book

Index 12

12. ကောက်ကျစ်သော စုန်းမ ရှာပုံတော်ဖွင့်ကြခြင်း

  • Author : Mei Mei
  • Genres : Adventure, Action
  • Original Author : L. Frank Baum

အခန်း - ၁၂ ကောက်ကျစ်သော စုန်းမ ရှာပုံတော်ဖွင့်ကြခြင်း


အစိမ်းရောင်မုတ်ဆိတ်ရှည် စစ်သား က ဦးဆောင်ကာ သူတို့ကို မြစိမ်းရောင်မြို့တော်၏ လမ်းကြားများမှတဆင့် ဂိတ်တံခါး တို့ကို စောင့်ရှောက်သူ နေထိုင်ရာနေရာအထိ ရောက်အောင်ပို့ဆောင်ပေးခဲ့သည်။ ထို အရာရှိသည် သူတို့၏ မျက်မှန်များကို ချွတ်ပေးကာ သူ့ သေတ္တာကြီးထဲသို့ ထည့်ကာ ပြန်သိမ်းလိုက်လေသည်။ ထို့နောက်တွင်တော့ ယဉ်ကျေးစွာဖြင့် သူ့ ထိုသူငယ်ချင်းများကို ဂိတ်တံခါးကို ဖွင့်ပေးလိုက်လေသည်။

ဒေါ်ရသီက မေးလိုက်သည် “အနောက်ပိုင်း နယ်ရဲ့ စုန်းမကြီး ရောက်ဖို့ ဘယ်လမ်းကသွားရမလဲ”

ထို ဂိတ်တံခါးတို့၏ စောင့်ရှောက်သူက ပြန်ဖြေလိုက်သည် “လမ်းမရှိဘူး…ဘယ်သူကမှလည်း အဲ့နေရာကို မသွားချင်ကြဘူး”

မိန်းကလေးငယ်လေးက စုံစမ်းမေးမြန်းလေသည် “အဲ့လိုသာဆို…ကျွန်ုပ်တို့ သူမကို ဘယ်လိုရှာရမလဲ”

ထို သူက ပြန်ပြောလိုက်သည် “ဒါက…လွယ်ပါတယ်၊ သင်တို့ ဝင့်ကီ နယ်နိမိတ်ထဲရောက်နေတာကို သူမ သိတာနဲ့ သူမ သင်တို့ကို ရှာတွေ့လိမ့်မယ်၊ ပြီးတာနဲ့ သင်တို့အကုန်လုံးကို သူမ ကျွန်ဖြစ်အောင်လုပ်လိမ့်မယ်”

စာခြောက်ရုပ်က ပြောလိုက်သည် “မဖြစ်နိုင်လောက်ပါဘူး …ကျွန်ုပ်တို့ သူမကိုဖျက်ဆီးပစ်မယ့်သူတွေလေ ၊ အဲ့ဒီ့တော့ သူမက ကျွန်ုပ်တို့ကို ဘာလို့ လိုက်ရှာမှာလဲ”

ထို ဂိတ်အစောင့်အရှောက်က ပြောပြသည် “အို….ဒါဆိုရင်တော့ မတူနိုင်တော့ဘူး၊ သူမကို ဖျက်ဆီးပစ်နိုင်ဖို့ အရင်ကဘယ်သူမှ မတွေးခဲ့ဖူးဘူး၊ အဲ့တော့ ငါက အရင်ကလိုမျိုးပဲ သဘာဝကျကျ တွေးလိုက်မိတာက သင်တို့ကို အရင်လူတွေကို လုပ်ခဲ့သလိုမျိုး ကျွန်အဖြစ်လုပ်ပစ်လိမ့်မယ်ဆိုပြီးတော့ပေါ့။ ဒါပေမဲ့လည်း သတိထားပါ၊ သူမက မညှာတာတတ်ဘူး ၊ ရက်စက်တယ် ပြီးတော့ သင်တို့ သူမကို ဖျက်ဆီးဖို့ကြိုးစားတာကို ခွင့်မပြုလောက်ဘူး။ နေဝင်ရာ အနောက်ဘက်ကို ဦးတည်ပြီးသွားပါ၊ အဲ့အတိုင်းသွားရင် သင်တို့ သူမကို ရှာတွေ့လောက်ပါတယ်”

သူ့ကို ကျေးဇူးတင်စကားပြောပြီးနောက် နှုတ်ဆက်ကာ ဒေစီပန်းလေးများနှင့် အဝါရောင် တောက်တောက် ထောပတ်ခွက်ပုံ ပန်းလေးများ နေရာအနှံ့ ပွင့်လန်းနေသော မြက်ခင်းစိမ်းနုနုလေးများပေါ်မှ လျှောက်လှမ်းရင်းအနောက်ဘက်သို့ ဦးတည်ထွက်ခဲ့တော့သည်။ ဒေါ်ရသီ နန်းတော်ထဲတွင် လဲလှယ် ဝတ်ဆင်ထားသော ပိုးဂါဝန်လှလှလေးကိုပင် ဝတ်ဆင်ထားသော်လည်း ထိုဂါဝန်သည် အစိမ်းရောင်မဟုတ်တော့ပဲ အဖြူရောင် ပိုးဂါဝန်ဖြစ်နေသည်ကို တွေ့လောက်ရသောအခါ မယုံနိုင်လောက်အောင် အံ့အားသင့်ခဲ့ရသည်။ ထိုတင်မကသေး တိုတို လည်ပင်းတွင် ပတ်ထားသောဖဲပြားလေးမှာလည်း အစိမ်းရောင်မဟုတ်တော့ပဲ ဒေါ်ရသီ ဂါဝန်ကဲ့သို့ပင် ဆွတ်ဆွတ်ဖြူနေလေသည်။

မြစိမ်းရောင်မြို့တော်ကြီးကတော့ အနောက်တွင် ကျန်ရစ်ခဲ့လေပြီ။ ကြာလာသည်နှင့်အမျှ မြေပြင်သည် မညီညာတော့ပဲ အဆင်းအတက်များစွာဖြင့် ကြမ်းတမ်းလာခဲ့ပြီး အနီးအနားတွင် စိုက်ခင်းများလည်းမရှိ၊ လူနေအိမ်များကိုလည်း ထို အနောက်ပိုင်းနယ်မြေတွင် မတွေ့ရပေ၊  ထွန်ယက်စိုက်ပျိုးထားခြင်းမရှိသော မြေရိုင်းမြေလွတ်များကို သာ တွေ့နေရသည်။

နေ့လည်ရောက်သောအခါ နေရောင် သည် မျက်နှာပေါ် တည့်တည့်ကျနေပြီး အရိပ်ခိုစရာ သစ်ပင်များလည်း မရှိပေ၊ ဤသို့ဖြင့်  ညရောက်သောအခါတွင်တော့ ဒေါ်ရသီနှင့် တိုတို သာမက ခြသေ့်သည်လည်း မောပန်းနွမ်းနယ်နေခဲ့ပြီး သူတို့သည်  မြက်ခင်းပေါ်တွင် လှဲကာ လျင်မြန်စွာပင် အိပ်‌မောကျသွားခဲ့သည်၊ သစ်ခုတ်သမား တင်မ် နှင့် စာခြောက်ရုပ်ကတော့ ဘေးတွင် ကင်းစောင့်ပေးနေခဲ့လေသည်။

ယခု ထို ဆိုးယုတ်သော စုန်းမတွင် မျက်လုံးတစ်လုံးသာရှိသော်လည်း ထိုမျက်လုံးသည် သာမန် မျက်လုံးများနှင့် မတူပဲ အဝေးကြည့် မှန်ပြောင်းကဲ့သို့ အစွမ်းရှိကာ နေရာတိုင်းကို မြင်နိုင်ကြည့်နိုင်လေသည်။ ထို့ကြောင့် သူမ ရဲတိုက်ထဲတွင် ထိုင်နေရင်း သူမ နယ်မြေကို လှည့်ပတ်ကြည့်နေရင်း အိပ်မောကျနေသော ဒေါ်ရသီနှင့် သူငယ်ချင်းများ ကိုတွေ့လိုက်ရလေသည်။ သူမနှင့် အဝေးကြီးတွင် ရှိနေသေး သော်လည်း ယခုကဲ့သို့ သူမ နယ်မြေ နယ်နိမိတ်ထဲတွင် တွေ့လိုက်ရသောအခါ ဒေါသထွက်သွားခဲ့သောကြောင့် သူမ လည်ပင်းတွင် ဆွဲထားသော ငွေနဲ့လုပ်ထားသော ဝီစီ ကို မှုတ်လိုက်သည်။

ထိုအခါ အရပ်မျက်နှာ ပေါင်းစုံမှ ဝံပုလွေကြီးများသည် သူမ ရှိရာနေရာသို့ ပြေးလာခဲ့ကြသည်။ သူတို့တွေ တွင် ရှည်လျားသော ခြေထောက်နှင့် စူးရှသွေးဆာနေသော မျက်လုံးများနှင့် ချွှန်ထက်သော သွားများရှိကြသည်။

စုန်းမ ကပြောလိုက်သည် “ အဲ့ လူတွေကို သွားရှာ …ပြီးတော့ သူတို့တွေ ကို တစ်စစီ ဖြစ်အောင် ဆွဲဖြဲခဲ့”

ထို ဝံပုလွေ အုပ်စု ခေါင်းဆောင် ကမေးလိုက်သည် “သူတို့ကို ကျွန်အဖြစ် မလုပ်တော့ဘူးလား”

သူမ က ပြန်ဖြေသည် “မလုပ်ဘူး…တစ်ယောက်က ကောက်ရိုးနဲ့လုပ်ထားထာ၊ နောက်တစ်ယောက်က သံနဲ့လုပ်ထားတာ၊ ပြီးတော့ မိန်းကလေးတစ်ယောက်နဲ့ နောက်ထပ် ခြသေ့် တစ်ကောင်ပါတယ်၊ တစ်ယောက်မှ အလုပ်လုပ်ခိုင်းဖို့ အသုံးမဝင်ဘူး၊ အဲ့ဒီ့တော့ သူတို့တွေ အကုန်လုံးကို အပိုင်းပိုင်းဖြစ်အောင်သာ လုပ်ခဲ့လိုက်”

ဝံပုလွေက ပြောလိုက်သည် “ကောင်းပါပြီ”။  ထို့နောက် တခြားဝံပုလွေများကို ဦးဆောင်၍ တဟုန်ထိုး အရှိန်အမြင့်ဆုံးတင်ကာ ပြေးထွက်သွားတော့သည်။

ကံကောင်းသွားသည် က စာခြောက်ရုပ်နှင့် Tin Woodman က လုံးဝ နိုးကြားနေပြီး မအိပ်သောကြောင့် ထို ဝံပုလွေ အုပ်ကြီး ချဉ်းကပ်လာနေသည့် အသံကို ကြားလိုက်ရသည်။

သစ်ခုတ်သမား ကပြောလိုက်သည် “ဒါက ငါတိုက်ခိုက်ရမယ့် အလှည့်ပဲ…ငါ့နောက်မှာပဲနေ သူတို့လာတာနဲ့ ငါနဲ့ တွေ့မယ်”

သူ၏ ထက်ရှနေအောင် သွေးထားသော ပုဆိန်ကို ကိုင်ဆောင်ထားကာ ထို ဝံပုလွေအုပ်ခေါင်းဆောင် ရောက်လာတာနှင့် Tin Woodman သည် သူ၏ ပုဆိန်ကို လွှဲကာ ထိုဝံပုလွေ ကို ခေါင်းတခြား ကိုယ်တခြားဖြစ်အောင် ခုတ်ချပစ်လိုက်သည်၊ ထိုသို့ ခုတ်ခံလိုက်ရသော ဝံပုလွေသည် ချက်ချင်းပင် သေဆုံးသွားတော့သည်။ 

နောက်တစ်ခါ သူ ပုဆိန်ကိုင်မြှောက်လိုက်တဲ့ အချိန်မှာပဲ နောက်ထပ် ဝံပုလွေတစ်ကောင်က ပြေးဝင်လာခဲ့သည်၊  ထို့နောက်တွင်တော့ ထိုဝံပုလွေသည်လည်း Tin Woodman ၏ ထက်ရှနေသော ပုဆိန်အသွား အောက်တွင် လဲကျသွားတော့သည်။ စုစုပေါင်း ဝံပုလွေ အကောင် လေးဆယ်သည် Tin Woodman ၏ ပုဆိန် အချက်လေးဆယ်အောက်တွင် အသတ်ခံလိုက်ရလေသည်။ထိုအခါ သေဆုံးသော ထို ဝံပုလွေများသည် Tin Woodmanရှေ့တွင် အပုံလိုက် ဖြစ်နေတော့သည်။

ထို့နောက် Tin Woodman သည် ပုဆိန်ကို ချလိုက်ကာ သူ့ဘေးတွင် ထိုင်နေသော စာခြောက်ရုပ်ကို ပြောလိုက်သည် “ဒါ အတော်အားရကောင်းတဲ့ တိုက်ပွဲပဲ သူငယ်ချင်းရေ”

နောက်တနေ့ မနက် ဒေါ်ရသီလေး နိုးလာတဲ့အထိ သူတို့ ထိုင်စောင့်နေခဲ့ကြသည်။ ထို မိန်းကလေးငယ်လေး နိုးလာသောအခါတွင် သူမ ခေါင်းတခြားကိုယ်တခြား ဖြစ်နေသော ဝံပုလွေ အစုလိုက်အပုံလိုက် ကြီး ကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားခဲ့သည်၊ သို့သော်လည်း Tin Woodman သူမကို အကြောင်းစုံရှင်းပြပြီးသွားအခါ သူမအသက်ကို ကယ်တင်ခဲ့သည့် Tin Woodman ကို အလွန်ကျေးဇူးတင်ခဲ့လေသည်။ ထို့နောက်တွင်တော့ သူမ ထိုင်ချလိုက်ပြီး မနက်စာစားသောက်လိုက်လေသည်၊ မနက်စာစားပြီးသောအခါ သူတို့ ခရီးဆက်လက် ထွက်ခွာသွားကြတော့သည်။ 

ထို မနက်ခင်းမှာပဲ ကောက်ကျစ်သော စုန်းမသည် ရဲတိုက် တံခါးမကြီးတွင် ရပ်ကာ သူမ ၏ တစ်လုံးတည်းသော မျက်လုံးဖြင့် မြင်နိုင်သမျှ အကွာအဝေးထိ ကြည့်နေလေသည်။ သူမ ၏ ဝံပုလွေ တစ်အုပ်လုံးသေဆုံးနေသည်ကို တွေ့မြင်ရပြီး ထို ခရီးသွားလူစိမ်းတွေကတော့ ဆက်လက် ခရီးဆက်နေကြသည်ကို တွေ့လိုက်ရတော့သည်။ ဒီမြင်ကွင်း သည် သူမ ကို အရင်က ထက်ပင် ပိုမို ဒေါသထွက်စေပြီး၊ သူမ ၏ ငွေနဲ့လုပ်ထားသော ဝီစီ ကို နှစ်ကြိမ် ထပ် မှုတ်လိုက်တော့သည်။

တောကျီးကန်းရိုင်း အုပ်လိုက်ကြီးသည် သူမ ဆီသို့ ဖြောင့်တန်းစွာ စုဝေး ပျံလာနေသည်မှာ ကောင်းကင်ကြီးကို ပင် မည်းမှောင်သွားစေခဲ့သည်။

ထို့နောက် ကောက်ကျစ်သောစုန်းမသည် တောကျီးကန်း တို့၏ ဘုရင်ကို ပြောလိုက်သည် “အဲ့လူစိမ်းတွေဆီ ကို တစ်ခါထဲပျံသွားပြီး သူတို့ရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်ပြီး ကိုယ်တွေကို တစ်စစီဖြစ်အောင် လုပ်လိုက်”

ထို တောကျီးကန်းရိုင်းများသည် ဒေါ်ရသီနှင့် သူမ၏ အပေါင်းအဖော်တို့ဆီသို့ အုပ်လိုက်ကြီးပျံသွားခဲ့သည်။ထိုကဲ့သို့ အုပ်လိုက်ကြီးပျံလာသည် ကိုတွေ့လိုက်ရသော ဒေါ်ရသီလေး စိုးရိမ်ကြောက်လန့်သွားခဲ့သည်။

