကို ကြားလိုက်ရပြီး မီးခိုးရောင် လယ်ကြွက်သေးလေးများစွာသည် သူမဆီသို့ ပြေးလာနေသည်။ ထိုကြားထဲတွင် ဘုရင်မ ကိုယ်တိုင်ပါလာပြီး သူမ၏ စူးရှသော အသံသေးသေးလေးဖြင့် မေးလိုက်သည် - “သူငယ်ချင်းတို့ ငါဘာလုပ်ပေးရမလဲ”

ဒေါ်ရသီကဖြေလိုက်သည် “ငါတို့ လမ်းပျောက်နေကြလို့လေ၊ အဲ့ဒါကြောင့် မြစိမ်းရောင်မြို့တော်က ဘယ်နားမှာလဲဆိုတာ ပြောပြနိုင်မလား ဟင်”

ဘုရင်မ က ပြန်ဖြေလိုက်သည် “သေချာတာပေါ့………ဒါပေမဲ့ ဒီကနေဆို အဝေးကြီးလိုသေးတယ်၊ သင်တို့ က တချိန်လုံး အနောက်ကို ပြန်လျှောက်နေခဲ့ကြတာဖြစ်မယ်၊ မြို့တော်က အနောက်မှာ ကျန်နေခဲ့တာ” ထို့နောက် ဘုရင်မသည် ဒေါ်ရသီ ၏ ရွှေဦးထုပ်ကို သတိပြုမိသွားပြီးမေးလိုက်သည် “ဘာလို့ ဦးထုပ်ရဲ့ မှော်အစွမ်းကို မသုံးတာလဲ၊ သင် အတောင်ပံပါတဲ့မျောက်တွေကို ခေါ်လိုက်လို့ရတယ်လေ၊ သူတို့ သယ်ပြီး ပို့ပေးလိုက်ရင် မြို့တော်ကို တစ်နာရီအတွင်းရောက်သွားမှာလေ”

ဒေါ်ရသီ အံ့ဩတကြီး အဖြေပေးလိုက်သည် “အဲ့လို မှော်အစွမ်းရှိတာ ငါမသိခဲ့ဘူး၊ အဲ့ဒါကဘာလဲ ဟင်”

လယ်ကြွက်တို့ ၏ ဘုရင်မက ပြန်လည်အဖြေပေးလိုက်သည် “အဲ့အကြောင်းကို ရွှေဦးထုပ် အတွင်းဘက်မှာ ရေးထားတယ်၊ ဒါပေမဲ့ သင် အတောင်ပံပါမျောက်တွေကို ခေါ်မယ်ဆိုရင် ကျွန်ုပ်တို့ အရင်ထွက်ပြေးရမယ်၊ ဘာလို့လဲဆိုတော့ သူတို့က တကယ့်ကို ဉာဏ်နီဉာဏ်နက်များပြီးငါတို့ကို နှိပ်စက် ရတာကို အတော်ပျော်ဖို့ကောင်းတယ်ထင်တဲ့ အကောင်တွေလေ”

မိန်းကလေးက စိတ်ပူပန်စွာဖြင့် မေးလိုက်သည် “သူတို့ က အဲ့လိုဆို ငါ့ကိုတော့ နာကျင်အောင် လုပ်နိုင်လား”

“အို….မဟုတ်ပါဘူး သူတို့က ဦးထုပ်ရဲ့ အမိန့်ကို နာခံရတယ်လေ….နှုတ်ဆက်ပါတယ် သူငယ်ချင်းတို့‌ရေ..ဘိုင့်ဘိုင့်” ဟုပြောကာ သူမသည် မျက်စိအောက်မှ လျင်မြန်စွာ ပြေးထွက်သွားပြီးနောက် ရှိရှိသမျှ ကြွက်များသည်လည်း သူမနောက်မှ လျင်မြန်စွာ လိုက်ပါသွားကြသည်။

ဒေါ်ရသီသည် ဦးထုပ်၏ အတွင်းဘက်သို့ ကြည့်လိုက်သောအခါ ရေးသားထားသော စာအတန်းလိုက်ကို တွေ့လိုက်ရသည်။ သူမတွေးလိုက်သည် ………ဒီဟာတွေက မှော်ဂါထာဖြစ်ရမယ်၊ ထို့နောက် သူမ ရှင်းလင်းဖော်ပြချက်များကို သေချာဖတ်ပြီးနောက် ဦးထုပ်ကို သူမခေါင်းပေါ်သို့ ဆောင်းလိုက်သည်။

