book

Index 14

အခန်း(14)

💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔


-------------


" အေးပါ "

" နောက်မှဆုံမယ် ဇော်… bye "

ဇော်သည် ဝဋ်ကျေတန်းကျေ လောက်သာ ပြုံးပြဖြစ်ပါ
သည်။သူမကိုကြည့်ရသည်မှာ မြင်သူအဖို့ အေးချမ်းမှုမရှိ
ပဲ ရင်မောစရာ ဖြစ်နေသည်။မြတ်နိုးကျတော့ သူမ လို
မဟုတ်။အင်မတန် ရိုးသားဖြူ စင်လွန်းသည့်အတွက် အမြဲ
လိုလို မြတ်နိုးမျက်နှာလေးသည် အေးချမ်းနေတတ်သည်။

နွယ့်လိုပေါ့……

Nurse မလေး၏ နှုတ်ဖျားတွင် ဒေါ်စိန်မမ ဝင်လို့ရပြီဆို
သော စကားသံကြားရသည်နှင့် စိန်မမမှာ ယခင်ထက်
သွက်လက်သော ခြေလှမ်းတို့ဖြင့် ဦးစွာ ဝင်သွားပါသည်။
နွယ်သည် ကိုကို့ရဲ့ အဖေမှန်းသိ၍ ကိုကို့လို မောက်မာ
နေမလား အဆင့်အတန်းခွဲခြားတတ်သလား မေးခွန်း
ပေါင်းစုံတို့ဖြင့် ဝင်လာသည်ဖြစ်ရာ အဝင်ဝတွင် တစ်စုံ
တစ်ယောက်ဖြင့် ရင်ဘတ်ချင်း ခလုတ်တိုက်မိပြန်သည်။

" အာ့မလေး မြတ်စွာဘုရား "

ဆော်ရီးဟု ပြောကာ နွယ်မော့ကြည့်မိလိုက်လျှင် ကိုကို
ဖြစ်နေ၍ ခြေဖျားလက်ဖျားများ ချက်ချင်းအေးစက်ကုန်
သည်။ကိုကို့ကို ကြည့်လိုက်ပြန်တော့လည်း တွေဝေသော
မျက်နှာထားဖြင့် မိမိကို ရီဝေစွာကြည့်နေလေရာ ရှေ့ဖြစ်
မယ့်အနေအထားကို နွယ်မှန်းဆ လို့ရသွားသည်။

ထို့ကြောင့် ကိုကို့ထံ ရောက်နေဆဲအကြည့်ကို ချက်ချင်း
ဖယ်ခွာကာ သူ့ကိုဘေးကပ်ရှောင်ပြီး နွယ် ဝင်လာခဲ့ပါ
သည်။ရာပြည့်သည် သူ့ကိုမြင်သော်လည်း သူစိမ်းတစ်
ယောက်လို မသိချင်ယောင်ဆောင်သွားသော ချစ်သူလေး
အား သနားဂရုဏာသက်ကာ လည်လိမ်လျက် ကြည့်မိ
သည်။

ဒယ်ဒီကလည်း သူ့ကိုအကဲခတ်နေသည်မို့ ဒယ်ဒီအကြည့်
တွေကို ကျောခိုင်းကာ သူ ထွက်လာခဲ့တော့သည်။

" ဘာဖြစ်ပြန်ပြီလဲ……ဟိုးတစ်ပါတ်က ကျတော့်သားနဲ့
တွေ့သွားတယ်ဆို "

" ဟုတ်တယ်ဆရာ……သားနဲ့လဲ အဆင်ပြေပါတယ်..…
ဟင်းး "

နွယ်သည် ချက်ချင်းကောက်ကာ ငင်ကာပြောင်းလဲသွား
သော အန်တီစိန် ကိုယ်နေဟန်ထားနှင့် အသံအနေ
အထားကို မြင်ရကြားရပြီးနောက် စိတ်ထဲတစ်မျိူ းတစ်မည်
ဖြစ်သွားပါသည်။

