book

Index 2

သတ္တုဘရာနှင့်လူ

  • Author : ZENIX
  • Genres : Mystery
  • Original Author : Rick Riordan

အခန်း()

သတ္တုဘရာနှင့်လူ

 

မိသားစုစံအိမ်က စိတ်ပျက်စရာပဲ။

အိုး ဟုတ်တာပေါ့ ခင်ဗျားတို့ကတော့ ဒီလိုဘယ်ထင်ပါ့မလဲ။ အိမ်ခေါင်မိုးအစွန်းတွေမှာ တိရစ္ဆာန်ခေါင်းပုံပါတဲ့ နီညိုရောင် ခြောက်ထပ်ကျောက်သား အဆောက်အဦးကို ခင်ဗျားတို့ မြင်ရမယ် ပြီးတော့ တခြား ဘလာ...ဘလာ... ဘလာ... လိုရင်းပြောရရင် လူချမ်းသာတွေ ဒီမှာနေတယ်ပေါ့ဗျာ။ ပြီးတော့ ကျွန်တော် ဘာလို့ လမ်းပေါ်မှာ အိပ်နေလဲလို့ ခင်ဗျားတို့ အံ့ဩမိမှာပဲ။

စကားလုံးနှစ်လုံး ဦးလေး ရန်းဒေါ့ဖ်။

ဒီအိမ်က သူ့အိမ်ပေါ့။ အကြီးဆုံးသားဖြစ်တာနဲ့အညီ သူက ကျွန်တော်မမွေးခင်တည်းက ဆုံးသွားတဲ့ အဘိုးအဘွားတွေဆီက အမွေရလိုက်တာလေ။ ကျွန်တော်က မိသားစုဇာတ်လမ်းတွဲတွေအကြောင်း သိပ်သိတဲ့သူမဟုတ်ပါဘူး ဒါပေမယ့် ကလေးသုံးယောက်ဖြစ်ခဲ့တဲ့ ရန်းဒေါ့ဖ်၊ ဖရက်ဒီရစ်ခ် နဲ့ ကျွန်တေ့ာ်အမေတို့ကြားမှာ ပြသနာအစိုင်အခဲလေးတွေရှိခဲ့တယ်။ ကျေးဇူးတော်နေ့ ဂိုဏ်းကွဲမှု ဖြစ်ပြီးတော့ ကျွန်တော်တို့ ဘိုးဘွားတွေအိမ်ကို သွားမလည်ဖြစ်ကြတော့ဘူး။ ကျွန်တော်တို့နေတဲ့ တိုက်ခန်းအိမ်ရာက တစ်မိုင်ခွဲလောက်ပဲဝေးတာ ဒါပေမယ့် ရန်းဒေါ့ဖ်ကိုတော့ မားစ်ဂြိုဟ်ပေါ်မှာ နေသလားအောက်မေ့မိတယ်။ 

ကျွန်တော်တို့ အဲဒီကျောက်သားနီနီကြီးတွေဘက် ဖြတ်ပြီးကားမောင်းသွားဖြစ်တဲ့အခါမှသာ အမေက သူ့အကြောင်း ပြောလေ့ရှိတယ်။ အဲဒီမှာ အမေက အန္တရာယ်ရှိတဲ့ ခြောက်ကမ်းပါးကို ညွှန်ပြသလို မြင်လား အဲဒီနေရာပဲ ဝေးဝေးသာရှောင် လို့ပြမှာ။ 

ကျွန်တော် လမ်းပေါ်မှာ နေကတည်းက ညဘက် တစ်ခါတစ်လေ အဲဒီဘက်ကို လမ်းလျှောက်သွားလေ့ရှိတယ်။ ကျွန်တော် ပြုတင်းပေါက်အတွင်းဘက်ကို ချောင်းကြည့်တယ်။ တလက်လက်တောက်နေတဲ့ စင်ပေါ်မှာ ရှေးဟောင်း ဓားနဲ့ လှံတွေ မျက်နှာဖုံးအကာတပ်ထားပြီး ဦးထုပ်ဆောင်းထားတဲ့ ကြောက်စရာမျက်နှာတွေက နံရံပေါ်ကနေ ကျွန်တေ့ာ်ကို စိုက်ကြည့်နေတယ်။ အပေါ်ထပ်ပြုတင်းပေါက်က မည်းမည်းသဏ္ဌာန်ရုပ်ထုတွေကလည်း မှင်သေနေတဲ့ သရဲတွေလိုပဲ။

အကြိမ်တော်တော်များများ ကျွန်အိမ်ထဲဖောက်ဝင်ပြီး လျှောက်စူးစမ်းကြည့်ဖို့ စဉ်းစားကြည့်သေးတယ်။ တံခါးခေါက်ဖို့တော့ ဘယ်တော့မှ ကျွန်တော်မကြိုးစားခဲ့ဘူး။ ကျေးဇူးပြုပြီး ဦးလေးရန်းဒေါ့ဖ် ကျွန်တော့်အမေကို မုန်းတာကျွန်တော်သိပါတယ် ပြီးတော့ ကျွန်တော့်ကို မတွေ့တာတာလည်း ဆယ်နှစ်ရှိပြီ ဦးလေးရဲ့ ဟောင်းနွမ်းပြီး သံချေးတတ်နေတဲ့ ပစ္စည်းတွေကို မိသားစုထက်ပို ဂရုစိုက်တယ်ဆိုတာလည်း သိပါတယ် ဒါပေမယ့် ကျွန်တော့်ကိုတော့ ဦးလေးရဲ့ ခမ်းနားတဲ့ အိမ်ကြီးမှာနေခွင့်နဲ့ ဦးလေး စားတဲ့ ပေါင်မုန့်တွေရဲ့ အကြွင်းအကျန်လောက်ပဲ စားပါရစေ။ 

ကျေးဇူးတော့တင်ပါတယ်ဗျာ အဲဒီလိုအတွေးမျိုးတော့ဖြစ်မှာမဟုတ်ဘူး။ အဲဒီအစား လမ်းပေါ်မှာပဲနေတာကပိုကောင်းမယ် အမြန်ပြင်ထားတဲ့ အစားအစာဆိုင်က ရက်ကြာနေတဲ့ ဖလက်ဖ်ဖယ်မုန့် (ကုလားပဲ အကြော်မုန့်များနှင့်အစပ်ကြော်ထားသော အရှေ့အလယ်ပိုင်းအစားအစာတစ်မျိုး) သာစားရင်စားလိုက်မယ်။

ငြိမ်သက်နေတယ်... ကျွန်တော် ကြည့်ရတဲ့ပုံအရ ဖောက်ဝင်ဖို့က လွယ်လိမ့်မယ်ထင်တယ်။ ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့် ပြီးတော့ ဘာတွေဖြစ်နေလဲဆိုတဲ့ အခြေနေကိုသုံးသပ်နိုင်ဖို့လုပ်ရမယ်။ ကျွန်တော် အထဲရောက်တဲ့အခါ ပေါင်နှံစရာတစ်ခုခုတော့ ကောက်ဆွဲခဲ့ရမယ်။

ခင်ဗျားတို့ရဲ့ မှားသလား မှန်သလား အမြင်ကို ထိခိုက်မိသလိုဖြစ်သွားရင်တော့ စိတ်မကောင်းပါဘူး။ 

အိုး.. နေပါဦး မဟုတ်ပါဘူး ငါမလုပ်ဘူး။

ကျွန်တော် ဘယ်သူ့ဆီကမှ မခိုးဘူး။ ကျွန်တော်က ဥစ္စာပေါ ရွံစရာငတုံးတွေဆီကသာ ယူဖို့ရွေးချယ်ထားတယ်။ ခင်ဗျားက BMW ကားအသစ်ကိုမောင်းပြီး မသန်စွမ်းတွေအတွက် သက်မှတ်ထားတဲ့ နေရာတစ်ခုမှာ မသန်စွမ်းဖြစ်ကြောင်း ထောက်ခံတဲ့ ပိုစတာ တစ်ခုခုမပါဘဲ ကားရပ်ရင် ကျွန်တော်လာမယ်။ ခင်ဗျားကားပြုတင်းပေါက်ကိုရအောင်ဖွင့်ပြီး ခွက်ထည့်တဲ့နေရာမှာထားတဲ့အကြွေတွေကိုယူမှာပဲ။ ခင်ဗျားက Barneys ဆိုင်ထဲက ပိုးလက်ကိုင်ပုဝါနဲ့တွဲထားတဲ့ခင်ဗျားအိတ်ကိုင်ပြီး ထွက်လာမယ်။ ဖုန်းနဲ့စကားပြောရင်း လမ်းမှာရှိတဲ့လူတွေကို ဂရုမစိုက်ဘဲ တွန်းတိုက်သွားမယ်ဆို ကျွန်တော်လာပြီး ခင်ဗျားကို ခါးပိုက်နှိုက်ဖို့အဆင်သင့်ပဲ။ ခင်ဗျားနှပ်ညှစ်ဖို့ ဒေါ်လာငါးထောင် တတ်နိုင်နေမှတော့ ကျွန်တော့်အတွက် ညစာလောက်တော့ ခင်ဗျားတတ်နိုင်မှာပါ။

ကျွန်တော်က တရားသူကြီး၊ ဂျူရီ နဲ့ သူခိုးဆိုလည်းဟုတ်တယ်။ ဘယ်လောက်ပဲ ဥစ္စာပေါ ရွံစရာငတုံးတွေကိုသာလုပ်ရင်လုပ်မှာ ဦးလေး ရန်းဒေါ့ဖ်ကိုတော့ လုပ်နိုင်မယ်မထင်ဘူး။

အိမ်က ဓနသဟာရရိပ်သာလမ်းကို မျက်နှာမူထားတယ်။ ကျွန်တော် ကဗျာဆန်ဆန်ရေးထားတဲ့ အမှတ် ၄၂၉ ပြည်သူ့လမ်းကြားဘက်တစ်ဝိုက် လှမ်းကြည့်တယ်။ ရန်းဒေါ့ဖ်ရဲ့ ကားပါကင်နေရာက လွတ်နေသေးတယ်။ လှေကားက အောက်ဘက်မြေအောက်ခန်း အဝင်ပေါက်ဆီကို ဦးတည်သွားတယ်။ အကယ်၍သာ လုံခြုရေးစနစ်တစ်ခုခုများ ရှိခဲ့ရင် ကျွန်တော်ရှာတွေ့မှာမဟုတ်ဘူး။ တံခါးက ရိုရိုးပတ္တာတံခါးမျိုး လက်ကိုင်ဘုနဲ့ သော့ခတ်တဲ့ တံခါးမျိုးတောင်မဟုတ်ဘူး။ နည်းနည်းလောက်တော့ ခက်ခက်ခဲခဲလေးဖြစ်အောင်လုပ်စမ်းပါ ရန်းဒေါ့ဖ် ရာ။

နှစ်မိနစ်ကြာတော့ ကျွန်တော်အိမ်ထဲရောက်ပြီ။ 

မီးဖိုးထဲရောက်တော့ ကျွန်တော် ပါးပါးလှီးထားတဲ့ ကြက်ဆင်သား၊ ခရက်ကာ နဲ့ နွားနိုးဘူးထဲက နွားနို့နည်းနည်းကို အငမ်းမရတွယ်လိုက်တယ်။ သေစမ်း ဘာ ဖလက်ဖ်ဖယ်မုန့် မှမရှိဘူး။ အခု ကျွန်တော်တစ်ခုခုလုပ်ဖို့ အားပြည့်သွားပြီ ဒါပေမယ့် ချောကလက်နဲ့လုပ်ထားတဲ့မုန့်တစ်ချို့နဲ့ ချောကလက်ချောင်းတွေကို နောက်နေ့တွေစားဖို့အတွက် ကျွန်တော့် အိတ်ကပ်ထဲ ထည့်လိုက်တယ် (ချောကလက်က ကတိုက်ကရိုက်စားရတာမဟုတ်ဘဲ တဖြည်းဖြည်းအရသာခံရတာမျိုးလေ)။ အဲဒီနောက်မှာ အပေါ်ထပ်က မဟော်ဂနီသားနဲ့လုပ်ထားတဲ့ ဂူဗိမာန်၊ အရှေ့တိုင်းခြုံထည်တွေ၊ ဆီဆေးနဲ့ခြယ်ထားတဲ့ပ န်းချီကားတွေ၊ စကျင်ကျောက်သားကြမ်းပြင် နဲ့ အကောင်းစား ဖန်သားမီးဆိုင်းတွေ... စိတ်ကသိကအောက်ဖြစ်စရာပဲ။ ဘယ်သူတွေကများ ဒီလိုနေတာလဲ။

အသက်ခြောက်နှစ်အရွယ်တုန်းက ကျွန်တော် ဒီအရာတွေအားလုံးနဲ့ပတ်သက်ပြီးတော့ ဘယ်လောက်တောင် စျေးကြီးတယ်ဆိုတာကို သဘောမပေါက်နိုင်ခဲ့ဘူး ဒါပေမယ့် ကျွန်တော့်ရဲ့ ဒီစံအိမ်အပေါ်ထားတဲ့ ယျေဘုယအမြင်ကတော့ တူတူပါပဲ မှောက်မိုက်တယ် ကျဉ်းကျပ်တယ် ခြောက်ခြားစရာကောင်းတယ်။ ကျွန်တော့်အမေ ဒီနေရာမှာ ကြီးပြင်းခဲ့တယ်ဆိုတာ တွေးကြည့်ဖို့တောင် အခက်သားဗျ။ အမေ အပြင်လောကရဲ့ဘက်တော်သား ဘာကြောင့်ဖြစ်လာတယ်ဆိုတာ လွယ်လွယ်လေးနားလည်လို့ရတယ်။ 

ကျွန်တော်တို့တိုက်ခန်းက အောလ်စတန်လမ်းဆုံက ကိုရီးယားအသားကင်ဆိုင်အပေါ်ထပ်မှာ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်းတော့ရှိပါတယ် ဒါပေမယ့် အမေက အိမ်ထဲနေရာတာမကြိုက်ဘူး။ သူမအမြဲပြောလေ့ရှိတာတော့ သူ့ရဲ့အိမ်အစစ်က ဘလူးဟေးလ်စ် မှာတဲ့။ ကျွန်တော်တို့ ဘယ်လိုရာသီဥတုမျိုးမှာမဆို အဲဒီကို လမ်းလျှောက်သွားဖြစ်ကြတယ် အပန်းဖြေစခန်းချပြီးနေလေ့ရှိတယ်။ လေကောင်းလေသန့်နဲ့၊ ဘာမျက်နှာကျက် ဘာနံရံအကာမှမရှိဘူး ဘာကုမ္ပဏီမှလည်းမရှိဘူး ဒါပေမယ့် ဘဲတွေ ငန်းတွေ နဲ့ ရှဉ့်တွေတော့ရှိတယ်။

ဒီအနီရောင်ကျောက်သားတွေက ထောင်တစ်ခုလို အဖော်ပြုပေးနေတယ်။ ကျွန်တော်တစ်ယောက်တည်း ခန်မဆောင် အဝင်ဝမှာ ရပ်နေခဲ့တယ်။ ကျွန်တော့်အရေပြားပေါ်မှာ မမြင်ရတဲ့ ပိုးတောင်မာကောင်လေးတွေ လာအုံနေတယ်။

ကျွန်တော် ဒုတိယထပ်ကိုတက်သွားတယ်။ စာကြည့်ခန်းက ရှောက်သီးနံ့လိုပါလစ်အနံ့ နဲ့ သားရေနံ့ ရတယ်။ ကျွန်တော်မှတ်မိထားတဲ့အတိုင်းပဲ။ နံရံတစ်ဖက် တစ်လျှောက်က တောက်နေတဲ့ဖန်သားစင်တစ်ခုမှာ ရန်းဒေါ့ဖ်ရဲ့ ဗိုက်ကင်းလူမျိုးစုတွေဆောင်းတဲ့ ဦးထုပ်တွေ နဲ့ သံချေးတက်နေတဲ့ ပုဆိန်တွေ အပြည့်ထည့်ထားတယ်။ ကျွန်တော့်အမေက တစ်ခါကပြောဖူးတယ်။ ရန်းဒေါ့ဖ်က ဟားဗက်တက္ကသိုလ်မှာ သမိုင်းဆရာတဲ့ နာမည်ပျက်တစ်ခုကြောင့် သူအလုပ်မပြုတ်ခင် အချိန်ကပေါ့။ အမေက အသေးစိတ်တော့ပြောမပြဘူး ဒါပေမယ့် အဲဒီလူက ရှေးသမိုင်းဝါသနာအိုးဆိုတာ အထင်အရှားပဲ။

မင်းက မင်းဦးလေးတွေထက် ပိုပြီးတော်တယ် မဂ်နက်စ် လို့ အမေက တစ်ခါကပြောဖူးတယ်။ မင်းရဲ့အဆင့်တွေရမှတ်တွေနဲ့ဆို ဟားဗက်တက္ကသိုလ်လောက်ကတော့ အသာလေးတက်လို့ရတယ်။

အမေ အသက်ရှိစဉ်တုန်းကအချိန်တွေကို ပြန်ရောက်သွားစေတယ်။ ကျွန်တော် ကျောင်းတက်တုန်းက ကျွန်တော့်မှာ နောက်ထပ်ထမင်းတစ်နပ်စာကို အလိုလိုစားနိုင်မယ့် အတိတ်ကအနာဂတ် တစ်ခုရှိရင်ရှိခဲ့မှာ။

ရန်းဒေါ့ဖ်ရဲ့ ရုံးခန်းအတွင်းထောင့် တစ်နေရာမှာ ကျောက်သားကဗျည်းကျောက်စာတိုင်ကြီးတစ်ခု ရှိတယ်။ အရှေ့ဘက်မှာ အနီရောင်အခွေလိပ်ဒီဇိုင်းမျိုးနဲ့ ထုဆစ်ခြယ်သထားတယ်။ အလယ်မှာ အကြမ်းထည်သာဆွဲထားတဲ့ မာန်ဖီနေတဲ့ တောကောင်ကြီးတစ်ကောင် ခြင်္သေ့ ဒါမှမဟုတ် ဝံပုလွေတစ်ကောင် ဖြစ်မယ်။

ကျွန်တော် တုန်သွားတယ်။ ဝံပုလွေတွေအကြောင်း မစဉ်းစားပဲနေရအောင်။

ကျွန်တော် ရန်းဒေါ့ဖ်ရဲ့ စားပွဲဆီ ချဉ်းကပ်သွားလိုက်တယ်။ ကျွန်တော့်ကို ဘာလို့လိုက်ရှာနေရတာလဲဆိုတာကို ရှင်းပြပေးနိုင်မယ့် အချက်အလက်တစ်ခုခု ကွန်ပြူတာ ဒါမှမဟုတ် မှတ်စုမှတ်ထားတဲ့စက္ကူကဒ် တစ်ခုခုရှိလိမ့်မယ်လို့မျှော်လင့်တယ်။ အဲဒီအစား ကြက်သွန်ခွံရောင် ပါးပါးဝါဝါ သားရေပုရပိုက်အစနတွေ ပြန့်ကျဲလျက်တွေ့ရတယ်။ အလယ်ခေတ်က ကျောင်းသားတစ်ယောက် လူမှုရေးရာနဲ့ပတ်သက်ပြီး လေ့လာဖို့လုပ်ထားတဲ့ မြေပုံတွေကျနေတာပဲ။ ခပ်မှိန်မှိန်အကြမ်းဆွဲထားတဲ့ ပင်လယ်ကမ်းရိုးတန်းပုံတစ်ခု ကျွန်တော်နားမလည်တဲ့ အက္ခရာတွေနဲ့ မှတ်ထားတဲ့ အမှတ်အသားတွေပါတယ်။ အဲဒီအရာတွေပေါ်မှာရှိတာက စက္ကူသားလောက်လေးတဲ့ သားရေအိတ်တစ်လုံး။

ကျွန်တော် အသက်ရှူရပ်သွားတယ်။ ကျွန်တော် အဲဒီသားရေအိတ်ကို မှတ်မိတယ်။ ရှုံ့ကြိုးနဲ့ အိတ်ကို ဖြည်လိုက်တယ် ပြီးတော့ ဒိုမီနိုတုံးလေးတွေထဲကတစ်ခုကို ယူလိုက်တယ်.... ဒါဒိုမီနို မှမဟုတ်ပဲ။ ကျွန်တော့်ရဲ့ အသက်ခြောက်နှစ်သားအသိက ဒါကျွန်တော်နဲ့ အန်နာဘသ် ငယ်ငယ် ကစားခဲ့တဲ့ဟာပဲလို့ ယူဆလိုက်တာ။ နှစ်တွေကြာလာတော့လည်း အမှတ်တရတွေက သူ့အလိုလို တွန်းအားပေးတာပေါ့။ ဒါပေမယ့် အစက်အပြောက်လေးတွေပါရမယ့်အစား ဒီကျောက်တုံးလေးတွေပေါ်မှာ အနီရောင် သင်္ကေတလေးတွေ ဆွဲထားတယ်။ ကျွန်တော့်လက်ထဲက တစ်ခုက သစ်ကိုင်းအခက်လို ဒါမှမဟုတ် ပုံစံက အက္ခရာ ပုံစံ။

ကျွန်တော်နှလုံးတွေ ခုန်လာတယ်။ ဘာကြောင့်မှန်း ကျွန်တော်မသိဘူး။ ကျွန်တော် ဒီကိုလာမိတာ ကောင်းတဲ့အကြံမှဟုတ်ရဲ့လားလို့ တွေးမိတယ်။ နံရံတွေက ညှပ်လာသလိုခံစားရတယ်။ အခန်းထောင့်က ကျောက်တုံးကြီးပေါ်က တောကောင်ပုံကြီးက ကျွန်တော့်ကို မာန်ဖီနေသလိုပဲ။ အနီရောင်ကောက်ကြောင်းတွေက လတ်လတ်ဆတ်ဆတ်သွေးလို တဖိတ်ဖိတ်တောက်လာတယ်။ 

ကျွန်တော် ပြုတင်းပေါက်ဆီကို သွားလိုက်တယ်။ ကျွန်တော်အပြင်ကိုကြည့်ဖို့ ဒီလိုသွားလိုက်တာ အလုပ်ဖြစ်ပါတယ်။ ဓနသဟာရ စျေးဆိုင်တန်းဘက်က သစ်ပင်အုပ်တွေနဲ့ ကွင်းပြင်ရောနှောနေတဲ့ လွင်ပြင်ပိုင်းမှာ နှင်းတွေဖုံးနေတယ်။ ဗလာဟင်းလင်းဖြစ်နေတဲ့ သစ်ပင်တွေမှာ ခရစ်စမတ်မီးကြိုးတွေ ဆင်ထားတယ်။တစ်ပြလောက်အဆုံး သံမဏိခြံဝင်းအတွင်းမှာ လိဖ်အယ်ရစ်ခ်ဆန်ရဲ့ ပုံတူကြေးရုပ်ထုကြီးက သူ့ပန်းပုအောက်ခံပေါ်မှာ ရပ်ထားတယ်။ လက်ဝါးနှစ်ဖက်ကိုမျက်လုံးနားမှာ လက်ခုပ်ပုံ ပြုလုပ်ထားပြီး လိဖ် က ချားလ်စ်ဂိတ် ဘက်ကို ကျော်ပြီးငေးလျက် ကြည့်စမ်း ငါအဝေးပြေးလမ်းမကြီးကို တွေ့ထားပြီ လို့ပြောနေတဲ့ပုံ ပေါက်နေတယ်။

ကျွန်တော် နဲ့ ကျွန်တော့်အမေတို့က လိဖ်အကြောင်း နောက်ပြောင်လေ့ရှိတယ်။ သူ့ရဲ့ချပ်ဝတ်အကာက မလုံ့တလုံ စကပ်အတိုနဲ့ ရင်ဘတ်အကာက ဗိုက်ကင်းလူမျိုးစုမိန်းမဝတ် အောက်ခံင်္အကျီနဲ့ တူနေတယ်။

ဘာလို့ ဘော်စတွန်မြို့လယ်မှာ ဒီရုပ်ထုက ရှိနေရတာလဲ ကျွန်တော်လည်းမသိဘူး ဒါပေမယ့် ကျွန်တော်ထင်တာတော့ တိုက်ဆိုင်မှုသက်သက်နဲ့ ဦးလေးရန်းဒေါ့ဖ်က ဗိုက်ကင်းတွေအကြောင်းကို လေ့လာဖို့ကြီးပြင်းလာခဲ့တာ မဟုတ်ဘူး။ သူ့တစ်ဘဝလုံး ဒီမှာပဲ နေရင်နေမှာ။ သူက ပြုတင်းပေါက်ကနေ  လိဖ်ရုပ်ထုကို နေတိုင်းကြည့်ရင်ကြည့်နေမှာ ကလေးလေး ရန်းဒေါ့ဖ် ဘဝတုန်းက တစ်နေ့တော့ ငါဗိုက်ကင်းလူမျိုးတွေအကြောင်း လေ့လာချင်တယ် ဘရာနဲ့ လူကြီးတွေ တကယ်လန်းတယ်ကွာ။ လို့ တွေးခဲ့တာဖြစ်မယ်။

ကျွန်တော့်မျက်လုံးအကြည့်တွေက ရုပ်ထုရဲ့ အောက်ခြေဆီကို ရောက်သွားတယ်။ တစ်ယောက်ယောက် ရပ်ပြီး....ကျွန်တော့်ကို ကြည့်နေတာ။

ခင်ဗျားမသိတဲ့ လူတစ်ယောက်ဆို ခင်ဗျားဘယ်လိုလဲဆိုတာသိမှာပါ အဲဒါက စက္ကန့်ပိုင်းတော့ မှတ်မိဖို့အချိန်ယူရတာမျိုးလေ။

လိဖ်အဲရစ်ခ်ဆန်ရဲ့ အရိပ်မှာ အနက်ရောင်သားရေအပေါ်အင်္ကျီ၊ အနက်ရောင်မော်တော်ဆိုင်ကယ်စီး ဘောင်းဘီ နှင့် ထိပ်ချွန်ဘွတ်ဖိနပ်တွေကို ဝတ်စားထားတဲ့ အရပ်ရှည်ရှည် အသားရောင်ခပ်ဖျော့ဖျော့ လူတစ်ယောက် လာရပ်နေတယ်။ သူ့ရဲ့  ထိုးထိုးထောင်ထောင်နဲ့ ဆံပင်အတိုက ရွှေဆင်းရောင် အရမ်းပေါက်လွန်းလို့ ဖွေးစွတ်သွားမတတ်ပဲ။ အနက်နဲ့ အနီအစင်းတွေပြေးထားတဲ့ သူ့ရဲ့ တစ်ခုတည်းသော လည်စီးကို သူ့လည်တိုင်မှာပတ်ထားပြီး သူ့ရဲ့ပုခုံးတွေကို ချလိုက်တာ ချိုချဉ်ချောင်း တစ်ခုအရည်ပျော်သွားသလိုပဲ။

ကျွန်တော်သာ သူ့ကိုမသိဘူးဆိုရင် ဆယ်ကျော်သက်တွေကြည့်တဲ့ ဂျပန်အန်းနမေး ဇာတ်ကောင် တစ်ခုခုကို ပုံတူလိုက်ဝတ်ထားတယ်လို့ ခန့်မှန်းမိမှာဗျ။ ဒါပေမယ့် ကျွန်တော် သူ့ကိုသိတယ်လေ။ အဲဒါ ဟားသ် လေ ကျွန်တော့် မိတ်ဆွေ အိမ်ခြေယာမဲ့ကြီးလေ ကျွန်တော့်ရဲ့ ‘’အမေ’’ အစားထိုးပေါ့။

ကျွန်တော် နည်းနည်းလန့်သွားပြီး အစော်ကားခံရသလို ခံစားလိုက်ရတယ်။ ကျွန်တော့်ကို လမ်းပေါ်မှာတွေ့ပြီး နောက်ကနေ လိုက်လာခဲ့တာလား။ ကျွန်တော့်ကို နတ်အစောင့်ရှောက်လို တစ်ကောက်ကောက် လိုက်စောင့်ရှောက်ဖို့ မလိုအပ်ဘူးလေ။

ကျွန်တော့်လက်တွေကို ဖြန့်ကားပြလိုက်တယ် ခင်ဗျားဒီမှာဘာလုပ်နေတာလဲ

ခွက်ပုံသဏ္ဌာန် လုပ်ထားတဲ့ သူ့ရဲ့လက်ထဲကနေ တစ်ခုခုကိုယူပြီး အဝေးကိုပစ်ပြတဲ့ အမူအရာလုပ်ပြတယ်။ သူနဲ့နှစ်နှစ်လောက် နေပြီးတော့ လက်ဟန်ခြေဟန်နဲ့ပြတဲ့ ဘာသာစကားကို ကောင်းကောင်းတတ်နေပြီ။

သူပြောနေတာက ထွက်ခဲ့တော့။

သူကြည့်ရတာ အထိတ်တလန့်ဖြစ်နေတဲ့ပုံ မပေါ်ဘူး ဒါပေမယ့် ဟားသ် နဲ့ပတ်သက်ပြီးတော့ ပြောပြဖို့က အခက်သား။ သူက ခံစားချက်တွေသိပ်ပြတတ်တဲ့ လူမဟုတ်ဘူး။ ကျွန်တော်တို့ အပြင်တွေတူတူသွားရင် သူက သူ့ရဲ့ ငွေရောင်ဖျော့ဖျော့မျက်လုံးတွေနဲ့ စိုက်ကြည့်နေတာကြီးက ကျွန်တော်ပေါက်ကွဲထွက်သွားတာကို စောင့်ကြည့်နေသလိုပဲ။

ကျွန်တော့်ရဲ့ တန်ဖိုးရှိတဲ့ စက္ကန့်တွေကို သူဘာဆိုလိုချင်သလဲဖော်ထုတ်နေတယ်။ သူ ကိုပလေရင်ပြင်မှာ ရှိနေရမှာလေ ဘာလို့ဒီမှာရောက်နေရတာလဲ။

သူက အမူအရာထပ်ပြတယ် လက်ညိုးနှစ်ချောင်းက ရှေ့ကိုထိုးပြရင်း အောက်ကို နှိမ့်ချလိုက်တယ် မြန်မြန်။

‘’ဘာလို့လဲ’’ လို့ကျွန်တော် အော်ပြောလိုက်တယ်။

ကျွန်တော့်နောက်မှ အသံနက်နက်ကြီးတစ်ခု ထွက်လာတယ် ‘’ဟယ်လို မဂ်နက်စ်’’

ကျွန်တော်လန့်ပြီး ထခုတ်မတတ်ဖြစ်သွားတယ်။ စာကြည့်ခန်း တံခါးပေါက်မှာ စည်ပိုင်းလောက် ခန္ဓာနဲ့ တိတိရိရိရိတ်ထားတဲ့ မုတ်ဆတ်မွှေးဖြူဖြူ ငွေရောင်ဆံပင် သံပုရာခွံဦးထုပ်နဲ့လူတစ်ယောက် လာရပ်နေတယ်။ သနပ်ခါးရောင်ကတ်ရှ်မီးယား အပေါ်ဝတ်အင်္ကျီပေါ်က အနက်ရောင်သားမွေး ဝတ်ရုံကို ထပ်ခြုံထားသေးတယ်။ သူ့ရဲ့လက်အိတ်ဝတ်ထားတဲ့ လက်တွေက ထိပ်မှာသံနားကွပ်ထားပြီး ပါးလစ်တိုက်ထားတဲ့ သစ်သားလမ်းလျှောက်တုတ်ကို ကိုင်ထားတယ်။ နောက်ဆုံးအကြိမ် သူ့ကိုတွေ့ခဲ့ရတုန်းက သူ့ဆံပင်တွေက မည်းနေသေးတယ် ဒါပေမယ့် ကျွန်တော် ဒီအသံကို သိတယ်။

‘’ရန်းဒေါ့ဖ်’’

သူက သူ့ခေါင်းကို မီလီမီတာလောက် ငုံ့လိုက်တယ်။ ‘’ဘယ်လောက် မိုက်လိုက်တဲ့ အံ့ဩစရာတစ်ခုလဲ မင်းဒီကို ရောက်လာတာ ငါဝမ်းသာတယ်ကွာ’’ သူ့အသံက မအံ့ဩသလို ဝမ်းသာတဲ့ပုံလည်းပေါက်မနေဘူး။ ‘’ငါတို့မှာ အချိန်သိပ်မရှိဘူး’’

အစာနဲ့ နို့တွေက ကျွန်တော့်အူထဲမှာ အလိပ်လိုက်တက်လာတယ်။ ‘’အချိန်တွေအများကြီး... ဘာမတိုင်ခင်လဲ’’

သူ့ရဲ့ နဖူးရေ တွန့်သွားတယ်။ မကောင်းတဲ့အနံ့တစ်ခုကို ရလိုက်သလိုမျိုး သူ့နှာခေါင်းကို ရှုံ့လိုက်တယ်။ ‘’မင်းဒီနေ့ အသက် ဆယ့်ခြောက်နှစ်ပြည့်တာ မဟုတ်လား။ သူတို့ မင်းကို သတ်ဖို့လာတော့မှာ။’’

 

 ဆက်ရန်ရှိသေးသည်။....


 

 

 

 

 

 

 

 

 


rate now:

1 Reviews
  • reader Nami Athene 30.09.2021, 12:56 5

    👍

    reply