ဆရာမကမေးတယ်
နောက်ဆုံးအိမ်ပြန်ချိန်က ဘယ်နှနာရီလဲတဲ့...
လူတိုင်းကိုမေးတဲ့မေးခွန်းပါ
သူများတွေကဖြေကြတာပေါ့...
၆နာရီ၊ ၈နာရီ ၊ ၉နာရီ...
သမီးခေါင်းထဲကို အတွေးတစ်ခု ချက်ချင်းဝင်လာတယ်...
သမီးမှာ နောက်ဆုံးအိမ်ပြန်ချိန်ဆိုပြီး သတ်မှတ်ချက်မှ မရှိပဲ...
ငယ်ငယ်ကတည်းက သူငယ်ချင်းတွေနဲ့ အပြင်မထွက်တတ်တဲ့သမီး...
ပါပါးလိုက်ပို့မှ အပြင်ထွက်တဲ့သမီးမှာ အဲ့သတ်မှတ်ချက်မရှိခဲ့ဖူးဘူးလေ...
တက္ကသိုလ်တက်တာတောင် ကျောင်းပြေးရင် ပြေးတဲ့နေရာကို လိုက်ကြိုပေးခဲ့တာလေ...
"သမီးပျော်ပျော်နေနော် သမီးပြန်မယ့်အချိန်ပါပါးကို ဖုန်းဆက်လိုက်"
ဆိုတဲ့ စကားပဲကြားခဲ့ဖူးတယ်...
ဘယ်အချိန်ပြန်ရမယ် ဘာညာဆိုတာ မရှိသလောက်ကို ရှားခဲ့တယ်...
ဆုတောင်းနေတာ...
ဒီမေးခွန်းအမေးမခံရပါစေနဲ့လို့
ကံကတော့မကောင်းရှာပါဘူး...
အမေးခံလိုက်ရတယ်...
သမီးဘယ်လိုဖြေရမှာလဲ...?
ဟင်...?
အစကလိမ်ပြီးဖြေမလို့ပဲ...
၆နာရီလို့...
ဒါပေမယ့် ပါပါးကလိမ်တာမကြိုက်ဘူးမလား...
အဲ့ဒါကြောင့် သမီးဖြေလိုက်တယ်
"အဲ့လိုသတ်မှတ်ချက်မျိုး မရှိဘူးလို့ ပါပါးကအမြဲလိုက်ပို့လိုက်ကြိုလုပ်ပေးတယ်လို့ ဘယ်အချိန်ဖြစ်ဖြစ်ရတယ်လို့"
ဆရာမပြန်ပြောတဲ့စကားက ရိုးရိုးလေးပါပဲ...
ဒါပေမယ့် ရင်ထဲကိုတော့ နင့်ခနဲပဲ...
ဓားနဲ့ရုတ်တရက် အထိုးခံလိုက်ရတဲ့ခံစားချက်ပဲ
"အဲ့ဒါဆို ည၁၁နာရီ ၁၂နာရီဆိုရင်ရော ခွင့်ပြုမှာလားတဲ့ ဘယ်လောက်ပဲလိုက်ပို့လိုက်ကြိုပါစေ နောက်ဆုံးအိမ်ပြန်ချိန်ဆိုပြီး သတ်မှတ်ထားတာတော့ အိမ်တိုင်းမှာ ရှိတာပဲတဲ့ အိမ်ရောက်ရင် ကိုယ့်အဖေနဲ့အမေကို ပြန်လဲမေးကြည့်ဦးတဲ့"
အော်...
ဆရာမရယ်...
သမီးမှာ မေးစရာ အဖေမှမရှိတော့ပဲ...