အခန်း - ၁၁ အော့ဇ် ၏ လှပဆန်းကြယ်သော မြို့တော်
အစိမ်းရောင် မျက်မှန်များ တပ်ဆင်ထားပြီး မျက်လုံးတို့ကို ကာကွယ်ထားသော်လည်း ဒေါ်ရသီနှင့် သူမ၏ သူငယ်ချင်းတွေသည် ထိုရင်သပ်ရှုမောဖွယ် လှပလွန်းသော မြို့တော်၏ခမ်းနားထည်ဝါမှုတို့ကို မြင်လိုက်ရသော တစ်ခဏတွင် မူးဝေသွားခဲ့ရ သည်။ လမ်းတလျှောက်တွင် အစိမ်းရောင် ကျောက်သားများဖြင့် ဆောက်လုပ်ထားပြီး တစ်လက်လက်တောက်ပနေသော မြကျောက်များကိုထည့်သွင်းမြှုပ်နှံထားသည့် လှပ သောအိမ်များကိုအတန်းလိုက် အစီအရီတွေ့ရလေသည်။ သူတို့ နင်းလျှောက်လာသော လျှောက်လမ်းတလျှောက်ကိုလည်း ထိုကဲ့သို့အလားတူ အစိမ်းရောင်ကျောက်သားဖြင့် ခင်းထားသည်။ ထို့အပြင် ထိုကျောက်သားတစ်ကွက်ချင်းဆီ၏ ကြားထဲတွင် မြကျောက်အတန်းလိုက်ကိုပါထည့်သွင်းမြှုပ်နှံထားသည်မှာအနီးကပ်ကြည့်ပါက နေရောင်ခြည်နှင့်အတူ တစ်လက်လက်တောက်ပနေသည်ကိုတွေ့မြင်နိုင်သည်။ ပြတင်းပေါက် မှန်တွေကိုလည်း အစိမ်းရောင်ဖန်သားများဖြင့်ပြုလုပ်ထားခဲ့သည်။
ထို့ကြောင့်ပင်မြို့တော်ပေါ်အုပ်မိုးထားသော ကောင်းကင်သည်ပင်လျှင် အစိမ်းရောင် ဖျဖျသန်းနေသယောင်၊ နေရောင်ခြည်မှာလည်း အစိမ်းရောင်ရောင်ခြည်တန်းများသ ဖွယ် မြင်တွေ့ရသည်။အစိမ်းရောင်သမ်းသော အသားအရေ နှင့် တစ်ကိုယ်လုံး အစိမ်းရောင်ဝတ်စုံများကို ဝတ်ဆင်ထားသော ယောကျ်ား၊ မိန်းမ၊ ကလေး စသည့် လူအများအပြားတို့သည် လမ်းမထက် သွားလာလှုပ်ရှားနေကြသည်။ သူတို့သည် ဒေါ်ရသီနှင့် သူမ၏ ထူးဆန်းသော အပေါင်းအဖော်တစ်သိုက်ကို သိချင်စိတ်များဖြင့် ပြည့်နှက်နေသောမျက်လုံးများဖြင့်ကြည့်ကြလေသည်။
ခြသေ့်ကိုတွေ့သောအခါ ကလေးများသည်ထွက်ပြေးကာ သူတို့အမေတွေ၏နောက်တွင် ပုန်းနေကြပြီး ဘယ်သူ မှသူတို့ကို(ဒေါ်ရသီတို့အဖွဲ့) ကိုစကားလာမပြောကြပေ။ လမ်းမပေါ်တွင် ဆိုင်ခန်း အများအပြားလည်းရှိပြီး ဒေါ်ရသီသည် ထိုဆိုင်များတွင် ခင်းကျင်းရောင်းချနေသော အရာများအားလုံးသည်လည်းအစိမ်းရောင်သာဖြစ်နေသည်ကိုတွေ့မြင်လိုက်ရသည်။ အစိမ်းရောင်သကြားလုံး၊ အစိမ်းရောင်ပေါင်းဖူးပေါက်ပေါက် တို့အပြင် အစိမ်းရောင် ဖိနပ်၊ အစိမ်းရောင်ဦးထုပ် နှင့် အစိမ်းရောင် အဝတ်အစားများ စသည့်အမျိုးစုံ လင်သောပစ္စည်းများကို ရောင်းချနေကြသည်။ တစ်နေရာတွင်တော့ ဈေးသည် ယောကျ်ားတစ်ယောက်သည် အစိမ်းရောင် သံပုရာဖျော်ရည်ကို ရောင်းချနေပြီး ကလေးများကဝယ်ယူကြရာတွင် အစိမ်းရောင် အကြွေစေ့များကို အသုံးပြုကြသည် ကိုဒေါ်ရသီတွေ့လိုက်လေသည်။ ထိုအနီးအနားတွင် မြင်းကဲ့သို့သော တိရစ္ဆာန် တို့ကို လည်းမတွေ့ရပေ။ အစိမ်းရောင်လက်တွန်းလှည်းများပေါ်တွင် ပစ္စည်းများတင်ကာ တွန်း၍သွားလာနေကြသော ယောကျ်ားများကိုသာတွေ့မြင်ရလေသည်။ ဤမြို့တော် တွင်လူတိုင်းဟာ ကျေနပ်ပျော်ရွှင်ပြီး ရောင့်ရဲနေထိုင်ကြပုံ ကို တွေ့မြင်နိုင်လေသည်။ ဂိတ်တံခါးတို့ကို စောင့်ရှောက်သူက ဦးဆောင်ကာ သူတို့ကို လမ်းကြားများမှဆင့် မြို့အလယ်ကောင်တွင်ရှိသော ကြီးမားသော အဆောက်အဦးကြီးတစ်ခု ဖြစ်သည့် ကြီးမြတ်သော အော့ဇ် နေထိုင်ရာ နန်းတော်ကြီးဆီသို့ ဆီသို့ခေါ်ဆောင်သွားလေသည်။ အဝင်တံခါးမကြီးရှေ့တွင် အစိမ်းရောင်စစ်တပ်ဝတ်စုံပြည့်ဝတ်ဆင်ထားသော ရှည်လျားသည့်အစိမ်းရောင်မုတ်ဆိတ်ရှိသော အစောင့်စစ်သားတစ်ဦးရပ်ကာ စောင့် နေလေသည်။ဂိတ်တံခါးတို့ကို စောင့်ရှောက်သူကထိုသူကိုပြောလိုက်သည်
“လူစိမ်းတွေ ကိုခေါ်ဆောင်ရောက်ရှိလာပါပြီ၊ ပြီးတော့ သူတို့တွေက အော့ဇ်ကို တွေ့ဆုံရဖို့ တောင်းဆိုနေကြပါသည်”
ထိုအခါ စစ်သားက
“အထဲဝင်လာပြီး စောင့်နေပေးပါ၊ ကျွန်ုပ် သင်တို့ရောက်ရှိကြောင်း အော့ဇ် ဆီကို သတင်းပို့ ပေးပါ့မယ်”
ထို့နောက်တွင် သူတို့တွေသည် နန်းတော် တံခါးမကြီးကို ဖြတ်ကျော်ဝင်ရောက်လာ ခဲ့ပြီး အစိမ်းရောင် ကော်ဇောခင်းထားပြီး အစိမ်းရောင် မြကျောက်များဖြင့် အလှဆင် ထားသော လှပတင့်တယ်သော ပရိဘောဂ အသုံးအဆောင် ပစ္စည်း အစုံလိုက်တို့ဖြင့် ခင်းကျင်းထားသော အခန်းကျယ်ကြီးထဲသို့ ရောက်ရှိလာခဲ့သည်။
ထိုအခန်းထဲသို့ မဝင် ရောက်ခင်သူတို့ခြေထောက်များကို အစိမ်းရောင်ခြေသုတ်ခုံပေါ်တွင် သုတ်ခိုင်းလိုက် သည်။ ပြီးမှသာ အခန်းထဲသို့ ဝင်ရောက်ရလေသည်။ သူတို့ ထိုင်ခုံပေါ်တွင် အသီးသီး ထိုင်ပြီးသောအခါတွင် ထိုသူက ယဉ်ကျေးစွာ ပြောလေသည်
“သင်တို့ အိမ်လိုသဘောထားပြီး သက်တောင့်သက်သာ နေနိုင်ပါတယ်… ကျွန်ုပ် ညီလာခံခန်းမတံခါးဝဆီသွားပြီး အရှင်အော့ဇ် ကိုသင်တို့ရောက်ရှိနေကြောင်း သတင်း ပို့လိုက်ပါအုန်းမယ်”
ထို စစ်သား ပြန်မရောက်လာခင်အထိ သူတို့သည် အကြာကြီးစောင့်လိုက်ရလေသည်။ နောက်ဆုံးတွင်တော့ ထိုသူ ပြန်ရောက်လာခဲ့သည်။ ဒေါ်ရသီက မေးလိုက်သည်
“သင် အော့ဇ်ကို တွေ့ခဲ့လား”
စစ်သား ကပြန်ဖြေသည်
“ဟင့်အင်း၊ ကျွန်ုပ် အရှင့်ကို မတွေ့ဆုံခဲ့ရပါဘူး၊ တစ်ခါမှလည်း အရှင့်ကို မမြင်ဖူးဘူး လေ။ ဒါပေမဲ့ အရှင်က အမြဲ ကျွန်ုပ် သတင်းပို့တိုင်း လိုက်ကာနောက်မှာထိုင်နေခဲ့တာ အဲ့တော့ ကျွန်ုပ် တင်ပြချက်တွေကို အရှင့်ဆီ အဲ့လို တင်ပြရတာ၊ အသင်တို့က အရမ်းကို ဆန္ဒရှိနေ၍ အရှင်က သင့်တို့ကို တွေ့ဆုံခွင့်ပေးပါ့မယ်တဲ့၊ ဒါပေမဲ့ သင်တို့ တစ်ယောက်ချင်းပဲ ဝင်လာပြီးတွေ့ဆုံရပါမယ် အဲ့ဒါအပြင် တစ်နေ့ကို တစ်ယောက်ပဲ တွေ့ခွင့်ရပါမယ်။ အဲ့တာကြောင့် သင်တို့ ဒီနန်းတော်ထဲမှာ ရက်အတော်ကြာ နေရလိမ့် မယ်။ သင်တို့ ခရီးပန်းလာတော့ တစ်ယောက်ချင်းဆီ အနားယူရမဲ့ အခန်းတွေကို ကျွန်ုပ် လိုက်ပြပါ့မယ်”
မိန်းကလေးငယ်လေးက ပြန်ပြောလိုက်သည်
“ကျေးဇူးတင်ပါတယ်။ အရှင်က အလွန်ကြင်နာတတ်တာပဲ”
စစ်သာ သည် အစိမ်းရောင်ဝီစီကို မှုတ်လိုက်သည်နှင့် တပြိုင်နက် အစိမ်းရောင် ပိုးဂါဝန်ကို ဝတ်ဆင်ထားသော မိန်းမငယ်လေးတစ်ယောက်သည် အခန်းထဲသို့ ဝင်လာ ခဲ့သည်။ သူမသည် ချစ်ခင်နှစ်လိုဖွယ် ကောင်းသော အစိမ်းရောင် ဆံနွယ်များနှင့် မျက်ဝန်းစိမ်းစိမ်းတို့ရှိသော မိန်းကလေးငယ်တစ်ယောက်ဖြစ်သည်။ သူမသည် ဒေါ်ရသီလေးကို ခါးညွတ်အရိုအသေပေးကာ ပြောလိုက်သည်
“ကျွန်ုပ်နောက်က လိုက်လာခဲ့ကြပါ၊ သင့် အိပ်ခန်းဆီလိုက်ပို့ပေးပါ့မယ်”
ထို့အခါ ဒေါ်ရသီသည် သူမ အပေါင်းအဖော်များကို နှုတ်ဆက်လိုက်ပြီး တိုတို ကို သူမလက်မောင်းထဲတွင်ပိုက်ကာ ထိုအစိမ်းရောင် မိန်းကလေးငယ်လေး နောက်သို့ လိုက်ပါသွားခဲ့သည်။ ထိုမိန်းကလေး ခေါ်ဆောင်ရာ လိုက်လာရင်း စင်္ကြန် ခုနှစ်ခု ကို ဖြတ်သန်းပြီးနောက်တွင် သုံးခုမြောက် လှေကားအကွေ့ကို တက်ပြီးသည့်အခါတွင် တော့ နန်းတော်အရှေ့တွင်ရှိသော အခန်းဆီသို့ ရောက်လာခဲ့သည်။ အခန်းထဲတွင် သက်တောင့်သက်သာရှိပြီး နူးညံ့သော အိပ်ရာတစ်ခုနှင့် ထိုအိပ်ရာပေါ်တွင် အစိမ်း ရောင်ပိုးအိပ်ရာခင်းစကို ခင်းထားသည့်အပြင် အစိမ်းရောင်ကတ္တီပါ ခြုံစောင်တို့နှင့် ပြင်ဆင်ထားသော ကမ္ဘာပေါ်ရှိချစ်စဖွယ် အကောင်းဆုံး အခန်းလေး ကို တွေ့လိုက် ရသည်။ အခန်း၏အလယ်တွင်တော့ ရေပန်းသေးသေးလေးတစ်ခုနှင့် အလှဆင်ထား လေသည်။ ထိုရေပန်းမှ ဖြာထွက်လာသော အစိမ်းရောင်သမ်းနေသော ရေမွှေးရနံ့ သင်းသင်းလေးသည် အခန်းလေထုထဲတွင် ပျံ့နှံ့ နေလေသည် ထို့နောက်တွင်တော့ ထို ဖွာထွက်နေသောအစိမ်းရောင်ရေမှုန်လေးများသည် ရေပန်းကန်လေးထဲသို့ ပြန်လည် ကျရောက်သွားကြသည်။
ပြတင်းပေါက်တွင်တော့ အစိမ်းရောင်ပန်းလေးများကြီး ထွားပွင့်လန်း နေကြပြီး အနားရှိ စာအုပ်စင်ပေါ်တွင်အစိမ်းရောင် စာအုပ်လေးများကို တွေ့ရသည်။ သူမ အချိန်ရသောအခါတွင် ထိုစာအုပ်လေးများကို ဖွင့်ဖတ်လိုက်သော အခါစာအုပ်ထဲတွင်အပြည့်ရှိနေသော အစိမ်းရောင်ရုပ်ပုံများသည် အလွန်ရယ်ရွှင် မြူးစရာကောင်းသောကြောင့် သူမ မထိန်းနိုင်ပဲ ပေါ့ပါးစွာ ရယ်မောမိလေသည်။ အဝတ်ဗီရိုထဲတွင်တော့ အစိမ်းရောင် ပိုးဖဲကတ္တီပါစများဖြင့် ချုပ်လုပ်ထားသော ဂါဝန် များကိုတွေ့ရပြီး၊ ထိုဂါဝန်အကုန်လုံသည်ဒေါ်ရသီနှင့် တိုင်းချုပ်ထားသကဲ့သို့ ကွက်တိတော်နေသည်။ ထိုအစိမ်းရောင်မိန်းကလေးကပြောလိုက်သည်
“ကိုယ့်အိမ်ကိုယ့်ယာလိုသဘောထားပြီး သက်တောင့်သက်သာ အနားယူပါ၊ ပြီးတော့ သင် တကယ်လို့ တစ်ခုခုလိုအပ်လာခဲ့ရင် ခေါင်းလောင်းလေးကို တီးလိုက်ပါ၊ မနက်ဖြန်မနက် သင့်ဆီကို အော့ဇ်က ပို့ပေးပါလိမ့်မယ်။”
သူမ ဒေါ်ရသီ့ကို ထားခဲ့ပြီး တခြားသူများဆီသို့ သွားလိုက်သည်။ သူမ ထိုသူများကို ဦးဆောင်ကာ သူတို့ သက်ဆိုင်ရာ အခန်းဆီသို့ ပို့ပေးလိုက်လေသည်။ သူတို့ တစ်ဦးချင်းစီအတွက်နန်းတော်ထဲရှိ အလွန်နှစ်သက်ဖွယ်ကောင်းသော အခန်းနေရာ တစ်ခုဆီရကြလေသည်။ ထိုကဲ့သို့သော ယဉ်ကျေးသိမ်မွေ့သော ဧည့်ဝတ်ကျေပွန် ခြင်းသည်စာခြောက်ရုပ်အတွက်တော့လုံးဝအသုံးမဝင်ခဲ့ချေ။ အခန်းတစ်ခုလုံး သူ တစ်ယောက်ထဲ ဖြစ်နေခဲ့သောအခါ သူ အခန်းတံခါးနားရှိ ထိုနေရာတစ်နေရာထဲမှာပင် တုံးအစွာရပ်နေခဲ့ပြီး နောက်တစ်နေ့မနက် ရောက်ဖို့စောင့်နေခဲ့သည်။ သူသည် မျက်လုံးများကို မပိတ်ပေ ထို့ပြင် အနားယူပြီး လဲလျောင်းခြင်းလည်း မလုပ်ပဲ သူရောက်ရှိနေသာ အခန်းသည် ကမ္ဘာပေါ်တွင် အံ့ဩဖွယ်ကောင်းမွန်သော အခန်း ထဲသို့ရောက်ရှိနေသည်မဟုတ်သကဲ့သို့ပင်။ တစ်ညလုံး အခန်းထောင့်တွင် ပင့်ကူ တစ်ကောင် ပင့်ကူအိမ် ရက်လုပ်နေသည်ကိုပဲ ကြည့်နေလေသည်။ Tin Woodman သည်လည်း အကျင့်ပါနေသောကြောင့် အိပ်ရာပေါ်တွင် လဲချလိုက်ပြီးမှ သူသည် ယခု လူတစ်ယောက်ကဲ့သို့ အသွေးအသားနှင့်မဟုတ်သောကြောင့် မအိပ်တော့သည်ကို အမှတ်ရကာသူ့၏ လက်မောင်းအဆစ် ၊ ခြေထောက်အဆစ်များ အစီအစဉ်တကျ ကောင်းကောင်းမွန်မွန်လှုပ်ရှားရဲ့လား စမ်းသပ်ရင်းနှင့်ပင် တစ်ညလုံး ကုန်ဆုံးသွား ခဲ့သည်။ ခြသေ့်ကတော့ ထိုကဲ့သို့ အခန်းထဲတွင် ပိတ်လှောင် ခံထားရသည်ကို မကြိုက်ပေ။ ၎င်းအစား တောထဲတွင် သစ်ရွက်ခြောက်များကို အိပ်ရာလုပ်ပြီးသာ အိပ်နေချင်သည်။ သို့သော်လည်း ထိုကဲ့သို့ သော အတွေးများတွေးကာ သူ့ကိုယ်သူ မနှောင့်ယှက်တော့ပဲ အိပ်ရာပေါ်သို့တက်ကာ ကြောင်တစ်ကောင်ကဲ့သို့ ကွေးကွေး လေး အိပ်ပျော်သွားသည်မှာ တစ်မိနစ်ပင်မကြာလိုက်ပေ။ နောက်တစ်နေ့မနက် ၊ မနက်စာစားပြီးကြသောအခါ ထို အစိမ်းရောင် မိန်းကလေးငယ်သည် ဒေါ်ရသီ့ကို လာရောက်ခေါ်ဆောင်သွားပြီး၊ ရွှေခြည်ငွေခြည်များထိုးထားသော ဖဲစဖြင့်ချုပ်လုပ် ထားသော အလှဆုံး အစိမ်းရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ပေးလေသည်။ ဒေါ်ရသီသည် အစိမ်းရောင်ပိုးဂါဝန်ရှေ့ဖုံးကိုဝတ်ဆင်လိုက်ကာ တိုတို၏ လည်ပင်းတွင် အစိမ်းရောင် ဖဲပြားလေးချည်ပေးလိုက်သည်။ ထိုကဲ့သို့ ပြင်ဆင်ပြီးသောအခါတွင် ကြီးမြတ်သော အော့ဇ်ရှိရာ ညီလာခံ ခန်းမဆောင်သို့ သွားကြလေသည်။အရင်ဦးစွာ သူတို့သည် ကျယ်ဝန်းသောခန်းမကျယ်ကြီးတစ်ခုသို့ လာရောက်ခဲ့ကြသည်။ ထိုခန်းမကျယ်ကြီး ထဲတွင် အရည်အသွေးကောင်းမွန်လှပသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည့် ရုံးတော်၏ လူကြီးလူကောင်း အထက်တန်းလွှာ ယောကျ်ား၊ မိန်းမ များစွာကို တွေ့လိုက်ရသည်။ သူတို့တွင် တစ်ယောက်နှင့်တစ်ယောက် စကားစမြည်ပြောနေရုံမှ လွဲ၍အခြားဆောင်ရွက်စရာများ မရှိကြပေ။ ဒါပေမဲ့ သူတို့သည် နေ့တိုင်း မနက်ခင်း တိုင်းထို ညီလာခံ ခန်းမကြီး၏ အပြင်ဘက်တွင်လာရောက်ကာ အော့ဇ်ကို တွေ့ခွင့် မရရှိကြသော်လည်း လာရောက်စောင့်ဆိုင်း နေကြဆဲဖြစ်သည်။ ထိုခန်းမကျယ်ထဲသို့ ဒေါ်ရသီ ဝင်လာသောအခါတွင် သူတို့သည် သိချင်စိတ်ပြင်းပြသောမျက်လုံးတို့ဖြင့် ကြည့်နေလေသည် သူတို့ထဲမှ တစ်ယောက်က တီးတိုးပြောလေသည်
“သင်တကယ်ပဲ ဒီဆိုးဝါးတဲ့ အော့ဇ်ရဲ့ မျက်နှာကို မြင်ရဖို့ မျှော်လင့်နေလား”
မိန်းကလေးက ဖြေလိုက်သည်
“သေချာတာပေါ့ တကယ်လို့ သူသာတွေ့ခွင့်ပေးမယ်ဆိုရင်ပေါ့”
မှော်ပညာရှင်ဆီသို့ သတင်းပို့ဆောင်ပေးသော စစ်သားက ပြောလိုက်သည်
“အို… သူ့ကို မြင်ချင်ရုံသက်သက် တွေ့ခွင့်တောင်းတဲ့သူတွေကို တွေ့ရတာ မကြိုက် သော်လည်း သင့်ကိုတော့ သူတွေ့ခွင့်ပေးမှာပ။၊ အမှန်တော့ ကျွန်ုပ် သတင်းပို့တုန်းက သူစိတ်ဆိုးသွားခဲ့တယ်။ အဲ့ဒါနဲ့ သင့်ကိုနောက်ကြောင်း ပြန်လှည့်ပြီး ပြန်ခိုင်းလိုက် မယ်လို့ပြောလိုက်တယ်။ အဲ့နောက်မှာတော့ သင့်ပုံစံက ဘယ်လိုမျိုးလဲလို့ ကျွန်ုပ် ကိုမေးတယ်၊ ဒါနဲ့ ကျွန်ုပ်က သင့်ဆီမှာ ငွေမှင်ရောင်ဖိနင်တစ်စုံ ဝတ်ဆင်ထားကြောင်း ပြောလိုက်တော့ သူစိတ်ဝင်စားသွားခဲ့တယ်။ နောက်ဆုံး ကျွန်ုပ် သူ့ကို သင့်နဖူးပေါ်မှာ ရှိတဲ့အမှတ်အသားအကြောင်းကို ပြောပြလိုက်ပြီးနောက်မှာတော့ သင့်ကို တွေ့မယ် ဆိုပြီး သူဆုံးဖြတ်လိုက်တာ”
ထိုအချိန်တွင်ပင် ခေါင်းလောင်းသံ မြည်လာသည် ထို့နောက်တွင်တော့ ဒေါ်ရသီကို ထိုမိန်းကလေးက ပြောလိုက်သည်
“ဒါ အချက်ပေးတာပဲ၊ သင် တစ်ယောက်ထဲ ညီလာခံခန်းမထဲကို ဝင်သွားရမယ်”
သူမသည်တံခါးအသေးလေးကို ဒေါ်ရသီ ဝင်သွားရန်အတွက် ဖွင့်ပေးလိုက်ပီး နောက် တွင်တော့ ဒေါ်ရသီသည် ထိုတံခါးဝမှဖြတ်သန်း သွားသည်နှင့် လွန်စွာ အံ့ဩဖွယ် ကောင်းသောနေရာတစ်ခုဆီသို့ရောက်နေကြောင်းတွေ့ခဲ့ရသည်။
မြင့်မားသော နံရံ၊ မျက်နှာကြက်၊ ကြမ်းခင်း၊ နှင့် အမိုးခုံး တို့ကို မြကျောက်များဖြင့် စီခြယ်ထားသော အခန်းဝိုင်းကျယ်ကြီးဆီရောက်လာခဲ့သည်။ အမိုးခုံး၏ အလယ် တည့်တည့်တွင်တော့ နေကဲ့သို့တောက်ပနေသောအလင်း ရှိနေသောကြောင့် မြကျောက်တို့သည် ရင်သပ်ရှုမောဖွယ်အလှတရားတို့ဖြင့် တဖြတ်ဖြတ်တောက်ပနေ လေသည်။ဒါပေမဲ့ ဒေါ်ရသီ၏ အာရုံကိုအဓိက ဆွဲယူသွားသောအရာသည်ကား အခန်း အလည်ရှိ ကြီးမားသော အစိမ်းရောင်စကျင်ကျောက် ရာဇပလ္လင်ကြီး ပင်ဖြစ်သည်။ ထိုအရာသည် ကျောက်မျက်ရတနာများဖြင့်တလက်လက် တောက်ပနေသော ကုလား ထိုင်တစ်လုံးကဲ့သို့ပင်ဖြစ်သည်။ ကုလားထိုင်၏အလယ်တွင် ကြီးမားသောဦးခေါင်း တစ်ခုရှိပြီး ၎င်းကို ထောက်မရန် ခန္ဓာကိုယ်တစ်ခု သို့မဟုတ် မည်သည့် လက်မောင်း နှင့်ခြေထောက်မျှမပါရှိပေ။ ထို ခေါင်းပေါ်တွင် ဆံပင်လည်း မရှိပေ ၊ ဒါပေမယ့် သူ့မှာ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ရှိတယ်။ ပြီးတော့ အကြီးဆုံးဆိုတဲ့ သတ္တဝါကြီးရဲ့ ဦးခေါင်း ထက်တောင်သူ့ခေါင်းကအများကြီးပိုကြီးသည်။ အံ့ဩမှုနှင့်အတူ ကြောက်ရွံ့ တုန်လှုပ် စွာဖြင့်ဒေါ်ရသီသည် ၎င်းကိုငေးကြည့်နေမိသည်။
ထိုအချိန်မှာပင် မျက်လုံးသည် ဖြည်းဖြည်းချင်းလှည့်လာတာ သူမကို စူးရှခိုင်မာသောအကြည့်တို့ဖြင့် ကြည့်လိုက် သည်။ ထို့နောက်ပါးစပ်သည် လှုပ်ရှားလာပြီး စကားပြောလိုက်သည့် အသံတစ်ခု ထွက်လာသည် ကို ကြားလိုက်ရသည် -
“ကျွန်ုပ် ကအော့ဇ် ပဲ… ကြီးမြတ်ပြီး ဆိုးရွားတဲ့ အော့ဇ်၊ သင်ကရော ဘယ်သူလဲ၊ ဘာကြောင့် ငါ့ကို တွေ့ချင်ရတာလဲ”
ထိုကြီးမားတဲ့ ခေါင်းကြီးက ထွက်ပေါ်လာသော အသံသည် သူမမျှော်လင့်ထားသကဲ့ သို့ မဆိုးဝါးခဲ့ပေ။ ထို့ကြောင့် သူမ သတ္တိမွေးကာ ပြန်ဖြေလိုက်သည် -
“ကျွန်ုပ်က ဒေါ်ရသီလို့ခေါ်ပါတယ် …သေးငယ် နိမ့်ကျတဲ့ သူတစ်ယောက်ပါပဲ အရှင်၊ သင့်ဆီ အကူအညီတောင်းဖို့ရာအတွက် ရောက်လာရခြင်းဖြစ်ပါတယ်”
ထိုမျက်လုံးတို့သည် ဒေါ်ရသီကို တစ်မိနစ်ခန့် စေ့စေ့စပ်စပ် သေချာကြည့်ကာ တွေးနေပြီးနောက် အသံထွက်ပြီးမေးလိုက်သည် -
“ဒီငွေမှင်ရောင်ဖိနပ်တွေ သင်ဘယ်ကရလာတာလဲ”
သူမက ပြန်ဖြေလိုက်သည် “ကျွန်ုပ်၏ အိမ်ကလေးက အရှေ့ပိုင်းနယ်မြေက ကောက်ကျစ်တဲ့ စုန်းမရဲ့ ကိုယ်ပေါ်ကို ပြုတ်ကျသွားရာက သူမကို သတ်မိသွားခဲ့တယ် ၊ အဲ့လိုနဲ့ပဲ သူမရဲ့ ဖိနပ်တွေကိုရလာခဲ့တာပါ”
ထို အသံ ကဆက်လက် မေးမြန်းခဲ့တယ် “မင်းရဲ့ နဖူးပေါ်က အမှတ်အသားကရော ဘယ်လိုရလာတာလဲ”
သူမက ပြန်ပြောလိုက်သည် “ဒါကတော့… မြောက်ပိုင်းနယ်မြေက ကောင်းမွန်တဲ့ စုန်းမက နှုတ်ဆက်လက်ဆောင် အဖြစ် ကျွန်ုပ်ရဲ့ နဖူးကို နမ်းလိုက်ပြီး အမှတ်အသားပေးခဲ့တာပါ ပြီးတဲ့နောက်မှာတော့ ကျွန်ုပ်ကို အရှင့်ဆီ သွားဖို့ ပြောခဲ့တယ်”
နောက်ထပ်တစ်ခါ ထိုမျက်လုံးများသည် ဒေါ်ရသီကို စူးရှစွာကြည့်နေလေသည်၊ ထို့သို့ ကြည့်ပြီးနောက် သူမ အမှန်ကိုပြောနေကြောင်း သိသွားခဲ့သည်၊ ထို့နောက် အော့ဇ်က မေးလိုက်သည်
“သင်က ကျွန်ုပ်ကို သင့်အတွက် ဘာများလုပ်ပေးစေချင်တာလဲ”
သူမ ရိုးသားစွာ အဖြေပေးလိုက်သည်
“သမီးကို ဦးလေး ဟင်နရီနဲ့ အဒေါ်အမ် တို့ရှိတဲ့ ကန်ဆတ်စ်ကို ပြန်ပို့ပေးပါ။ ဒီနေရာက အရမ်းလှပေမဲ့လည်း သမီး အရှင့် ရဲ့တိုင်းပြည်ကိုမကြိုက်ဘူး နောက်ပြီးတော့ သေချာတယ် အဒေါ်အမ် ကလည်း သမီး အဝေးရောက်နေတာကြာနေလို့ သေမတတ် စိုးရိမ်ပူပန်နေလောက်ပြီ”
ထိုမျက်လုံးများသည် သုံးကြိမ်လောက် ပိတ်လိုက်ဖွင့်လိုက် လုပ်နေသည်၊ တစ်ကြိမ် တွင်မျက်နှာကြက်ပေါ်သို့ကြည့်နေခဲ့ပြီး၊ နောက်တစ်ကြိမ်တွင်အောက် ကြမ်းပြင်ပေါ် သို့ ကြည့်နေပြီး အနားပတ်ဝန်းကျင်ကို ပတ်ပတ်လည် ကြည့်နေသည်မှာ တစ်ခန်းလုံး နေရာအနှံ့တွင်ရှိနေသကဲ့သို့ပင်ထင်ရသည်။ ထို့နောက် နောက်ဆုံးတွင်တော့ သူတို့ သည် ဒေါ်ရသီကို ကြည့်လိုက်ပြီးထပ်မေးလိုက်သည်။
“ဘာကြောင့် ငါက မင်းကို အဲ့လိုလုပ်ပေးရမှာလဲ” ဟု အော့ဇ်က မေးလိုက်သည်။
“ဘာကြောင့်ခဲဆိုတော့ အရှင်က သန်မာတယ် ၊ သမီးက အားနည်းတယ်၊ အဲ့ဒါအပြင် အရှင်ကကြီးမြတ်တဲ့ မှော်ပညာရှင်ကြီးတစ်ဦးဖြစ်ပြီး ၊ သမီးကတော့ ကလေးမလေး တစ်ယောက်ပဲလေ။
ထို အော့ဇ် ကပြောလိုက်သည်
“ဒါပေမဲ့ မင်းက အရှေ့ပိုင်းနယ် ရဲ့ စုန်းမကို သတ်နိုင်လောက်တဲ့အထိကို သန်မာတာ ပဲလေ”
ဒေါ်ရသီက ရိုးရိုးရှင်းရှင်းပြန်ပြောလိုက်သည်
“ဒါက… .ဒီလိုပဲဖြစ်သွားတာလေ၊ သမီးလည်း မတတ်နိုင်ဘူး”
ထို ဦးခေါင်း က ပြောလိုက်သည်
“ကောင်းပြီလေ… ငါ မင်းကို အဖြေပြန်ပေးမယ်၊ မင်း ငါ့အတွက် တစ်ခုခု မလုပ်ပေးပဲနဲ့ မင်းကို ကန်ဆတ်စ်ကို ပြန်ပို့ပေးရမယ်လို့ တထစ်ချ မမျှော်လင့်ထားရဘူးလေ။ ဒီ တိုင်းပြည်မှာလူတိုင်းကတစ်ခုခုလိုချင်ရင် သူလိုချင်တဲ့အရာအတွက် တန်ရာတန် ကြေးပြန်ပေးရတယ်။ တကယ်လို့ သင် ကသင့်အတွက် ကျွန်ုပ် ရဲ့ မှော်အစွမ်းတွေကို အသုံးပြုပြီး သင့်အိမ်ကို ပြန်ပို့စေချင်ရင် သင်ကလည်း ကျွန်ုပ် အတွက် အရင်ဆုံး တစ်ခုခု လုပ်ပေးရမယ်။ သင်ကလည်း ကျွန်ုပ်ကို ကူညီ ၊ ကျွန်ုပ်ကလည်း သင့်ကို ကူညီပေးမယ်”
မိန်းကလေးကမေးလိုက်သည် “ သမီး ဘာလုပ်ရမလဲ”
အော့ဇ်က ပြန်ဖြေလိုက်သည်
“အနောက်ပိုင်းနယ်ရဲ့ ကောက်ကျစ်တဲ့ စုန်းမကို သတ်ပေး”
အံ့ဩတကြီးဖြင့် ဒေါ်ရသီက ငြင်းဆိုလိုက်သည်
“ဒါပေမဲ့…. သမီးမှ မလုပ်နိုင်တာ”
“သင်ကအရှေ့နယ်မြေရဲ့ ကောက်ကျစ်တဲ့ စုန်းမကိုတောင် သတ်နိုင်ခဲ့ပြီး ဒီအစွမ်းထက် တဲ့မှော်အစွမ်းတွေရှိနေတဲ့ ငွေမှင်ရောင်ဖိနပ်တွေကို စီးထားနိုင်တယ်လေ။ အခု ဒီနယ် မြေကြီးမှာ ရက်စက် ကောက်ကျစ်တဲ့ စုန်းမဆိုလို့ သူပဲကျန်တော့တာလေ။ အဲ့ဒီ့တော့ မင်းကသူမသေသွားတဲ့အကြောင်းလာပြောတဲ့အခါကျရင် မင်းကို ကန်ဆတ်စ်ကို ပြန် ပို့ပေးမယ်လေ - အဲ့ စုန်းမမသေခင်တော့ ပြန်မပို့ပေးဘူး”
ထို မိန်းကလေးငယ်လေးသည် စိတ်ပျက်လက်ပျက်ဖြစ်ကာ စတင်ငိုရှိုက်တော့သည်။ ထို မျက်လုံးများကလည်း သူမကို စိတ်အားထက်သန်စွာဖြင့် မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ကာကြည့်နေသည်မှာ ကြီးမြတ်သော အော့ဇ်သည် သူ့ကို ဒီမိန်းကလေး ကိုလုပ်နိုင်သည်ဟု ပြောလိုက်လျှင် သူမတကယ် လုပ်နိုင်တာပဲလို့ပြောနေသယောင် ပင်။ သူမ ရှိုက်လိုက်ရင်း ပြောသည်
“သမီးတစ်ခါမှ တမင်ရည်ရွယ်ပြီး ဘယ်ဟာကိုမှမသတ်ခဲ့ဖူးဘူး။ တကယ်လို့ သတ်ပစ် ချင်ခဲ့တယ်ဆိုရင်တောင် သမီးက ဘယ်လိုလုပ်ပြီး အနောက်နယ်က ကောက်ကျစ်တဲ့ စုန်းမကိုသတ်နိုင်မှာလဲ။ တကယ်လို့ အရှင့်လို ကြီးမြတ်ပြီး ဆိုးသွမ်းတဲ့ မှော်ပညာရှင် တောင်မသတ်နိုင်ဘူးဆိုရင် သမီးလိုကလေးမလေးကို ဘယ်လိုလုပ်နိုင်ဖို့ မျှော်လင့်နေ တာလဲ”
ထို ဦးခေါင်း ကပြောလိုက်သည်
“ငါမသိဘူး၊ ဒါပေမဲ့ဒီဟာကတော့ငါ့အဖြေပဲ။ အဲ့အနောက်ပိုင်းနယ်မြေရဲ့ ကောက် ကျစ်တဲ့စုန်းမကြီး မသေသေးသရွေ့ သင်လည်း သင့်ဦးလေးနဲ့ အဒေါ်ကို နောက်တစ်ခါ ထပ်မြင်ရတော့မှ မဟုတ်ဘူး။ မှတ်ထားပါ… အဲ့စုန်းမက တကယ့်ကို ဉာဏ်များပြီး ကလိမ်ကကျစ်ကျတာ၊ အဲ့အတွက်ကြောင့်ကိုပဲ သူမကို သတ်ကိုသတ်ရမယ်။ အခု တော့သွားတော့… သင့်ကို ပေးလိုက်တဲ့ တာဝန်မပြီးမချင်း ကျွန်ုပ်ကို ထပ်တွေ့ဖို့ လာမရှာနဲ့တော့”
ဝမ်းနည်းကြေကွဲစွာဖြင့် ဒေါ်ရသီသည် ထို ညီလာခံခန်းမမှ ထွက်လာကာ ခြသေ့်၊ စာခြောက်ရုပ်နှင့် Tin Woodman တို့ကို အော့ဇ် ကသူမကို ဘာပြောလိုက် သလဲဆိုတာသိရဖို့ စောင့်နေသော သူမ အဖွဲ့ ရှိရာနေရာသို့ ပြန်လာခဲ့သည်။ သူမက ဝမ်းနည်းစွာပြောလိုက်သည်
“ငါ့အတွက်မျှော်လင့်ချက်မရှိတော့ဘူး။ အော့ဇ်က ငါ အနောက်နယ်ရဲ့ ကောက်ကျစ် တဲ့စုန်းမကိုမသတ်ပြီးမချင်း အိမ်ကိုပြန်မပို့ပေးဘူးနိုင်ဘူးတဲ့၊ ပြီးတော့ အဲ့စုန်းမကို လည်း ငါဘယ်တော့မှ သတ်နိုင်မှာ မဟုတ်ဘူး”
သူမ ၏ သူငယ်ချင်းတွေမှာလည်း စိတ်မကောင်းဖြစ်သွားကြလေသည်။သို့သော် သူတို့ဘာမှမလုပ်ပေးနိုင်ကြပေ။
ထို့ကြောင့် ဒေါ်ရသီ သည်လည်း သူမ အခန်းရှိရာသို့ ပြန်သွားပြီး အိပ်ရာပေါ်တွင် လှဲကာ ငိုကြွေးရင် အိပ်ပျော်သွားတော့သည်။ နောက်တနေ့ မနက်တွင်တော့ ရှည်လျား သော မုတ်ဆိတ်အစိမ်းရောင်နှင့် စစ်သားသည် ရောက်ရှိလာပြီး စာခြောက်ရုပ်ကို လာခေါ်လေသည် ထို့နောက်ပြောလိုက်သည် -
“ကျွန်ုပ်နှင့်အတူလိုက်ခဲ့ပါ အော့ဇ်က သင်ကိုတွေ့ ဖို့ခေါ်ခိုင်းလိုက်ပြီ”
ထိုအခါစာခြောက်ရုပ်သည်သူ့နောက်မှလိုက်သွားကာ ညီလာခံခန်းမကြီးထဲသို့ ရောက် သွားတော့သည်။ ထို့ထဲတွင် သူတွေ့လိုက်ရသည်က မြစိမ်းရောင် ပလ္လင်ပေါ်တွင် ထိုင်နေသည့် လောကတွင် ချစ်စရာအကောင်းဆုံး အမျိုးသမီးလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
သူမသည် အစိမ်းရောင်ပိုးမျှင်သား ဂါဝန်ကို ဝတ်ဆင်ထားပြီး အစိမ်းရောင်ဆံနွယ်ခွေတို့ထက်တွင်ကျောက်မျက်ရတနာများ စီခြယ်ထားသော သရဖူ ကိုဆောင်းထားသည်။ သူမ၏ ပုခုံးထက်တွင် ပေါ့ပါးပြီး တောက်ပသိမ်မွေ့သော အတောင်ပံနှစ်စုံက နေရာယူထားသည်။ ထိုအတောင်ပံတို့သည် အသက်ရှုထုတ် လိုက်သော လေကပင် သူတို့ကိုလှုပ်ခါ သွားစေလောက်အောင်ပေါ့ပါးလွန်းလှသည်။ စာခြောက်ရုပ်သည် သူ၏တောင့်တောင့်ကြီးဖြစ်နေသော ကောက်ရိုးများဖြင့် ရသ လောက်ခါးကို ကုန်းကာ အရိုအသေပေးလိုက်သောအခါ သူ့ရှေ့မှ လှပသောထိုသက်ရှိ သူမ သည် သူ့ကို ချိုမြိန်စွာ ကြည့်လိုက်ကာ ပြောလိုက်သည် -
“ကျွန်ုပ်က အော့ဇ်……. ကြီးမြတ်တဲ့ ဆိုးသွမ်းတဲ့ အော့ဇ် ပေါ့။ အသင်ကရော ဘယ်သူ လဲ? ဘာအတွက်ကြောင့် ကျွန်ုပ်ကို တွေ့ချင်ရတာလဲ”
အခုချိန်တွင် စာခြောက်ရုပ်သည် ဒေါ်ရသီပြောပြသော ကြီးမားသည့် ဦးခေါင်းကြီး ကို တွေ့ရမည်ဟုမျှော်လင့်ထားပြီးမှ ယခုကဲ့သို့ တွေ့လိုက်ရသောအခါတွင် အံ့ဩတုန်လှုပ် နေခဲ့သည်။ သို့သော်လည်း သူသည် သတ္တိရှိစွာဖြင့် အဖြေပေးလိုက်သည်။
“ကျွန်ုပ်က ကောက်ရိုးတွေနဲ့လုပ်ထားတဲ့ စာခြောက်ရုပ်တစ်ရုပ်ဖြစ်ပါတယ်။ အဲ့လို လုပ်ထားသောကြောင့် ကျွန်ုပ်တွင် ဦးနှောက်မပါရှိပါဘူး။ အဲ့ဒါကြောင့် အရှင်က ကျွန်ုပ် ဦးခေါင်းထဲကို ဒီကောက်ရိုးတွေနေရာမှာ ဦးနှောက်လေးများထည့်ပေးနိုင် မလားလို့ပါ။ အဲ့လိုသာဆိုရင် အရှင့်အုပ်ချုပ်တဲ့ နယ်မြေတွေထဲက လူတွေလိုမျိုး လူသားတစ်ယောက်ဖြစ်လာနိုင်မယ်လေ”
ထို အမျိုးသမီးကမေးလိုက်သည်
“ကျွန်ုပ်က အသင့်ကို ဘာကြောင့် အဲ့လို လုပ်ပေးရမှာလဲ”
စာခြောက်ရုပ်က အဖြေပေးလိုက်သည်
“ဘာကြောင့်လဲဆိုတော့ အရှင်က ပညာဉာဏ်နဲ့ ပြည့်စုံတယ်၊ စွမ်းအားကြီးမားတယ်၊ အဲ့တော့ အရှင်မှလွဲပြီး အဲ့လို ကူညီ ပေးနိုင်မယ့်သူမရှိဘူး”
အော့ဇ်က ပြောလိုက်သည်
“ကျွန်ုပ် တစ်ခုခုကိုပြန်မရပဲ ဘယ်အရာကိုမှ မလုပ်ပေးနိုင်ဘူး။ ဒါပေမဲ့ ဒီဟာတစ်ခု တော့သင့်ကို ကတိပေးနိုင်တယ်။ တကယ်လို့ သင်သာ ကျွန်ုပ်ကို အနောက်ပိုင်းနယ် မြေရဲ့ကောက်ကျစ်တဲ့စုန်းမကို သတ်ပေးနိုင်ရင် သင် အလိုရှိတဲ့ ဉာဏ်ပညာကြီးမားတဲ့ ဦးနှောက်တစ်ခုမကဘူး၊ အများကြီး ချီးမြှင့်ပေးနိုင်တယ် အဲ့လိုသာဆို သင်ဟာ ဒီ အောဇ့် နယ်မြေတစ်ခုလုံးမှာ ဉာဏ်ပညာ အကြီးမားဆုံး လူသားဖြစ်လာနိုင်လိမ့်မယ်”
အံ့ဩတကြီး ဖြင့် စာခြောက်ရုပ်က ပြန်ပြောလိုက်သည်
“အဲ့ စုန်းမကို သတ်ဖို့ အရှင် ဒေါ်ရသီ့ကို ပြောပြီးပြီ ထင်တယ်”
“ဟုတ်တယ်လေ ကျွန်ုပ် အဲ့လိုပြောခဲ့တယ်။ သူမကို ဘယ်သူသတ်လဲ ကျွန်ုပ် စိတ်မဝင် စားဘူး၊ ဂရုလည်းမစိုက်ဘူး ဒါပေမဲ့ သူမ မသေမချင်းတော့ သင့်ဆန္ဒကို မဖြည့်ဆည်း ပေးနိုင်ဘူး၊ အခုတော့ သွားတော့ သင်ဦးနှောက်လိုချင်တဲ့ ပြင်းပြတဲ့ဆန္ဒကိုမရရှိ သေးသရွေ့ ကျွန်ုပ်ကို လာမရှာပါနဲ့”
စာခြောက်ရုပ်သည် ဝမ်းနည်းကြေကွဲစွာဖြင့် သူ့ သူငယ်ချင်းများဆီသို့ ပြန်သွားကာ အော့ဇ်ပြောလိုက်သည့် အကြောင်းအရာတို့ကို ပြန်ပြောပြလိုက်သည်။ ထိုအကြောင်း အရာကို နားထောင်ပြီးသောအခါ ဒေါ်ရသီသည် ထိုကြီးမြတ်တဲ့ မှော်ပညာရှင်ဟာ သူမ မြင်ခဲ့ရသလိုဦးခေါင်းကြီးတစ်ခုမဟုတ်ပဲ လွန်စွာချစ်စရာကောင်းသော အမျိုးသမီး လေးဖြစ်နေသောကြောင့် အံ့ဩနေခဲ့သည်။ စာခြောက်ရုပ်က ပြောလိုက်သည်
“အကုန်လုံးအတူတူပဲ… သူမလည်း Tin Woodman လိုခံစားတတ်တဲ့ နှလုံးသား တစ်ခုလိုအပ်နေပြီ”
နောက်တနေ့ မနက်တွင်တော့ ထိုအစိမ်းရောင်မုတ်ဆိတ်ရှည် စစ်သား ရောက်လာ ကာ Tin Woodman ကို ပြောလိုက်သည်။
“သင့်ကို ခေါ်ဆောင်လာခဲ့ဖို့ အရှင်အော့ဇ်က လွှတ်လိုက်တာပါ ကျွန်ုပ်နောက်ကလိုက် ခဲ့ပေးပါ”
ထို့ကြောင့် Tin Woodman သညသူ့နောက်ကလိုက်သွားပြီး ထို ကြီးမားတဲ့ ညီလာခံ ခန်းမထဲသို့ရောက်သွားခဲ့သည်။ သူ အော့ဇ် ကိုဦးခေါင်းကြီးတစ်ခု အနေနဲ့ပဲတွေ့ရ မလား၊ ချစ်စဖွယ် အမျိုးသမီးလေးတစ်ယောက်အနေနဲ့ပဲတွေ့ရမလား မသိနိုင်ပေမဲ့ ချစ်စဖွယ်အမျိုးသမီးလေးဖြစ်ဖို့မျှော်လင့်လိုက်လေသည်။ သူ့ကိုယ်သူ ပြောနေခဲ့သည်
“တကယ်လို့ ဦးခေါင်းအနေနဲ့သာ တွေ့ခဲ့မယ်ဆိုရင်သေချာတယ် ငါတော့ နှလုံးတစ်ခု လုံးဝတောင်းလို့ရမှာမဟုတ်ဘူး။ ဦးခေါင်းမှာဘယ်လိုလုပ်ပြီး ခံစားတတ်တဲ့ နှလုံးသား ရှိမှာလဲ အဲ့တော့ သူ ငါ ခံစားနေရတာတွေကို သိမှာမဟုတ်ဘူး။ ဒါပေမဲ့ တကယ်လို့ ချစ်စရာအမျိုးသမီးလေးသာဆိုရင် ငါ နှလုံးတစ်ခုရဖို့ တောင်းပန်လို့ရ လောက်မယ်။ အမျိုးသမီးလေးတွေ အကုန်လုံးက သူတို့ကိုယ်သူတို့ သနားကြင်နာ တတ်တယ်ပြော ကြတာဆိုတော့လေ”
သို့သော်လည်း သစ်ခုတ်သမား တင်မ် ညီလာခံအခန်းထဲ ရောက်လာသောအခါ မိန်းမလှလေးရော ဦးခေါင်းကြီးကိုရော မတွေ့ရပေ။ ထိုအစား ဆိုးသွမ်းရက်စက်သော သားရဲကြီးတစ်ကောင်အသွင်ယူထားသော အော့ဇ် ကိုတွေ့လိုက်ရသည်။ ထို အကောင် ကြီးသည် ဆင်လောက်မကြီးမားသော်လည်း မြစိမ်းရောင် ပလ္လင်မှာထို သူ၏ ကိုယ် အလေးချိန်ကို ထိန်းထားနိုင်ရုံလောက်လေး ဖြစ်နေသည်။ ထိုသားရဲကြီးခေါင်းပိုင်း သည်ကြံခေါင်းဖြစ်ပြီး မျက်နှာပေါ်တွင် မျက်လုံးငါးလုံးပါရှိလေသည်။ သူ့ ခန္တာကိုယ် မှလည်း ရှည်လျားသော လက်မောင်းငါးခုရှိပြီး သွယ်လျသော ခြေတံရှည် ငါးချောင်း လည်းရှိသည်။ ထူထဲသော အမွှေးများက တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားပြီး ထို့ထက် ဆိုးရွားသောအသွင်ရှိသည့် မကောင်းဆိုးဝါးသားရဲ ကိုစိတ်မကူးနိုင်တော့ပေ။ Tin Woodman အတွက် ကံကောင်းတာက သူ့မှာ နှလုံးသားမရှိတာတော်သေးတယ်။ ထိုအချိန်တွင် နှလုံးသားရှိခဲ့ပါက ကြောက်လန့်မှုတို့ကြောင့် နှလုံးခုန်မြန်နေလောက်ပြီ။ ဒါပေမဲ့ သူ့မှာမရှိသည့်အတွက် ကြောက်ရွံ့မှုကို လုံးဝမခံစားရပေ။ သူ စိတ်ပျက် လက်ပျက်ဖြစ်နေပေမဲ့လည်းပေါ့…
ထို သားရဲကကျယ်လောင်သော ဟိန်းဟောက်သံဖြင့် ပြောလိုက်သည်
“ငါက အော့ဇ်…. ကြီးမြတ်တဲ့ ဆိုးသွမ်းတဲ့ အော့ဇ်၊ သင်ကရောဘယ်သူလဲ၊ ဘာကြောင့် ငါ့ကို တွေ့ချင်တာလဲ”
“ကျွန်တော်က သစ်ခုတ်သမားတစ်ယောက်ပါ၊ ပြီးတော့ သံနဲ့လုပ်ထားတဲ့ သူပါ၊ အရှင့်ကိုတွေ့ချင်ရတာကတော့ ကျွန်တော့်မှာနှလုံးသားမရှိတဲ့အတွက် မချစ်နိုင်ဘူး ဖြစ်နေပါတယ်။ သင် ကျွန်တော့်ကို နှလုံးသားတစ်ခုလောက်ပေးဖို့ ဆုတောင်းနေခဲ့ တာပါ အဲ့လိုသာဆို ကျွန်တော်လည်း တခြားယောကျ်ားတွေလိုပဲနေနိုင်သွားမှာပါ”
ထို သားရဲက ပြောဆိုလိုက်သည် “ငါက ဘာလို့သင့် လိုချင်တာ လုပ်ပေးရမှာလဲ”
Tin Woodman ကအဖြေပေးလိုက်သည်
“ဘာကြောင့်လဲဆိုတော့ ကျွန်တော့ ပြောခဲ့သလိုပဲ ဒါက သင်တစ်ယောက်ထဲကသာ လုပ်ပေးနိုင်တဲ့ အရာမို့လို့ပါ”
အော့ဇ် သည် အသံနိမ့်နိမ့်ဖြင့် ဟိန်းသံတစ်ချက်ပြုလိုက်ပြီး စူးရှအက်ကွဲနေသော လေသံဖြင့် ပြောလိုက်သည်
“တကယ်လို့ မင်းသာ တကယ် ဆန္ဒရှိရင် မင်းရအောင် လုပ်လိမ့်မယ်”
Woodman ကမေးလိုက်သည် “ဘယ်လိုလုပ်ရမလဲ”
သားရဲကောင်ကြီးက ပြန်ပြောသည်
“ဒေါ်ရသီ့ကို ကူညီပြီး အဲ့ကောက်ကျစ်တဲ့ အနောက်ပိုင်းနယ်မြေက စုန်းမကိုသတ် လိုက်။ အဲ့စုန်းမသေသွားတဲ့အခါကျရင် မင်းအလိုရှိတဲ့ အကြီးဆုံးနဲ့ အကြင်နာတတ် ဆုံးနှလုံးသားကိုပေးမယ်. အဲ့အခါကျရင် မင်းဟာလည်း ဒီ အော့ဇ် နယ်မြေ တစ်ခုလုံး မှာ ကြင်နာတတ်ဆုံး နှလုံးသားနဲ့ လူတစ်ယောက်ဖြစ်လာလိမ့်မယ်”
ထိုအခါ Tin Woodman သည် ပူဆွေးဝမ်းနည်းစွာဖြင့် သူ့ သူငယ်ချင်းများဆီ ပြန်ကာ ထို ဆိုးသွမ်းသော သားရဲကြီးပြောသော အကြောင်းများကို ပြန်လည်ပြောြပလိုက် တော့သည်။ သူတို့သည်ကြီးမြတ်သော အော့ဇ်၏ အသွင်ပြောင်းနိုင်သော ပုံစံအမျိုး မျိုးတို့ကြောင့် အလွန်ကို အံ့အားသင့်နေကြပြီဖြစ်ပြီး ခြသေ့် ကပြောလိုက်သည် “တကယ်လို့ ငါနဲ့ တွေ့တဲ့အချိန် သူကသာ သားရဲကောင်ကြီး ဆိုရင် သူကြောက်သွား အောင်ငါအကျယ်ဆုံး ဟိန်းဟောက်လိုက်မယ်… အဲ့လိုသာဆိုရင် ငါတောင်းဆိုတာ တွေလုပ်ပေးလောက်တယ်။ တကယ်လို့ သူက မိန်းမလှလေးဆိုရင် သူမကို ခုန်အုပ် လိုက်ပြီး ငါတောင်းဆိုတာကို သူမလုပ်ပေးလိမ့်မယ်။ တကယ်လို့ သူသာ ကြီးမားတဲ့ ခေါင်းကြီးသာဆိုရင် သူ့ကို ညှာတာတဲ့အနေနဲ့ သူ့ခေါင်းကို တစ်ခန်းလုံးပတ်ပြီး လှိမ့် ဆော့လိုက်မယ် သူ ငါတို့တောင်းဆိုတာကို သဘောမတူမချင်းပေါ့၊ အဲ့လိုသာဆို ငါ့ သူငယ်ချင်းတွေ အောင်ပွဲခံလိုက်တော့ အကုန်လုံး အဆင်ပြေသွားလိမ့်မယ်”
နောက်တနေ့ မနက်ခင်းတွင် အစိမ်းရောင်မုတ်ဆိတ်ရှည် စစ်သားသည် ခြသေ့်ကို ညီလာခံခန်းမကြီးဆီသို့ခေါ်ဆောင်သွားလေသည်။ အော့ဇ် ကိုတွေ့ဆုံရန် သူတစ် ယောက်ထဲဝင်သွားစေသည်။ ခြသေ့် တံခါးပေါက်ကို ဖြတ်သန်းကာ အထဲရောက် သွားသည်နှင့်အခန်းပတ်ပတ်လည်ကို ကြည့်ရှုလိုက်ရာ ပလ္လင်ပေါ်တွင် အရှိန်ပြင်းစွာ တောက်လောင်နေသော မီးဘောလုံးကိုတွေ့လိုက်ရသောအခါ အံ့အားသင့်သွားခဲ့ သည်။ ထို မီးဘောလုံးသည် အရှိန်ပြင်းစွာအလျံတညီးညီး တောက်လောင်နေသည်မှာ သူပင် ကြာကြာ စိုက်မကြည့်နိုင်တော့ပေ။
အရင်ဆုံး သူ့အတွေးထဲရောက်လာသည်က အော့ဇ်မှာ မတော်တဆ မီးလောင်သွား သောကြောင့် ယခုကဲ့သို့ ဖြစ်နေတာလားဟု တွေးကာအနားသို့ ရောက်အောင် ကြိုးစား လေသည်။ သို့ပေမယ့် ထို မီး သည်အားပြင်းလွန်းသောကြောင့် သူ့၏ မုတ်ဆိတ်မွှေး များကိုပင်လောင်ကျွမ်းကုန်သောကြောင့် တုန်လှုပ်စွာဖြင့် အနောက်သို့ ကမန်းကတမ်း ပြန်ဆုတ်လိုက်သည်မှာ တံခါးဝသို့ပင် ရောက်သွားတော့သည်။ ထို့နောက် ငြိမ်သက် အေးဆေးသော အသံတိုးတိုးလေးတစ်ခု ထို မီးဘောလုံးမှ ထွက်ပေါ်လာခဲ့သည်။ ထို အသံလေး က စကားလုံးတချို့ ထုတ်လွှတ်လိုက်သည်
“ငါ က အော့ဇ်…. ကြီးမြတ်တဲ့ ဆိုးသွမ်းတဲ့ အော့ဇ်။ သင်က ဘယ်သူလဲ။ ဘာလို့တွေ့ ခွင့်တောင်းတာလဲ ဘာလိုချင်လို့လဲ ”
ခြသေ့်က ပြန်ဖြေလိုက်သည်
“ကျွန်တော် က သူရဲဘောကြောင်တဲ့ ခြသေ့် တစ်ကောင်ပါ။ မြင်မြင်သမျှ အကုန် ကြောက်ပါတယ်။ ကျွန်တော် တောင်းပန်ချင်တာကတော့ အရှင် ကျွန်တော့်ကို ရဲစွမ်း သတ္တိတချို့ပေးနိုင်မလားလို့ပါ။ အဲ့လိုသာရခဲ့ရင် လူသားတွေပြောကြတဲ့ သားရဲတွေရဲ့ ဘုရင်ဖြစ်လာနိုင်မှာပါ”
အော့ဇ်က မေးလိုက်သည် “ငါ ကသင့်ကို ဘာကြောင့် ရဲစွမ်းသတ္တိပေးရမှာလဲ”
ခြသေ့်ကလည်း ပြန်ဖြေလိုက်သည်
“ဘာလို့လဲဆိုတော့… မှော်ဆရာတွေအကုန်လုံးထဲမှာ သင်က အကြီးမြတ်ဆုံး မှော် ပညာရှင်ပဲ၊ သင်တစ်ဦးထဲကပဲ ကျွန်ုပ်တောင်းဆိုတာကို ဖြည့်ဆည်းပေးနိုင်တဲ့ အစွမ်း ရှိတာလေ”
အချိန်တစ်ခဏလောက် မီးဘောလုံးသည် ပြင်းထန်စွာ တောက်လောင်နေခဲ့ပြီး ထို အထဲမှ အသံတစ်ခုက ပြောလိုက်သည်
“အဲ့ကောက်ကျစ်တဲ့ စုန်းမသေသွားပြီဆိုတဲ့ သက်သေကို ငါ့ဆီယူလာခဲ့။ အဲ့ဟာယူ လာနိုင်တာနဲ့ သင်လိုချင်တဲ့ ရဲစွမ်းသတ္တိကိုပေးမယ်။ ဒါပေမဲ့ အဲ့စုန်းမ အသက်ရှင်နေ သေးသရွေ့ သင်က သူရဲဘောကြောင်တဲ့သူတစ်ယောက်ပဲဖြစ်နေအုန်းမှာပဲ”
ထိုစကားကြောင့် ခြသေ့်သည် ဒေါသထွက်လွန်းသောကြောင့် ဘာမှတောင်ပြန်မပြော နိုင်တော့ပေ။ ထို့နောက် သူသည် မတ်တပ်ရပ်ရင်း ထို မီးဘောလုံးကို တိတ်တဆိတ် ငေးကြည့်နေမိသည်။ ထိုအခါ မီးဘောလုံးသည် အဆမတန် ပူပြင်းလာခဲ့သည်။ ထို့ကြောင့် သူသည် အမြီးကုပ်ကာ အခန်းထဲမှ ပြေးထွက်လာခဲ့တော့သည်။ သူ့ သူငယ်ချင်းတွေ အပြင်မှာစောင့်နေသည်ကိုတွေ့လိုက်သောအခါ ဝမ်းသာသွားတော့ သည်။ အထဲတွင် ဖြစ်ပျက်ခဲ့သမျှ၊ သူ နှင့် မှော်ပညာရှင် ၏ဆိုးဝါးသော လူတွေ့ စစ်ဆေးမှုကြီး တို့ကို အိတ်သွန်ဖာမှောက် ပြောြပလိုက်တော့သည်။
ဒေါ်ရသီက ဝမ်းနည်းစွာ မေးလိုက်သည် “ငါတို့ အခု ဘာလုပ်ကြမလဲဟင်”
ခြသေ့်က ပြန်ပြောလိုက်သည်
“အခုလောလောဆယ်တော့ ငါတို့ လုပ်နိုင်တာ တစ်ခုပဲရှိတယ်၊ အဲ့ဟာက ဝင့်ကီတွေရဲ့ နယ်မြေကို သွားပြီး အဲ့စုန်းမကိုရှာပြီး ဖျက်ဆီးပစ်ဖို့ပဲ”
မိန်းကလေးက ပြောလိုက်သည် “ဒါပေမဲ့ ငါတို့ မလုပ်နိုင်လောက်ဘူး ထင်တယ်”
ခြသေ့်က အတိအလင်း ထုတ်ပြောလိုက်သည်
“အဲ့ဒါဆို ငါလိုချင်တဲ့ ရဲစွမ်းသတ္တိကို မရနိုင်တော့ဘူး”
စာခြောက်ရုပ်ကလည်း ထပ်ပြောသည်
“ပြီးတော့ ငါလိုချင်တဲ့ ဦးနှောက်လည်း မရနိုင်တော့ဘူး”
Tin Woodman လည်းဝင်ရောက်ပြောလိုက်သည်
“ငါလည်း နှလုံးသားတစ်ခုမရနိုင်တော့ဘူး”
ဒေါ်ရသီလေးသည် စတင်ငိုကြွေးရင်းပြောလိုက်သည်
“ပြီးတော့သမီးလည်းအဒေါ်အမ်နဲ့ ဦးလေးဟင်နရီတို့ကို နောက်ထပ်မတွေ့ရ တော့ဘူး”
အစိမ်းရောင်မိန်းကလေး ကဝင်ပြောလိုက်သည
“သတိထားပါ!!!…. မျက်ရည်တွေ အစိမ်းရောင်ပိုးဂါဝန်ပေါ်ကျသွားရင် စွန်းသွားလိမ့် မယ်”
ထိုအခါ ဒေါ်ရသီလေးသည် မျက်ရည်များကိုသုတ်ကာပြောလိုက်သည်
“ငါ အကြံပြုချင်တာကတော့ တစ်ခါလောက် ကြိုးစားကြည့်ကြရအောင်။ ဒါပေမဲ့ သေချာတာကတော့ အဒေါ်အမ်ကိုထပ်မတွေ့ရဘူးဆိုရင်တောင်မှပဲ ငါဘယ်သူ့ကိုမှ မသတ်ချင်ဘူး ။”
ခြသေ့်ကပြောလိုက်သည်
“ငါလည်းသင်နှင့်အတူလိုက်ခဲ့မယ်. ဒါပေမဲ့ စုန်းမကို သတ်ဖို့ရာ ကြောက်တတ်တဲ့ ငါနဲ့ မဖြစ်ဘူး”
စာခြောက်ရုပ်ကလည်းပြောသည်
“ငါလည်းလိုက်မယ် ဒါပေမဲ့ ငါက အရူးတစ်ယောက်လိုပဲဆိုတော့ အကူအညီတော့ သိပ်ဖြစ်မှာမဟုတ်ဘူး”
Tin Woodman က မှတ်ချက်ပေးလိုက်သည်
“ငါ့မှာလည်စုန်းမကို ထိခိုက်အောင်လုပ်ချင်တဲ့ခံစားချက်မျိုးမရှိဘူး။ ဒါပေမဲ့တကယ် လို့ သင်သွားမယ်ဆိုရင်တော့ လိုက်ခဲ့မယ်”
ထို့နောက်တွင်တော့ နောက်တနေ့မနက်တွင် သူတို့၏ ခရီးစဉ်ကိုစတင်ဖို့ ဆုံးဖြတ် လိုက်ကြပြီးနောက်တွင် Tin Woodman သည်သူ၏ အဆက်များထဲသို့ ချောဆီ များထည့်ပြင်ဆင်ကာ ပုဆိန်ကိုလည်းဓားသွေးကျောက်ကဲ့သို့ အစိမ်းရောင်ကျောက် တုံးပေါ်တွင် ထက်နေအောင်သွေးနေလေသည်။ စာခြောက်ရုပ်သည် သူ၏ ကိုယ်ထဲကို ကောက်ရိုးအသစ် လတ်လတ်ဆတ်ဆတ်များထိုးထည့်နေပြီး ဒေါ်ရသီသည် သူ့အမြင် အာရုံပိုကောင်းလာစေရန် မျက်လုံးနေရာကို ဆေးပြန်ခြယ်ပေးနေလေသည်။ ကြင်နာ တတ်သော အစိမ်းရောင်မိန်းကလေးကဒေါ်ရသီ၏ ခြင်းတောင်းထဲသို့ စားလို့ကောင်း သည့်စားစရာများကို ထည့်ပေးနေသည်။ တိုတိုလေး ၏ လည်ပင်းတွင် ချည်ထားသော အစိမ်းရောင်ဖဲပြားလေးတွင် ခေါင်းလောင်းသေးသေးလေးတစ်လုံးကို တွဲချည်ပေး လိုက်သည်။
သူတို့အားလုံး စောစော အိပ်ရာဝင်ကာ အိပ်ပျော်သွားကြလေသည် မှာ နောက်တနေ့ မိုးမလင်းသေးခင်…. နန်းတော်အနောက်ဘက်ခြံမှ အစိမ်းရောင်ကြက်ဖတွန်လိုက် သောအသံနှင့်ဥဥနေသောကြက်မ၏ အော်သံများကို ကြားလိုက်ရသောအခါမှ နိုးလာ ကြတော့သည်။