 သူမ ဘယ်ဘက်ခြေထောက်ပေါ်ရပ်ကာ “အက်-ပီ၊ ပီ့- ပီ၊ ကတ်- က” ဟု ရွတ်လိုက်သည်။

သူမ ဘာလုပ်နေသလဲဆိုတာ မသိသော ကြောင့် စာခြောက်ရုပ်ကမေးလိုက်သည် “သင်ဘာပြောလိုက်တာလဲ…”

ဒီတစ်ကြိမ်တော့ဒေါ်ရသီက သူမ ညာဘက်ခြေထောက်ပေါ်ပြောင်းရပ်ကာ ဆက်ရွတ်နေသည် “ဟေ-လို၊ ဟို -လို၊ ဟဲ -လို !”

Tin Woodman ကတော့ တည်တည်ငြိမ်ငြိမ် ပင် ပြန်ဖြေလိုက်သည် “ဟယ်လို”

ဒေါ်ရသီက ယခု သူမ ခြေထောက်နှစ်ချောင်း ပေါ်ရပ်ကာ ရွတ်လိုက်သည် 

“ဇီ့ -ဇီ၊ ဇု - ဇ၊ ဇစ်ခ်!”

ထို့သို့ပြောပြီးနောက် မှော်ဂါထာရွတ်ဆိုခြင်းကို အဆုံးသတ်လိုက်သောအခါ အတောင်ပံခတ်သံများနှင့်အတူ ကျယ်လောင်သောစကားသံများဖြင့် ထို အတောင်ပံပါမျောက်အုပ်လိုက်ကြီးသည် သူတို့ဆီသို့ ပျံသန်းရောက်ရှိလာခဲ့သည်။

မျောက်ဘုရင်သည် ဒေါ်ရသီ့ကို ဦးညွှတ်ကာ မေးလိုက်သည် “သင့် အမိန့် ကိုပြောပါ”

ကလေးမလေးကပြောလိုက်သည် “ငါတို့ လမ်းပျောက်နေလို့ မြစိမ်းရောင်မြို့တော်ကို သွားချင်တယ် ပို့ပေးပါလား”

ထိုဘုရင်က ပြန်ဖြေလိုက်သည် “ကျွန်ုပ်တို့ သင်တို့ကို သယ်ဆောင်ပြီး ခေါ်သွားပါ့မယ်”။ သူ့စကားဆုံးသည်နှင့်တပြိုင်နက် မျောက်နှစ်ကောင်က ဒေါ်ရသီ့ကို သူတို့ လက်မောင်းကြားတွင်ပွေ့ချီ သယ်ဆောင်ကာ ပျံသန်းထွက်ခွာသွားသည်၊ အခြားမျောက်များက စာခြောက်ရုပ်၊ Tin Woodman နှင့် ခြသေ့်တို့ကို သယ်ဆောင်သွားပြီး၊ ခွေးကလေးတိုတို သည် မျောက်ကလေးကို ကိုက်ရန်ကြိုးပမ်းနေသော်လည်း ထိုမျောက်လေးက သူ့ကို ပွေ့ယူကာ သူတို့နောက်မှ ပျံသန်းလိုက်ပါလာခဲ့သည်။

စစချင်းတော့ စာခြောက်ရုပ်နှင့် Tin Woodman သည် ကြောက်လန့်နေခဲ့ကြသည်၊ သူတို့ကို ထိုမျောက်များက အရင်က မည်သို့ဆက်ဆံခဲ့ကြသည်ကိုတွေးမိကာ တုန်လှုပ်နေကြသည်၊ သို့သော် ယခု မည်သို့မျှ အန္တရာယ်ပေးမည့်ပုံမပေါ်သောအခါ လေထဲမှ ပျော်ရွှင်စွာဖြင့်  လှပသော ဥယျာဉ်များနှင့် သစ်တောများကို ငုံ့ကြည့်ကြရင်း လိုက်ပါလာခဲ့ကြတော့သည်။

ဒေါ်ရသီသည် အကြီးဆုံးမျောက်နှစ်ကောင်၏ လက်မောင်းကြားထဲမှ လိုက်ပါရသည်မှာ လွယ်ကူပြီး သက်တောင့်သက်သာ ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ ထိုထဲမှာ တစ်ကောင်မှာ မျောက်ဘုရင်ကိုယ်တိုင်ဖြစ်သည်။ သူတို့သည် လက်များကို ထိုင်ခုံသဖွယ် ပြုလုပ်ပြီး‌ဒေါ်ရသီ့ကို မထိခိုက်စေရန် ဂရုတစိုက်ဖြင့် ပျံသန်းခဲ့ကြသည်။

သူမက မေးလိုက်သည် “ဘာလို့ သင်တို့က ဒီရွှေဦးထုပ်ရဲ့ မှော်အမိန့်ကို နာခံရတာလဲ”

မျောက်ဘုရင်က အတောင်ပံခတ်ကာ ရယ်မောရင်း  ပြန်ဖြေလေသည် “ဒါက…ပြောရရင်တော့ အရှည်ကြီးပဲ၊ ဒါပေမဲ့ ကျွန်ုပ်တို့ သွားရမည့် ခရီးကလည်း အရှည်ကြီး ကျန်သေးတော့ သင်တကယ်လို့ နားထောင်ဖို့ဆန္ဒရှိတယ်ဆိုရင်တော့ အချိန်ကုန်အောင် ပြောပြပေးမယ်လေ သင်လည်းခရီးအရှည်ကြီး မပျင်းလောက်အောင်အချိန်ဖြုန်းတဲ့အနေနဲ့ နားထောင်မလား”

သူမ ပြန်အဖြေပေးလိုက်သည် “ဒါပေါ့ ပြောပြမယ်ဆို ဝမ်းသာအားရနားထောင်ဖို့ အသင့်ပဲ”

မျောက်အုပ် ခေါင်းဆောင် ဖြစ်သူ ထိုဘုရင်က စ ပြောလိုက်သည် - “တစ်ခါတုန်း ကပေါ့… ငါတို့ ကလွတ်လပ်တဲ့သူတွေပဲလေ၊ တောနက်ကြီးထဲမှာ သစ်ပင်တွေတစ်ပင်က တစ်ကင်ခုန်ကူးလိုက်၊ သစ်သီးသစ်ဖုတွေ စားသောက်ကြပြီး၊ ဘယ်သူ့ကို မှ ဆရာခေါ်စရာမလိုပဲ ငါတို့ကြိုက်နှစ်သက်သလို နေထိုင်ကြတာပေါ့။ တစ်ခါတလေတော့ ငါတို့ထဲက အနည်းငယ်က တွေက နည်းနည်း ဉာဏ်များပြီး မကောင်းတာလုပ်တတ်ကြတယ် …အတောင်မပါတဲ့ တိရစ္ဆာန်လေးတွေ ပေါ် ခုန်ချပြီး သူတို့ အမြီးတွေ လိုက်ဆွဲတာမျိုး..ပြီးတော့ ငှက်တွေကို လိုက်စတယ်၊ တောထဲမှာ သွားနေတဲ့ လူတွေကို အသီးတွေနဲ့ ပစ်ပေါက်တယ်။ ဒါပေမဲ့  ငါတို့ အဲ့အချိန်တုန်း ကတကယ့်ကို လွတ်လပ်ပြီး အပူအပင်မရှိ၊ နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် နေနိုင်ခဲ့တယ်။ ဤအရာတွေက တိမ်တွေထဲကနေ အော့ဇ်ထွက်ပေါ်လာပြီး နယ်မြေတွေကို မအုပ်စိုးခင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကပေါ့။

အဲ့အချိန် မြောက်ပိုင်း ကနေအတော်ဝေးဝေးတဲ့ ဒီနေရာမှာ အလွန်လှပတဲ့ မင်သမီးလေးတစ်ပါးရှိခဲ့တယ် သူမက မှော်ပညာရှင်လည်းဖြစ်သည်။ သူမ ရဲ့ မှော်ပညာနဲ့ လူတွေကို ကူညီခဲ့တယ်၊ ပြီးတော့ သူမက လူကောင်းတွေကို ဘယ်တော့မှ အန္တရာယ် မပြုဘူး ၊ မထိခိုက်စေခဲ့ဘူး ။ သူမ နာမည်က ဂေရယ်လက် လို့ခေါ်တယ်၊ သူမက ပတ္တမြားတုံးတွေနဲ့ဆောက်ထားတဲ့ ခမ်းနားထည်ဝါတဲ့ နန်းတော်ကြီးမှာနေထိုင်ခဲ့တယ်။ လူတွေအကုန်လုံးက သူမကို ချစ်မြတ်နိုးကြတယ်၊ ဒါပေမဲ့ သူမရဲ့ အကြီးမားဆုံး ဝမ်းနည်းမှုကတော့ ဒီကယောကျ်ားတွေအကုန်လုံးက တုံးအကြပြီး ရုပ်ဆိုးကြတော့  သူမ လို ဉာဏ်ပညာထက်မြက်ပြီးလှပတဲ့ မင်းသမီးအနေနဲ့ သူမ ချစ်ခင်နှစ်သက်သူကို ရှာမတွေ့သေးနိုင်တာပဲ။ နောက်ဆုံးမှာတော့ သူမ ကောင်လေးတစ်ယောက်ကို ရှာတွေ့ခဲ့တယ်…သူက သူ့အသက်အရွယ်ထက်ကို ယောကျ်ားပီသပြီး ဉာဏ်ပညာကြီးမား

ထက်မြက်သည့်အပြင် ချောမော ခံ့ညားတယ်။ အဲ့ဒီ့တော့ ဂေရယ်လက် က ထို သူ အရွယ်ရောက်လာတဲ့အခါ သူမ ခင်ပွန်းသည် ဖြစ်အောင်လုပ်၇မယ်လို့ ဆုံးဖြတ်လိုက်တယ်၊ အဲ့လိုနဲ့ သူ့ကို သူမ နေထိုင်ရာ ပတ္တမြား နန်းတော်ထဲကို ခေါ်ဆောင်လာခဲ့ပြီး သူမ ပိုင်ဆိုင်တဲ့ မှော်စွမ်းအင်တွေ အကုန်သုံးပြီး သူ့ကို မိန်းကလေးတိုင်း မျှော်လင့်တောင်တဲ့ သန်မာပြီး ကောင်းမွန်တဲ့ချစ်စဖွယ်ယောကျ်ားတစ်ယောက်ဖြစ်အောင် ပြုလုပ်ပေးခဲ့တယ်။ အဲ့လို နဲ့ ခွေလားလာ လို့ ခေါ်တဲ့ထိုကောင်လေး အရွယ်ရောက်လာသော အခါ အပေါ်မှာ ပြောခဲ့သလိုပဲ သူက ဒီကနယ်မြေ တွေအားလုံးထဲမှာ ယောကျ်ားပီသပြီး အခန့်ညားဆုံးဆိုတဲ့ စကားလုံး ထက်တောင် ကျော်လွန်ပြီး ချောမော ခန့်ညားခဲ့သည်သာမက အသိဉာဏ်ပညာ အကြွယ်ဝဆုံးနဲ့ အထက်မြက်ဆုံး ယောကျ်ားတစ်ဦးဖြစ်လာခဲ့တယ်။

 ထို့အခါ ဂေရယ်လက် သည် သူ့ကို လွန်စွာ ချစ်မြတ်နိုးလာခဲ့သောကြောင့် လက်ထပ်ပွဲကိုတောင် အဆောတလျင် ပြုလုပ်ရန် စီစဉ်ခဲ့သည်။ 

အဲ့အချိန်တုန်းက ကျွန်ုပ် အဖိုးက အတောင်ပံပါမျောက်တွေရဲ့ဘုရင် ဖြစ်ပြီး ဂေရယ်လက်ရဲ့ နန်းတော်နား က တောအုပ်ထဲမှာ နေခဲ့ကြသည်။ ပြီးတော့ ကျွန်ုပ်ရဲ့ အဘိုးမျောက်ကြီးက ညစာကောင်းကောင်းစားရတာက သူက နောက်ပြောင်ကျီဆယ်ရတာကို ပိုနှစ်သက်တယ်လေ။ တနေ့မှာတော့ လက်ထပ်ပွဲမတိုင်ခင် ကျွန်ုပ်ရဲ့အဖိုးက သူ့မျောက်အုပ်နဲ့အတူ ပျံသန်းလာရင်းမြစ်ကမ်းဘေးမှာ လမ်းလျှောက်နေတဲ့ ခွေလားလာ ကို တွေ့လိုက်တဘ်။ သူက တန်ဖိုးကြီးတဲ့ ပန်းရောင်ပိုးသား၊ ခရမ်းရောင်ကတ္တီပါသား တို့နဲ့ ချုပ်ထားတဲ့ ဝတ်စုံအပြည့်ကို ဝတ်ဆင်ထားတာတွေ့ရတော့ အဲ့ဝတ်စုံပြည့်နဲ့ တစ်ခုခုဆို သူဘာလုပ်နိုင်မလဲ မြင်ချင်လိုက်တာလို့ တွေးမိသွားတယ်။ အဲ့ဒီ့နောက်မှာတော့ သူက အမိန့်ပေးလိုက်တယ် သူ့မျောက်အုပ်ကို ခွေလားလာ ရှိရာကို သူတို့တွေထိုးဆင်းသွားကာ သူ့ကို လက်မောင်းကြားထဲထည့် ကာ မြစ်လယ်ရောက်သည် အထိ သယ်ဆောင်သွားပြီး ရေထဲကို ပစ်ချလိုက်တော့တယ်လေ။

ငါ့ အဖိုးက အော်ပြောနေခဲ့တယ် “ငါ့ကောင်ချောလေး‌ရေ…. မင်း အဝတ်အစားတွေ စွန်းထင်း လွယ်လား ကြည့်ရအောင်  ရေကူးပြပါလား”။ ခွေလားလာ က ဉာဏ်ပညာနဲ့ပြည့်စုံသူတစ်ဦး ဖြစ်ပြီး သူ့ရဲ့ ကံကောင်းမှုတွေကြောင့် ဆိုးဆိုးဝါးဝါးမဖြစ်သွားခဲ့ပေ။ သူ ကရယ်မောလိုက်ပြီး ရေပေါ်သို့ ပြန်တက်လာကာ ကမ်းစပ်သို့သာ ပြန်လည်ကူးခတ်လာခဲ့တော့သည်။ ဒါပေမဲ့ ဂေရယ်လက် အပြေးအလွှား ရောက်လာသောအခါ သူ့ ပိုး နဲ့ ကတ္တီပါ အဝတ်အစားတွေ သည် မြစ်ရေကြောင့် ပျက်စီး ကုန်သည်ကို တွေ့လိုက်ရသည်။

“အသေအချာကိုပဲ၊ မင်းသမီး ကအရမ်းကို ဒေါသထွက်သွားပြီး ဒါ ဘယ်သူလုပ်တာမှန်းလဲသူမသေချာသိနေခဲ့တယ်။ အတောင်ပံပါမျောက်တွေကို သူမ အရှေ့မှာ တန်းစီ လာခိုင်းလိုက်ကာ ပထမတော့ သူမပြောလိုက်တယ် သူတို့အတောင်တွေကို ချည်ပြီး သူတို့ ခွေလားလာကို လုပ်သလိုမျိုး မြစ်ရေထဲကို ပစ်ချပစ်လိုက်မယ်…။ဒါပေမဲ့ တကယ်လို့ သာ မျောက်တွေက အတောင်ပံတွေချည်နှောင်ခံရပြီး ရေထဲပစ်ချခံရရင် ရေနစ်ပြီးသေကုန်မယ်ဆိုတာ သိတော့ ကျွန်ုပ်အဖိုးက အနူးအညွတ်တောင်းပန်ခဲ့ပြီး ခွေလားလာ ကလည်း သူတို့အတွက် ဝင်ပြောပေးလေသည်။ ထိုအခါမှ ဂေရယ်လက်က သက်ညှာဖို့ ဆုံးဖြတ်လိုက်ပြီး အတောင်ပံပါမျောက်တွေက ရွှေဦးထုပ် ရဲ့ပိုင်ရှင်ဖြစ်သူ အလိုရှိတဲ့ ကိစ္စသုံးခုကို ဆောင်ရွက်ပေးရမယ်ဆိုတဲ့ အခြေအနေတစ်ခုကို ပြုလုပ်ဖန်တီးခဲ့တယ်။ ဒီရွှေဦးထုပ်က ခွေလားလာ အတွက် မင်္ဂလာဦးလက်ဆောင်အနေနဲ့ သူမ ဖန်တီးထားခဲ့တာပဲဖြစ်တယ်၊ အဲ့ဦးထုပ်ရဲ့တန်ဖိုးက  မင်းသမီးရဲ့တိုင်းပြည်တစ်ဝက်လောက် တန်ဖိုးရှိတယ်လို့ပြောကြတယ်။ သေချာပေါက်ကို အဲ့တောင်းဆိုချက်ကို ငါ့အဖိုး နဲ့ သူ့မျောက်တစ်အုပ်လုံး သဘောတူခဲ့ရပြီး အဲ့လိုနဲ့ပဲ ဒီရွှေဦးထုပ်ပိုင်ရှင် ရဲ့ အခိုင်းအစေအဖြစ် သုံးကြိမ်လုပ်ဆောင်ပေးရမယ်ဆိုတဲ့ အခြေအနေဖြစ်လာခဲ့တာပေါ့၊ အဲ့ဒါအပြင် ပိုင်ရှင်က ဘယ်သူပဲဖြစ်နေပါစေပေါ့။

ဒေါ်ရသီလေး လွန်စွာ စိတ်ဝင်စားနေသောကြောင့် သူမ ထပ်မေးလိုက်သည် “အဲ့ဒီ့နောက်တော့ရော သူတို့ ဘာဖြစ်သွားကြလဲ ဟင်”

မျောက်ဘုရင်က အဖြေပြန်ပေးသည် “ ခွေလားလာ က ဒီဦးထုပ်ရဲ့ ပထမဆုံး ပိုင်ရှင်ဖြစ်ခဲ့တာပေါ့၊ သူက ကျွန်ုပ်တို့ကို သူ့ဆန္ဒကို လုပ်ဆောင်ခိုင်းနိုင်တဲ့ ပထမဆုံး ပိုင်ရှင် ဖြစ်ခဲ့တယ်။ သူ့ သတို့သမီးလေး က ငါတို့ကို သူ့မျက်လုံးထဲတွေ့မြင်နေရတာ ခိုးလုခိုးလုဖြစ်နေတော့ သူမကို လက်ထပ်ပြီးတဲ့နောက် ငါတို့ကိုခေါ်ပြီး သူမ မမြင်ရတဲ့နေရာမှာသွားနေဖို့ အမိန့်ပေးခဲ့တယ်၊ ဒါပေါ့ ငါတို့ အကုန်လုံးကလည်း သူမကို တွေ့မြင်နေရတာ ကြောက်နေတဲ့အခါကျတော့ ပျော်ပျော်ကြီးကို အဲ့လို လုပ်ပေးခဲ့တယ်။

“နောက်ဆုံးတော့ ဒီရွှေဦးထုပ်က ကောက်ကျစ်တဲ့အနောက်ပိုင်း စုန်းမလက်ထဲရောက်မလာခင် အဲ့လိုပဲနေလာခဲ့ကြာတာ၊ သူမလက်ထဲရောက်တော့ ဝင့်ကီလေးတွေကို ကျွန်ပြုခိုင်းတယ်၊ ပြီးတော့ အော့ဇ်ကို ဒီအနောက်ဘက်နယ်ထဲကနေ မောင်းထုတ်ပစ်ခိုင်းတယ်။ သင်လည်း သင်လိုချင်တဲ့ ဆန္ဒသုံးခုကို ကျွန်ုပ်တို့ကို လုပ်ဆောင်ပေးဖို့ တောင်းဆိုနိုင်တယ်။”

အဲ့လိုနဲ့ မျောက်ဘုရင် ၏ ပုံပြင်ပြီးဆုံးသွားတဲ့အချိန် ဒေါ်ရသီလေး အောက်ကို ငုံ့ကြည့်လိုက်ရာ အစိမ်းရောင်တောက်ပနေသော မြစိမ်းရောင်မြို့တော် ၏ နံရံများကိုတွေ့လိုက်ရတော့သည်။ သူမသည် မျောက်တို့၏ မြန်ဆန်သော ပျံသန်းမှုကို အံ့ဩသင့်နေခဲ့ပြီး သူမတို့၏ ခရီးစဉ်ကတော့ ချောမွေ့စွာရောက်ရှိခဲ့သောကြောင့် ဝမ်းသာနေလေသည်။ ထို ထူးဆန်းသော သတ္တဝါများ က သူမတို့ကို မြို့တော်၏ ဂိတ်တံခါးရှေ့တွင် သေချာချပေးခဲ့ပြီး မျောက်ဘုရင်သည် ဒေါ်ရသီ့ကို ဦးညွတ်အရိုအသေပေးကာ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားတော့သည်၊ သူ့မျောက်အုပ်ကြီးကလည်း သူ့နောက်က လိုက်ပါသွားကြသည်။

ကလေးမလေးကပြောလိုက်သည် “ကောင်းလိုက်တဲ့ ပျံသန်းစီးနင်းမှုလေး”

ခြသေ့်ကလည်း တုံ့ပြန်သည် “ဟုတ်တာပေါ့….အတော်လေးကို ပင်ပင်ပန်းပန်း လမ်းလျှောက်သွားရမယ့် ဒုက္ခတွေ ငြိမ်းသွားတာ၊ သင် အဲ့ဒီ့ အံ့ဩစရာကောင်းတဲ့ ဦးထုပ်ကို ယူလာမိတာ က ကံကောင်းတာပဲ”


rate now: