book

Index 2

အခန်း (၂)

  • Author : ZENIX
  • Genres : Adventure, Science
  • Original Author : James Dashner

အခန်း (၂)

သောမတ်စ် မတ်တပ်ထရပ်ပြီး သူ့အင်္ကျီနဲ့ ဘောင်းဘီပေါ်က ဖုန်တွေကိုခါချတာ မပြီးမချင်း သူ့နားမှာ သူ့ကို အကူညီပေးတဲ့ လက်တွေအုံဖွဲ့နေတာ ရပ်မသွားဘူး။ အလင်းကြောင့် မျက်စိပြာနေသေးပြီး သူဒယိမ်းဒယိုင်ဖြစ်သွားတယ်။ သိချင်စိတ် ပြင်းပြနေပေမယ့် သူ့ပတ်ဝန်းကျင်ကို သေချာကြည့်ရှုဖို့ သူ နေလို့မကောင်းသေးဘူး။ သူ့ရဲ့ ခေါင်းကို ချာချာလည်ပြီး အကုန်လုံးကို မြင်အောင်ကြည့်ဖို့ သူကြိုးစားနေတဲ့အချိန် သူ့ရဲ့ အဖော်အသစ်တွေက ဘာမှမပြောဘူး။

သူ တဖြည်းဖြည်း ပတ်ချာလှည့်နေတဲ့အခါ တခြား ချာတိတ်တွေက ကျိတ်ရယ်မောပြီး ငေးကြည့်နေခဲ့တယ်။ တစ်ချို့က သူ့ကို တို့ကနန်းဆိတ်ကနန်း လုပ်ကြတယ်။ အနည်းဆုံးတော့ အယောက် ငါးဆယ်လောက် ရှိမယ် သူတို့ရဲ့ အဝတ်အစားတွေက စွန်းထင်ပေကျံပြီး ချွေးပြိုက်ပြိုက်ကျနေလို့ သူတို့တွေ အလုပ်ကြမ်း လုပ်ထားရသလိုပဲ ဆံပင်အတိုအရှည်အမျိုးစုံ အရွယ်အစားမျိုးစုံ လူမျိုးစုံပဲ။ သောမတ်စ် ရုတ်ရတက် မူးဝေလာသလိုပဲ သူ့ရဲ့မျက်လုံးက ကောင်လေးတွေနဲ့ သူရောက်နေတဲ့ နေရာကြား ကူးချည်သန်းချည်ဖြစ်နေတယ်။

သူတို့တွေဟာ ဘောလုံးကွင်း တစ်ကွင်းအရွယ်လောက်ရှိတဲ့ မြေအကျယ်အဝန်းမှာ ရပ်နေကြတာဖြစ်ပြီးတော့ လေးဘက်လေးလံမှာ နွယ်ထူထူတွေ ဖုံးနေတဲ့ မီးခိုးရောင် ကျောက်သားပြင် နံရံကြီးတွေ ဝန်းရံလျက်ရှိတယ်။ နံရံတွေက ပေရာပေါင်းများစွာ မြင့်ပြီး လေးထောင့်ကျကျ သူတို့ကိုဝန်းရံထားတယ် နံရံတစ်ဖက်စီရဲ့ အလယ်တည့်တည့်မှာ နံရံလောက်အမြင့်ရှိတဲ့ အကွဲကြောင်းရှိတယ်။ သောမတ်စ် မြင်နေရတဲ့ဆီကနေဆို ရှည်လျားတဲ့ စင်္ကြံလမ်း လမ်းသွယ်တွေဆီ ဦးတည်နေတယ်။

"လူသစ် ပဲစိမ်းလေးကို ကြည့်ပါဦး" လို့ အသံသေး အသံကြောင် တစ်ခုက ပြောလိုက်တယ်။ အသံဘယ်ကလာတယ်ဆိုတာ သောမတ်စ် မမြင်ရဘူး။ "ကြည့်လည်းလုပ်ဦး ကျိုးကန်းသွားမယ့် ငပျော့လေးရယ်" ကောင်လေးတွေ တော်တော်များများက ရယ်ကြတယ်။

"မင်းအပေါက်ကို ပိတ်ထားစမ်းပါ ဂယ်လီ" အသံအောအော တစ်ခုက တုံ့ပြန်လိုက်တယ်။

သောမတ်စ် သူ့နားက လူဒါဇင်ပေါင်းများစွာကို အာရုံပြန်စိုက်လိုက်တယ်။ သူသတိချပ်ရမယ်ဆိုတာ သူသိတယ် သူ့ကို ဆေးခပ်ထားသလို ခံစားမိတယ်။ ရွှေရောင်ဆံပင် အရပ်ရှည်ရှည် မေရိုးလေးထောင့်ကျကျနဲ့ ချာတိတ်က အထင်သေးသလိုကြည့်တယ် သူ့မျက်နှာက ခံစားချက်ကင်းမဲ့နေတယ်။ ပုပုဝဝဖြိုးဖြိုးကောင်လေးက သူ့ခြေတွေ ရှေ့တိုးနောက်ဆုတ် ဂနာမငြိမ် ဖြစ်နေပြီး သောမတ်စ် ကို မျက်လုံးအပြုုးသားနဲ့ ကြည့်နေတယ်။ ကြွက်သား တုတ်တုတ်ခိုင်ခိုင် အာရှသား ကောင်လေးက လက်ပိုက်ပြီး သောမတ်စ် ကို လေ့လာနေတယ် သူ့ရဲ့ အင်္ကျီလက်ကို ခေါက်တင်ထားပြီး သူ့ရဲ့ကြွက်သားတွေကို မြင်သာအောင်လှစ်ပြထားတယ်။ သူ့ကိုကြိုဆိုတဲ့ အသားမည်းမည်း ကောင်လေးက မျက်မှောင်ကြုတ်ထားတယ်။ တခြားမရေမတွက်နိုင်သော ငေးမောမှုတွေ။

"ငါဘယ်ရောက်နေတာလဲ" သောမတ်စ်က မေးလိုက်တယ် သူ့ရဲ့မနည်းအဖတ်ဆယ်ထားတဲ့ မှတ်ဉာဏ်ထဲမှာတော့ ဒီအသံက အံ့ဖွယ်ပဲ။ သူ စိတ်ကူးကြည့်သလောက်ထက်တော့ အသံကမကျယ်ဘူး။

"ဘယ်မှာမှ အကောင်းမရှိတဲ့နေရာ" ဒီစကားက အသားမည်းမည်းကောင်လေး ဆီကထွက်လာတာ။ "မင်းကိုယ်မင်း အေးဆေးတည်ငြိမ်အောင်လုပ်"

"သူ့ကို ဘယ်လိုအထိန်းနဲ့ထားရမလဲ" လူအုပ်ရဲ့နောက် တစ်စုံတစ်ယောက်က အော်လိုက်တယ်။

"ငါပြောပါတယ် ချီးထုပ်လေးပါ" လို့အသံစူးစူးတစ်သံက တုံ့ပြန်တယ်။ "သူက အငြင်းပွါးစရာမရှိတကယ့် ချီးထုပ်လေး ငရှုပ်လေးပဲဖြစ်မှာပါကွ" အဲ့ဒီစကားလုံးတွေက ကောင်လေးတွေ ပါးစပ်က သာမန်လိုပဲ ထွက်လာခဲ့ပေမယ့် သူ့အတွက်တော့ နားလည်ဖို့ ကြောက်တောင်တောင် ဖြစ်သလိုပဲ။ သူ့ မှတ်ဉာဏ်ပျောက်သွားတဲ့အထဲ ဒီစကားလုံးတွေ ပါသွဦးသလိုပဲ စဉ်းစားရခက်နေတယ်။

သူ့စိတ်နှလုံးကို စိတ်ခံစားချက် အမျိုးမျိုးက လွှမ်းမိုးဖို့ ကြိုးစားနေတယ်။ စိတ်ရှုပ်ထွေးခြင်း၊ သိလိုစိတ်၊ ထိတ်လန့်ခြင်း၊ အကြောက်တရား။ အဲ့ဒီခံစားချက်တွေ အားလုံးင မျှော်လင့်ချက်မဲ့ လုံးဝအတိမှောင်မိုက်မှုနဲ့ သုတ်လိမ်းထားတယ် သူ့အတွက် ကမ္ဘာကြီးအဆုံးသတ်သွား သလိုပဲ မှတ်ဉာဏ်ထဲမှာ အကုန်ရှင်းလင်းခံရပြီး စိတ်မသက်မသာစရာတွေ ဝင်ရောက်လာခဲ့တာ။ သူတို့တွေဆီကနေ။ သူထွက်ပြေးပြီး ပုန်းချင်တယ်။

အသံသေးအသံကြောင်နဲ့ ကောင်လေးကတော့ စကားပြောနေတယ်။ " ငါ့အသက်နဲ့တောင် လောင်းကြေးထပ်လိုက်ချင်သေးကွာ" သောမတ်စ် သူ့မျက်နှာကို မမြင်ရသေးဘူး။

"မင်း အပေါက်ကို ပိတ်ထားလို့ ငါပြောထားတယ်လေ" အသားမည်းမည်းနဲ့တစ်ယောက်က အော်လိုက်တယ်။ "ကျွက်စီကျွက်စီပြောပြီးရင်လည်း စကားစဖြတ်ကြ"

အဲ့ဒါ သူတို့ခေါင်းဆောင်ပဲဖြစ်မယ်။ သောမတ်စ် သဘောပေါက်လာတယ်။ သူ့ကိုငေးကြည့်နေကြတာကို သူမုန်းလှပြီ သူက ကောင်လေးပြောတဲ့ ဂလိတ်ဒ်ဆိုတဲ့ နေရာကို လေ့လာကြည့်ဖို့ အာရုံစိုက်နေတယ်။

ဝန်းရဲ့ကြမ်းပြင်က ကျောက်တုံး ထုထည်အကြီးကြီးတွေနဲ့ လုပ်ထားသလိုပဲ တော်တော်များများက ကွဲအက်နေပြီး ပေါင်းပင်တွေ မြက်ပင်တွေ အပြည့်ပေါက်နေတယ်။ မီးခိုရောင် ကျောက်သားနံရံ လေးထောင့်ဝန်းရဲ့ ထောင့်တစ်ခုမှာ မတူထူးဆန်းပြီး ပျက်စီးယိုယွင်းနေတဲ့ သစ်သား အဆောက်အဦးတစ်ခုရှိတယ်။ အဲ့ဒီအဆောက်အဦးကို သစ်ပင်အချို့ကဝန်းရံထားတယ် သူတို့ရဲ့ အမြစ်တွေက ကျောက်သားကြမ်းပြင်ကို အစာအတွက် တွန့်လိမ်ထိုးဖောက်ဝင်ရောက်နေတယ်။ အဲ့ဒီဝန်းရဲ့ တခြားထောင့်တစ်ခုမှာ ဥယျာဉ်တွေရှိတယ် သူရပ်နေတဲ့ နေရာကဆို ပြောင်းဖူး၊ ခရမ်းချဉ်သီးပင် သစ်သီးပင်တွေကို လှမ်းမြင်ရတယ်။

ရပ်နေတဲ့နေရာကနေ ဝန်းကိုဖြတ်သွားရင် သိုးတွေ နွားတွေ ဝက်တွေ မွေးထားတဲ့ တိရစ္ဆာန်လှောင်တဲ့ခြံရှိတယ်။ နောက်ဆုံးထောင့်တစ်နေရာမှာတော့ တောအုပ်ကြီးတစ်ခုရှိတယ် အနီးဆုံးအပင်တွေဆို မသန်တော့ပဲ သေလုနီးပါးဖြစ်နေပြီ။ ခေါင်းပေါ်က မိုးကောင်ကင်က တိမ်ကင်းစင်ပြီး ပြာနေတယ် ဒါပေမယ့် နေ့အလင်းရောင်ရှိနေလည်းသောမတ်စ် နေရဲ့အရိပ်ရောင်မမြင်ရဘူး။ တစ်စစ ရွေ့နေတဲ့ နံရံရဲ့ အရိပ်က အချိန်နဲ့ အရပ်မျက်နှာကို ခွဲမရဘူး မနက်စောစော ဒါမှမဟုတ် နေ့လည်ခင်းအချိန်ပဲဖြစ်နိုင်တယ်။ သူ အသက်ကို ပြင်းပြင်းရှူသွင်းပြီး သူ့ရဲ့ ထိတ်လန့်ခြင်းကို ငြိမ်အောင် ကြိုးစားတယ်။ အနံ့အသက်ပေါင်းစုံက တစ်ရစပ်ထိုးဝင်နေတယ်။ မကြာသေးတဲ့မစင်၊ မြေဩဇာ၊ ထင်းရှူးသား၊ တစ်ခုခုပုပ်နေတဲ့ အနံ့ ပြီးတော့ သင်းပျံ့တဲ့အနံ့။ တစ်နည်းနည်းနဲ့တော့ ဒါတွေဟာ လယ်တစ်ခုရဲ့ အနံ့ဆိုတာ သူသိပါတယ်။

သောမတ်စ် သူ့ကိုဖမ်းခဲ့တဲ့ သူတွေအကြောင်းတွေးတောကြည့်တယ် စိတ်ကသိကအောက်ဖြစ်ပေမယ့် မေးခွန်းတွေ မေးဖို့ အရေးကြီးနေတုန်းပဲ။ ဖမ်းထားတဲ့သူတွေ သူတွေလိုက်တယ်။ အဲ့ဒါဆို အဲ့ဒီ ဖမ်းသူ ဆိုတဲ့စကားလုံးက သူ့အာရုံထဲ ဘယ်လိုလုပ် ပေါ်လာတာလဲ။ သူက သူတို့တွေရဲ့ မျက်နှာတွေကို ကပျာကယာ ကြည့်လိုက်တယ် ခံစားချက်တစ်မျိုးစီကို ရတယ် သူတို့ကို အကဲခပ်နေလိုက်တယ်။ ကောင်လေး တစ်ယောက်ရဲ့ မျက်လုံးတွေက မုန်းတီးတဲ့ အရိပ်ငွေ့ထွက်နေတယ် ဒါက သူ့ကို အေးစက်ရပ်တန့် သွားစေတယ်။ သူ ဒေါသထွက်နေသလိုပဲ။ တကယ်လို့ ချာတိတ်က ဓားနဲ့ သူ့ဆီ ဝင်လာရင်တောင် သူအံ့ဩမှာ မဟုတ်ဘူး။ သူ့မှာ ဆံပင်နက်နက်တွေ ရှိတယ် သူတို့ မျက်လုံးချင်းဆုံမိတဲ့အခါ ကောင်လေးက ခေါင်းရမ်းပြီး မျက်နှာ လွှဲသွားတယ်။ ကျိချွဲသော သံတိုင်လုံးတစ်ခု အဆုံးက သစ်သားခုံတန်းဆီကို ဦးတည် ထွက်သွားတယ်။ တိုင်ထိပ်တစ်ခုမှာ ရောင်စုံအလံတစ်ခု လေးတွဲတွဲဖြစ်နေပြီး အလံရဲ့အဆင်အကွက်ကို မြင်နေရလောက်အောင် လေတိုက်မနေဘူး။

တုန်လှုပ်နေခဲ့တယ် ကောင်လေးရဲ့ ကျောပြင်ကို ကောင်လေး နေရာမှာဝင်ထိုင်ပြီး သူ့ဘက်လှည့်လာတဲ့အချိန်ထိ သောမတ်စ် ငေးကြည့်နေခဲ့တယ်။ သောမတ်စ် အကြည့်လွှဲလိုက်တယ်။

ရုတ်တရက် အသက် တစ်ဆယ့်ခုနှစ်နှစ် လောက်ရှိမယ့် အဖွဲ့ရဲ့ ခေါင်းဆောင်က ရှေ့ကိုတိုးလာတယ်။ သာမန်အဝတ်အစား တီရှပ်၊ ဂျင်းဘောင်းဘီ နဲ့ တင်းနစ် ရှူးဖိနပ်၊ ဒစ်ဂျစ်တယ်နာရီ တို့ကို ဝတ်ထားတယ်။ အကြောင်းတစ်ခုအနေနဲ့ သောမတ်စ် ဒီက ဝတ်စားပုံကို အံ့ဩနေတယ် ထောင်အဝတ်စားလို အန္တရာယ်ပြုနိုင်တဲ့ သူတွေကို ဆင်ထားသလို ဖြစ်ရမယ်ထင်တာ။ အသားမည်းမည်းနဲ့ ကောင်လေးက ဆံပင်တိုကပ်နေအောင်ညှပ်ထားပြီး မျက်နှာကလည်း အမွှေးအမျှင်တွေ ရှင်းနေအောင်သပ်သပ်ရပ်ရပ် ရိတ်ထားတယ်။ အမြဲမျက်မှောင်ကျုတ်နေတာကလွဲလို့ သူနဲ့ ပတ်သက်ပြီး တခြား လန့်စရာမရှိပါဘူး။

"ပြောရရင်တော့ အရှည်ကြီးပဲ ကိုယ့်လူ" ကောင်လေးက ပြောတယ်။ "တစ်စတစ်စ မင်းနားလည်လာပါလိမ့်မယ် ငါ မနက်ဖြန်ကျရင် မင်းကို လိုက်ပြမယ် အဲ့ဒီချိန်ထိတော့ ဘာမှမဖျက်မဆီးဘဲ အောင့်အီးပေးဦးကွာ" သူလက်လှမ်းလိုက်တယ်။ "နာမည်က အလ်ဘီ" သူ စောင့်နေတယ် လက်ဆွဲနုတ်ဆက်ချင်တာ သိသာတယ်။

သောမတ်စ် ငြင်းလိုက်တယ်။ ဗီဇကပဲ သူ့ရဲ့ အပြုအမူပေါ်  ထိန်းချုပ်သွားတယ် ဘာမှမပြောပဲ သူ အလ်ဘီ ဆီကနေ လှည့်ထွက်လိုက်တယ် ပြီးတော့ အနီးနားက သစ်ပင် တစ်ပင်ဆီ လျှောက်သွားတယ် ဒုတ်ကနဲသူ့ရဲ့ ကျောနဲ့ ကြမ်းတမ်းတဲ့ သစ်ပင်အခေါက်ပေါ်ကို ပစ်ထိုင်ချမယ့်နေရာ။ ကြောက်စိတ်က သူ့ကိုယ်ထဲ တစ်ဖန်ပြန်ဝင်ရောက်လာတယ် သည်းခံနိုင်ဖို့ တော်တော်ခက်တယ်။ ဒါပေမယ့် သူ အသက်ပြင်းပြင်း ရှူပြီး အခြေနေကို လက်ခံဖို့ သူ့ကိုယ်သူတွန်းအားပေးလိုက်တယ်။ "အလိုက်အထိုက်လေးမျှောလိုက်" သူတွေးလိုက်တယ်။ "မင်းကြောက်ပဲကြောက်နေရင် မင်းဘာကိုမှ အဖြေရှာနိုင်မှာ မဟုတ်ဘူး"

"ဒါဆိုလည်း ငါ့ကိုပြော" သူ့ရဲ့ အသံကို မဖွင့်ထုတ်ဖို့ ကြိုးစားထားတဲ့ကြားက သောမတ်စ် အော်ပြောလိုက်တယ်။ "ဇာတ်လမ်းအရှည်ကြီးကိုပြောစမ်းပါ"

အလ်ဘီက သူနားက သူ့သူငယ်ချင်းတွေကိုတစ်ချက်ကြည့်လိုက်တယ် ပြီးတော့ သူ့မျက်လုံးတွေကို ဝေ့ပြီးကြည့်တယ် သောမတ်စ်က လူအုပ်ကို ပြန်လေ့လာနေတယ်။ သူ အစက ခန့်မှန်းထားတဲ့ ခန့်မှန်းခြေနဲ့နီးစပ်တယ် လူငယ်အလတ်ပိုင်းအရွယ်ကနေ အလ်ဘီလို ရင့်ကျပ်တဲ့ လူငယ်အရွယ်ထိ အယောက် ၅၀ ကနေ ၆၀ လောက်ရှိမယ် အဲလ်ဘီ ကတော့ အကြီးဆုံးတွေထဲကတစ်ယောက် ဖြစ်မယ်ထင်တယ်။ အဲ့ဒီအချိန်မှာပဲ သူကိုယ့်သူ အသက်ဘယ်လောက်ရှိပြီဆိုတာ မသိတဲ့အတွက် မချင့်မရဲယိမ်းယိုင်သွားတယ်။ သူ့စိတ်ကအတွေးမှာ နစ်မြုပ်သွားတယ် သူအရမ်းလမ်းပျောက်နေပြီ သူ့အသက်တောင် သူမသိတော့ဘူး။

"တကယ်ကြီးလားဗျာ" သတ္တိမွေးထားတာကို ဖျောက်ပစ်လိုက်ပြီး သူပြောတယ် "ငါဘယ်ရောက်နေတာလဲ"

အလ်ဘီက သူ့ဆီလျှောက်လာတယ် တမင်ခွေထိုင်ချလိုက်တယ်။ ကောင်လေးတွေအုပ်လိုက် သူ့နောက်ကလိုက်လာပြီး သူ့နောက်မှာရပ်လိုက်ကြတယ်။ ခေါင်းတွေ ဟိုကဒီကထွက်လာပြီး သေချာမြင်ရဖို့ ဘက်ပေါင်းစုံကနေ ကုန်းကွနေကြတယ်။

အလ်ဘီကပြောတယ် "မင်းမကြောက်ဘူးဆိုရင်လည်း မင်းလူမဟုတ်လို့ပဲ။ တခြားထူးထူးခြားခြား ပြုမူရင်လည်း မင်းကို ချောက်ကပစ်ချလိုက်ရုံပဲ မင်းရူးနေပြီဆိုမှပါ"

သောမတ်စ် မျက်နှာကသွေးဆုတ်သွားပြီး "ချောက်လား" လို့ မေးလိုက်တယ်။

"အလကားပြောတာပါကွ" အလ်ဘီက သူ့မျက်လုံးတွေကို ပွတ်ပြီးပြောတယ်။ "ဒီလို စကားမျိုးနဲ့မစသင့်ဘူး ငါပြောတာ မင်းနားလည်တယ်မလား မင်းလို ချာတိတ်တွေကို ငါတို့ဒီမှာ မသတ်ပါဘူးကွ ငါကတိပေးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မသေအောင် ကြိုးစားပြီးသာ ရှင်သန်"

သူပြောတာရပ်လိုက်တယ် ပြီးတော့ သောမတ်စ် သဘောပေါက်သွားတယ် သူ့မျက်နှာက နောက်ဆုံးစကားကို ကြားလိုက်ရတော့ ဖြူတာထက် ပိုဖြူဆုတ်သွားတာကြောင့်ဖြစ်မယ်။

သောမတ်စ် မျက်လုံးတွေပြူးကျယ်လာတယ် တခြားကောင်လေး တစ်ယောက် ရှေ့တိုးလာပြီး  အလ်ဘီရဲ့ ခေါင်းကို ပျော်စေပြက်စေသဘောမျိုးနဲ့လှမ်းပုတ်လိုက်တယ်။ "သောက်ကျိုးနည်း အလည်ပတ်ပြဖို့ပဲ စောင့် အလ်ဘီ" သူပြောလိုက်တယ် သူ့အသံက ထူးဆန်းတဲ့လေယူလေသိမ်းနဲ့ အသံအောတယ်။ "ကောင်လေး နှလုံးရောဂါ ရသွားပါဦးမယ် ဘာမှတော့ နားမထောင်ရသေးဘူးမလား" သူရှေ့ကို ငုံ့လိုက်ပြီး သောမတ််စ် ဆီကို လက်ကမ်းလိုက်တယ်။ " ငါ့နာမည် နျူ့ ပါ ဂရီနီလေး ငါတို့ရဲ့ ကြောင်တောင်တောင် ခေါင်းဆောင်နဲ့ပတ်သက်ပြီး မင်းခွင့်လွှတ်ရင် ငါတို့တွေ ပျော်ပျော်ပါးပါးနေလို့ရပါပြီ။"

သောမတ်စ် လက်လှမ်းပြီး ကောင်လေးကို လက်ဆွဲနုတ်ဆက်လိုက်တယ် သူကတော့ အလ်ဘီထက် ပိုအဆင်ပြေတယ်။ နျူ့ က အလ်ဘီ ထက်အရပ်လည်း ပိုရှည်တယ် ဒါပေမယ့် အသက် တစ်နှစ်ထက် ပိုငယ်ပုံရတယ်။ သူ့ဆံပင်က ရွှေရောင် ဖြစ်ပြီး အရှည်ညှပ်ထားတယ် ဆံပင်က သူ့တီရှပ်ပေါ် ကျနေတယ်။ သူ့လက်မောင်း ကြွက်သားတွေထဲမှာ သွေးကြောတွေ ပြိုင်းပြိုင်းထနေတယ်။

"အပေါက် ပိတ်လိုက်တော့ ဟေ့ကောင်" အလ်ဘီ ခပ်ပြတ်ပြတ်ပြောတယ် နျူ့ ကို သူ့ဘေးနား ဆွဲထိုင်ခိုင်းလိုက်တယ်။ "အနည်းဆုံးတော့ ငါ့စကားတွေ တစ်ချိုတစ်ဝက် သူနားလည်မှာ" ဟိုနားဒီနားကနေ ရယ်သံတွေ ထွက်လာတယ် အဲ့ဒီနောက်မှာ လူတိုင်းက အလ်ဘီ နဲ့ နျူ့ နောက်မှာ တိုးကြိတ် စုရပ်နေလိုက်ကြတယ် သူတို့ဘာပြောမလဲ စောင့်နားထောင်ဖို့။

အလ်ဘီက လက်ကိုဆန့်မြှောက်ပြီး "ဒီနေရာကို ဂလိတ်ဒ်လို့ ခေါ်တယ် ဟုတ်ပြီလား ဒါ ငါတို့နေတဲ့ နေရာ၊ ငါတို့ စားသောက်တဲ့နေရာ၊ ငါတို့ အိပ်စက်ရာနေရာ ငါတို့ကိုယ် ငါတို့ ဂလိတ်ဒ်သားတွေလို့ ခေါ်တယ်။ ဒါတွေအားလုံးက မင်း..."

"ငါ့ကိုဘယ်သူက ဒီကိုပို့လိုက်တာလဲ" သောမတ်စ် သိချင်ဇောနဲ့ မေးလိုက်တယ်။ နောက်ဆုံးတော့ ကြောက်စိတ်က ဒေါသအသွင်ပြောင်းလာတယ်။ " ဘယ်လိုများ..."

ဒါပေမယ့် အလ်ဘီရဲ့ လက်က ပြောလို့မဆုံးခင်မှာ ထွက်လာပြီး သောမတ်စ် ကို ရှပ်အင်္ကျီကနေ ဆွဲမလိုက်တာ ရှေ့ကို ကုန်းယိုင်သွားတယ်။ "ငါ့ကောင်ထစမ်းပါ" အလ်ဘီ က သူနဲ့အတူ သောမတ်စ်ကို ဆွဲထူလိုက်တယ်။

သောမတ်စ် နောက်ဆုံးမှာ မတ်တပ်ထရပ်လိုက်ပြီ ကြောက်လာပြန်တယ်။ သူ သစ်ပင်ကို ကျောခိုင်းပြီး နောက်ဆုတ်တယ် သူ့ရှေ့မှာ ရပ်နေတဲ့ အလ်ဘီ ဆီကထွက်ပြေးမလို့။

"စကားဖြတ်ပြောတာတော့မဟုတ်ဘူးကွာ ကောင်လေး" အလ်ဘီ အော်ပြောလိုက်တယ်။ " ဆန္ဒစောလွန်းသူကြီးရ ငါတို့သာ မင်းကို အကုန်ပြောပြလိုက်ရင် မင်းအဲ့နားတင် တစ်ထိုင်းတည်း လဲသေသွားမယ်။ အဲ့ဒီချိန်ကျရင်လည်း ငါတို့အတွက် ဘာမှလည်း အသုံးကျတော့မှာမဟုတ်တဲ့ မင်းကို တစ်နေရာမှာ သွားပစ်လိုက်မှာ ရှင်းလား"

"မင်း ဘာတွေပြောနေတာလဲ ငါနားမလည်ဘူး" သောမတ်စ် ဖြည်းဖြည်းချင်းပြောတယ် သူ့အသံက တည်ငြိမ်လွန်းလို့တောင် အံ့အားသင့်နေတယ်။

နျူ့ ကရှေ့တိုးလာပြီး အလ်ဘီ ပုခုံးကို ကိုင်လိုက်တယ် " အလ်ဘီ တော်ပြီ မင်းဟာက အကူညီမဖြစ်ပဲ ပိုဆိုးနေပြီဟ"

အလ်ဘီ သောမတ်စ်ရဲ့ ရှပ်အင်္ကျီကို လက်လွှတ်လိုက်ပြီး နောက်ဆုတ်သွားတယ် သူ့ရင်ဘတ်က အသက်ရှူရင်း နိမ့်ချည်မြင့်ချည်ဖြစ်နေတယ်။ "အချိန်ကောင်းတွေတော့ မရှိတော့ဘူး လူသစ်လေး ဘဝအဟောင်းက ပြီးသွားပြီ ဘဝအသစ် စပြီ။ စည်းမျည်းတွေကို မြန်မြန် သင်ယူ ၊နားထောင်၊ စကားသိပ်မများနဲ့ ငါပြောတာနားလည်ရဲ့လား"

သောမတ်စ်က နျူ့ ကို အကူညီရလိုရငြား ကြည့်လိုက်တယ်။ သူ့ကိုယ်တွင်းမှာရှိတဲ့ အရာရာက နာကျင်မှုနဲ့ အပြင်းအထန်လှုပ်ရှားနေတယ် ထွက်မလာတဲ့ မျက်ရည်တွေက သူ့မျက်လုံးထဲမှာပဲ လောင်ကျွမ်း သွားတယ်။

နျူ့က ခေါင်းညိတ်ပြလိုက်တယ်။ "ဂရီနီလေး ငါပြောတာ သဘောပေါက်တယ်မလား" နျူ့ နောက်တစ်ကြိမ် ခေါင်းထပ် ညိတ်ပြတယ်။

သောမတ်စ် တစ်ယောက်ယောက်ကို ဆွဲထိုးချင်လောက်အောင် ဒေါသဖြစ်နေတာ။ ဒါပေမယ့်လည်း "ဟုတ််ပြီ" လို့ရိုရိုးလေးပြောလိုက်တယ်။

"ကောင်းတယ်" အလ်ဘီ ကပြောတယ်။ " ပထမနေ့အတွက်တော့ ဒီလောက်ပဲ ငါ့ကောင် ညရောက်တော့မယ် အပြေးသမားတွေ မကြာခင် ပြန်လာတော့မယ်။ အဲ့ဒီ ဓာတ်လှေကားခန်းက ဒီနေ့ရောက်လာတာ နောက်ကျသွားလို့ အလည်ပတ်လိုက်ပြဖို့ အချိန်မရတော့တာ။ မနက်ဖြန်မနက် မိုးလင်းရင် လိုက်ပြတာပေါ့" သူ နျူ့ဘက်ကို လှည့်လိုက်တယ်။ "အိပ်ရာပြင်ပေးပြီး သူ့ကို အိပ်ခိုင်းလိုက်တော့"

"ကောင်းပြီ" နျူ့ ကပြောလိုက်တယ်။

အဲလ်ဘီရဲ့ မျက်လုံးတွေက သောမတ်စ်ဆီ အသေချာစိုက်ကြည့်တာမျိုးမဟုတ်ဘဲ ပြန်ကြည့်လိုက်တယ် "ရက်သတ္တပတ် နည်းနည်းကြာရင်တော့ မင်းပျော်လာမယ် ကူညီတတ်လာမယ်" ငါတို့ထဲက အကုန်လုံး ပထမနေ့မှာ မင်းလိုပဲ ဘာမှမသိဘူး။ မနက်ဖြန်တော့ ဘဝသစ်စပြီ"

အလ်ဘီ လူအုပ်ကို တိုးထွက်ပြီး ထောင့်နားက စောင်းနေတဲ့ အဆောက်အဦးဆီ ဦးတည်သွားတယ်။ ချာတိတ်တော်တော်များများက သောမတ်စ် ကို ကြာကြာလေးစိုက်ကြည့်ပြီးမှ ထွက်သွားကြတယ်။

သောမတ်စ် လက်ပိုက်လိုက်တယ် မျက်လုံးကို ပိတ်လိုက်တယ် အသက်ပြင်ပြင်းရှူလိုက်တယ်။ သူ့စိတ်ခန္ဓာအတွင်းပိုင်းမှာတော့ ဗလာနတ္တိပဲ အလျင်မြန်ပဲ ဝမ်းနည်းမှုကဝင်ရောက်လာပြီး သူ့ကိုနာကျင်စေတယ်။ အရမ်းကိုများနေပါပြီ သူဘယ်ရောက်နေရတာလဲ။ ဒါဘာနေရာလဲ။ ထောင်လိုမျိုးပဲလား။ ဒီလိုဆိုလည်း သူ့ကို ဘာလို့ဒီကို ပို့လိုက်ရတာလဲ ဘယ်လောက်ကြာကြာ ထားမှာလဲ။ ပြောစကားတွေကလည်း ဆန်းတယ် ဘယ်ကောင်လေးမဆို သေသေ ရှင်ရှင် ဂရုစိုက်ပုံမပေါ်ဘူး။ မျက်ရည်တွေက သူ့မျက်ဝန်းမှာ ဆို့တက်လာတယ် ဒါပေမယ့် မျက်ရည်မကျစေရဘူး။

"ငါဘာလုပ်ခဲ့တာလဲ" သူတီးတိုးပြောလိုက်တယ် သူ့နားကလူတွေ ကြားဖို့တော့ မဟုတ်ဘူး။ "ငါဘာလုပ်ခဲ့လို့လဲ ... ဘာလို့ငါ့ကို ဒီပို့လိုက်တာလဲ"

နျူ့က သူ့ပုခုံးကို ပုတ်လိုက်တယ် "လူသစ်လေး မင်းခံစားနေရတာတွေ အားလုံး ငါတို့ခံစားခံရဖူးတယ်။ အဲ့ဒီအခန်းက ပထမဆုံး ထွက်လာတဲ့နေ့က ခံစားရတာပဲ။ အဖြစ်ပျက်တွေက ဆိုးပါတယ် သိပ်မကြာပါဘူး မင်းအတွက် လည်း ပိုဆ်ိုးလာဦးမှာ ဒါအမှန်တရားပဲလေ တစ်စတစ်နဲ့တော့ မင်း မှန်မှန်နဲ့ ကောင်းကောင်း တွန်းလှန်နိုင်မှာပါ။ ငါပြောနိုင်တာ မင်းက ငပျော့လေးတော့ မဟုတ်ဘူးဆိုတာပဲ။

"ထောင်လား" သောမတ်စ် မေးလိုက်တယ် သူ့အတွေးက မှောင်မိုက်ပြီး သူ့အတိတ်က အက်ကြောင်းကို ရှာဖို့ကြိုးစားနေတယ်။

"မေးခွန်းတွေမေးတာ ပြီးပြီမလား" နျူ့က ပြန်ပြောလိုက်တယ်။ " ဘယ်လိုပဲဖြစ်ဖြစ်တော့ မင်းအတွက် အဖြေကောင်းက ရဦးမှာမဟုတ်ဘူး။ တိတ်တိတ်နေပြီး အပြောင်းလဲကို လက်ခံလိုက်တာ ကောင်းတယ် မနက်ဖြန်ဆိုတာရောက်လာမှာပဲ"

သောမတ်စ် က ဘာမှမပြောဘဲ ခေါင်းငုံ့ရင်း မြေပြင်က အက်ကြောင်းကို ငေးကြည့်နေတယ်။ ပေါင်းပင်တန်းလေးတွေက ကျောက်သားပြင်ရဲ့ အဆုံးတွေမှာ ပေါက်နေတယ် အဝါရောင်ပန်းလေးတွေက ဂလိတ်ဒ်ရဲ့ နံရံကြီးတွေနောက်မှာ ကွယ်ပျောက်သွားတာ ကြာပြီဖြစ်တဲ့ နေရောင်ရဖို့ ပြူတိုးပြီးထွက်နေကြတယ်။

"ချက်ခ် ကတော့ မင်းနဲ့အဆင်ပြေမှာပါ" နျူ့ က ပြောလိုက်တယ် "ငါတို့ ပြောစရာ လုပ်စရာတွေပြီးရင်တော့ အဲ့ဒီဝဝသေးသေး ထူထူအအလေးနဲ့ မင်းအဆင်ပြေမှာ ဒီမှာနေခဲ့ဦး ငါပြန်လာခဲ့မယ်"

နျူ့ ရုတ်တရက် သူ့စကားဆုံးတုန်းရှိသေး စူးစူးဝါးဝါး အော်သံပျံ့လွင့်လာတယ်။ အသံကစူးရှပြီး လူသံဖြစ်ရုံလေးပဲ ကျောက်သားဝန်းအတွင်း ပဲ့တင်ထပ်သွားတယ် ချာတိတ်တွေအကုန် အသံလာရာဘက်ကို ကြည့်လိုက်တယ်။ အသံက သစ်သားအဆောက်အဦးဆီက လာတာမှန်း သောမတ်စ် တစ်ယောက် သိလိုက်ပြီး သူ့သွေးတွေ ခဲမတတ်ဖြစ်သွားတယ်။

နျူ့ တောင် လန့်ဖျတ်ပြီး သူ့နဖူးက ပူပန်မှုနဲ့ တွန့်သွားတယ်။

"သေလိုက်ပါတော့ကွာ " သူပြောလိုက်တယ် "ငါမပါဘဲ သောက် ဆေးကုတဲ့ကောင်တွေ အဲ့ဒီချာတိတ်ကို ဆယ်မိနစ်လောက်မထိန်းထားနိုင်ဘူးလား" သူခေါင်းကို ရမ်းလိုက်ပြီး သောမတ်စ် ခြေထောက်ကို အသာလေးကန်လိုက်တယ်။ " ချက်ကီ ကိုရှာ မင်းအိပ်ဖို့ စီစဉ်ပေးဖို့ သူ့ကိုပြော" အဲ့ဒီနောက် သူ လှည့်ပြီး အဆောက်အဦးဆီ ပြေးထွက်သွားတယ်။

သောမတ်စ် သစ်ပင်ရဲ့ ကြမ်းတမ်းတဲ့ မျက်နှာပြင်ပေါ် နောက်တစ်ခေါက် ထိုင်ချလိုက်တယ် သူ့ကျောက သစ်ခေါက်ကိုမှီထားရင်း မျက်လုံးမှိတ်ထားလိုက်တယ် ဒီအိပ်မက်ဆိုးက အမြန်နိုးထပါစေလို့ သူဆုတောင်းရင်း...

ဆက်ရန်ရှိသေးသည်....


rate now:

1 Reviews
  • reader May Berry 08.11.2021, 09:13 5

    🤩🤩🤩🤩

    author ZENIX 08.11.2021, 09:16

    ☺️☺️☺️☺️