သို့သော်  စာခြောက်ရုပ်က ပြောလိုက်သည် “ဒါ တိုက်ပွဲက ငါ့အတွက်ပဲ၊ ဒီတော့ ငါ့ဘေးမှာ ပဲ လှဲနေလိုက်ကြ အဲ့လိုဆို သင်တို့ကို မထိခိုက်စေနိုင်ဘူး”

ထို့ကြောင့် သူတို့သည် စာခြောက်ရုပ်၏ ဘေးရှိမြေပြင်ပေါ်တွင် လှဲနေလိုက်ကြသည် စာခြောက်ရုပ်ကတော့ မတ်တပ်ရပ်ကာ သူ့ လက် နှစ်ဖက်ကို ဘေးသို့ ဆန့်တန်း ဖြန့်ကားလိုက်သည်။ ထိုအခါ ကျီးကန်းတို့သည် သူ့ကို တွေ့လိုက်ရသောအခါ ကြောက်လန့်သွားကြလေသည် ၊ အမြဲတမ်း စာခြောက်ရုပ် ကို မြင်လျှင် ကြောက်လန့်တတ်ကြသော ငှက်တို့၏ သဘာဝအရ သူတို့ အနားသို့ကပ်မလာရဲကြပေ။ သို့သော် တောကျီးကန်း ဘုရင် ကပြောလိုက်သည် 

“အဲ့ဒါက အစာသွပ်ထားတဲ့ အရုပ်သက်သက်ပဲ၊ ငါ သူ့မျက်လုံးတွေ ဖောက်ထုတ်ပစ်မယ်”

ထို တောကျီးကန်းဘုရင်သည် စာခြောက်ရုပ်ဆီသို့ ပျံသွားလေသည်၊ ထိုနောက် သူ အဖမ်းခံလိုက်ရကာ မသေမချင်း လည်ပင်းကို လိမ်ချိုးခံလိုက်ရသည်။ နောက်ထပ် ကျီးကန်းတစ်ကောင်ကလည်း စာခြောက်ရုပ်ထံ ရောက်သော အခါ သူ့ လည်ပင်းကို လိမ်ချိုးခံရပြီး အသတ်ခံလိုက်ရသည်။ ဤသို့ဖြင့် ထို တောကျီးကန်း အကောင် လေးဆယ်ကို အခါလေးဆယ် လည်ပင်းလိမ်ချိူးကာ သတ်လိုက်သည်သောကြောင့် စာခြောက်ရုပ်၏ ဘေးတွင် အတုံးအရုံးသေဆုံးသွားကြသည်။ ထို့နောက် သူ သည် သူ့ အပေါင်းအသင်းများဘက်သို့ လှည့်ကာ အခု ထရပ်တော့လို့ ရပြီ ဟု ပြောလိုက်ပြီးနောက် သူတို့ ခရီးဆက်လက် ထွက်ခွာသွားကြသည်။

ကောက်ကျစ်သော စုန်းမ သူမ၏ မျက်လုံးဖြင့် ကြည့်လိုက်သောအခါ သူမ၏ တောကျီးကန်းအုပ်ကြီးသေဆုံးနေသည်ကို တွေ့လိုက်ရသောအခါ လွန်စွာ ဒေါသပုန်ထသွားတော့သည်၊ ထို့နောက် သူမ ၏ ငွေဝီစီကို သုံးကြိမ် မှုတ်လိုက်တော့သည်။

ထိုအချိန်အတွင်းမှာပင် လေထဲတွင် တစ်ဝီဝီ အသံများကြားလိုက်ရပြီး အမဲရောင်ပျားအုံလိုက်ကြီးသည် သူမဆီသို့ ပျံသန်းလာပြီး စုရုံးရောက်ရှိလာခဲ့သည်။

စုန်းမက အမိန့်ပေးလိုက်သည် “အဲ့လူစိမ်းတွေဆီသွားပြီး သေတဲ့အထိ တုတ်ပစ်လိုက်” ထို့နောက် ပျားအုံလိုက်ကြီးသည် ဒေါ်ရသီ နှင့် အပေါင်းအဖော်များ လမ်းလျှောက်နေသော ဆီသို့ တဟုန်ထိုးပျံသန်းသွားကြသည်။ ဒါပေမဲ့ Woodman က သူတို့ဆီ လာနေသော ပျားအုံကြီးကိုတွေ့လိုက်ပြီး စာခြောက်ရုပ်က ဘာလုပ်ရမလဲဆုံးဖြတ်လိုက်သည်။

သူက Woodman ကို ပြောလိုက်သည် “ငါ့ဆီက ကောက်ရိုးတွေ ယူပြီး မိန်းကလေးနှင့် ခွေးလေး အပေါ်မှာရော ပြီးတော့ ခြသေ့် အပေါ်မှာရော ဖြန့်ထားလိုက်…အဲ့လိုဆို ပျားတွေမတုပ်နိုင်တော့ဘူး။” Woodman က သူပြောသလို လုပ်ပေးလိုက်ပြီး ဒေါ်ရသီလေးက တိုတိုကို သူ့လက်မောင်းထဲတွင် ပိုက်ထားပြီး ခြသေ့် ၏ ဘေးနားတွင် လဲလျောင်းနေလိုက်သည်၊ ကောက်ရိုးတွေကိုလည်း အပေါ်မှာ အကုန်ဖုံးအောင် ဖြန့်ကျဲထားလိုက်သည်။

ပျားတွေ ရောက်လာသောအခါ Woodman ကလွဲပြီး ဘယ်သူ့ကိုမှမတွေ့ရသောအခါ သူတို့သည် Tin Woodman ဆီသို့ သာ ဦးတည်ပျံသန်းလာကြပြီး ဝိုင်းတုပ်ကြတော့သည် ၊ သို့သော် Tin Woodman ကို ထိုးလိုက်မိသောအခါ သံကိုယ်ထည်ကြောင့် သူတို့၏ ဦးချွှန် တွေ အကုန်ကျိုးသွားပြီး Tin Woodman ကိုတော့ တစ်စက်လေးတောင် မထိခိုက်စေခဲ့ပေ။

ထို့နောက်တွင်တော့ ဦးချွန်တွေ ကျိုးကုန်သော အကျိုးဆက်ကြောင့် ထို အမဲရောင်ပျား အုပ်ကြီးသည် သူတို့၏ အဆုံးသတ်သေခြင်းနှင့် တွေ့သွားခဲ့ကြပြီး Woodman ကိုယ်ပေါ်တွင် ပြန့်ကျဲလဲကျနေကြသည်မှာ ကျောက်မီးသွေးမှုန်တွေ ဖြင့် ဖုံးလွှမ်းနေသကဲ့သို့ ထင်ရစေသည်။

ထိုပျားတွေသေဆုံးသွားပြီးနောက် ဒေါ်ရသီနှင့် ခြသေ့်တို့သည် ထရပ်လိုက်ကြပြီး မိန်းကလေးငယ် က Tin Woodman နှင့်အတူ စာခြောက်ရုပ်ကိုယ်ထဲသို့ ကောက်ရိုးတွေ ပြန်ထည့်ပေးကြသည် မှာ နောက်ဆုံး သူ့အရင်ပုံစံအတိုင်း ပြန်ဖြစ်လာခဲ့ကြသည်အထိပင် ။ ထိုအရာတွေ လုပ်ဆောင်ပြီးနောက် သူတို့ ခရီးစဉ်ကို ပြန်လည် စတင်လိုက်ကြသည်။

သူမ ၏ ပျားနက်လေးများကို ကျောက်မီးသွေး မှုန့် အပုံလေး ပုံထားသကဲ့သို့ မြင်တွေ့လိုက်ရသောအခါ ထို ကောက်ကျစ်သော စုန်းမသည် တကယ့်ကို အလွန်အမင်း ဒေါသထွက်နေသောကြောင့် သူမ ခြေဆောင့်လိုက်ပြီး ဆံပင်တွေကို ဆွဲဖွလိုက်ကာ အံတင်းတင်း ကြိတ်လိုက်သည်။ ထို့နောက် သူမ၏ ကျွန်များဖြစ်သော ဝင့်ကီ တစ်ဒါဇင်လောက်ကို ခေါ်လိုက်ပြီး ချွှန်ထက်နေသော လှံရှည်များကို ပေးကာ ထို လူစိမ်းများကို ဖျက်ဆီး သတ်ပစ်ရန် ညွှန်ကြားလိုက်သည်။

ဝင့်ကီ မျိုးနွယ်များသည် သူရသတ္တိနဲ့ပြည့်စုံနေသော သူများမဟုတ်ခဲ့ပေ၊ သို့သော်လည်း သူတို့ကို ဒါ..လုပ်ဟု စုန်းမက အမိန့်ပေးခဲ့လျှင် သူတို့ လုပ်ပေးရမည်သာဖြစ်မည်။ ထို့ကြောင့် ဒေါ်ရသီ တို့ရှိရာသို့ သူတို့စုဝေး ချီတက်သွားခဲ့ကြသည်။ ထို နီးကပ်လာသော လူအုပ်စုကို ကြည့်ကာ ခြသေ့်သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကာ သူတို့ဆီသို့ ဦးတည်ကာ တဟုန်ထိုး ပြေးထွက်သွားခဲ့သောအခါ ထို ဝင့်ကီလေးများ ကြောက်လန့်တကြားဖြင့် ထွက်ပြေးကုန်ကြတော့သည်။

ရဲတိုက်သို့ ပြန်လာကြသောအခါ ဆိုးသွမ်းသောစုန်းမသည် သူတို့ကိုကြိုးဖြင့်ရိုက်နှက်ပြီး သူတို့ လုပ်လက်စ အလုပ်ထဲသို့ ပြန်ပို့ခဲ့သည်။

ထို့နောက်သူမ စိတ်ငြိမ်စွာ ထိုင်လိုက်ပြီး နောက်ထပ် ဘာလုပ်ရမလဲ ဆိုတာကို စဉ်းစားနေခဲ့သည်။ ဒီသူစိမ်းတွေကို ဖျက်ဆီးပစ်မယ့် သူမရဲ့ အကြံအစည်တွေ ဘယ်လိုလုပ် ကျဆုံးခဲ့တယ်ဆိုတာ ကို သူမနားမလည်နိုင်ခဲ့ဘူး။ ဒါပေမယ့်သူမ က အစွမ်းထက် တဲ့ စုန်းမတစ်ယောက် ဖြစ်တယ် ပြီးတော့ အကြံများပြီး ကောက်ကျစ်

ဆိုးညစ်သူတစ် ဦး ဖြစ်တာကြောင့် မကြာခင်မှာပဲ ရှေ့ဆက်လုပ်ရမည့် အစီအစဉ်တွေကို ဆုံးဖြတ်ပြီးသွားလေသည်။

သူမ ၏ ဗီရီုထဲတွင် ပတ္တမြား နှင့် စိန်များ ပတ်ပတ်လည် စီခြယ်ထားသော   ရွှေဦးထုပ်တစ်လုံး ရှိသည်။ ထို ရွှေဦးထုပ် ၏ အစွမ်းမှာ ဤအရာ ကို ဘယ်သူပိုင်သည်ပဲဖြစ်စေ ပိုင်ရှင်ဖြစ်သူက  အတောင်ပါတဲ့မျောက်တွေကို သူတို့ ခိုင်းစေသမျှ အမိန့်တွေကို သုံးကြိမ်တိတိ နာခံဆောင်ရွက်စေနိုင်သည်။ သို့ပေမဲ့ ထို သတ္တဝါတွေအပေါ် ဦးထုပ်ပိုင်ရှင် မည်သူမဆို သုံးကြိမ် သုံးခါထက်ပိုပြီး အမိန့်ပေးမခိုင်းစေနိုင်ပေ။  ထို အခွင့်အရေး သုံးကြိမ်မှ နှစ်ကြိမ် ကို ကောက်ကျစ်သော စုန်းမ အသုံးပြုခဲ့ပြီးပြီဖြစ်သည်။ တစ်ခါက သူမ ဝင့်ကီ လူမျိုးစုကို သူမ ရဲ့ကျွန်တွေဖြစ်အောင် လုပ်ခဲ့ပြီး သူမ ဒီနယ်မြေ နဲ့တိုင်းပြည်ကို အုပ်စိုးနိုင်ဖို့ သုံးခဲ့သည်၊ ထို အတောင်ပံပါမျောက်တွေသည် သူမကို ထိုတစ်ကြိမ် ကူညီပေးခဲ့ပြီးပြီ ဖြစ်သည်။ ဒုတိယတစ်ကြိမ်ကတော့  သူမ ကြီးမြတ်တဲ့ အော့ဇ်နဲ့ တိုက်ခိုက်ခဲ့စဉ်က သုံးခဲ့ပြီး အော့ဇ်ကို သူမ ဒီအနောက်ပိုင်းနယ်မြေ ကနေ မောင်းထုတ်နိုင်ခဲ့သည်။ အတောင်ပံပါမျောက်များသည် သူမကို ၎င်းအကြိမ်မှာလည်း ကူညီပေးခဲ့သည်။ ယခုတော့ သူမမှာ ရွှေဦးထုပ်ကို အသုံးပြုနိုင်သည့် အခွင့်အရေး ကတစ်ကြိမ် ပဲကျန်တော့သည်၊ ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် မသုံးချင်ပေ ၊ သူမ ၏ စွမ်းအားတွေ မရှိတော့ပဲ နောက်ဆုံး ခြေကုန်လက်ပန်းကျသွားမှသာ ထုတ်သုံးဖို့ ရည် ရွယ်ထားခြင်းဖြစ်သည်။

ဒါပေမဲ့ အခုတော့ သူမ၏ သွေးဆာရဲရင့်သော ဝံပုလွေအုပ်စု နှင့် ကျီးကန်းရိုင်းများသာမက ပျားအုပ်ကြီးပါ မရှိတော့ပေ၊ ပြီးတော့ သူမ၏ အခိုင်းအစေ ကျွန်လူသားများသည်လည်း ထို သူရဲဘောကြောင်သော ခြသေ့်ကို ထိတ်လန့်ကြောက်၇ွံ့ ပြီး ပြန်ပြေးလာခဲ့သည်၊ ဒီတော့ ဒေါ်ရသီနှင့် သူမ သူငယ်ချင်းတွေကို ဖျက်ဆီးပစ်ဖို့က ဒီနည်းလမ်းတစ်ခုပဲကျန်တော့သည်။

ထို့ကြောင့် ကောက်ကျစ်သော စုန်းမသည် သူမ ဗီရိုထဲမှ ရွှေဦးထုပ်ကို ထုတ်ယူကာ သူမ ခေါင်းထက် ဆောင်းလိုက်သည်။ ဆောင်းပြီးသည့်နောက်တွင် သူမ ၏ ဘယ်ဘက်ခြေထောက်ပေါ် ရပ်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်

“အက်-ပီ၊ ပီ့- ပီ၊ ကတ်- က!”

နောက်ထပ် သူမ ၏ ညာဘက်ခြေထောက်ပေါ် ရပ်လိုက်ပြီး ပြောလိုက်သည် 

“ဟေ-လို၊ ဟို -လို၊ ဟဲ -လို ! ”

ထို့နောက်တွင်တော့ သူမ ခြေထောက်နှစ်ချောင်းလုံးနှင့်ရပ်ကာ ကျယ်လောင်စွာ အော်လိုက်သည် -

“ဇီ့ -ဇီ၊ ဇု - ဇ၊ ဇစ်ခ်!”

အခု ထို မန္တာန် သည် စတင် အသက်ဝင်လှုပ်ရှားလာတော့သည်။ ကောင်းကင်ပြင် ကြီးကမှောင်မဲ လာပြီး တိုးတိတ်သော မြည်တမ်းသံကို လေထုထဲတွင် ကြားလိုက်ရသည်။ ပျံသန်းလာနေသော အတောင်ပံခတ်သံ အများအပြား ထွက်ပေါ်လာခဲ့ပြီး ကျယ်လောင်သော စကားသံများနှင့်အတူ ရယ်မောသံများပါ လိုက်ပါလာသည် ၊ နေမင်းသည် အမှောင်ထုထဲမှ တိုးထွက်လာပြီးနောက်  ကောက်ကျစ်သော စုန်းမ အနားတွင် ဝန်းရံနေသော ပုခုံးနှစ်ဖက်ပေါ်တွင် စွမ်းအားကြီးပြီး ကြီးမားသော အတောင်ပံတစ်စုံစီ ပါသည့် မျောက်အုပ်ကြီးကို  တွေ့မြင်နိုင်သည်။

ထို အုပ်စုထဲမှ မျောက်များထက် သိသိသာသာ ကြီးမားသော မျောက်ကြီး သည် ထိုအုပ်စု ၏ ခေါင်းဆောင်ဖြစ်ပုံရသည်။ သူ စုန်းမရှိရာသို့ နီးကပ် စွာ ပျံသွားလိုက်ပြီး ပြောလိုက်သည် “အသင် ကျွန်ုပ်တို့ကို ဆင့်ခေါ်နိုင်တဲ့ တတိယနဲ့ နောက်ဆုံးအကြိမ်ပဲ ၊ ဘာအမိန့်ကို ပေးမလို့ပါလဲ”

ကောက်ကျစ်သော စုန်းမ ကပြောလိုက်သည် “ငါ့ နယ်မြေထဲရောက်နေတဲ့ လူစိမ်းအုပ်စု ဆီသွားပြီး သူတို့တွေအကုန်လုံးကို ဖျက်ဆီးပစ်လိုက်၊ ဒါပေမဲ့ ခြသေ့်ကိုတော့ချန်ထား၊ ပြီးရင် အဲ့သားရဲကို ငါ့ဆီခေါ်လာခဲ့၊ သူ့ကို နှိပ်စက်ပြီး မြင်းတစ်ကောင်လိုမျိုး ငါ့အတွက် အလုပ်လုပ်ခိုင်းရမယ်”

ခေါင်းဆောင် ကပြောလိုက်သည်လ “သင့်အမိန့်ကို နာခံပါတယ်”။ ထို့နောက်တွင် ဆူညံသံ၊ အချင်းချင်း ညှိနှိုင်း ပြောဆိုသံနှင့်အတူ ထို အတောင်ပံပါမျောက်များသည် ဒေါ်ရသီနှင့် သူ့သူငယ်ချင်းတို့ ရှိနေသော အရပ်သို့ ထွက်ခွာသွားကြသည်။

အချို့သော မျောက်များ သည် Tin Woodman အား ဖမ်းဆီး၍ ချွန်ထက်သောကျောက်တုံးများဖြင့်ဖုံးလွှမ်းထားသောနယ်မြေထိရောက်သည့် တိုင်အောင် သူ့ကိုလေထဲမှသယ်ဆောင်လာကြသည်။ ထိုနေရာကို ရှာတွေ့သောအခါ သူတို့သည် သနားစရာ Tin Woodman ကို အောက် ပစ်ချလိုက်တော့သည် ၊ အတော်မြင့်မြင့်မှ ပစ်ချခံလိုက်ရသော Tin Woodman သည် ကျောက်တုံးများဆီသိုြ အရှိန်ပြင်းပြင်းကျသွားပြီး သံထည်တို့ ဆိုးဆိုးရွားရွား ပိန်လိမ် ချိုင့်ဝင်ကုန်သောကြောင့် သူမလှုပ်ရှားနိုင်တော့သလို စကားလည်းမပြောနိုင်တော့ပေ။

တခြားမျောက်တွေကတော့ စာခြောက်ရုပ်ကို ဖမ်းချုပ်ကာ သူတို့၏ လက်ချောင်းရှည်ရှည်များ သုံးပြီး သူ့ အဝတ်နှင့် ခေါင်းထဲမှ ကောက်ရိုးတို့ကို ဆွဲထုတ်ကြသည်။ သူ၏ ဦးထုပ်၊ဘွတ်ဖိနပ်များနှင့်အဝတ်အစားများကို လုံးချေကာ သေးသေးလေးဖြစ်အောင် လုပ်ပြီး သစ်ပင်ကြီး၏ အကိုင်းအခက်များကြားထဲ လွှင့်ပစ်လိုက်သည်။

ကျန်ရှိသော အခြားမျောက်များသည် ခြသေ့် ၏ ခြေထောက်၊ ခေါင်းနှင့် ကိုယ်ပေါ်တွင် ကြိုးများဖြင့် အထပ်ထပ်တုတ်နှောင်ထားလေသည်မှာ  သူ့တစ်ကိုယ်လုံး အနာတရဖြစ်စေပြီး မည်သို့မျှ မရုန်းကန်မလှုပ်ရှားနိုင်တော့သည်အထိပင် ဖြစ်လေသည်။ ထို့နောက်တွင် သူတို့သည် ခြသေ့်ကို ချီမကာ သူတို့နှင့် အတူ စုန်းမ၏ ရဲတိုက်ဆီသို့ ပျံသန်းသွားတော့သည်၊ သူထွက်မပြေးနိုင်စေရန် သံတိုင်များကာရံထားသော ဝန်းခြံငယ်လေးတစ်ခုတွင် နေရာချထားလိုက်ကြသည်။

သို့သေည် သူတို့သည် ဒေါ်ရသီကိုတော့ အန္တရာယ် မပြုကြသေးချေ၊ သူမ လက်မောင်းထဲတွင် တိုတိုကို ပိုက်ကာ ရပ်နေရင်း ဒေါ်ရသီသည် သူမ သူငယ်ချင်းများ အကြောင်းတွေးကာ ဝမ်းနည်းလာတော့သည်၊ သူတို့ပြီးရင် သူမ အလှည့်ရောက်လာတော့မည်ကိုတွေးနေမိသည်။ အတောင်ပံပါမျောက်တို့၏ ခေါင်းဆောင်သည် သူမဆီသို့ ပျံလာလေသည် အမွှေးရှည်ရှည်များရှိသည့် လက်မောင်းတို့ကို ဆန့်တန်းကာ သူ၏ ရုပ်ဆိုးဆိုးမျက်နှာကြီးသည် ဆိုးဝါးစွာ ပြုံးနေလေသည်၊ သို့သော် ဒေါ်ရသီ ၏ နဖူးပေါ်မှ ကောင်းမွန်သော စုန်းမ ကပြုလုပ်ထားသည့် အမှတ်အသား ကို တွေ့လိုက်သောအခါ ခေတ္တရပ်တန့်လိုက်ကာ အခြားမျောက်များကို ဒေါ်ရသီ့ကို မထိရန် အချက်ပေးလိုက်သည်။

သူက သူတို့ကို ပြောလိုက်သည် “ငါတို့ ဒီကောင်မလေးကို ထိခိုက်အောင် မလုပ်နိုင်ဘူး၊ သူမက ကောင်းမွန်သန့်စင်တဲ့စွမ်းအားနဲ့ ကာကွယ်စောင့်ရှောက်ခံထားရတာ၊ အဲ့အစွမ်း က ဆိုးယုတ်တဲ့စွမ်းအားထက် ပို စွမ်းအားကြီးတယ်၊ ငါတို့ လုပ်နိုင်တာက သူမကို ကောက်ကျစ်တဲ့ စုန်းမရဲ့ ရဲတိုက်ကို သယ်သွားပြီး အဲ့မှာထားခဲ့လိုက်မယ်။”

ထို့ကြောင့် သူတို့သည် သေချာ ဂရုတစိုက်ဖြင့် ဒေါ်ရသီ့ကို သူတို့လက်မောင်းကြားထဲတွင် သယ်ဆောင်ကာ ရဲတိုက်ဆီသို့ လေထဲမှ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားသည်၊ ရဲတိုက်သို့ရောက်သောအခါ သူတို့သည် သူမကို ရဲတိုက်တံခါးရှေ့တွင် ချထားလိုက်သည်။ ထို့နောက် သူတို့ ခေါင်းဆောင်က စုန်းမကို ပြောလိုက်သည် -

“ငါတို့ တာဝန်ရှိတဲ့ အတိုင်း သင့်အမိန့်ကို ပြီးမြောက်အောင်ဆောင်ရွက်ခဲ့ပြီ၊ Tin Woodman နဲ့ စာခြောက်ရုပ်ကို ဖျက်ဆီးခဲ့ပြီးပြီ၊ ခြသေ့်ကို လည်း မလှုပ်နိုင်အောင် သင့် နောက်ဘက် ခြံဝန်းထဲမှာ ဖမ်းဆီးထားပြီးပြီ။ ဒီမိန်းကလေးငယ်ကိုတော့ ငါတို့ မထိရဲဘူး၊ ပြီးတော့ သူ့ လက်မောင်းထဲက ခွေးကိုရောပဲ၊ ငါတို့ အုပ်စုအပေါ် အမိန့်ပေးနိုင်တဲ့ သင့်စွမ်းအားတွေမရှိတော့ဘူး၊ သင် ငါတို့ကို နောက်တစ်ခါ ထပ်မမြင်နိုင်တော့ဘူး။”

ထို့နောက် အတောင်ပံပါမျာက်တို့သည် သူတို့ သဘာဝအတိုင်း ဆူညံ့စွာ ရယ်မော ပြောဆိုကြရင်း လေထဲသို့ ပျံတက်ကာ မကြာခင်မှာပင် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။

ထို ကောက်ကျစ်သော စုန်းမသည် ဒေါ်ရသီ့ နဖူးပေါ်မှ အမှတ်အသားကို တွေ့သောအခါ သူမ အံ့ဩသင့်သွားသလို စိုးရိမ်လာသည်။ သူမကောင်းကောင်း သိနေလေသည်….မျောက်ဘုရင်ရော သူမရောမှာ ထိုကောင်မလေးကို ဘယ်လိုနည်းနဲ့မှ ထိခိုက်အောင်မလုပ်နိုင်ဘူးဆိုတာကိုပေါ့။ ဒေါ်ရသီ့ ခြေထောက်တွေကို သူမ ငုံ့ကြည့်လိုက်သောအခါ ထို ငွေမှင်ရောင် ဖိနပ်တို့ကိုတွေ့သွားလေသည်၊ ထိုဖိနပ်တို့တွင် အစွမ်းထက်သော မှော်စွမ်းအားများ ပါရှိနေသည်ကို သိသွားသော သူမသည်  အကြောက်တရားတို့ဖြင့် စတင် တုန်လှုပ်လာတော့သည်။ ပထမတော့ စုန်းမသည် ဒေါ်ရသီ့နားမှ ထွက်ပြေးတော့မည်ဟု တွေးလိုက်သည်၊ ထို့နောက် သူမ ကလေးမလေး၏ မျက်ဝန်းတို့ထဲသို့ ကြည့်မိသောအခါ သူတို့နောက်ရှိ သန့်ရှင်းစင်ကြယ်သော ဝိဉာဉ်ကို ခံစားမိလေသည်၊ အဲ့လိုသာဆို ဒီရိုးသား စင်ကြယ်တဲ့ ကလေးမလေးက ဒီဖိနပ်တွေက သူမကို ပေးနိုင်သည့် ကြီးမားတဲ့မှော်အစွမ်းကို မသိသေးတဲ့ ပုံစံဖြစ်သည်။ ထိုအခါ စုန်းမသည် ရယ်မောကာ တွေးလိုက်သည် “ငါ သူမကို ကျွန်တစ်ယောက်ဖြစ်အောင်လုပ်ရမယ်၊ အဲ့လိုသာဆို ဒီစွမ်းအားတွေကို ဘယ်လိုအသုံးပြုမယ်ဆိုတာ သူမ မသိရှိနိုင်လောက်တော့ဘူး” သူမ ဒေါ်ရသီ့ကို ဒေါသတကြီးဖြင့် ကြမ်းတမ်းရိုင်းစိုင်း စွာပြောလိုက်သည် -

“ငါ့နဲ့လိုက်ခဲ့…..ပြီးတော့ ငါပြောသမျှ ဟာ အကုန်ခေါင်းထဲထည့်မှတ်ထား၊ ငါပြောသလို မလုပ်ရင် စာခြောက်ရုပ်နဲ့ Tin Woodman တို့ကို လုပ်ခဲ့သလိုမျိုး နင်လည်း အဆုံးသတ်သွားရလိမ့်မယ်”

ဒေါ်ရသီ သူမ နောက်မှ လိုက်သွားရင်း ရဲတိုက်ရှိ လှပသော အခန်းများစွာကို ဖြတ်သန်းလာပြီးနောက် သူတို့ မီးဖိုချောင်သို့ ရောက်ရှိလာကြသည်၊ ထိုနေရာတွင် စုန်းမသည် သူမကို ရေနွေးခရားများနှင့် အိုးများကို ဆေးကြောခိုင်းပြီး မီးဖိုထဲ မီးထည့်ခိုင်း သည့် အပြင် ကြမ်းတိုက်ခိုင်းလေသည်။

ထို ကောက်ကျစ်သော စုန်းမ က သူမကို မသတ်သည်ကို တွေ့သောအခါ ဒေါ်ရသီလေးသည် နှိမ့်ချစွာဖြင့် ကြိုးစားပမ်းစား လုပ်ကိုင်နေတော့သည်။

ဒေါ်ရသီ ကြိုးစားလုပ်ကိုင်နေသည့်အတွက် စုန်းမသည် ခြံထဲသို့သွားပြီး ထိုသူရဲဘောကြောင်သော ခြသေ့်ကို မြင်းတစ်ကောင်လိုခိုင်းပြီး နှောင့်ယှက်စော်ကားဖို့ တွေးလိုက်မိသည် ၊သူမ အပြင်ထွက်တိုင်း ရထားလုံးကို ဒီခြသေ့်ကို ဆွဲခိုင်းရမယ် သေချာတာပေါ့ …..ဒီလိုတွေးလိုက်တာကတောင် သူမကို အတော်လေး ကျေနပ်အားရစေသည်။ သို့သော် သူမ ဂိတ်တံခါး ကို ဆွဲဖွင့်လိုက်သောအခါ ခြသေ့်သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူမဆီသို့ တဟုန်ထိုး မာန်အပြည့်ဖြင့် ပြေးဝင်လာခဲ့သည်၊ သူမ ကြောက်လန့်စွာဖြင့် အပြင်သို့ပြေးထွက်ကာ ဂိတ်တံခါးကို ပြန်ပိတ်လိုက်သည်။

ထို ဂိတ်တံခါး၏ သံတိုင်များကြားမှ နေ၍ စုန်းမ က ခြသေ့်ကို လှမ်းစကားပြောလိုက်သည် “တကယ်လို့ ငါ နင့်ကို စော်ကားမနှောင့်ယှက်နိုင်ရင်လည်း ဆာလောင်နေအောင် လုပ်မယ်၊ ငါ ဆန္ဒရှိသလို လုပ်မပေးနိုင်ခင်အထိ နင့်မှာ ဘာစားစရာမှ ရမှာ မဟုတ်ဘူး”

ထို့နောက်တွင်တော့ သူမ သည် အကျဉ်းချခံထားရသော ခြသေ့်ကို မည်သည့် စားစရာမှ မပေးချေ၊ သို့သော် နေ့တိုင်း နေ့လည် အချိန်တွင် ဂိတ်သို့လာကာ ခြသေ့်ကို မေးသည် -“နင် မြင်းတစ်ကောင်လို အလုပ်လုပ်မှာဖို့ အဆင်သင့်ဖြစ်ပြီလား”

ထိုအခါ ခြသေ့်က ပြန်ဖြေလိုက်သည် “မလုပ်ဘူး….ပြီးတော့ ခင်ဗျား…ဒီခြံထဲ ဝင်ရဲဝင်လာကြည့် …….ကိုက်ပစ်မှာ”

ခြသေ့်သည် ထို စုန်းမ ဆန္ဒရှိသလို မလုပ်ပေးသည့် အကြောင်းပြချက်မှာ သူမ အိပ်ပျော်နေသော ညအချိန်တွင် ဒေါ်ရသီသည် သူ့ဆီသို့ ဗီရိုထဲမှ အစားအသောက်များသယ်ဆောင်ကာရောက်လာသည်။ သူ စားသောက်ပြီးသောအခါ ကောက်ရိုးမွေ့ယာပေါ်လဲလှောင်းနေသည်၊ ဒေါ်ရသီ သည်လည်း သူ့ဘေးနားတွင် လဲလှောင်းကာ ခြသေ့်၏ နူးညံ့သောအမွှေးဖွားဖွားလည်ဆံမွှေး ပေါ်တွင် သူမ ခေါင်းအုံးကာ သူတို့၏ ပြဿနာ အခက်အခဲများ အကြောင်းဆွေးနွေးနေကြပြီး ထွက်ပြေးလွတ်မြောက်ရန်အစီအစဉ်များ ကြိုးစားဆွဲနေကြသည်။ သို့သော် ရဲတိုက် အပြင် ဘက် ရောက်ရန် နည်းလမ်း ရှာမတွေ့နိုင်သေးပေ၊ စုန်းမ ၏ကျွန်ဖြစ်နေသော ထို အဝါရောင် ဝင့်ကီတို့သည် ရဲတိုက်ကို သေချာစောင့်ကြပ်နေကြပြီး၊ သူမ ပြောသလို မဆောင်ရွက်မိမှာကို အလွန်ကြောက်ရွံ့ကြလေသည်။

နေ့အချိန်တွင် မိန်းကလေးငယ်သည် အလုပ်ကြိုးစားလုပ်နေရပြီး တစ်ခါတစ်ရံတွင် စုန်းမ က သူ့လက်ထဲတွင် ကိုင်ထားသော ထီးအဟောင်းကြီးဖြင့် သူမကို ရိုက်မည် ဟု ခြိမ်းခြောက်လေသည်။ ဒါပေမဲ့ အမှန်တကယ်ကတော့ ဒေါ်ရသီ၏ နဖူးပေါ်တွင် ရှိသော အမှတ်အသားကြောင့် သူမ ဒေါ်ရသီကိုမရိုက်နှက်ရဲပေ။ ကလေးမလေးကတော့ ဒါကို မသိသောကြောင့် သူမ နှင့်တိုတို ကို တကယ်ရိုက်နှက် နှိပ်စက်မည်စိုးသော အကြောက်တရားတို့ပြည့်နှက်နေသည်။ တစ်ခါက စုန်းမသည် တိုတိုကို သူမ ၏ ထီးဖြင့် တစ်ချက် ဝှေ့ယမ်း ရိုက်လိုက်ရာ  ထို သတ္တိကောင်းသော ခွေးလေးတိုတိုသည် သူမဆီသို့ ပြေးဝင်ကာ ခြေထောက်ကို ကိုက်ဆွဲတော့သည်။ သူမကိုက်ခံရသော်လည်း စုန်းမ သည် သွေးမထွက်ချေ၊ သူမ သည် ဉာဏ်များကောက်ကျစ်လွန်းသောကြောင့် သူမ၏ သွေးများသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် ခြောက်ခန်းနေခဲ့သည်။

ဒေါ်ရသီသည် ကန်ဆတ်စ်သို့ ပြန်မသွားနိုင်ဖို့က တကယ်မဖြစ်နိုင်သည့် အခြေအနေဖြစ်နေပြီး အဒေါ်အမ် တို့ကို လည်း ပြန်မတွေ့နိုင်တော့သည့် ကို တဖြည်းဖြည်း သဘောပေါက်လာကာ သူမ ဘဝသည်လည်း လွန်စွာ ဝမ်းနည်းစရာကောင်းလာခဲ့သည်။ တစ်ခါတစ်ခါတွင် သူမ ခါးသည်းစွာ ဖြင့် နာရီများစွာကြာအောင် ငိုကြွေးနေခဲ့သည် တိုတိုကလည်း သူမခြေထောက်နားတွင် ထိုင်ပြီး သူ့ သခင်မလေး ကိုမော့ကြည့်ကာ သူသည်လည်း ဝမ်းနည်းနေကြောင်းကို အသံသေးသေးလေးဖြင့် တအီအီလုပ်ပြနေလေသည်။ 

သူ့သခင်မ ဒေါ်ရသီနဲ့သာ အတူတူရှိနေနိုင်မယ် ဆိုရင် ကန်ဆတ်စ်မှာပဲနေရ ဒါမှမဟုတ် အော့ဇ်နယ်မြေ မှာပဲ နေရ ဘယ်နေရာပဲဖြစ်ဖြစ် သူဂရုမစိုက်ဘူး၊ ဒါပေမဲ့ သူသိနေတယ် သူ့သခင်မလေး မပျော်ရွှင်ဘူးဆိုတာ၊ အဲ့တော့သူ လည်းဘယ်စိတ်ထဲ ကောင်းပါ့မလဲ။

အခုတော့ ဒီမိန်းကလေးဝတ်ထားတဲ့ ငွေမှင်ရောင်ဖိနပ်တွေကို သူမ တကယ့်ကို ပိုင်ဆိုင်လိုစိတ်တွေ ဖြစ်နေလေသည်။ သူမ ရဲ့ ပျားတွေနဲ့ ကျီးကန်းတွေသည်လည်း

သေဆုံးခြောက်သွေ့ကုန်ကြပြီး ရွှေဦးထုပ်၏ အစွမ်းတွေကိုလည်း အကုန်သုံးပြီးလေပြီ၊ သို့သော် အကယ်၍သာ ဒီငွေမှင်ရောင်ဖိနပ်တွေသာ သူမလက်ထဲရောက်လာမယ်ဆိုရင် သူမ ဆုံးရှုံးသွားတဲ့အရာတွေထက်တောင် ပိုစွမ်းအားကြီးတဲ့ မှော်အစွမ်းတွေကို ရရှိမှာဖြစ်သည်။ သူမ ဒေါ်ရသီကို သေချာစောင့်ကြည့်ပြီး ဘယ်လိုခိုးယူရမလဲဟု အကြံထုတ်နေလေသည်။ ဒါပေမဲ့ ကလေးမလေးက ဒီဖိနပ်လှလှလေး တွေကို အတော်တန်ဖိုးထားပြီး သူမအိပ်တဲ့အချိန်နဲ့ ရေချိုးတဲ့အချိန်ကလွဲရင် ဖိနပ်တွေကို လုံးဝမချွတ်ပေ။ စုန်းမ က ညမှောင်မှောင်ထဲမှာ ဒေါ်ရသီ့ အခန်းထဲဝင်ပြီး ဖိနပ်မခိုးရဲပေ၊ သူမ သည် အမှောင်ကြောက်တတ်သည်၊ ထို့အပြင် သူမ ရေကိုထိတွေ့ရမှာကြောက်သော စိတ်က အမှောင်ကို ကြောက်တာထက်တောင်ပိုဆိုးသေးတယ်။အဲ့ဒီ့တော့ ဒေါ်ရသီရေချိုးတဲ့အချိန် သူမ လုံးဝအနားမသွားချင်ဘူး။အမှန်တကယ်ကြီးကို ထိုစုန်းမသည် ရေကို လုံးဝမထိသလို ၊ သူမကို ဘယ်ရေတစ်စက်မှ လည်း မထိမခံပေ။

သို့သော် ထို ကောက်ကျစ်သော သတ္တဝါသည် အမတန် စဉ်းလဲပြီး အကောက်ကြံတတ်သည်၊ နောက်ဆုံးတော့ သူမ လိုချင်တာကို ရဖို့ ဘယ်လိုမျိုး ဒေါ်ရသီ့ကို လှည့်စားရမယ်ဆိုတဲ့ နည်းလမ်းရသွားတော့သည်။ သူမ သံချောင်းတစ်ချောင်းကို မီးဖိုချောင် အလယ်တည့်တည့်တွင် ထားလိုက်သည်။ ထို့နောက် သံချောင်းကို ဘယ်သူမှ မမြင်နိုင်စေရန် မန်းမှုတ်လိုက်သည်။ ထို့နောက် ဒေါ်ရသီ သည် လမ်းလျှောက်လာရင်း ထိုသံချောင်းကို မမြင်ပဲ ခလုတ်တိုက်မိပြီး လဲကျသွားလေသည် ထိုအခါ ဖိနပ်တစ်ဖက် ကကျွတ်ထွက်သွားတော့သည် ၊ ထိုအခါ စုန်းမသည် ထို ငွေမှင်ရောင် ဖိနပ်တစ်ဖက် ကို ဒေါ်ရသီထက် မြန်မြန် ကောက်ယူလိုက်ပြီး  သူမ ရဲ့ အရိုးပေါ်အရေတင် ခြေထောက်မှာ အမြန်စီးထားလိုက်သည်။