ဒေါက်တာ ဟံသာစိုး၏ အာရုံသည် စိန်မမ ထံကနေ
နွယ့်ဆီ ရောက်သွားသည်။ဒီမိန်းခလေးကို သူမြင်ဖူးသလို
ခံစားရသည်။ဘယ်မှာမြင်ဖူးပါလိမ့်။တရေးရေး အသိစိတ်
ကို ကြိုးစားကာ ပြန်ပုံဖော်ကြည့်နေစဉ် ဖျက်ခနဲမြင်ယောင်
လာသည်မှာ စောနက မြင်ကွင်းဖြစ်၏။လူချင်းတိုက်မိစဉ်
ဖြစ်ပျက်သွားသော မိန်းခလေးရဲ့ အမူအယာနှင့် နောက်
ဆံတင်းသလို လည်ပြန်ကြည့်သွားသော ရာပြည့်ရဲ့ အမူ
အယာကို တိုင်းထွာစမ်းစစ်ကြည့်လျှင် သူတ်ို့နှစ်ဦးကြား
ပက်သတ်မှုတစ်စုံတစ်ရာရှိလိမ့်မည်။

ထိုမှစ၍ ဆက်စပ်တွေးမိရင်း တလောက ရာပြည့်ဖုန်း
အိမ်တွင်ကျန်ခဲ့ရာမှ စကာ ဖုန်းသံ အဆက်မပြတ်မြည်နေ
သည်မို့ မနေနိုင်မထိုင်နိုင် သွားစပ်စုမိပုံကို ရုတ်တရက်
သတိရသွားပြီး သတိရခြင်းဆိုသလို ထိုမိန်းခလေးမျက်နှာ
ကို ဇာတ်ခနဲမော့ကြည့်မိရာ သား ဖုန်းထဲက Contact
photo တွင် တွေ့မြင်ရသော မိန်းခလေးပင်ဖြစ်နေ၍
ဒေါက်တာ ဟံသာစိုး မျက်ခုံးနှစ်ဖက် ပင့်တက်သွားသည်။

" စိန်မမနဲ့ ဘာတော်လဲ "

မိမိပြောပြနေတာကတခြား ဒေါက်တာမေးလိုက်တာက
တခြားဖြစ်နေ၍ စိန်မမ ရုတ်တရက် ဘာဖြေရမှန်းမသိကာ
နွယ့်ကို ကြည့်လိုက်သေးသည်။

" တူမလေးပါ ဒေါက်တာ "

" သြော်……"

" အဲ့ဒါဆရာရယ်……ဒူးရင်းသီးတွေ အစားများပြီး……"

" ဟုတ်ပါပြီ……အသက်ရှုကျပ်နေတာမို့လား……ဆေး
ပြောင်းပေးလိုက်မယ်……တလနေမှ လာပြပါ "

" ဟင် တစ်လတောင်လား ဒေါက်တာ "

နွယ်သည် အန်တီစိန့်ကို ပါးစပ်အဟောင်းသားဖြင့်ငေး
ကြည့်လျက် ကိုကို့အဖေအပေါ် အန်တီစိန် ရိုးမှရိုးပါ့မလား
တွေးပူလာသည်။

" စိတ်မပူပါနဲ့……ဘာမှမဖြစ်ပါဘူး……အစားအသောက်
ဆင်ခြင်ပေါ့ဗျာ "

" ဟုတ်ကဲ့ ဒေါက်တာ……ခွင့်ပြုပါအုံးနော် "

" ကောင်းပါပြီ ခင်ဗျာ "

ဒေါက်တာ ဟံသာစိုးသည် သားရဲ့ချစ်သူပါလားဟူသော
အသိဖြင့် နွယ့်ကိုနောက်ဆုံးအကြိမ် သေသေချာချာ ကြည့်
လိုက်သေးသည်။ထိုအကြည့်ကြောင့် နွယ် ခြေတစ်လှမ်း
လှမ်းဖို့ပင် မနဲသတ်ိထားနေရတော့လေသည်။

" အန်တီ ဒီကပဲစောင့်နေမယ် ဆေးသွားဝယ်ပေးအုံး "

ကိုကိုနဲ့ ထပ်မတွေ့ပါစေနဲ့လို့ ဆုတောင်းရင်း ဆေး
ကောင်တာဘက် နွယ်လှျှောက်လာခဲ့ပါသည်။

" နဲနဲလောက် "

ကောင်တာရှေ့တွင် တိုးမရအောင် လူတွေပြည့်သိပ်နေ
သည့်ကြားက ကောင်မလေးတစ်ယောက်သည် လူအုပ်
ကြားထဲတိုးဝင်လာပြီး သူမရှေ့တွင်ပိတ်ရပ်နေသော နွယ့်
ကိုတောင် နဲနဲလောက်ဟုပြောလျက် လမ်းဖယ်ခိုင်းနေ
သေးသည်။

" အမ အမ "

" ဟုတ်ကဲ့ ဘာလိုချင်လို့လဲရှင့် "

" ဒေါက်တာရာပြည့် "

" ရှင် "

ဒေါက်တာ ရာပြည့်ဆိုသည်နှင့် နွယ့် မျက်လုံးနှစ်ဖက် ဝိုင်း
စက်သွားကာ မိမိနှင့်မဆိုင်လို့ လမ်းဖယ်ပေးမိခဲ့သော သူမ
ကို နွယ် စူးစူးစိုက်စိုက် ကြည့်မိလိုက်သည်။သူမ သည်
ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ဟန်ဖြင့်……

" ဒေါက်တာရာပြည့် ရှိလားလို့ မေးမလို့ပါ "

" ရှိပါတယ်……"

" ဘယ်မှာလဲ ပြောပြလို့ရမလား "

" ဒီအချိန် ဆရာ နားနေဆောင်ထဲမှာပါ "

" နားနေဆောင်က ဘယ်အထပ်မှာလဲ "

အမေးခံရသူ ကောင်မလေးသည် ဘယ်လိုဖြေရမလဲ
တွေဝေလျက် သူ့လုပ်ဖော်ကိုင်ဖက်တွေကို မေးငေါ့ပြနေ
သည်။

" ဒါ ဒီညီမလေး စာအုပ်လား "

" ဟုတ် "

" ဟယ် အမ "

" အေး ညီမလေး……"

ပင်လုံဆေးရုံတွင် တွေ့ခဲ့ရသော အမကို ဒီဆေးရုံတွင်
ထပ်မြင်လိုက်ရသဖြင့် နွယ် အံ့သြသွားသလို နော်ခမ်းမူ
သည်လည်း နွယ်နှင့် နောက်တစ်ကြိမ် တွေ့လိုက်ရသဖြင့်
အံ့အားသင့်နေလေသည်။

" မခမ်းမူ……ဒီမယ် ဆရာ ရာပြည့်နဲ့တွေ့ချင်လို့တဲ့ "

" ဒီညီမလေးကလား "

" မဟုတ်ဘူး သူ သူ "

နော်ခမ်းမူသည် နွယ့်ကိုအားနာသော မျက်လုံးနှင့်တစ်
ချက်စိုက်ကြည့်ပြီးမှ နားထင်လေးကို လက်ညှိုးဖြင့် ဖိကပ်
ကုတ်ကာ ဆရာရာပြည့်အား တွေ့ချင်ပါတယ်ဆိုတဲ့
မိန်းခလေးကို ကြည့်လိုက်ပါသည်။

" ဟော ဟိုမှာ ဆရာ……"

ဆရာဆိုသည်နှင့် လွင်မေသွယ် သည် အပြေးကလေး
လှမ်းသွားကာ လူနာ ကြည့်ပြီးပြန်လာသော ရာပြည့်ရှေ့
လက်နှစ်ဖက် ဆန့်တန်းလျက် ရပ်ခိုင်းလိုက်ပါသေးသည်။

ထိုမြင်ကွင်းကို အစအဆုံး မြင်ခွင့်ရပါသော နွယ်သည်
ပထမ အံ့သြသွားပြီး နောက်မှ မျက်မှောင်ကြုတ်ကာ သူ
ဟာ လူပွေတစ်ယောက်ပါလားလို့ မစာမနာ ကောက်ချက်
ချလျက် ကနဦးစိတ်ပျက်ထားသော စိတ်အစဉ််သည် ယခု
နာချင်သလိုလို ဖြစ်လာသည်။

မျက်ဝန်း နက်နက်ကြီးတွေဖြင့် မှေးစိုက်ကြည့်နေသော နွယ့်ကို ခမ်းမူက ထပ်ဆင့်ပြန်အကဲခတ်ကြည့်ပြီး တစ်ထွာ
တစ်မိုက် ညဏ်ကလေးဖြင့် စဉ်းစားတွေးတောနေမိသည်။
နွယ်သည် ဒေါက်တာရာပြည့်၏ ချစ်သူ ဖြစ်ဖို့ ရာခိုင်နှုန်း
အတော်များများ သေချာနေသော်လည်း ခုနက လာမေး
ပါသော် စပ်စလူးစိန်မလေးသည် ဒေါက်တာနှင့် မည်သို့
မည်ပုံ ထပ်ပက်သတ်နေပါသနည်း။

" ဆေးရပြီ ညီမလေး "

" ဟုတ် အမ……ဘယ်လောက်ပေးရမလဲ "

" 56000 ပါ "

ကျသလောက်ငွေကို အန်တီစိန်ပေးလိုက်သော ၎င်းပိုက်
ဆံအိတ်ထဲက နှိုက်ယူပြီး ပေးနေစဉ် နွယ့်အနောက်သို့
ကိုကို ရောက်လာလေသည်။ကိုကိုရောက်လာတယ်ဆို
တာ နွယ် နောက်လှည့်ကြည့်စရာ မလိုလောက်ပါ။ကိုကို့
ဆီက ရတတ်တဲ့ ရေမွှေးရနံ့နှင့် တဒိတ်ဒိတ်ခုန်နေသော
နှလုံးသားဟာ သက်သေပဲပေါ့။


" မခမ်းမူ……"


" ရှင်… ဒေါက်တာ "


ကိုကိုကဖြင့် နွယ့်ကို သတိမထားမိပဲ မခမ်းမူ၏ နာမည်ကို

ခေါ်လျက် ထွက်သွားပြန်သည်။ကိုကို ထွက်သွားမှ နွယ်လဲ

ဆေးကောင်တာကို ကျောခိုင်းကာ အန်တီစိန်ရှိရာသို့

လှမ်းလာတော့သည်။


" ညီမလေး "


" သြော အမ "


" ဒေါက်တာခေါ်ခိုင်းလိုက်လို့ "


" ရှင် "


ခမ်းမူသည် တိုးတိတ်သော အသံလေးဖြင့်သာ ဒေါက်တာ

ခေါ်ခိုင်းလိုက်လို့ ဟူသော စကားကို ပြောလိုက်ခြင်းဖြစ်

ပေမယ့် နားထောင်နေသူ နွယ့်အဖို့ ရှင် ဟူသည့် အာမေ

ဋိတ်အသံလေးသည် ခမ်းမူ အသံထက်ပို၍ ကျယ်လောင်

သွားသဖြင့် ခမ်းမူက သူမ နှုတ်ခမ်းနား လက်ညှိုးကပ်ကာ

အနောက်ကနေ မသိမသာ လိုက်ခဲ့ဖို့ ပြောလိုက်ပါတော့

သည်။


မခမ်းမူနောက်သို့ ကပ်ပါလိုက်သွားသော ခြေလှမ်းတို့

သည် မသိမသာ တုန်နေပါသည်။ဘာ့အတွက် ကိုကိုခေါ်

ခိုင်းပါသလဲ နွယ် စဉ်းစားမရဖြစ်နေသည်။


" ဝင်သွားလိုက် ညီမလေး……အထဲမှာ ဒေါက်တာ

စောင့်နေတယ် "


" အမ ခနလေး……"


" ဟုတ် "


" သူ ဘာလို့ခေါ်ခိုင်းတာလဲဟင် "


ခမ်းမူသည် နွယ့်ကို သေသေချာချာကြည့်ပြီး ဖြူ စင်စွာ

ပြုံးပြလျက် အထဲရောက်တော့ သိမှာပေါ့ဟု အသံအေး

အေးလေးဖြင့်ပြောလိုက်ရာ နွယ်လဲ သက်ပြင်းတစ်ချက်

ချပြီး အခန်းထဲသို့ဝင်သွားလေရာ ရောက်ရောက်ချင်းဆို

သလို တန်းမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပြေးပုန်းနေ

သော ဒေါသများ စိတ်ခန္ဓာဆီ ခပ်သွက်သွက် ခုန်ကူး

လာသလို တစ်ကိုယ်လုံး ပူရှိန်းရှိန်း ဖြစ်သွားပါသည်။


ထိုပြာကလဲ့စိန် ဓါတ်ပူးပိန်မ သည် ကိုကိုနှင့်မျက်နှာချင်း

ဆိုင်တွင် ခြေကိုလိမ်လျက် ခါးကိုမတ်ကာ ကိုကို့အား

ဆွဲအား ပြင်းသည့်ကြာမျက်ဝန်းဖြင့် မျက်တောင်မခတ်

ကြည့်နေသည်မှာ အခန်းထဲဝင်လာသော မိမိကိုတောင်

ဂရုမစိုက်ဘူးဆိုသည့် မျက်နှာဘေးမိျူ းနှင့် အကြည့်တစ်

ချက်မလွှဲပဲ ကြည့်မြဲတိုင်းကြည့်နေလေသည်။


နွယ် ဒေါသထွက်နေမှန်းသိ၍ ကိုကိုသည်ထိုင်နေရာမှ

ကမန်းကတန်း မိမိဆီ လျှောက်လာပြီး နွယ့် လက်အား

တယုတယကိုင်ကာ…


" ဒီမှာ……ဒါငါ့ချစ်သူ……မင်းကို ဖုန်းနံပါတ်မှားချင်ယောင်

ဆောင်ပြီး ရောခဲ့တာမဟုတ်ဘူး……အသဲ ဖုန်းနံပါတ်

သူ့ပြလိုက် "


" ခန ကိုကို……နားမလည်ဘူး..…ဘာတွေလဲ "


ရာပြည့်သည် အသဲအား လုံးစေ့ပတ်စေ့ရှင်းပြဖို့ထက်

ဖြစ်သွားတဲ့အခြေအနေပေါ် ထင်ချင်ရာထင်ပြီး လိုက်ကပ်

နေတဲ့ မိန်းမကိုသာ ခါထုတ်ချင်စိတ်က များနေရာ ကိုကို

နောက်မှ ရှင်းပြမယ်ဟု ခပ်တိုတိုပြောလျက် အသဲဖုန်း

အား လှမ်းယူပြီး ဖုန်းနံပါတ်ကို သက်သေနေရာမှာထား

ကာ ဒီမှာမြင်လား လို့ ဒေါသအသံဖြင့် မာမာထန်ထန်

ပြောလိုက်သောအခါ လွင်မေသွယ်က သူ့လက်ထဲမှဖုန်း

ကို ဇာတ်ခနဲလှမ်းယူ၍ ခပ်မဲ့မဲ့ကြည့်လိုက်ပါသည်။


" မြင်သားပဲ……ဒါ ချစ်သူပါဆိုပြီး အရှင်လတ်လတ် မိတ်

ဆက်ပေးတော့ရော……ဘာလုပ်ရမှာလဲ……ဒေါက်တာ

သာ ဖုန်းမှားမဆက်ခဲ့ဘူးဆို လွင်မေသွယ်လည်း အခုလို

အရူးတပိုင်း ဖြစ်နေစရာမှ မရှိတာ "


ဖြစ်လာသမျှ အကြောင်းအရာတွေကို တစ်ခုနှင့် တစ်ခု

ချိတ်ဆက်မိခြင်းအားဖြင့် လွင်မေသွယ်ဆိုသော မိန်းမ

ငယ်သည် ကိုကို့အား ဘလိုင်းကြီး ဝင်လုံးရုံနှင့် အားမရ

တစ်ခုခုကို သေချာပေါက်ရလိမ့်မည်ဟု မျှော်လင့်ချက်တွေ

ဖြင့် ငါးမရ ရေချိူ းပြန်မယ့်သဘောရှိနေသည်။တဖန် ကိုကို

သည်လည်း သူ့ရဲ့ရွှေချ စိန်စီထားသော သိက္ခာကို သူမ

ကြောင့် ပွန်းပဲ့မှာစိုးကာ နွယ့်အား သူ့ချစ်သူရယ်လို့ တစ်

ရန်အေးသွားအောင် ဖြေရှင်းနေတဲ့ သဘောမျိူ းဖြစ်ရာ

၏။


" Congratulation ပါ လွင်မေသွယ် "


ဒေါသတွေကို ပါဆယ်ထုတ်ပြီး နွယ် သူမအပါး တစ်လှမ်း

ချင်း လှမ်းလျက် အထက်ပါအတိုင်း တည်ငြိမ်သော အသံ

အနေအထားဖြင့် ပြောလိုက်သောအခါ မလှုပ်မယှက်ထိုင်

နေသော လွင်မေသွယ့်မှာ တဒင်္ဂ ကြောင်တောင်တောင်

ဖြစ်သွားရသည်။နောက်မှ အသိဝင်လာလျက် သူမ အနား

တရွေ့ရွေ့လှမ်းလာသော နွယ့်က်ို ကြိုဆိုတဲ့အနေဖြင့်

ထိုင်ရာမှ ထလိုက်သည်။


" ဘာအတွက်လဲ "


" ငယ်ငယ်ရွယ်ရွယ်နဲ့ စနိုက်ကြော်ဆိုတဲ့ ဂုဏ်ထူးကို

အရှက်မရှိ ပိုင်ပိုင်နိုင်နိုင် သရဖူ ဆောင်းနိုင်ခဲ့လို့ "


" ဘာာာ "


" မင်းမိဘက အခုလို သူများပိုင်ဆိုင်တာတွေမှ ရွေးယူရ

မယ်လို့ သေသေချာချာ သင်ပေးခဲ့ပုံပဲ ဟုတ်လား "


" ဒီမှာ……နင်ပြောချင်ရင် ငါ့ကိုပြော……ငါ့မိဘတွေကို

ပုတ်ခတ်စရာ မလိုဘူူး "


နွယ့်နှုတ်ခမ်းထက်တွင် မဲ့ပြုံးတစ်ပွင့် လှလှပပ ခြွေချခဲ့ပြီး

သည့်နောက် သူမ အနားတိုးသည်ထက်တိုးလျက် သူမ

မျက်ဝန်းနှစ်ဖက်အား မျက်တောင်တစ်ချက်မခတ်ပဲ စိုက်

ကြည့်လိုက်လျှင် အကြည့်ခံရသူ၏ ရင်မှာ နောက်ကျော

မလုံသလို အေးစိမ့်စိမ့်ဖြစ်သွားလောက်တဲ့အထ်ိ နွယ့်ရဲ့

အကြည့်သည် စူးရှလှ၏။


" ဒါဖြင့် နင့်ကိုပြောမယ်…… "


နွယ်သည်ပြောလက်စ စကားကို ခနဖြတ်တောက်ကာ

ကိုကို့ဆီ အကြည့်တစ်ချက်ပို့ပြီး ချက်ချင်းဆိုသလို လွင်မေ

သွယ့်ဘက် အကြည့်ပြန်လှည့်ကာ ဒေါသကြောင့် တုန်ရီ

နေသောအသံကို တည်ငြိမ်အောင်ကြိုးစားရင်း ဆက်ပြော

လာသည်။


" ယူလို့ရ ရင်ယူသွား……ယောကျာ်းတစ်ယောက်ကို ကိုယ့်

လက်ထဲရောက်ဖို့ အသဲအသန်ကြိုးစားနေတဲ့ နင့်ကို

ကြည့်ရတာ သိပ်ပူလောင်လွန်းတယ်……နင် သိထားဖို့

ပြောခဲ့အုံးမယ်……ငါကနင်နဲ့ဘယ်တော့မှ ပြိုင်မယ့် မိန်း

မ တစ်ယောက်မဟုတ်ဘူး……ဘာလို့လဲသိလား……

ငါကမွေးထဲက ရှက်ကြောပါတယ်လေ……"


" အသဲ "


ခေါ်သံတွင် မကျေနပ်မှုတွေ တင်းမာမှုတွေ ရောပါနေတာ

ကို နွယ်သိသည်။


" ကိုကို့ရဲ့ သစ္စာတရားနဲ့ ကိုယ်ကျင့်တရားကို နွယ် ယုံ

ကြည်ပါရစေကိုကို.……ဒါမဲ့……ပွန်းပဲ့အထိခိုက်မခံနိုင်တဲ့

သိက္ခာတရားအတွက် နွယ် လူစွမ်းကောင်း ဝင်မလုပ်

ပေးနိုင်ဘူး……နွယ့်ကို ခွင့်လွှတ်ပါ……"


ဘယ်သူ့ကိုမှ တစ်ချက်ကလေးတောင် ငဲ့မကြည့်တော့ပဲ

အခန်းလေးထဲက နွယ်ထွက်လာခဲ့ပါသည်။သူတို့တွေ

ဘာဆက်ဖြစ်ကြလဲ နွယ် မသိချင်တော့ပါဘူး။ဘာတွေ

ဆက်ဖြစ်လာနိုင်သလဲ နွယ် မတွေးချင်တော့ဘူး။


သေချာတာတစ်ခုကတော့ နွယ်ဟာ ကိုကို့ရဲ့ သိက္ခာ

တရားအတွက် အသုံးချဖြေရှင်းချနင်းခံရမယ့် အပေါစား

ချစ်သူ တစ်ယောက်တော့ မဟုတ်ဘူး ကိုကို။


နွယ့်မှာလဲ မာန ရှိတယ်……ကိုကို့ကြောင့် နွယ့်ရဲ့ မာနတွေ ချနင်းသင့်သလောက် ချနင်းခဲ့ပြီးပြီ။ဒီ့ထက်ပိုပြီး

နွယ် မရံှုးနိမ့်ချင်တော့ဘူး။


နွယ့်ကို ခွင့်လွှတ်ပါ ကိုကို……


အက္ခရာ




" မင်း မသွားသေးဘူးလား "


" ဘာများထပ်ပြောစရာရှိသေးလဲ ထိုင်စောင့်နေတာလေ "


ဒီမိန်းခလေးသည် တစ်ခန်းများလွတ်နေတာလား ဒါမှမ

ဟုတ် နွယ်ပြောသလို မွေးထဲက ရှက်ကြောများ ပြတ်ခဲ့

လေသလား။တကယ့်ကိုပြောရဆိုရခက်သော လူစားထဲ

ပါနေသည်မှာ သိပ်စိတ်ပျက်စရာကောင်းလှပါသည်။


" မင်းအသက်က ငယ်ငယ်လေးရှိသေးတယ်…အရူးထပြီး

လုပ်ချင်တာ ဇွတ်မလုပ်ပါနဲ့……ငါ့သိက္ခာတရားကိုထိပါး

လာရင် မိန်းမပဲဖြစ်ဖြစ် ယောကျာ်းပဲဖြစ်ဖြစ် တရားဥပဒေ

အတိုင်း လုပ်ရမှာပဲ……ကဲ……ငါ့စကားကုန်ပြီ……ကျန်

တာ မင်းသဘောပဲ "


ပြောချင်တာတွေ ပြတ်ပြတ်သားပြောဆိုပြီးပြီးမို့ ရာပြည့်

လှည့်ထွက်ရန် ခြေလှမ်းပြင်လိုက်သည်။လွင်မေသွယ်က

ရာပြည့်ကို မထီမဲ့မြင် အကြည့်မျိူ းဖြင့် မလှုပ်မယှက်ကြည့်

ကာ မတ်တပ်ထရပ်ပါသည်။


rate now: