ရှောင်းကျန့် အရှေ့မှာ မြင်နေရတဲ့ စာအိတ်အညိုရောင်ဖျော့ဖျော့ကို ကြည့်လိုက်တယ်။ ထို့နောက် အနီးအနားမှာရှိတဲ့ အမှိုက်ပုံးထဲကို ပစ်ထည့်လိုက်တယ်။
"ရှောင်းကျန့်ကောကော..."
ခပ်ဩဩအသံ ပိုင်ရှင်က ဘယ်သူလဲဆိုတာ ရှောင်းကျန့်သိနေတာမို့ လှည့်ကြည့်ချင်စိတ်မရှိ။
"ကျွန်တော့်ကို လှည့်မကြည့်ရင် စာအိတ်လေးကိုတော့ လက်ခံပေးသင့်တယ်နော့်"
"ဘယ်လိုပဲဖြစ်ဖြစ် ဖွင့်ကြည့်သင့်တယ်မဟုတ်လား"
"ခင်ဗျား ဖွင့်မကြည့်လည်း ကျွန်တော့်က ဆက်တိုက်ပို့နေမှာပဲ"
"ဝမ် ရိ ပေါ် !!!!!!"
ရှောင်းကျန့် ဝမ်ရိပေါ် မျက်လုံးကို တည့်တည့်စိုက်ကြည့်လိုက်တယ်။ မျက်ဝန်းထဲမှာ တဇွတ်ထိုးဆန်တဲ့ အရိပ်အယောင်တွေ ပါနေတုန်း...
အရင်အတိုင်းပဲ တစ်စက်ကလေးမှ ပြောင်းလဲခြင်းမရှိ။
"ငါ့ကို လွှတ်ပေးထားနိုင်မလား? မင်းလည်း မင်းဦးတည်ရာကို သွားနေပြီပဲ ဘာလို့ ငါ့ကိုလာပြီး နောက်တစ်ခေါက် ဆိုတဲ့ အကြောင်းကို လာပြောနေရတာလဲ!!"
ရှောင်းကျန့် မျက်ဝန်းထဲမှာ မျက်ရည်တွေ ဝေ့ဝဲနေတယ်။ သုံးနှစ်တာ သူ့ဘေးနားမရှိတော့တဲ့ လူသားအတွက် သံယောဇဉ်က မကုန်သေးပုံပဲ။ ဘယ်ဘတ်ရင်အုံဆီကနေ စည်းချက်မှန်မှန် ခုန်နေတဲ့ နှလုံးသားခုန်သံကို ကြားနေရတုန်း။
နောက်ထပ် မမိုက်မဲပါရစေနဲ့တော့...
ဝမ်ရိပေါ်.....
ဒီလောက်နဲ့ပဲ တော်လိုက်ကြရအောင်!
...................
ရှောင်းကျန့် ဝုန်းဒိုင်းကြဲပြီး ထွက်သွားပေမဲ့ ဝမ်ရိပေါ်ကတော့ ထိုနေရာလေးမှာ တိတ်တိတ်လေးရပ်နေတုန်း။ ဝိုင်းကြည့်နေတဲ့လူတွေကိုလည်း ပြန်အရွဲ့တိုက်ဖို့ ဆန္ဒမရှိဘူး။ ကျခဲတဲ့ မျက်ရည်တွေက တစ်ရှိန်ထိုး ကျလာတယ်။ သူမြင်နေရတာက ဒေါသတကြီး အော်သွားတဲ့ ရှောင်းကျန့်မျက်ဝန်းတွေ....
ကြောက်ရွံခြင်းတွေ ထိတ်လန့်ခြင်းတွေ ပါနေတဲ့ ရှောင်းကျန့် မျက်ဝန်းတွေက သူ့အတွေးထဲမထွက်နိုင်ဘူး။
တောင်းပန်ပါတယ် ကော....
နောက်တစ်ခေါက် အသစ်က ပြန်စကြရအောင်....
...........
ခင်ဗျားက တိမ်ကောက်သူဆို...
ကျွန်တော်က ခင်ဗျားအတွက်
တစ်ခုတည်းသော တိမ်စိုင်လေး
နောက်တစ်ကြိမ် ဖြစ်ခွင့်ပေးပါ။
............