ထို စဉ်းလဲသော စုန်းမသည် သူမ၏ လှည့်ကွက် အောင်မြင်သွားသည်ကို တွေးကာ ကျေနပ် ပီတိဖြစ်နေလေသည်၊ သူမ မှာသာ ဒီဖိနပ် တစ်ရံလုံး မရလိုက်ပဲ တစ်ဖက်ပဲရလိုက်သော်လည်း အဲ့ဖိနပ် တစ်ဖက်ရှိနေသရွေ့ အဲ့ထဲက မှော်စွမ်းအားတစ်ဝက်ကို အသုံးပြုနိုင်လိမ့်မယ်၊ထို့ကြောင့်  ဒေါ်ရသီက သူ့ရဲ့ဖိနပ်တစ်ဖက်က မှော်စွမ်းအင်တွေကို ဘယ်လိုအသုံးချရမလဲသိခဲ့ရင်တောင်မှပဲ သူမ ကို မဆန့်ကျင်နိုင်တော့ဘူး။

ကလေးမလေးသည် သူမဖိနပ်တစ်ဖက်ပျောက်သွားသောကြောင့် စုန်းမကို ဒေါသတကြီးဖြင့် ပြောလိုက်သည် “ငါ့ ဖိနပ်တွေ ပြန်ပေး!!!!”

စုန်းမက လည်း ပြန်ရန်တွေ့သည် “မပေးနိုင်ဘူး……အခု အဲ့ဖိနပ်တစ်ဖက်က ငါ့ပိုင်သွားပြီ ….နင့်ဟာ မဟုတ်တော့ဘူး”

ဒေါ်ရသီလေး ဒေါသတွေ ပေါက်ကွဲထွက်သွားသည် “နင်….တော်တော် ကောက်ကျစ်တဲ့ သတ္တဝါပဲ၊ ငါ့ဖိနပ်တွေကို ယူသွားဖို့ နင့်မှာ ဘာအကြောင်းမှ မရှိဘူး”

စုန်းမက ရယ်မောရင်း ပြန်ပြောသည် “နင့်ဆီမှာ သိမ်းထားသလိုမျိုး ငါပဲ သိမ်းထားလိုက်ပါမယ်၊ ပြိးတော့ ကျန်တဲ့နောက်တစ်ဖက်ကို လည်း နင့်ဆီက ထပ်ယူရအုန်းမယ်”

ထို စကားများကို နားထောင်လိုက်ရသော ဒေါ်ရသီလေး ဒေါသထွက်လွန်းသောကြောင့် သူမ အနားရှိ ရေပုံးကို ကောက်ယူကာ ထို စုန်းမကို ကောက်ပက်လိုက်တော့သည်၊ ထိုစုန်းမ ခေါင်းအစခြေအဆုံး စိုရွှဲသွားလေသည်။

ချက်ချင်းပင် စုန်းမသည် သူမ၏ အကြောက်တရားတို့ကြောင့် ကျယ်လောင်စွာ ငိုကြွေးလိုက်ပြီး ဒေါ်ရသီ့ကို တအံ့တဩကြည့်လိုက်သည်၊ ထို့နောက်တွင်တော့ သူမ တဖြည်းဖြည်းချင်း သေးကျုံ့သွားကာ လဲကျသွားသည်။

သူမ အသံကုန်အော်ဟစ်လိုက်သည် “တွေ့လား….နင်ဘာလုပ်လိုက်မိလဲဆိုတာ...မျက်စိတစ်မှိတ်အတွင်းမှာပဲ ငါအရည်ပျော်ကျသွားတော့မယ်”

သူမ၏ မျက်စိရှေ့မှာပင် သကြားအညိုတွေ အရည်ပျော်ကျနေသလိုမျိုး ဖြည်ဖြည်းချင်း ပျော်ကျသွားသော စုန်းမကိုကြည့်ရင်း ကြောက်လန့်သွားကာ ပြောလိုက်သည် “ငါ တကယ်ကို စိတ်မကောင်းပါဘူး”

ထို စုန်းမသည် လွန်စွာ စိတ်ပျက်အားငယ်စွာ ငိုကြွေးရင်း ဒေါ်ရသီ့ကို မေးလိုက်သည် “ရေ က ငါ့ဘဝကို အဆုံးသတ်နိုင်တယ်ဆိုတာ နင်မသိခဲ့ဘူးလား”

ဒေါ်ရသီလေးက ပြန်ဖြေလိုက်သည် “သေချာပေါက်ကို ငါမသိခဲ့ဘူး၊ ငါကဘယ်လိုလုပ် အဲ့ဒါ့ကို သိမှာလဲ”

“ကောင်းပြီလေ၊ နောက်မိနစ်အနည်းငယ်အတွင်းမှာပဲ ငါ ပျောက်ကွယ်သွားတော့မှာ၊ ဒီရဲတိုက်ကြီးက နင့်ဟာ ဖြစ်သွားပြီ၊ ငါ့ ဘဝရဲ့နေ့ရက်တိုင်းကို ကောက်ကျစ်

ဆိုးသွမ်းစွာ ဖြတ်သန်းခဲ့တာ၊ ဒါပေမဲ့ ငါဒီလို ကလေးမလေး က ငါ့ ဆိုးသွမ်းတဲ့ လုပ်ရပ်တွေ ရပ်တန့်သွားအောင်….ငါပျောက်ကွယ်သွားအောင် လုပ်နိုင်မယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့မိဘူး….။ သတိထားနေခဲ့ပေတော့……..ငါတော့သွားပြီ”

ထိုစကားများကို ပြောပြီးသည်နှင့် စုန်းမသည် သန့်ရှင်းနေသော အဖြူရောင် မီးဖိုချောင်ကြမ်းပြင်ပေါ်ကို အညိုရောင်အရည်ပျစ်ပျစ်အဖြစ်ပျော်ကျသွားတော့သည်။ သူမ တကယ့်ကို ဘာတစ်ခုမှမကျန်အောင်ပင် အရည်ပျော်ကျသွားသည်ကို တွေ့လိုက်သောအခါ ဒေါ်ရသီသည် နောက်ထပ် ရေတစ်ပုံးကို ထို အရည်တွေပေါ်သို့ ထပ်လောင်းချလိုက်သည်။ ထို့နောက် တံခါးပေါက်ဆီသို့ ထိုအရာတွေကို လှဲကျင်းထုတ်လိုက်သည်။ ထို စုန်းမအိုကြီး ဆီမှ မပျော်ကျပဲ ကျန်ခဲ့သည့် သူမ၏ ငွေမှင်ရောင်ဖိနပ်တစ်ဖက်ကို ပြန်ယူလိုက်ကာ အဝတ်စတစ်စဖြင့် ခြောက်အောင်သုတ်လိုက်ပြီး သူမ ခြေထောက်တွင် ပြန်စီးလိုက်သည်။ ထို့နောက်တွင်တော့ သူမလုပ်ချင်တာ လုပ်လို့ရသွားပြီဖြစ်သောကြောင့်  ခြံထဲသို့ပြေးထွက်သွားကာ ထို အနောက်ပိုင်းနယ်၏ ကောက်ကျစ်သော စုန်းမ သေဆုံးသွားကြောင်းကို ခြသေ့်ဆီ ပြေးပြောတော့သည်၊ ဒီထူးဆန်းတဲ့ နယ်မြေမှာ ဒီလိုမျိုး အကျဉ်းသားအနေနဲ့ နေစရာမလိုတော့ဘူး။


** ဒေါ်ရသီတို့သူငယ်ချင်းအုပ်စုက မကောင်းတဲ့စုန်းမကိုဘယ်လိုအနိုင်ယူမလဲဆိုတာတော့..... **

* Stay home ကာလမှာ အပျင်းပြေဇာတ်လမ်လေးဖတ်ရင်းနဲ့ ကော်ဖီလေးပါတိုက်လို့ရတယ်နော် 😉❤❤ *


rate now: