အခန်း(၁)
မင်္ဂလာနံနက်ခင်းပါ
မင်းသေရတော့မယ်
ဟုတ်တယ် ကျွန်တော်သိတာပေါ့ ကျွန်တော်ဘယ်လိုမချိမဆံ့နဲ့သေသွားတာကို ခင်ဗျားတို့ဖတ်ရမှာ ခင်ဗျားတို့ကတော့ “ဝိုး အလန်းကြီးနော် မဂ်နက်စ် ငါရောမင်းလိုသေလို့ရလား” ဖြစ်ရင်ဖြစ်နေမှာ
မရဘူး တကယ်မဖြစ်ဘူး။
ခေါင်းမိုးပေါ်ကခုန်ချတာ အဝေးပြေးလမ်းမကြီးပေါ်ပြေးတက်သွားတာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် မီးရှို့တာမျိုးတွေလည်း မလုပ်နဲ့ဦး အဲ့လိုဖြစ်လာမှမဟုတ်ဘူး။ ကျွန်တော့်လို ခင်ဗျားတို့အဆုံးသတ်မှာမဟုတ်ဘူး။
ပြီးတော့ ကျွန်တေ့ာ်လိုအခြေနေမျိုးခင်ဗျားတို့ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။ ခင်ဗျားတို့မှာ မသေသေးတဲ့စစ်သည်တွေကိုတစ်ပိုင်းချင်းဖြတ်တာတွေ ဘီလူးကြီးတွေရဲ့နှာဝမှာပလူပျံနေတဲ့ဓားတွေကို မြင်ချင်တဲ့ရူးကြောင်ကြောင်စိတ်မျိုးတွေမရှိရင်၊ ခင်ဗျားတို့ ဝံပုလွေခေါင်းချိတ်ဆွဲထားတဲ့ တံခါးတွေအကြောင်းတွေးတောင်မတွေးကြည့်သင့်ဘူး။
ကျွန်တေ့ာနာမည်က မဂ်နက်စ် ပါ, အသက် ၁၆ နှစ်ရှိပြီ။ ဒါကကျွန်တော်အသက်ခံရပြီး ကျွန်တေ့ာဘဝကြီး နိမ့်ကျသွားတဲ့အကြောင်းပဲ။
ကျွန်တေ့ာ်နေ့ရက်က သာမန်လိုစတင်ခဲ့တာမဟုတ်ဘူး။ ကျွန်တော် ပြည်သူ့ဥယျာဉ်ထဲက တံတားရဲ့အောက် လမ်းဘေးမှာအိပ်နေခဲ့တာ။ အဲ့ဒီမှာတစ်ယောက်က လာကန်ပြီးနိုးတယ် ပြီးတော့သူကပြောတယ်။ “သူတို့မင်းနောက်လိုက်နေတာ”။
ဒါနဲ့ပြောရဦးမယ် ကျွန်တော်အိမ်ခြေမဲ့ဖြစ်နေတာ လွန်ခဲ့တဲ့နှစ်နှစ်တည်းကပဲ။
ခင်ဗျားတို့တွေထဲက တစ်ချို့ကထင်ကြမှာပေါ့။ ဪသနားစရာလေး တစ်ချို့ကထင်မှာက ဟားဟား အရှူံးသမားပဲဟေ့ သို့ပေမယ့် ခင်ဗျားတို့တွေများ လမ်းမှာကျွန်တော်နဲ့ဆုံရင် ၉၉ ရာခိုင်နှုန်းလောက်က ကျွန်တေ့ာ်ကို မမြင်သလိုဖြတ်လျှောက်သွားကြမှာပဲ ငါ့ကိုပိုက်ဆံမတောင်းပါစေနဲ့ လို့ဆုတောင်းရင်တောင်းနေမှာ ကျွန်တော်က ထင်ထားတာထက်ပိုအသက်ကြီးပုံပေါက်နေလို့ ခင်ဗျားတို့အံ့ဩရင်အံ့ဩလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပုပ်စော်နံနေတဲ့ လူဝင်အိပ်လို့ရတဲ့ ခရီးဆောင်အိပ်ရာ အိတ်ကြီးနဲ့ လုံးထွေးပြီး ဘော့စ်တွန်ရဲ့ဆောင်းတွင်းကာလကြီးမှာ သောင်တင်နေတာမျိုးက ဆယ်ကျော်သက်လူငယ်တစ်ယောက် မဖြစ်နိုင်လောက်ဘူးလေ။ ဒီကောင်လေးကို တစ်ယောက်ယောက် ကူညီပေးလိုက်ကြပါဦး လို့ပြောပြီး ခင်ဗျားတို့လမ်းဆက်လျှောက်သွားမှာပဲ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော်က ခင်ဗျားတို့ရဲ့ဂရုဏာသက်မှုကိုမလိုပါဘူး။ ကျွန်တော်အလှောင်ခံရတာကိုအသားကျနေပါပြီ။ တကယ်ကို လစ်လျူရှုခံရတာမျိုးနဲ့အသားကျနေပြီ ကဲဆက်ကြဦးစို့။
ကျွန်တော်ကိုနိုးတဲ့သူက ဘလဇ် လို့ခေါ်တဲ့ခြေသလုံးအိမ်တိုင်တစ်ယောက်ပဲ။ သာမန်အားဖြင့်သူ့ပုံစံက လေတအားထန်တဲ့ မုန်တိုင်းထဲကပြေးလာရတဲ့လူတစ်ယောက်လိုပဲ။ သူ့ရဲ့တွန့်လိမ်နေတဲ့ဆံပင်မှာစက္ကူစနဲ့အမှိုက်တွေကပ်နေတာပဲ။ သူ့မျက်နှာအသားရောင်က မြင်းကုန်းနှီးသားရေအရောင်လိုပဲ ပြီးတော့အစက်ပြောက်တွေလည်းရှိတယ်။ သူ့မုတ်ဆိတ်မွှေးက အရပ်ရှစ်မျက်နှာလုံးကွေးကောက်ထွက်နေတာ သူ့ရဲ့ကုတ်အင်္ကျီအရှည်ကြီးရဲ့အောက်ခြေမှာ သူတစ်လမ်းလုံးတရွတ်ဆွဲလာတဲ့ နှင်းတွေမှခဲလို့။ ဘလဇ် အရပ်က ၅ ပေ ၅ လက်မလောက်တော့ရှိမယ်။ သူ့မျက်ပေါက်က ကျယ်ပြီးခရမ်းရောင်သန်းတဲ့မျက်လုံးတွေရှိတယ်။ သူ့ရဲ့အမြဲသတိရှိတဲ့ပုံစံက သူ့ကို ဘယ်အချိန်မှာမဆို ထအော်တော့မယ့်ပုံပေါက်နေစေတယ်။
ကျွန်တော့်မျက်လုံးထဲက အကျိအချွဲတွေကိုမျက်တောင်ခတ်ထုတ်လိုက်တယ်။ ကျွန်တော့်ခံတွင်းမှာ ရက်ကြာတဲ့ဟမ်ဘာဂါတစ်ခုရဲ့အရသာလိုဖြစ်နေတယ်။ ကျွန်တော့်ရဲ့ အိပ်ရာကနွေးနေလို့ ကျွန်တော်ဖြင့်ထတောင်မထချင်ခဲ့ဘူး။
‘’ဘယ်သူတွေကျွန်တော့်နောက်လိုက်လာတာလဲ’’။
‘’ငါလည်းသေချာမသိဘူး’’ ဘလဇ်က သူ့ရဲ့ခဏခဏကျိုးလွန်းလို့ မိုးကြိုးသွားလိုအရာထင်နေတဲ့ သူ့နှာခေါင်းကိုပွတ်လိုက်တယ်။ သူတို့က ‘’မင်းနံမည်နဲ့ပုံပါတဲ့ လက်ကမ်းစာရွက်တွေကိုင်ထားတာ’’
ကျွန်တော်ကျိန်ဆဲမိတယ် သာမန် ဥယျာဉ်စောင့် ရဲမှူးတွေဆိုလည်း ကျွန်တော်ရင်ဆိုင်ဖြေရှင်းနိုင်သေးတယ်။ တာဝန်လစ်ပြေးနေတဲ့ရဲအရာရှိတွေ စေတနာ့ဝန်ထမ်းတွေ မူးနေတဲ့ကောလိပ်ကျောင်းသားလေးတွေ အားငယ်တဲ့သူကိုရိုက်ဖို့ပြင်နေတဲ့ အမူးသမားတွေ သူတို့တွေအားလုံးလောက်ကတော့ မနက်အိပ်ရာထ ပန်ကိတ်နဲ့လိမ္မော်ရည်သောက်သလောက်ပဲရှိမယ်။
ဒါပေမယ့် တစ်ယောက်ယောက်က ကျွန်တော့်ရုပ်နဲ့နာမည်ကိုသိနေတာတော့မကောင်းဘူး။ အဓိပ္ပာယ်ကတော့ ကျွန်တော့်ကို အသေအချာပစ်မှတ်ထားနေတယ်ဆိုတာပဲ။ ကုသိုလ်ဖြစ်ဂေဟာကလူတွေ သူတို့ရဲ့အသံသွင်းတိပ်ခွေကို ရိုက်ချိုးလိုက်လို့ ကျွန်တော့်ကိုဒေါသထွက်နေလို့များလား။ ခရစ်စမတ်တေးသီချင်းတွေက ကျွန်တော့်ကိုတကယ်ရူးလောက်စေတယ်။ ပြဇာတ်ရုံဘက်မှာ ကျွန်တော်နောက်ဆုံးခါးပိုက်နှိုက်ခဲ့တဲ့ စီစီတီဗီ မှတ်တမ်းမိသွားလို့များလား။ ကျွန်တော်ပီဇာ စားချင်လို့လုပ်တာပါဗျာ ဒါမှမဟုတ်လဲ ကျွန်တော်ထင်တဲ့အတိုင်းမဖြစ်ရင် ရဲတွေက ကျွန်တော့်အမေသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးခွန်းတစ်ချို့မေးစရာရှိလို့ ကျွန်တော့်ကိုလိုက်ရှာနေတာများလား။
ကျွန်တော်ပစ္စည်းတွေသိမ်းတာ သုံးစက္ကန့်လောက်ပဲကြာတယ်။ လူဝင်အိပ်လို့ရတဲ့ခရီးဆောင် အိပ်ရာအိတ်ကိုတင်းတင်းလိပ်ပြီး သွားတိုက်တံ အတွင်းခံ ခြေအိတ်တွေနဲ့အတူ ကျွန်တော့်ကျောပိုးအိတ်ထဲ ထည့်လိုက်တယ်။ ကျွန်တော့်ကျောပေါ်ဝတ်ထားတဲ့ အဝတ်စားကလွဲလို့ ကျွန်တော့်ပိုင်ဆိုင်သမျှဒါအကုန်ပဲ။ ကျောပိုးအိတ်ကျောမှာလွယ် ဂျာကင်အင်္ကျီခေါင်းစွပ်ကို ငိုက်ငိုက်ဆွဲချဆောင်းပြီးသွားတော့ ကျွန်တော်လမ်းသွားလမ်းလာလူအုပ်ထဲ ကောင်းကောင်းရောနှောသွားလို့ရပြီ။ ဘေ့ာစ်တွန်မြို့က ကောလိပ်ကျောင်းသားတွေအပြည့်ပဲ တစ်ချို့ဆိုပိန်တာရိုးလေးတွေ ကြည့်ရတာကျွန်တော့်ထက်ငယ်မယ့်ပုံပဲ။
ကျွန်တော် ဘလဇ်ဘက်လှည့်ပြီး ‘’အဲ့စာရွက်တွေနဲ့လူတွေကိုဘယ်မှာတွေ့ခဲ့တာလဲ’’ လို့မေးလိုက်တယ်။
ဘေကွန်လမ်းမှာ ဒီလမ်းအတိုင်းသူတို့လာနေတာ အသက်ခပ်လတ်လတ်အရွယ်လူတစ်ယောက်နဲ့ သူ့သမီးဖြစ်လောက်တဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးပါတယ်။
ကျွန်တော်မျက်မှောင်ကျုံ့လိုက်တယ် ‘’ဒါအဓိပ္ပာယ်မရှိဘူး ဘယ်သူတွေလဲ’’။
‘’ငါလည်းမသိဘူးကောင်လေး ငါသွားရတော့မယ်’’ မိုးမျှော်တိုက်တွေရဲ့ ပြုတင်းမှန်တွေကိုလိ မ္မော်ရောင်သန်းစေပြီး ထွက်လာတဲ့နေအလင်းရောင်ကို ဘလဇ်က မျက်လုံးမှေးကြည့်လိုက်တယ်။ ဘလဇ် နေ့အလင်းရောင်ကိုမုန်းတာ ဘယ်လိုမှကျွန်တော်နားမလည်နိုင်ဘူး, ကမ္ဘာပေါ်ကအပုဆုံးနဲ့ အကြံ့ခိုင်ဆုံး သွေးစုပ်ဖုတ်ကောင်ဖြစ်ရင်ဖြစ်နေမှာ ‘’ ဟာ့သ် ကို မင်းသွားတွေ့သင့်တယ် သူ ကိုပလေရင်ပြင်မှာ ရှိနေလောက်တယ်။
ကျွန်တော်ဒေါသမဖြစ်မိအောင်ကြိုးစားပါတယ်။ ဒီအနားဝန်းကျင်ကလူတွေကတော့ ဘလဇ်န နဲ့ ဟာ့သ် က ကျွန်တော့်ရဲ့ အဖေနဲ့အမေလို့ပြောကြတယ် ဘာလို့လည်းဆိုတော့ တစ်ယောက်မဟုတ်တစ်ယောက်က ကျွန်တော့်နားအမြဲလိုလိုရှိနေတာကိုး။
‘’ကျွန်တော် ဒါကိုလက်ခံပါတယ် ကျွန်တော်အဆင်ပြေမှာပါ’’ လို့ကျွန်တော်ပြောလိုက်တယ်။
ဘလဇ်က သူ့ရဲ့လက်မကလက်သည်းခွံကို ကိုက်ပြီး ‘’ငါလည်းမသိဘူးကောင်လေး ဒီနေ့တော့ဘာမှမဖြစ်ပါဘူး မင်းပိုပြီးသတိထားဖို့တော့လိုပြီ’’။
‘’ဘာလို့’’
သူကကျွန်တော့်ပုခုံးကို ကျော်ကြည့်ပြီး ‘’သူတို့လာနေပြီ’’လို့ပြောလိုက်တယ်။
ကျွန်တော်တော့ဘယ်သူ့မှမတွေ့ဘူး။ ကျွန်တော်နောက်လှည့်ကြည့်တော့ ဘလဇ်က မရှိတော့ဘူး။
အဲ့ဒီလိုလုပ်လုပ်သွားတဲ့အချိန်တိုင်း ကျွန်တော်မကြိုက်ဘူး အခုသက်သေပဲ။ အဲဒီလူက တကယ့် အိမ်ခြေမဲ့သွေးစုပ်ဖုတ်ကောင်နင်ဂျာ ကျနေတာပဲ။
အခုကျွန်တော့်မှာ ဟာ့သ် ရှိတဲ့ ကိုပလေရင်ပြင် သွားမလား ဒါမှမဟုတ်ဘေကွန်လမ်းသွားပြီး ကျွန်တော့်ကိုရှာနေတဲ့သူတွေကို သွားကြည့်ရင်ကောင်းမလား ဆိုတဲ့ရွေးချယ်မှုတစ်ခုလု ပ်ဖို့ပဲရှိတော့တယ်။
ဘလဇ်ရဲ့သူတို့ပုံစံတွေကိုပြောပြပုံက ကျွန်တော့်ကိုစပ်စုချင်စိတ်ဖြစ်စေတယ်။ အသက်လူလတ်ပိုင်းအရွယ် လူတစ်ယောက်နဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်က ရက်ရက်စက်စက်အေးတဲ့မနက်အရုဏ်တက်ချိန်မှာ ကျွန်တော့်ကိုလိုက်ရှာနေတာတဲ့လေ ဘာကြောင့်လဲ သူတို့တွေကရောဘယ်သူတွေလဲ။
ကန်ဘောင်တစ်လျှောက် ဖြည်းဖြည်းချင်းကျွန်တော်လျှောက်သွားတယ်။ တံတားအောက် လမ်းအနိမ့်နေရာမှာဘယ်သူမှမရှိဘူး။ ကုန်းအတက်နံရံဘက်ကိုဖက်တွယ်ပြီး အပေါ်ဘက်ကလာနေတဲ့သူတွေ ကျွန်တော့်ကိုမမြင်စေဘဲ ကျွန်တော်သူတို့ကို ကြည့်လို့ရတယ်။
နှင်းထုကမြေပြင်ကိုဖုန်းထားတယ် ကောင်းကင်ကမျက်စိစူးလောက်အောင် ပြာနေတယ်။ အရွက်တွေမရှိတဲ့သစ်ကိုင်းတွေက ဖန်စထဲစိုက်ထားသလိုဖြစ်နေတယ်။ လေကကျွန်တော့်အဝတ်အစားအထပ်ထပ်ကိုဖြတ်တိုက်သွားပေမယ့် ကျွန်တော်မအေးဘူး။ ကျွန်တေ့ာ်အမေကတော့ ကျွန်တော်ကလူတစ်ပိုင်းပိုလာဝက်ဝံတစ်ပိုင်းလို့ စ နေကျပဲ။
‘’ မဂ်နက်စ် မင်းကသောက်သုံးမကျတဲ့ကောင်ပဲကွ’’ ကျွန်တော့်ကိုကျွန်တော်အပြစ်တင်မိတယ်။
ဒီအချိန် ၂ နှစ်ဖြတ်ကျော်ပြီးတဲ့အထိ ကျွန်တော့်အမေနဲ့ပက်သက်တဲ့အမှတ်တရတွေက ကျွန်တော့်အတွက် ထောင်ချောက်တစ်ခုလိုပဲ တစ်ခုနဲ့တိုက်မိလိုက်တာနဲ့ ချက်ချင်းပဲ ကျွန်တော့်ရဲ့တည်ငြိမ်အေးဆေးနေမှုက တစ်စစီဖြစ်သွားရော။
ကျွန်တော်အာရုံစုစည်းဖို့ကြိုးစားလိုက်တယ်။
လူကြီးနဲ့ ကောင်မလေးကတော့ ဒီလမ်းအတိုင်းလာတာပဲ။ အဲ့ဒီလူကြီးရဲ့နီဝါရောင်ဆံပင်က သူ့အင်္ကျီကော်လာပေါ် ကျနေတယ်။ သေချာဖီးထားတဲ့ပုံစံမျိုးတော့မဟုတ်ဘူး ဒါပေမယ့် ညှပ်ပစ်ရလောက်တဲ့အထိလည်းစိတ်အနှောင့်ယှက်ဖြစ်ပုံမပေါ်ဘူး။ သူ့ရဲ့စိတ်ရှုပ်ထွေးနေတဲ့အမူအရာက ငါသိတယ်နော် ငါ့ကိုတံတွေးထွေးထားတဲ့စက္ကူဖတ်နဲ့ပေါက်တာ အေးဘယ်သူလုပ်တာလဲသိလို့ကတော့ လို့ပြောတတ်တဲ့ ကျွန်တော့်ကျောင်းက အစားထိုးဆရာကို သွားသတိရမိတယ်။ ဘော်စတွန်ရဲ့ဆောင်းတွင်းနဲ့တော့ သူဝတ်ထားတဲ့ပွဲတက်ဖိနပ်နဲ့က လုံးဝကြီးကိုမလိုက်ဖက်ဘူး။ သူ့ရဲ့ခြေအိတ်တွေကလည်း အနုအရင့်မတူတဲ့အညိုရောင်အစင်းတွေနဲ့ သူ့နက်ကတိုင်ကလည်း အမှောင်ထဲမှာစည်းလာရတဲ့အတိုင်းပဲ။
ကောင်မလေးကတော့ သူ့သမီးဆိုတာသေချာတယ်။ သူ့ဆံပင်က အုံအထူကြီး လှိုင်းကောက်လိုအကောက်နဲ့ ရွှေရောင်အဖျော့ပဲ။ သူက နှင်းထဲသွားတဲ့ ခြေနင်း၊ ဂျင်းဘောင်းဘီ နဲ့ သားမွေးခေါင်းစွပ်ပါတဲ့ ကုတ်အင်္ကျီဝတ်ထားတယ်။ လိမ္မော်ရောင် တီရှပ်အင်္ကျီက လည်းပင်းနားမှာထွက်နေတယ်။ သူ့ရဲ့ပုံစံက စိတ်တိုနေပြီးအလျော့မပေးတဲ့ပုံပေါက်နေတယ်။ သူက အဲဒီလက်ကမ်းစာရွက် အထပ်လိုက်တွေကို သူ့စာစီစာကုံးတစ်ပုဒ်ကို မတရားအမှတ်ပေးထားသလို ကျစ်ကျစ်ပါအောင်ကိုင်ထားတယ်။
သူကျွန်တော့်ကိုသာလိုက်ရှာနေတယ်ဆိုရင် ကျွန်တော့်ကိုရှာမေတွေ့စေချင်ဘူး။ သူကကြောက်စာရာကြီးဗျ။
ကျွန်တော် သူနဲ့သူ့အဖေကိုမမှတ်မိဘူး ဒါပေမယ့်ကျွန်တော့် ဦးခေါင်းခွံရိုးကို တစ်စုံတစ်ခုနဲ့ဆွဲထားသလိုမျိုုး.....သံလိုက်နဲ့ အရင်ကမှတ်ဉာဏ်အဟောင်းတွေကို ဆွဲထုတ်နေသလိုပဲ။
သားအဖနှစ်ယောက်က လမ်းဆုံလမ်းခွရောက်တော့ရပ်လိုက်တယ်။ ဒီလိုဆိုးဆိုးရွားရွားကြီးအေးတဲ့ လူမရှိတဲ့ပန်းခြံရဲ့အလယ် ရောက်နေတယ်ဆိုတာ သူတို့သဘောပေါက်သွားတဲ့ပုံနဲ့ ဘေးဘီဝဲရာကို လှည့်ပတ်ကြည့်လိုက်တယ်။
‘’မယုံနိုင်စရာပဲ သူ့ကိုလည်ပင်းညှစ်သတ်ချင်တယ်’’ လို့ကောင်မလေးကပြောလိုက်တယ်။
ကျွန်တော့်ကိုပြောတယ်ထင်တာပဲ။ ကျွန်တော် အောက်ကိုနည်းနည်းငုံ့လိုက်တယ်။
သူ့အဖေကသက်ပြင်းချပြီး ‘’အဖေတို့သူ့ကိုတော့သတ်လို့မရဘူးလေ သူက သမီးရဲ့ဦးလေးဖြစ်နေတယ်လေ’’ လို့ပြောလိုက်တယ်။
‘’ဒါပေမယ့် နှစ်နှစ်ဆိုတာလေ သူဘာလို့သမီးတို့ကို နှစ်နှစ်လောက်မပြောပဲနေနိုင်ရတာလဲ’’ လို့ကောင်မလေးကတောင်းဆိုတဲ့လေသံနဲ့ပြောလိုက်တယ်။
‘’ အဖေလည်း ရန်းဒေါ့ဖ် ရဲ့အပြုအမူတွေနဲ့ပက်သတ်ပြီး သမီးကိုရှင်းမပြတတ်ဘူး သမီး အန်နာဘသ် ရေ’’
ကျွန်တော်လေကို ဆတ်ခနဲ့ရှိုက်သွင်းလိုက်တယ်။ သူတို့ကြားသွားမှာလည်းကြောက်ရသေးတယ် ဦးနှောက်ထဲကဒဏ်ရာကိုဆွဲဖြဲလိုက်သလိုပဲ ကျွန်တော့်အသက် ၆ နှစ်တုန်းက ဆိုးရွားတဲ့အတိတ်အကြောင်းတွေ ပွင့်ထွက်လာတယ်။
သူမက အန်နာဘသ် ဆို ဆံပင်နီဝါရောင်နဲ့လူက.... ဦးလေး ဖရက်ဒီရစ်ခ် ပေါ့။
နောက်ဆုံး မိသားစု ကျေးဇူးတော်နေ့ပွဲကို ကျွန်တော်သွားသတိရမိတယ်။ ကျွန်တော်နဲ့ အန်နာဘသ်တို့နှစ်ယောက်က ဦးလေး ရန်းဒေါ့ဖ် ရဲ့ မြို့ကအိမ် စာကြည့်ခန်းထဲမှာရောက်နေတယ်။ ကျွန်တော်တို့ပုန်းပြီး ဒိုမီနို (ထောင့်မှန်စတုဂံအတုံးမျက်နှာပြင်ကိုနှစ်ခြမ်းခြမ်းထားပြီး တစ်ဖက်စီတွင် အပြောက်များပါသောအတုံးရှည်များနဲ့ ကစားသောကစားနည်း) ကစားတဲ့အတုံးလေးတွေနဲ့ကစားနေခဲ့ကြတာ။ အောက်ထပ်မှာလူကြီးတွေကတော့ တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်နေကြတာပဲ။
‘’နင် နင့်အမေနဲ့နေရတာကံကောင်းတယ်နော်’’ အန်နာဘသ်က သူ့ရဲ့အသေးစားအဆောက်အဦးလေးပေါ် ဒိုမီနိုအတုံးလေးတစ်တုံးကိုတင်လိုက်ရင်း သူဆောက်နေတဲ့ အဆောက်အဦးအသေးစားလေးရဲ့ ရှေ့မျက်နှာစာက တိုင်လေးတွေဖြစ်နေတာ ဘုရားကျောင်းအဆောက်အဦးလိုပဲ တော်တော်လေးလှတယ် ‘’ငါအဝေးကိုထွက်သွားတော့မှာ’’ လို့သူထပ်ပြောလိုက်တယ်။
သူဘာပြောချင်တာလဲ ကျွန်တော်တော့နားမလည်ပေမယ့် သူ့ပုံစံက ယုံကြည်မှုအပြည့်ရှိနေတဲ့ပုံပေါက်နေလို့ ကျွန်တော်ြဖင့်အံ့ဩမိသေးတယ် ။
နောက်တော့ ဦးလေး ဖရက်ဒီရစ်ခ် တံခါးပေါက်နားရောက်လာတယ်။ သူ့လက်သီးတွေကိုကျစ်ကျစ်ပါနေအောင်ဆုပ်ထားတယ်။ သူ့ရဲ့ခက်ထန်တဲ့မျက်နှာအမူအရာက သူ့ရဲ့ဆွယ်တာအင်္ကျီပေါ်က ပြုံးနေတဲ့တန်ဒြာဒေသသမင်ရုပ်နဲ့ ဆန့်ကျင်ဘက်ပဲ ‘’အန်နာဘသ် အဖေတို့သွားရအောင်’’။
အန်နာဘသ်က ကျွန်တော့်ကိုကြည့်လိုက်တယ်။ သူမရဲ့ မီးခိုးရောင်မျက်လုံးတွေက ပထမတန်းကောင်လေးတစ်ယောက်အတွက်တော့ နည်းနည်းပိုပြီးပြင်းထန်ပါတယ် ‘’ဘေးကင်းပါစေ မဂ်နက်စ်’’။
သူ့လက်ချောင်းနဲ့ဖျတ်ခနဲလှုပ်လိုက်မိတာ ဒိုမီနိုဘုရားကျောင်းလေးပြိုကျသွားတယ်။
ဒါသူ့ကိုကျွန်တော်တွေ့ခဲ့တဲ့နောက်ဆုံးအကြိမ်ပဲ။
အဲ့ဒီနောက်မှာတော့ အမေက ‘’မင်းဦးလေးတွေနဲ့ကင်းအောင်နေ အထူးသဖြင့် ဦးလေး ရန်းဒေါ့ဖ် အမေဘယ်တော့မှသူလိုချင်တာပေးမှာမဟုတ်ဘူး’’ ခပ်ပြတ်ပြတ်ပဲပြောတယ်။
ဦးလေးရန်းဒေါ့ဖ် ဘာလိုအပ်နေတယ်ဆိုတာကိုအမေကရှင်းပြမှာမဟုတ်ဘူး ဒါမှမဟုတ် အမေရယ် ဦးလေးရန်းဒေါ့ဖ် နဲ့ ဦးလေး ဖရက်ဒီရစ်ခ် တို့ဘာကိစ္စစကားများထားကြတာလဲ။
‘’မင်းအမေ့ကိုယုံမှဖြစ်မယ် မဂ်နက်စ် သူတို့နားမှာရှိနေရင်လုံးဝအန္တရာယ်များတယ်’’။
ကျွန်တော်အမေ့ကိုယုံတယ် သူသေပြီးတဲ့နောက်မှာတောင် ကျွန်တော်ဆွေးမျိုးတွေနဲ့ အဆက်သွယ်မလုပ်ပဲနေခဲ့တယ်။
အခုရုတ်တရက်ကြီး သူတို့ကျွန်တော့်ကို လိုက်ရှာနေတယ်။
ရန်းဒေါ့ဖ်က မြို့ထဲမှနေတာ။ ကျွန်တော်သိရသလောက်တော့ ဖရက်ဒီရစ်ခ် နဲ့ အန်နာဘသ် တို့သားအဖက ဗာဂျီးနီးယားမှာနေနေတုန်းပဲတဲ့ ဒါပေမယ့်အခုဒီမှာ ကျွန်တေ့ာ်ပုံနဲ့ နာမည်ပါတဲ့ လက်ကမ်းစာရွက်တွေကိုင်ရင်း သတိလက်လွတ်ဖြစ်နေတာ ကျွန်တော့်ပုံသူတို့ဘယ်ကများရလာတာလဲ။
ကျွန်တော့်ခေါင်းတွေချာချာလည်နေပြီ။ သူတို့ပြောစကားတွေလည်း ကျွန်တော်မကြားလိုက်တော့ဘူး။
‘’မဂ်နက်စ်ကိုရှာဖို့....” လို့ဦးလေး ဖရက်ဒီရစ်ခ်ကပြောနေတာ သူ့ရဲ့ဖုန်းကိုသူကစစ်ကြည့်တယ်။ ‘’ရန်းဒေါ့ဖ်ကတော့ မြို့တောင်ဘက်စွန်းကကုသိုလ်ဖြစ်ဂေဟာမှာ သူကတော့ကံမကောင်းဘူးမတွေ့ဘူးတဲ့ အဖေတို့ ဒီပန်းခြံအကျော်က ဒုက္ခရောက်တဲ့လူငယ်တွေ ခိုလှုံတဲ့ရိပ်သာသွားကြည့်သင့်တယ်တဲ့’’။
‘’မဂ်နက်စ် အသက်မှရှင်သေးရဲ့လားသမီးတို့မှမသိဘဲ’’ လို့ အန်နာဘသ် ကစိတ်မကောင်းဖြစ်တဲ့အသံနဲ့မေးလိုက်တယ်။ ‘’နှစ်နှစ်လောက်လောက်ပျောက်နေတာဆိုတော့ မြောင်းတစ်ခုခုထဲမှာတောင့်ပြီးခဲနေလောက်ပြီပေါ့’’။
ကျွန်တော့်စိတ် တစ်စိတ်တစ်ပိုင်းကတော့ ကျွန်တော်ပုန်းနေတဲ့နေရာကနေ ဟက်ချလောင်းဆိုပြီးထွက်လာပြချင်နေတာ။
အန်နာဘသ် နဲ့ကျွန်တော်မတွေ့တာ ၁၀ နှစ်လောက်ရှိပြီဆိုပေမယ့် ကျွန်တော်သူစိတ်ညစ်နေတာတော့ မကြည့်ရက်ဘူးဗျ ဒါပေမယ့် လမ်းပေါ်မှာအချိန်အကြာကြီးနေလာတာများတော့ အခက်အခဲတွေကိုနားလည်လာတယ်။ ခင်ဗျားအနေနဲ့ အခြေနေတစ်ခုကိုသေချာနားမလည်ဘဲနဲ့ တိုးမဝင်တာပဲကောင်းမယ်။
‘’ရန်းဒေါ့ဖ် ကတော့ မဂ်နက်စ် သေချာပေါက်အသက်ရှင်သေးတယ်လို့ သေချာနေတာ’’ လို့ဦးလေး ဖရက်ဒီရစ်ခ် ကပြောတယ်။ ‘’သူ ဘော်စတွန်မြို့တစ်နေရာမှာရှိမယ် သူ အသက်အန္တရာယ်သာတကယ်ရှိနေမယ်ဆိုရင်.....’’
သူတို့ ချားလ်စ် လမ်းဘက်ကိုထွက်သွားကြတယ်။ သူတို့အသံတွေကလေနဲ့အတူပါသွားတယ်။
အခုကျွန်တော် တုန်နေပြီ။ ဒါပေမယ့် အအေးဒဏ်ကြောင့်တော့မဟုတ်ဘူး ကျွန်တော် ဖရက်ဒီရစ်ခ် နောက်ပြေးသွားလိုက်ချင်တာ ရင်ဆိုင်တွေ့ပြီးဘာတွေဖြစ်နေတာလဲကြားချင်တာ ကျွန်တော် မြို့ထဲမှာပဲရှိသေးတဲ့အေကြာင်း ရန်းဒေါ့ဖ် ဘယ်လိုသိတာလဲ ဘာကြောင့် ကျွန်တော့်ကိုသူတို့လိုက်ရှာနေတာလဲ။ တစ်ရက်ထက်တစ်ရက် ကျွန်တော့်အသက်အန္တရာယ်ဘာလို့ ပိုရှိလာရမှာလဲ။
ဒါပေမယ့် ကျွန်တော် သူတို့နောက်လိုက်မသွားခဲ့ပါဘူး။
ကျွန်တော့်အမေ ကျွန်တော့်ကိုနောက်ဆုံးပြောခဲ့တာ ကျွန်တော်မှတ်မိတယ်။ ကျွန်တော် မီးလောင်ရင် အရေးပေါ်ထွက်တဲ့ အပေါက်ကိုသုံးဖို့ တုံ့ဆိုင်းနေခဲ့တာ အမေ့ကိုထားခဲ့ဖို့ အင်တင်တင်ဖြစ်နေခဲ့တာ။ ဒါပေမယ့် အမေက ကျွန်တော့်လက်ကို ဆုပ်ကိုင်ပြီး သူ့ကိုပဲကြည့်ဖို့ပြောခဲ့တယ်။ ‘’မဂ်နက်စ် ပြေး ပုန်းနေ ဘယ်သူ့ကိုမှမယုံနဲ့ အမေမင်းကိုလာရှာမယ် မင်းဘာလုပ်လုပ် ရန်းဒေ့ါဖ် ကိုတော့လုံးဝ အကူညီမတောင်းနဲ့’’။
အဲ့ဒီနောက်မှာ ကျွန်တော် ပြုတင်းပေါက်အပြင်မရောက်ခင် ကျွန်တော်တို့နေတဲ့ တိုက်ခန်းရဲ့တံခါးက တစ်စစီပေါက်ကွဲထွက်သွားတယ်။ အမှောင်ထုထဲမှာ တောက်ပနေတဲ့အပြာရောင်မျက်လုံးအစုံပေါ်လာတယ်....
ကျွန်တော်အတွေးတွေကို မောင်းထုတ်လိုက်ပြီး ဦးလေး ဖရက်ဒီရစ်ခ် နဲ့ အန်နာဘသ် တို့ပန်းခြံရဲ့ အရှေ့ဘက် ကိုကွေ့ သွားတာကို ကျွန်တော်ကြည့်နေခဲ့တယ်။
ဦးလေး ရန်းဒေ့ါဖ်.... သူ အကြောင်းတစ်ခုခုကြောင့် ဦးလေး ဖရက်ဒီရစ်ခ်၊ အန်နာဘသ်တို့နဲ့အဆက်အသွယ်လုပ်တယ်။ ။သူတို့ကိုဘောစတွန်ကို သူပဲလွှတ်လိုက်တာ တစ်ချိန်လုံး ဦးလေး ဖရက်ဒီရစ်ခ်နဲ့ အန်နာဘသ် တို့ ကျွန်တော့်အမေသေသွားပြီး ကျွန်တော်ပျောက်နေတာလည်း မသိခဲ့ဘူး ဒါမဖြစ်နိုင်ဘူး သူတို့မသိခဲ့တာအမှန်တကယ်ဆို ဘာလို့ခုမှ ရန်းဒေ့ါဖ် ကသူတို့ကိုပြောရတာလဲ။
သူနဲ့တိုက်ရိုက်တွေ့စရာမလိုပဲ ဒီအဖြေတွေကိုရှာနိုင်မယ့် နည်းလမ်းတစ်ခုတော့ ကျွန်တော်စဉ်းစားမိတယ်။ သူ့အိမ်က ဘက်ခ်ဘေးမှာရှိတာ ဒီကနေ အေးဆေးလမ်းလျှောက်သွားလို့ရတယ်။ ဦးလေး ဖရက်ဒီရစ်ခ် ပြောပုံအရ ရန်းဒေါ့ဖ် ကအိမ်မှာမရှိဘူးတဲ့ တောင်ဘက်စွန်း တစ်နေရာရာမှာကျွန်တော့်ကို သွားရှာနေတာ။
ဖောက်ထွင်းပြီးဝင်ရတာလောက် ဘယ်အရာမှ နေ့တစ်နေ့ကိုအစပြုဖို့မကောင်းဘူး။ ကျွန်တော် သူ့အိမ်ကိုအလည်သွားဖို့ဆုံးဖြတ်လိုက်ရတော့တာပေါ့။
ဆက်ရန်ရှိသေးသည်။....
perfect 🥰
Thank u so much ❤️☺️