book

Index 10

10. ဂိတ်တံခါး တို့၏ စောင့်ရှောက်သူ

  • Author : Mei Mei
  • Genres : Adventure, Action
  • Original Author : L. Frank Baum

အခန်း - ၁၀ ဂိတ်တံခါး တို့၏ စောင့်ရှောက်သူ


သူသည်ဘိန်းပင်များကြားတွင် အတော်ကြာကြာနေခဲ့ရပြီး ထိုသေစေနိုင်သော အဆိပ် ရနံ့များကအသက်ရှုရာမှအတော်များများဝင်ရောက်သွားသောကြောင့်သတ္တိကြောင်သောခြသေ့်နိုးလာဖို့အချိန်အတော်ကြာစောင့်လိုက်ရသည်။ ဒါပေမဲ့ သူမျက်လုံးဖွင့် လိုက်သည်နှင့်တပြိုင်နက် ကုန်တင်လှည်းပေါ်ရောက်နေကြောင်းသိလိုက်ရပြီး စူးစမ်း လိုက်ရာသူ့ကိုယ်သူအခုထိအသက်ရှင်နေဆဲဆိုတာရှာဖွေသိရှိလိုက်ရပြီးအလွန် ဝမ်းသာသွားခဲ့သည်။ သူထိုင်လိုက်ကာသမ်းဝေရင်းပြောလိုက်သည်

“ငါလည်းတတ်နိုင်သလောက်တော့ မြန်မြန်ပြေးတာပဲ ဒါပေမဲ့အဲ့ပန်းရနံ့တွေက အရမ်း ပြင်းတာပဲ။ နေပါအုန်း… မင်းတို့ငါ့ကို ဘယ်လိုအပြင်ရောက်အောင် ထုတ်လာခဲ့ ကြတာလဲ?”

ထို့နောက်တွင်တော့ သူတို့သည်သူ့ကို လယ်ကြွက်တွေနဲ့အကြောင်းနှင့် ထိုလယ်ကြွက် တွေအင်တိုက်အားတိုက်ဖြင့်သူ့ကို ဘယ်လိုမျိုးသေမင်းခံတွင်းဝကနေ သယ်ထုတ် ခဲ့ကြသည်တို့ကိုပြောပြခဲ့ကြသည်။ အကြောင်းစုံ နားထောင်ပြီးနောက်တွင်တော့ ခြသေ့်ကရယ်ရင်းပြောလိုက်သည်

“ငါကငါ့ကိုယ်ငါခွန်အားကြီးပြီးကြောက်စရာကောင်းတဲ့ သားရဲလို့အမြဲ ထင်မှတ်ခဲ့တာ အခုတော့ ဒီလို နုနယ်တဲ့ပန်းပွင့်လေးတွေကြောင့်သေမလိုဖြစ်ခဲ့ရတဲ့အပြင်၊ အခုလို သေးငယ်တဲ့ကြွက်ငယ်လေးတွေကပဲငါ့အသက်ကိုကယ်တင်ပေးခဲ့ရတယ်။ ဘယ်လောက်တောင်ထူးဆန်းအံ့ဩဖို့ကောင်းလဲ!! ဒါပေမဲ့ ရဲဘော်တို့ အခုငါတို့ ဘာဆက်လုပ်ကြမလဲ?”

ဒေါ်ရသီက ပြောလိုက်သည်

“ငါတို့အဝါရောင်အုတ်စီလမ်းကို ပြန်ရှာမတွေ့မချင်း ခရီးဆက်ရမှာပေါ့ ပြီးတော့ မြစိမ်းရောင်မြို့တော်ဆီ မရောက်ရောက်အောင် သွားရမယ်”

ထို့စကားတို့ကြားပြီးနောက် ခြသေ့် သည်လည်း တဖန် စိတ်အားတက်ကြွလာခဲ့သည်။ ထို့နောက်တွင်တော့ သူတို့ နူးညံ့သောမြက်ခင်းပြင်ပေါ်မှ ဖြတ်သန်းရင်း ခရီးရှည်ကြီး ကိုဆက်လက်ထွက်ခွာသွားခဲ့ကြသည်။ ထိုသို့ ခရီးဆက်နေရင်း သိပ်မကြာခင်မှာပဲ ကြီးမြတ်သော အော့ဇ်နေထိုင်ရာ မြစိမ်းရောင်မြို့တော်ဆီသို့ တိုက်ရိုက်ပေါက်သည့် အဝါရောင်အုတ်စီလမ်းမပေါ်သို့ပြန်လည်ရောက်ရှိသွားခဲ့သည်။သေသပ်ညီညာစွာခင်းထားသောလမ်း၊ ပြီးတော့ ဘယ်နေရာကြည့်ကြည့် လှပနေသောတိုင်းပြည်တို့ကြောင့် ခရီးသွားတို့သည် များစွာသော အန္တရာယ်လမ်းခရီး ကို ဖြတ်သန်းခဲ့ရသော မှိုင်းညှို့ညှို့ တောအုပ်ကို နောက်တွင်အားရဝမ်းသာ ချန်ထားခဲ့ကြတော့သည်။ နောက်ထပ် သူတို့ လမ်းဘေးဝဲယာတစ်လျှောက်တွင် ဆေးအစိမ်းရောင်သုတ်ထားသော ခြံစည်းရိုးများ နှင့်လယ်သမားတစ်ဦးနေသည်ဟုယူဆရသော အစိမ်းရောင်သုတ်ထားသည့် အိမ်ငယ် လေးတစ်လုံးကိုပါတွေ့ရသည်။ နေ့လည်ခင်းတစ်လျှောက်လုံးသူတို့ အိမ်အတော်များ များကိုဖြတ်သန်းရာလမ်းတစ်လျှောက်တွင်တွေ့ခဲ့ရသည်။ တစ်ခါတစ်လေတွင် အိမ် ထဲမှလူများသည် သူတို့ကိုကြည့်ကာ တစ်ခုခုမေးချင်နေသည့် ပုံစံမျိုးဖြင့် အိမ်တံခါးဝ သို့ထွက်လာတတ်ကြသည်။




သို့ပေမဲ့တစ်ယောက်မှသူတို့နားသို့မလာသလို စကားလည်းတစ်လုံးမှမပြောကြပေ။ သူတို့ကြည့်ရတာ ခြသေ့်ကြီးကို ကြောက်ရွံ့နေ ကြသည့်ပုံပေါ်သည်။ ထိုလူတွေအားလုံးသည် မြစိမ်းရောင်ရှိသော အဝတ်အစား များကိုဝတ်ဆင်ထားကြပြီး ခေါင်းပေါ်တွင်တော့ လူပုလေးများ ဆောင်းသော ဦးထုပ် မျိုးကိုဆောင်းထားကြသည်။ ဒေါ်ရသီ ကပြောလိုက်သည်

“ဒီဟာ အော့ဇ် နယ်မြေပဲဖြစ်ရမယ်။အဲ့လိုသာဆိုရင် ငါတို့တွေ မြစိမ်းရောင်မြို့တော်ကို နီးလာပြီပေါ့”

စာခြောက်ရုပ်ကပြန်ဖြေလိုက်သည်

“ဟုတ်လောက်တယ်၊ ဒီနေရာမှာ တွေ့မြင်ရသမျှက အစိမ်းရောင်တွေချည်းပဲ၊  လူပုလေးတွေ နယ်မြေမှာကျတော့ အပြာရောင်က သူတို့ အနှစ်သက်ဆုံးပဲ။ ဒါပေမဲ့ ဒီကလူတွေကကြည့်ရတာ ပုံစံတွေကလူပုလေးတွေလောက် ရင်းနှီးဖော်ရွေမှု မရှိကြ ဘူး ပြီးတော့ ငါတို့တွေ ညကျရင် တည်းစရာနေရာရှာမတွေ့မှာစိုးရိမ်မိတယ်”

ကောင်မလေးကလည်း ပြောလိုက်သည်

“ငါလည်းအသီးတွေထပ်မစားနိုင်တော့ဘူး တခြားဟာလေးစားချင်တယ်။ တိုတို က တော့အတော်ဆာလောင်နေတာ သေချာတယ်။ ငါတို့ နောက်အိမ်တစ်လုံးတွေ့ရင် ရပ် ပြီးသူတို့ကိုစကားပြောကြည့်ရအောင်”

အဲ့လိုနဲ့ သူတို့တွေ အတော်အသင့်ကြီးမားသော လယ်တော အိမ်တစ်လုံးဆီ သွားကာ ဒေါ်ရသီက တံခါးဆီသို့လျှောက်သွားကာ တံခါးကိုအသံအကျယ်ကြီးထွက်အောင် ခေါက်လိုက်သည်။မိန်းမတစ်ယောက်လာပြီး  တံခါးကို ခေါင်းပြူကြည့်ရုံလောက်လေး ဖွင့်ကာပြောလိုက်သည်

“ကလေး... သင်ဘာအလိုရှိလို့လဲ။ ပြီးတော့ဘာလို့ ဒီခြသေ့်ကြီးက မင်းနဲ့အတူဘာလို့ ရှိနေတာလဲ”

ဒေါ်ရသီလေး ကပြန်ဖြေလိုက်သည်

“အသင် ခွင့်ပြုရင် သမီးတို့ ဒီမှာတစ်ညလောက် တည်းခိုခွင့်ရမလားလို့ပါ။ ပြီးတော့ ခြသေ့်က သမီးတို့ရဲ့သူငယ်ချင်းဆိုလည်း ဟုတ်တယ် ရဲဘော်ရဲဘက်လို့လည်း ပြောလို့ရတယ်။ အဲ့ဒါအပြင်သူကဘယ်သူ့ကိုမှ ထိခိုက်နာကျင်အောင် မလုပ်ပါဘူး”

ထိုအမျိုးသမီးကတံခါးကို နည်းနည်းကျယ်ကျယ်ဖွင့်ကာမေးလိုက်သည်

“သူက ယဉ်ပါးတာလား?”

မိန်းကလေးငယ် ကပြန်ပြောလိုက်သည်

“အို... ဟုတ်တာပေါ့ အဒေါ်ရယ် ပြီးတော့ သူက ကြောက်လည်းကြောက်တတ်တယ် အဲ့အပြင်ကို အဒေါ်ကကြောက်တာထက်တာင် သူက အဒေါ့်ကိုတောင် ပိုကြောက်နေ လောက်တယ်။”

ထိုအမျိုးသမီးကဒေါ်ရသီပြောသည့်စကားကိုစဉ်းစားကြည့်ရင်းခြသေ့်ကိုနောက် တစ်ခါချောင်း ကြည့်လိုက်ကာ ပြန်ပြောလိုက်သည်

“ကောင်းပြီလေ တကယ်ပဲ အဲ့လိုသာဆို မင်းတို့ ဝင်လာခဲ့လေ၊ ငါ မင်းတို့အတွက် အိပ်ဖို့နေရာနဲ့ ညစာတချို့ပြင်ပေးမယ်”

အဲ့လိုနဲ့သူတို့တွေအိမ်ထဲဝင်လာခဲ့ကြပြီးနောက် ထိုအမျိုးသမီး ဘေးတွင် ယောကျ်ား တစ်ယောက်နှင့်ကလေးနှစ်ယောက်ကိုတွေ့ရသည်။ ယောကျ်ားဖြစ်သူ က ခြေထောက် ကိုထိခိုက်ထားပုံရပြီး ထောင့်တစ်နေရာရှိ အိပ်ရာပေါ်တွင်လဲလှောင်းနေသည်။ သူတို့ ကြည့်ရတာ ထိုကဲ့သို့ ထူးဆန်းသောအဖွဲ့ကို တွေ့လိုက်ရ၍ အတော်အံ့ဩနေကြပုံ ပေါ်သည်။ ထိုအချိန်တွင် အမျိုးသမီးဖြစ်သူက စားပွဲခုံ ခင်းကျင်းရင်း အလုပ်များ နေလေသည်။ ယောကျ်ားဖြစ်သူက မေးလိုက်သည် -

“သင်တို့အကုန်လုံးဘယ်သွားကြမလို့လဲ”

ဒေါ်ရသီက ပြန်ဖြေလိုက်သည်

“ကြီးမြတ်တဲ့ အော့ဇ်ကို တွေ့ရအောင် မြစိမ်းရောင်မြို့တော်ကို သွားကြမလို့ပါ”

 ထိုလူက အာမေဋိတ်သံဖြင့်

“အို… တကယ်ကြီးပေါ့ အော့ဇ့် ကမင်းတို့ကို လက်ခံတွေ့ဆုံမယ်ဆိုတာ သေချာနေတာ လား”

သူမက ပြန်ဖြေလိုက်သည်

“ဘာလို့မတွေ့ရမှာလဲ”

“ဘာကြောင့်လဲ ဟုတ်လား… သူက ယ်တော့မှ သူရှိတဲ့နေရာကို ဘယ်သူ့ကိုမှ ဝင်ခွင့် မပြုဘူး။ ငါလည်း မြစိမ်းရောင် မြို့တော်ကို အခေါက်ပေါင်းများစွာရောက်ဖူးတယ် အဲ့နေရာကတကယ့်ကိုလှပပြီး အံ့ဩဖို့ကောင်းတဲ့နေရာပဲ ဒါပေမဲ့ ငါ့ ကြီးမြတ်တဲ့ အော့ဇ် ကိုဘယ်တုန်းကမှ တွေ့ခွင့်မရခဲ့ဘူး။ အဲ့တာတင်မကဘူး  သူ့ကို တွေ့ဖူးတဲ့ အသက်ရှိတဲ့ဘယ်သတ္တဝါကိုမှလည်း ငါမကြုံဖူးဘူး”

စာခြောက်ရုပ်က မေးလိုက်သည် “သူက တစ်ခါမှ အပြင်မထွက်လာဘူးလား”

“ဟင့်အင်း…. လုံးဝပဲ၊ သူကနေ့တိုင်း နန်းတော်ထဲက ကြီးမားတဲ့ ပလ္လင်ပေါ်မှာပဲ ထိုင်နေ ခဲ့တာ၊ သူ့ကိုခစားပြုစုနေကြသူတွေတောင်မှ သူနဲ့ဘယ်သူမှမျက်နှာချင်းဆိုင် မတွေ့ဖူး ကြဘူး”

မိန်းကလေးကမေးလိုက်သည် “သူက ဘယ်လိုပုံစံမျိုးလဲဟင်”

ထိုယောကျ်ားက တွေးဆဆဖြင့် ပြောလိုက်သည်

“အဲ့ဒါက….ပြောဖို့ခက်တယ်၊ သင်လည်း သိမှာပါ… ဒီလို ကြီးမြတ်တဲ့ မှော်ပညာရှင်က သူနှစ်သက်တဲ့ဘယ်လို ပုံစံမျိုးမဆိုဆန္ဒရှိသလို ဖန်တီးနိုင်တယ်လေ။ ဒါကြောင့် တချို့ တွေက ပြောကြတယ် သူက ငှက်တစ်ကောင်နဲ့ တူတယ်တဲ့၊ တချို့ကပြောတော့ သူက ဆင်တစ်ကောင်လိုပဲတဲ့၊ ပြီးတော့ တချို့ကကျတော့ သူက ကြောင်တစ်ကောင်နဲ့ တူတယ်တဲ့၊ တခြားသူတွပြောကြတာကတော့ သူက လှပတဲ့ နတ်သူငယ်လေး တစ်ပါးတဲ့၊ သူများကို စနောက်ကျီစယ်တတ်တဲ့ နတ်သူငယ်တစ်ပါးတဲ့ ဒါမှမဟုတ် သူနှစ်သက်သဘောကျတဲ့ တခြားပုံစံတစ်မျိုးမျိုးတဲ့လေ။ ဒါပေမဲ့ အော့ဇ် ရဲ့ တကယ့် အစစ်အမှန် ရုပ်သွင် ၊ ပုံပန်းသဏ္ဍာန်အစစ်ကို ဘယ်အသက်ရှိတဲ့လူသားမှ မပြောနိုင် ကြဘူး။”

ဒေါ်ရသီက ပြောသည်

“ဒါ….အရမ်းထူးဆန်းတာပဲ၊ ဒါပေမဲ့လည်း သူ့ကိုတွေ့ရဖို့နည်းလမ်းတချို့တော့ စဉ်းစား ကြည့်ရမှာပဲ အဲ့လိုမှ မတွေ့ရရင် ဒီခရီးက လာရတာ အချည်းနှီးဖြစ်သွားမှာပေါ့”

ထိုယောကျ်ား ကမေးလိုက်သည် 

“မင်းတို့ ဘာလို့ ဒီလောက် အသည်းအသန် အော့ဇ်ကို တွေ့ချင်နေကြတာလဲ”

စာခြောက်ရုပ်က စိတ်အားထက်သန်စွာဖြင့် ပြန်ဖြေလိုက်သည်

“ကျွန်တော်က ဦနှောက် လိုချင်လို့ပါ သူကပေးနိုင်မလားလို့လေ”

ထိုယောကျ်ားက သေချာသော လေသံဖြင့်ပြောလိုက်သည်

“အို့ … ဒီလောက်လေးကတော့ အော့ဇ်က အလွယ်လေး လုပ်ပေးနိုင်လောက်တယ်၊ သူ့ဆီမှာ ဦးနှောက် က လိုအပ်တာထက် တောင် အများကြီး ပိုနေမှာပဲ”

Tin Woodman က လည်းပြောလိုက်သည်

“ကျွန်တော်ကို နှလုံးတစ်ခု ပေးစေချင်တာ”

ထိုလူကဆက်ပြောသည်

“ဒါလည်း သူ့အတွက် ပြဿနာမရှိလောက်ပါဘူး၊ အော့ဇ်ဆီမှာ နှလုံးတွေပုံစံမျိုးစုံ အရွယ်အစားမျိုးစုံ စုဆောင်းထားတာတွေ ရှိတယ်”

ထိုကြောက်တတ်သော ခြသေ့် ကလည်းဝင်ပြောသည်

“ကျွန်တော့ကို သတ္တိတချို့ ထည့်ပေးစေချင်တာ”

ထိုလူကပြောလိုက်သည်

“အော့ဇ် က သူ့ရဲ့ ပလ္လင်ရှိတဲ့ အုပ်ချုပ်ရေးခန်းမထဲမှာ သူရသတ္တိတွေ အများကြီး သိုလှောင်ထားတယ် အဲ့ဟာက ထွက်ပြေးသွားမှာစိုးလို့တောင် သူ့ရဲ့ ရွှေပန်းကန်ပြား နဲ့တောင် ဖုံးအုပ်ထားရတယ်၊ သင့်ကို သူ ဝမ်းမြောက်ဝမ်းသာနဲ့ တချို့တစ်ဝက်တော့ ပေးလောက်တယ်”

ဒေါ်ရသီလေးကလည်းဝင်ပြောလိုက်သည်

“သူ့ကို သမီး ကန်ဆတ်စ်  ပြန်သွားလို့ရအောင် လုပ်ပေးစေချင်တာ”

ထိုလူက အံ့ဩတကြီးမေးလိုက်သည် “ကန်ဆတ်စ်ဆိုတာက ဘယ်နေရာမှာလဲ”

ဒေါ်ရသီလေးက စိတ်မကောင်းစွာဖြင့် ပြန်ဖြေလိုက်သည်

“သမီးလည်း မသိဘူး၊ ဒါပေမဲ့ အဲ့နေရာက သမီးရဲ့ မွေးရပ်မြေ ၊ အိမ်လည်း ဟုတ်တယ် သေချာတာကတော့ အဲ့နေရာက တစ်နေရာရာမှာတော့ ရှိနေမှာ”

“ကောင်းပါပြီ၊ အော့ဇ်ကတော့ ဘာမဆို လုပ်နိုင်စွမ်းရှိတယ်၊ အဲ့တော့ ငါထင်တယ် သူက သမီးအတွက် ကန်ဆတ်စ်ကိုရှာပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ ပထဆုံး သမီးတို့ သူ့ကို တွေ့ရအောင်ဘယ်လိုလုပ်ကြမလဲ အဲ့ဒါက အရမ်းခက်ခဲမှာပဲ ဘာလို့လဲဆိုတော့ ကြီးမြတ်တဲ့မှော်ပညာရှင်က ဘယ်သူ့ကိုမှတွေ့ချင်တာ မဟုတ်ဘူး၊ သူ့မှာလည်း အမြဲ တမ်းသူလုပ်ဆောင်တဲ့ပုံစံရှိတယ်။” ဟုပြောရင်း သူက တိုတို ကို စကားလှမ်းပြော လိုက်သည် “ဒါနဲ့ မင်းကရော ဘာလိုချင်လို့လဲ။” တိုတိုက စကားမပြောတတ်ပေ၊ ထို့ကြောင့် သူက ထူးဆန်းစွာပင် သူ့အမြီးလေးကို ယမ်းပြနေတော့သည်။အမျိုးသမီး ကသူတို့ကို ညစာသုံးဆောင်ဖို့ လှမ်းခေါ်လိုက်သည်။ ထို့ကြောင့် သူတို့သည် တက်ကြွ စွာပင်စားပွဲတွင် နေရာယူကာ ထိုင်လိုက်ကြပြီးနောက် ဒေါ်ရသီက အရသာရှိသော ဂျုံယာဂုတစ်ပန်းကန်၊ ကြက်ဥမွှေကြော် နှင့် ကောင်းမွန်အရသာရှိသော ပေါင်မုန်အဖြူ တစ်ပန်းကန်တို့နှင့် ညစာစားသောက်နေတော့သည်။ ခြသေ့်ကတော့ ဂျုံက မြင်းတွေ စားပြီးခြသေ့်တွေရဲ့အစာမဟုတ်ဘူးဆိုတာကိုလုံးဝဂရုမစိုက်ပဲထိုဂျုံယာဂုတစ်ပန်း ကန်ကိုစားသောက်နေလေသည်။ စာခြောက်ရုပ်နှင့် Tin Woodman ကတော့ အစားစားစရာမလိုသောကြောင့်မစားသောက်ကြပေ။ တိုတိုကတော့ ဟိုနည်းနည်း ဒီနည်းနည်းစားသောက်ပြီး ညစာကောင်းကောင်းစားလိုက်ရသောကြောင့် ကျေနပ် ပျော်ရွှင်နေသည်။ အမျိုးသမီးက ဒေါ်ရသီအိပ်စက်ရန် အိပ်ရာပြင်ဆင်ပေးပြီးနောက် တွင်တော့တိုတိုကလည်း ဒေါ်ရသီဘေးတွင်ဝင်အိပ်လိုက်သည်။ ထိုအချိန်တွင် ခြသေ့် ကဘယ်သူမှမနှောင့်ယှက်နိုင်အောင်ဒေါ်ရသီ၏အခန်းပေါက်ဝတွင်ထိုင်၍ကင်းစောင့်နေလေသည်။ စာခြောက်ရုပ်နှင့် Tin Woodman  ကတော့ အိပ်စရာမလိုသောကြောင့် ထောင့်တစ်ထောင့်တွင် တိတ်တဆိတ်နေနေရင်း တစ်ညလုံး ထိုကဲ့သို့ ကုန်ဆုံးလိုက် ကြသည်။ နောက်တစ်နေ့မနက်ခင်း နေထွက်လာသည်နှင့် သူတို့ ခရီးဆက်ကြတော့ သည်။ ထို့နောက် မကြာခင်မှာပင်သူတို့ရှေ့တွင် အစိမ်းရောင်တောက်နေသော လှပ သည့်ကောင်းကင်ကြီးကို တွေ့လိုက်ရသည်။ ဒေါ်ရသီက ပြောသည်

“ဒါ မြစိမ်းရောင်မြို့တော်ပဲ ဖြစ်ရမယ်”

သူတို့ ရှေ့ဆက်လျှောက်လာသည်နှင့်အမျှ ထို တောက်ပနေသော အစိမ်းရောင်ကပိုမို ကာတောက်ပလာပြီး သူတို့မကြာခင်မှာပင် ခရီးဆုံးရောက်တော့မယ်ဟု ထင်လာရ သည်။ သို့သော်သူတို့သည် မြို့ကိုဝိုင်းရံထားသည့် မြင့်မားသောနံရံဆီ သို့မရောက်မီ တွင်မွန်းလွဲပိုင်းအချိန်ဖြစ်နေသည်။ ၎င်းနံရံသည် ထူထဲကြီးမားပြီး တောက်ပသော အစိမ်းရောင်ရှိသည်။ သူတို့ရှေ့မှာတော့ ထိုနံရံကြီးရှိနေပြီး အဝါရောင်အုတ်စီလမ်း အဆုံးတွင်တော့ ကြီးမားသည့် ဂိတ်တံခါးကြီး တစ်ချပ်ရှိနေသည်။ နေရောင်ထဲတွင် မျက်စိကျိန်းလောက်စရာတစ်လက်လက်တောက်ပနေသော မြကျောက်များကို ထို ဂိတ်တံခါးပေါ်တွင်ကပ်ထားခဲ့သည်။ ထိုမြကျောက်တို့၏ တစ်လက်လက်တောက်ပ နေမှုတို့က စာခြောက်ရုပ်၏ဆေးခြယ်ပြီး လုပ်ထားသော မျက်လုံးတို့ကိုတောင် သူတို့ ၏တောက်ပမှုတို့ကြောင့် မူးနောက်သွားစေခဲ့သည်။ ဂိတ်တံခါးကြီး၏ဘေးဘက်တွင် တော့အချက်ပေးခလုတ်တစ်ခုရှိသည်။ ဒေါ်ရသီသည် ထိုအရာကိုနှိပ်လိုက်သော အခါ တွင်ငွေခေါင်းလောင်းလေးကိုတီးခတ်လိုက်သကဲ့သို့သာယာသောအသံလေးထွက်လာ ခဲ့သည်။ ထို့နောက်တွင် ဂိတ်တံခါးကြီး တဖြည်းဖြည်းချင်း ပွင့်သွားခဲ့သည်။ သူတို့ အကုန်လုံး အထဲဝင်လာခဲ့ပြီးနောက်တွင် မြင့်မားသော အမိုးခုံးနှင့်နံရံတွင် မရေမတွက် နိုင်သော မြကျောက်များဖြင့် စီခြယ်ထားသော အခန်းကျယ် ကြီးတစ်ခုထဲရောက် နေသည်ကိုတွေ့လိုက်ရသည်။ သူတို့၏ရှေ့တွင်တော့ လူပုလေး တစ်ယောက်အရွယ် ရှိသော လူသေးသေးလေးတစ်ယောက်က မတ်တပ်ရပ်နေခဲ့သည်။ သူ့ အဝတ်အစား များသည် ခေါင်းအစခြေအဆုံး အစိမ်းရောင်ဝတ်ဆင်ထားပြီး သူ့အသားအရေသည် လည်းအစိမ်းရောင်သမ်းနေခဲ့သည်။




သူ့ဘေးတွင်တော့အစိမ်း ရောင်သေတ္တာတစ်လုံး ရှိနေခဲ့သည်။ဒေါ်ရသီကပြောသည်

“ကျွန်ုပ်တို့က ဒီကို ကြီးမြတ်တဲ့ အော့ဇ်ကို တွေ့ဖို့ရောက်လာကြတာပါ”

ထိုသူသည် ထိုအဖြေကြောင့် အံ့ဩမှင်သက်ကာ ထိုင်ချလိုက်ပြီး သူဘာကြားလိုက် သလဲဆိုတာကို ပြန်တွေးတောနေတော့သည်။ သူကစိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို ခါယမ်းရင်း ပြောလိုက်သည်

“အော့ဇ် ကိုတွေ့ဆုံဖို့ တစ်ယောက်ယောက်ကနောက်ဆုံးတောင်းဆိုခဲ့တဲ့အကြိမ်က အခုဆို နှစ်ပေါင်းများစွာကြာခဲ့ပြီ။ သူကလွန်စွာ စွမ်းအားကြီးပြီး ဆိုးဝါးတယ် ပြီးတော့ အကယ်၍ သင်တို့ရဲ့ အရေးမပါတဲ့ ကိစ္စသေးသေးလေးတွေလုပ်ခိုင်းဖို့အတွက် နဲ့ ကြီးမြတ်တဲ့မှော်ပညာရှင် အော့ဇ် ရဲ့အရေးပါတဲ့သုံးသပ်ဆင်ခြင်မှုကိစ္စတွေကိုအနှောင့် အယှက်ဖြစ်စေခဲ့ရင်သူအမျက်ထွက်ပြီး သင်တို့အားလုံးကို တစ်ခါထဲ ဖျက်ဆီးပစ် လိုက်လိမ့်မယ်”

စာခြောက်ရုပ်က ပြန်ပြောလိုက်သည်

“ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ကိစ္စလေးတွေက သေးသေးမွှားမွှား အရေးမပါတဲ့ ဟာတွေမဟုတ် ပါဘူး။ အဲ့ဟာတွေကတကယ်ကို အရေးကြီးကိစ္စတွေမို့ပါ။ ပြီးတော့ ငါတို့ အကုန်လုံး သိထားကြတာက အော့ဇ်က တကယ့်ကို ကောင်းမွန်တဲ့ မှော်ပညာရှင်တစ်ယောက်ပါ”

ထိုအစိမ်းရောင် လူကပြောလိုက်သည်

“ဟုတ်ပါတယ် သင်ပြောတဲ့အတိုင်းပဲ သူကကောင်းမွန်တဲ့ မှော်ပညာရှင်တစ်ယောက် ပါ၊ ပြီးတော့ သူက မြစိမ်းရောင်မြို့တော်ကို ညဏ်ပညာကြီးမားစွာနဲ့ ကောင်းမွန်စွာ အုပ်ချုပ်နိုင်တယ်။ ဒါပေမဲ့ မရိုးသားတဲ့သူတွေ၊ သူ့ကိုသိလိုစိတ်စပ်စုချင်စိတ်နဲ့ချဉ်း ကပ်လာတဲ့သူတွေအတွက်တော့ သူကသဘောမကောင်းနိုင်ဘူး၊ အနည်းစုကပဲ သူ့ မျက်နှာကိုတွေ့ရဖို့မေးရဲခဲ့ကြတယ်။ ကျွန်ုပ်ကတော့ဒီဂိတ်တံခါးတွေကို စောင့်ရှောက် သူပါ၊ မင်းတို့က အော့ဇ့် ကိုတွေ့ဖို့တောင်းဆိုမှတော့ ကျွန်ုပ် သင်တို့ကို နန်းတော်ဆီ ခေါ်သွားပေးပါ့မယ်။ ဒါပေမဲ့ အရင်ဆုံးသင်တို့ဒီမျက်မှန်တွေ ဝတ်ဆင် ရပါ့မယ်”

ဒေါ်ရသီကမေးလိုက်သည် “ဘာကြောင့်လဲ”

“ဘာကြောင့်တပ်ခိုင်းရတာလဲဆိုတော့ သင်တို့သာ ဒီမျက်မှန်တွေ မတပ်ထားဘူးဆိုရင် မြစိမ်းရောင်မြို့တော်ရဲ့တောက်ပမှုနှင့် ကြီးမြတ်တဲ့ ကျက်သရေအဆင်းက သင်တို့ မျက်လုံးတွေကို ကန်းသွားစေလိမ့်မယ်။ ဒီမြစိမ်းရောင် မြို့တော်ထဲနေထိုင်တဲ့ သူတွေ တောင်မှပဲ နေ့ဘက်ရော ညဘက်ရော ဒီမျက်မှန်တွေကိုမဖြစ်မနေ တပ်ထားရတယ်။ မြစိမ်းရောင်မြို့တော်မှာပထမဆုံးတည်ခဲ့တုန်းကတည်းက အော့ဇ်က ကျွန်ုပ်ကို ဒီ မျက်မှန်တွေကို သောခတ်ထားဖို့ အမိန့်ပေးခဲ့တာ ဒီမျက်မှန်တွေကို ချွတ်ချင်ရင် ဖွင့်ဖို့သော့က ကျွန်ုပ် တစ်ဦးထဲဆီမှာပဲ ရှိတာ။”

သူ ကထိုသေတ္တာကြီးကို ဖွင့်လိုက်သည်။ ထိုထဲတွင်ဒေါ်ရသီလေး‌ ပုံစံစုံ အရွယ်အစား မျိုးစုံရှိသော မျက်မှန်များကို တွေ့လိုက်ရသည်။ သူတို့တွေအကုန်လုံးကို အစိမ်းရောင် မှန်တွေနဲ့ လုပ်ထားသည်။ ဂိတ်တံခါးတို့၏‌စောင့်ရှောက်သူသည် ဒေါ်ရသီနှင့်တော် သောမျက်မှန်ကိုရှာတွေ့ပြီး သူမ၏မျက်လုံးပေါ်တွင် တပ်ပေးလိုက်သည်။ သူမ ခေါင်း နောက်ဖက်ပတ်ပတ်လည်တွင် ရွှေကြိုးနှစ်ချောင်းက တွယ်ဆက်ထားသည်။ ၎င်းကြိုး တို့သည်ဂိတ်တံခါးစောင့်ရှောက်သူ၏  လည်ပင်းတွင်ဝတ်ဆင်ထားသော ချိန်းကြိုး သေးသေးလေး၏အဆုံးတွင်ရှိသော သော့လေးတစ်ခုနှင့်ခတ်ထားသည်။ သူတို့ ဒီဟာ တွေကိုဝတ်ဆင်ပြီးနောက်တွင် သူတို့ ဆန္ဒရှိသလိုပြန်မချွတိနိုင်တော့ပေ။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ သူမ ဒီမြစိမ်းရောင်တောက်တောက်တွေကို ကြည့်မိပြီး မျက်လုံးတွေတော့ အကန်းမခံနိုင်ပေ။ ဒီတော့ သူမ ဘာမှ မပြောခဲ့ပေ။ထို့နောက်တွင် အစိမ်းရောင်လူသားက စာခြောက်ရုပ်၊ ခြသေ့် နှင့် Tin Woodman တို့အတွက် သာမက တိုတို အတွက်ပါသင့်တော်သည့် မျက်မှန်တွေကို တပ်ဆင်ပေးပြီး ချွတ်မရ အောင်သော့ဖြင့် မြန်မြန်ခတ်လိုက်သည်။အဲ့ဒီ့နောက်တွင်တော့ ဂိတ်တံခါးတို့၏ စောင့်ရှောက်သူသည် သူ၏ကိုယ်ပိုင်မျက်မှန်ကို တပ်ဆင်ကာ သူတို့ကို နန်းတော်ဆီသို့ ခေါ်ဆောင်သွားရန်အသင့်ဖြစ်ကြောင့် ပြောခဲ့သည်။ နံရံပေါ်တံစို့မှရွှေသော့ကြီး တစ်ခု ကိုယူပြီးလျှင်သူသည်အခြားဂိတ်တံခါးကိုဖွင့်လိုက်သည်။ ထို့နောက်တွင် သူတို့ အားလုံးသည် ထို ဂိတ်ပေါက်မှတဆင့် ဖြတ်သန်းကာ မြစိမ်းရောင်မြို့တော်၏ လမ်းများပေါ်သို့ရောက်ရှိလာခဲ့ကြသည်။



rate now: