အခန်း -၁၃ ကယ်တင်ခြင်း
ထို ကောက်ကျစ်သော စုန်းမ ရေတစ်ပုံးကြောင့် အရည်ပျော်ကျပြီး
သေဆုံးသွားကြောင်း ကြားသိလိုက်ရသောအခါ သူရဲဘောကြောင်သော ခြသေ့်သည် အလွန်ကို ကျေနပ်အားရသွားတော့သည်။ ထို့နောက် ဒေါ်ရသီက သူ့ကို လှောင်ပိတ်ထားသော ဂိတ်တံခါးကို ဖွင့်ကာ အပြင်ထွက်နိုင်အောင်
လုပ်ပေးလိုက်သည်။ ရဲတိုက်ထဲကို သူတို့ အတူဝင်သွားကြပြီးနောက် ဒေါ်ရသီ ပထမဆုံး လုပ်လိုက်တာက ဝင့်ကီလေးတွေကို စုဝေးခိုင်းလိုက်ကာ သူတို့တွေက အခုချိန်ကစပြီး ကျွန်တွေ မဟုတ်တော့ကြောင်း ပြောပြလိုက်သည်။
သူတို့ကို ရက်ရက်စက်စက် နှိပ်စက်ဆက်ဆံတတ်တဲ့ ဒီစုန်းမအတွက် နှစ်ပေါင်းများစွာ ကြိုးစားလုပ်ကိုင်ခဲံရသောကြောင့် ယခုကဲ့သို့ ကြားလိုက်ရသောအခါ အဝါရောင်ဝင့်ကီ မျိုးနွယ်လေးများ သည် သူတို့တွေမယုံနိုင်လောက်အောင်ပင် ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။ ထိုနေ့တစ်ရက်လုံး အားလပ်ရက်အဖြစ်သတ်မှတ်ကာ သူတို့တွေ စားသောက်ပွဲတည်ခင်းပြီး အားပါးတရ ကခုန်စားသောက်ကြနေတော့သည်။
ခြသေ့် ကပြောလိုက်သည် “အခုချိန်မှာသာ ငါတို့ သူငယ်ချင်း စာခြောက်ရုပ်နဲ့ Tin Woodman သာ အတူတူရှိနေရင် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ၊ သူတို့သာ ဒီနေရာမှာ ရှိနေရင် ငါ တော်တော် ပျော်နေမှာ”
မိန်းကလေးက စိတ်လှုပ်ရှားစွာဖြင့်မေးလိုက်သည် “အခု ငါတို့ သူတို့ကို ကယ်ဖို့ ကြိုးစားကြည့်သင့်တယ် မထင်ဘူးလား”
ခြသေ့်က ပြန်ဖြေလိုက်သည် “အင်း…ဟုတ်တာပဲ ငါတို့ ကြိုးစားကြည့်ရမယ်”
ထို့နောက် သူတို့သည် အဝါရောင် ဝင့်ကီ လေးများကို ခေါ်ပြီး သူတို့ သူငယ်ချင်းတွေကို ကယ်တင်ရန် ကူညီပေးနိုင်မလား မေးမြန်းလေသည်၊ ဝင့်ကီများသည် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် သူတို့ကို ဒေါ်ရသီ က ဒီအချုပ်အနှောင် ကလွတ်မြောက်စေခဲ့သော ကြောင့် သူတို့ တတ်နိုင်သလောက် ပြန်လည် ကူညီပေးမည် ဟု ပြန်ပြောကြသည်။ထို့အခါ ဒေါ်ရသီသည် အကြောင်းအရာအတော်များများကို နှံ့စပ်သိမြင်ပုံပေါ်သော ဝင့်ကီများကို စုစည်းကာ သူငယ်ချင်းနှစ်ယောက်ကို ရှာရန်သွားတော့သည်။ သူတို့ တစ်ရက်နှင့် နေ့တစ်ဝက် ခရီးနှင်ပြီးသောအခါ ကျောက်ဆောင်ချည်းရှိသော လွင်တီးခေါင်ဆီရောက်လာခဲ့ကြသည်၊ ထိုနေရာတွင် Tin Woodman သည် လဲလျောင်းနေပြီး သံကိုယ်ထည်မှာလည်း ပိန်လိမ် ချိုင့်နေလေသည်။ သူ့ပုဆိန်ကို လည်း အနားတွင်တွေ့လေသည်၊ ပုဆိန်သွားမှာ သံချေးတက်နေပြီ၊ လက်ကိုင်မှာလည်း အသွားကနေကျွတ်ထွက်ပြီး ကျိုးပဲ့နေလေသည်။
ဝင့်ကီလေးများသည် သူ့ကို ညင်သာစွာ လက်မောင်းထဲပွေ့ကာ ရဲတိုက်ဝါဆီသို့ ပြန်ခေါ်သွားကြသည်၊ ဒေါ်ရသီလေးကတော့ သူမ သူငယ်ချင်း၏ ဝမ်းနည်းဖွယ် ဖြစ်အင်ကြောင့် မျက်ရည်ကျကာ ငိုကြွေးနေပြီး ခြသေ့်ကတော့ စိတ်မကောင်းခြင်းကြီးစွာဖြင့် ဝမ်းနည်းပူဆွေးနေသည်။သူတို့ ရဲတိုက်ဆီသို့ ရောက်သောအခါ ဒေါ်ရသီက ဝင့်ကီမျိုးနွယ် လူလေးများကို မေးလိုက်သည် -
သင်တို့ထဲမှာ ပန်းပဲ ဆရာများရှိလား”
သူတို့က သူမကို ပြောပြသည် “အို…ရှိတာပေါ့ ၊ တချို့ဆို အရမ်းတော်တဲ့ ပန်းပဲဆရာတွေလေ”
သူမက ပြောလိုက်သည် “သူတို့ကို ကျွန်ုပ်ဆီ ခေါ်လာခဲ့ပေးပါလား”
ထို့နောက် ထို ပန်းပဲဆရာများ သည် သူတို့၏ ပစ္စည်းကိရိယာ တန်ဆာပလာများကို ပါ ခြင်းတောင်းများဖြင့်ထည့်၍ ယူဆောင်ကာ ရောက်ရှိလာခဲ့သည်၊ သူမ ကသူတို့ကို မေးလိုက်သည် “ Tin Woodman ကိုယ်ပေါ်က တွန့်လိမ် ပိန်ချိုင့် နေတဲ့ ဒီအချိုင့်တွေကို ပြန်လုပ်ပေးနိုင်မလား၊ သူ့အရင် ပုံစံပြန်ဖြစ်အောင်လေ၊ ပြီးတော့ ကျိုးပျက်သွားတဲ့နေရာတွေကို ပါ ပြန်ဆက်ပေးလို့ရမလား”
ထို ပန်းပဲဆရာများသည် သစ်ခုတ်သမား တင်မ်ကို သေချာစေ့စေ့စပ်စပ်ကြည့်ရှုပြီးနောက် သူ့အရင်ပုံစံ နီးပါး ပြန်ဖြစ်တဲ့အထိ ပြုပြင်ပေးနိုင်ပါတယ် ဟု ပြန်အဖြေပေးလေသည်။ အဲ့လိုနဲ့ သူတို့ ရဲတိုက်ထဲမှ အဝါရောင် အခန်းကျယ်ကြီးတစ်ခန်း ထဲတွင် အလုပ်စရန် နေရာယူ ပြင်ဆင်ပြီး Tin Woodman ၏ ဦးခေါင်း၊ ခြေထောက်နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းတို့မှ တွန့်လိမ် ကောက်ကွေး နေသည်များကို တူဖြင့် ထုတန်တာထု ၊ ပျက်စီးနေသာ သံထည်များကို အရောင်တင်ပေးခြင်း အပြင် အစိတ်အပိုင်း အဆစ်အမြစ်များ ကောင်းစွာ အလုပ်လုပ်စေရန် စစ်ဆေးပြုပြင်ခြင်း စသည်ဖြင့် သူ့နဂိုကိုယ်ထည်အတိုင်း ပြန်ဖြစ်ပြီး ခန္ဓာကိုယ်ရှိ အဆက်များ ကောင်းစွာ အလုပ်လုပ်နိုင်သည် အထိ သုံးရက်လေးညလုံး မနားမနေ လုပ်ပေးခဲ့ကြသည်။ ထို့ကြောင့် သူ့ကိုယ်ပေါ်တွင် များစွာသော ပြင်ဆင်ဖာထေး မှုများ ရှိနေခဲ့သည်မှာ အသေအချာပင်၊ သို့သော် ပန်းပဲဆရာများ၏ ကြိုးစားလုပ်ဆောင်မှုကြောင့် သူကောင်းမွန်စွာလှုပ်ရှားနိုင်သောကြောင့် Tin Woodman သည် ထို အဖာအထေးများကို နည်းနည်းလေးတောင် စိတ်ထဲမထားပေ။
နောက်ဆုံးတွင်တော့ Tin Woodman သည် ဒေါ်ရသီ ရှိရာ အခန်းဆီ သွားရောက်ကာ သူ့ကို လာရောက်ကယ်ဆယ်သည်ကို ကျေးဇူးတင်ကြောင်း ပြောလေသည်၊ သူသည် ပျော်လွန်းသောကြောင့် မျက်ရည်များပင်ကျလာတော့သည် ၊ ထိုအခါ ဒေါ်ရသီသည် သူ့မျက်ရည်များကို သူမဂါဝန်ရှေ့ဖုံးအစဖြင့် သူ့အဆက်များ သံချေးမတက်စေရန် သေချာ သုတ်ပေးလေသည်။ တစ်ချိန်ထည်းမှာပင်.. သူငယ်ချင်းဟောင်းကို ပြန်လည် တွေ့မြင်ရသောပျော်ရွှင်မှုကြောင့် သူမသည်လည်း မျက်ရည်များ တာတမံကျိုးသကဲ့သို့ ကျဆင်းလာတော့သည်၊ ပြီးတော့ သူမမျက်ရည်တွေက သုတ်ပစ်စရာ မလိုချေ။ ခြသေ့်ကတော့ သူ့အမြီးကို သုံးကာ ကျဆင်းလာသော မျက်ရည်များကို သုတ်နေသောကြောင့် သူ့အမြီးထိပ်ဖျားသည်လည်း စိုရွှဲနေတော့သည်၊ ထို့နောက်တွင်တော့ ခြံထဲသို့သွားကာ မျက်ရည်များဖြင့် စိုရွှဲသွားသော သူ့အမြီးကို နေရာင်အောင် ထားကာ အခြောက်ခံနေလေသည်။
ဒေါ်ရသီက ဖြစ်သမျှ အကြောင်းစုံကို ပြောပြပြီးသော အခါ Tin Woodman ကပြောလိုက်သည် “တကယ်လို့ စာခြောက်ရုပ်သာ ငါတို့နဲ့အတူ ထပ်ရှိနေနိုင်မယ်ဆိုရင် ငါ တကယ်ပျော်မိမှာပဲ”
မိန်းကလေးက ပြောလိုက်သည် “ငါတို့ သူ့ကို သွားရှာကြရအောင်”
ထို့ကြောင့် သူမသည် ဝင့်ကီလေးများကို ခေါ်ကာ အကူအညီတောင်းပြီး၊ တစ်နေ့နှင့်နေ့တစ်ဝက် သွားပြီးသောအခါ အတောင်ပါမျောက်များ စာခြောက်ရုပ် အဝတ်များကို လွှင့်ပစ်ခဲ့သော သစ်ပင်အမြင့်ကြီး၏ အကိုင်းအခက်များ ဆီ ရောက်ရှိခဲ့ကြသည်။
၎င်း သစ်ပင်သည် အလွန်မြင့်မားပြီး ပင်စည်ကလည်းချောမွတ်နေသောကြောင့် ဘယ်သူ့မှ အပင်ပေါ် မတက်နိုင်ကြပေ၊ ဒါပေမဲ့ Tin Woodman ကထိုအချိန်တွင် ဝင်ပြောလိုက်သည် - “ငါ ဒီအပင်ကို ခုတ်လှဲလိုက်မယ် အဲ့အခါကျရင် ငါတို့ သူ့အဝတ်တွေ ရှာလို့ရပြီ။”
Tin Woodman ကို ပန်းပဲဆရာတွေ ပြန်လည် ပြုပြင်ပေးတဲ့ အချိန်မှာ ဝင့်ကီ လူမျိုးစုထဲက ရွှေပန်းထိမ်ဆရာတစ်ယောက်က သူ့အတွက် ပုဆိန်လက်ကိုင် ကို ရွှေနဲ့လုပ်ပေးပြီး သူ့ပုဆိန်မှာ ပြန်တပ်ဆင်ပေးခဲ့တယ်၊အဲ့ဟာ အပြင် ပုဆိန်အသွားကိုလည်း သံချေးတက်နေတာတွေ ပျောက်ပြီး ငွေရောင်တောက်လာတဲ့အထိ ထက်မြနေအောင် သွေးပေးလေသည်။
သူ့ စကားဆုံးတာနဲ့ Tin Woodman သည် သစ်ပင်ကို စတင်ပြီး ခုတ်လှဲလေသည်၊ အချိန်တိုအတွင်းမှာပဲ ကျယ်လောင်သော ကျိုးပဲ့သံနှင့်အတူ သစ်ပင်ကြီးလဲကျသွားသည်နှင့်အတူ သစ်ကိုင်းများကြားရောက်နေသော စာခြောက်ရုပ်၏ အဝတ်အစားများလည်း မြေကြီးပေါ်ကျလာခဲ့သည်။
၎င်းတို့ကို ဒေါ်ရသီကကောက်ယူလိုက်ပြီး နောက် ဝင့်ကီလေးများသည် ၎င်းကို ရဲတိုက်ဆီပြန်သယ်သွားခဲ့သည်။ ထို့နောက် ကောင်းမွန်သန့်ရှင်းသော ကောက်ရိုးများဖြင့် ပြန်အစာသွပ်ကာ ပြုလုပ်ပေးခဲ့သည်၊ ထို့နောက်တွင် တော့ အရင်ကအတိုင်း ပြန်လည်ကောင်းမွန်သော စာခြောက်ရုပ် ပြန်လည်ရောက်ရှိလာခဲ့ပြီး သူ့ကို ကယ်တင်ပေးခဲ့သော သူတွေအကုန်လုံးကို ကျေးဇူးတင်နေတော့သည်။
ယခုတော့ သူတို့တွေအကုန်လုံး ပြန်လည် ဆုံစည်းနိုင်ခဲ့လေသောကြောင့် ဒေါ်ရသီနှင့် သူမ သူငယ်ချင်းများသည် ရဲတိုက်ဝါကြီးတွင် ရက်အနည်းငယ် ပျော်ရွှင်စွာ နေနေလေသည်၊ ထိုနေရာတွင် သူတို့လိုချင်သမျှ အရာအကုန်လုံးလည်းရနိုင်ပြီး နေရတာလည်း သက်တောင့်သက်သာ ရှိလေသည်။
သို့သော် တနေ့မှာတော့ မိန်းကလေးသည် အဒေါ်အမ် အကြောင်းတွေးမိကာ ပြောလိုက်သည် “ငါတို့ အော့ဇ်ဆီ ပြန်သွားပြီး သူ့ကတိပေးထားတာကို သွားတောင်းရအောင်”
သစ်ခုတ်သမား ကလည်း ပြောသည် “ဟုတ်တယ်…အဲ့အတိုင်းသာဆို ငါတော့ နှလုံးသားတစ်ခု ရတော့မယ််”
စာခြောက်ရုပ်ကလည်း ပျော်ရွှင်စွာဖြင့် ထပ်ပြောလိုက်သည် “ပြီးတော့ ငါလည်း ဦးနှောက် ရတော့မယ်”
ခြသေ့်ကလည်း လေးနက်စွာတွေးတောရင်း ပြောလိုက်သည် “ အဲ့လိုဆို ငါလည်း ရဲစွမ်သတ္တိ ရလာတော့မှာပေါ့”
ဒေါ်ရသီလေးကတော့ လက်ခုပ်တီးလိုက်ရင်း အော်ပြောလိုက်သည် “တကယ်ကို ငါလည်း ကန်ဆတ်စ်ကို ပြန်နိုင်တော့မှာမလား….အို…မနက်ဖြန်ချက်ချင်း မြစိမ်းရောင်မြို့တော်ဆီသွားကြရအောင်”
သူတို့ မနက်ဖြန် ခရီး စတင်ထွက်ခွာရန်ဆုံးဖြတ်လိုက်ကြသည်။ နောက်တနေ့တွင်တော့ သူတို့ ဝင့်ကီလေးများ အားလုံးဖြင့် အတူတကွ တွေဆုံကာ နှုတ်ဆက်ခဲ့တော့သည်။ ဝင့်ကီလေးတွေကတော့ သူတို့ ထွက်သွားကြသည့်အတွက် ဝမ်းနည်းနေကြသည်၊ Tin Woodman ကို သူတို့ အလွန်သဘောကျကာ သံယောဇဉ်တွယ်နေသောကြောင့် သူတို့နဲ့ အတူနေခဲ့ပြီး ဒီ အနောက်ပိုင်း အဝါရောင်နယ်မြေ ကို အုပ်ချုပ်ရန်တောင်းပန်နေကြလေသည်။ သို့သော်လည်း သူတို့က သွားဖို့ ဆုံးဖြတ်ချက်ကို ပြန်မပြင်တော့မှန်း သိသွားသောအခါ တိုတိုနှင့် ခြသေ့်ကို ရွှေရောင်ကော်လံ တစ်ခုဆီ ပေးကာ၊ ဒေါ်ရသီ့ အတွက်ကိုတော့ စိန်များမြှုပ်နှံစီခြယ်ထားသော လက်ကောက်တစ်ရံကိုပေးလေသည်၊ စာခြောက်ရုပ်အတွက် သူလမ်းလျှောက်လျှင် ယိမ်းထိုးမနေစေရန်အတွက် ရွှေရောင်ခေါင်းတစ်ခုပါသော လက်ကိုင်တုတ်တစ်ချောင်း ပြင်ဆင်ပြီး ပေးလေသည်၊ Tin Woodman အတွက်ကိုတော့ ငွေဖြင့်ပြုလုပ်ထားပြီး ဘူးတစ်ခုလုံးတွင် အဖိုးတန်သောကျောက်မျက်များ စီခြယ်ကာ အနားကို ရွှေကွပ်ထားသော ချောဆီတစ်ဘူးပေးလေသည်။
ထို့နောက်သူတို့ တစ်ယောက်ချင်းဆီ က ဝင့်ကီလေးများနှင့် နှုတ်ဆက်ခွဲခွာသော စကားများ ပြောကြားကြပြီး သူတို့ လက်မောင်းတွေနာလာသည် အထိ ပွေ့ဖက်ကာ နှုတ်ဆက်ခဲ့ကြသည်။
ဒေါ်ရသီလေး က သူမ၏ ဆွဲခြင်းတောင်းထဲကို စုန်းမ၏ ဗီရိုထဲမှ အစားအစာများဖြင့် အပြည့်ဖြည့်နေလေသည်၊ ထိုထဲတွင် သူမ ရွှေဦးထုပ်ကို တွေ့လိုက်ရသည်။ သူမ ထိုဦးထုပ်ကို ယူပြီးဆောင်းကြည့်ရာ ခေါင်းနှင့်အတော် အံဝင်ခွင်ကျ ဖြစ်နေလေသည်၊ သူမ ဒီဦးထုပ်၏မှော်အစွမ်းကို မသိသော်လည်း လှပသော ဦးထုပ်လေးဖြစ်နေသောကြောင့် သဘောကျကာ သူမခေါင်းပေါ်တွင်ဆောင်းထားလိုက်ပြီး သူမ အရင်က ဝတ်နေကျ မေးသိုင်းကြိုးဦးထုပ်လေးကို ခြင်းတောင်းထဲထည့်လိုက်သည်။
ထို့နောက်တွင် သူတို့ ခရီးကို စတင်လိုက်တော့သည်၊ မြစိမ်းရောင်မြို့တော်ဆီသို့ ခရီးစတင်ထွက်ခွာသွားကြလေသည်၊ ဝင့်ကီလေးများ ကလည်း သူတို့အတွက် လမ်းခရီးအဆင်ပြေစေရန် ရည်ရွယ်၍ သုံးခွက်သုံးဖလားသောက်ကာ ဆုမွန်ကောင်းတောင်းပေးကြလေသည်။