9
ထိုသူနှစ်ယောက်နှင့် စကားပြောနေခဲ့သည့် Draenei က သူတို့ဘက် ပြန်လှည့်လာသည်။
" သူတို့က မင်းတို့ရဲ့ မိသားစုတွေကို မင်းတို့ ဘေးကင်းကင်းနဲ့ လုံလုံခြုံခြုံရှိနေတဲ့အကြောင်း သတင်းသွားပို့လိမ့်မယ်။ မင်းတို့ မနက်ဖြန် အိမ်ပြန်လို့ရပါပြီ။ အခုတော့ ငါတို့ Draenei တွေရဲ့ ဧည့်ဝတ်ပြုခြင်းကို လက်ခံဖို့ ဖိတ်ကြားပါတယ်။ ငါ့နာမည်က Restalaan ပါ။ ငါက Telmor မြို့ရဲ့ အစောင့်အရှောက်ခေါင်းဆောင်ပါ။ Telmor မြို့ဆိုတာ မင်းတို့ အဖွဲ့တွေနဲ့ ကုန်သွယ်နေကြဖြစ်တဲ့ မြို့လေ။ မင်းတို့ နှစ်ယောက်စလုံးကို မမှတ်မိတာတော့ ငါ တောင်းပန်ပါတယ်။ ဒါပေမယ့် Orc ကလေးလေးတွေက ငါတို့လာရင် ငါတို့ကို သိပ် မယုံသင်္ကာဖြစ်ပြီး ကြောက်ကြသလိုပဲ "
Orgrim က ဆတ်ခနဲ ပြောသည်။
" ကျွန်တော်က ဘယ့်ကိုမှ ဘာကိုမှ မကြောက်တတ်ဘူး"
Restalaan က အနည်းငယ် ပြုံးလိုက်သည်။
"မင်းတို့ ဘီလူးကိုမြင်တော့ ထွက်ပြေးတယ်လေ"
Orgrim ၏ အညိုရောင်မျက်နှာမှာ နီရဲသွားပြီး သူ့မျက်လုံးများက ဒေါသဖြင့် တောက်ပလာသည်။ Durotan က ခေါင်းကို ဖြေးဖြေးချင်း ငုံ့လိုက်သည်။ သူစိုးရိမိနေသလိုပင်... Restalaan နှင့် အခြားသူများသည် သူတို့၏ အရှက်ရဖွယ် အဖြစ်အပျက်ကို မြင်သွားကြပြီ။ ယခု သူတို့ အလှောင်ခံရတော့မည်။
" အဲ့ဒါက .." Restalaan က သူ့စကားကြောင့် ထိုနှသ်ယောက် စိတ်ထဲ ဘာဖြစ်သွားသည်ကို မသိလိုက်သလိုပင် အေးဆေးစွာ ဆက်ပြောသည်။
"ပညာရှိတာပဲ။ တကယ်လို့ မင်းတို့သာ မပြေးခဲ့ဘူးဆိုရင် မနက်ဖြန် မင်းတို့အလောင်းတွေကိုပဲ အိမ်ပြန်ပို့နေရလိမ့်မယ်။ ဒီလို ကျန်းမာ သန်စွမ်းတဲ့ Orc နှစ်ယောက်မဟုတ်ဘဲနဲ့ပေါ့။ ကြောက်တတ်တာက ရှက်စရာ မဟုတ်ဘူး Durotan နဲ့ Orgrim ။ အကြောက်လွန်ပြီး မှန်တဲ့အရာကို မလုပ်နိုင်တာကမှသာ ရှက်ဖို့ကောင်းတာ။ မင်းတို့ အဖြစ်မှာဆိုရင်တော့ ထွက်ပြေးတာက တကယ့်ကို မှန်ကန်တဲ့လုပ်ရပ်ပါပဲ"
Durotan က အထွန့်တက်လိုက်သည်။ " တစ်နေ့ကျရင် ကျွန်တော်တို့ ပိုအားရှိလာပြီး ပိုအကောင်ကြီးလာတော့မှာ။ အဲ့ဒီ့အချိန်ရောက်ရင် ဘီလူးတွေက ကျွန်တော်တို့ကို ပြန်ကြောက်ရမှာပဲ"
Restalaan က သူ့ဘက်ကို ညင်သာစွာ လှည့်ကြည့်သည်။ သူ ခေါင်းညိတ်လိုက်တာ မြင်ရသဖြင့် Durotan အံ့သြသွားလေသည်။
" ငါလုံးဝ သဘောတူပါတယ် " သူကပြောသည်။
"Orc တွေက တကယ်တော်တဲ့ မုဆိုးတွေပါ"
Orgrim က မျက်မှောင်ကြုတ်လိုက်ပြီး ထိုသူ ရွဲ့ပြောနေတာလားဟု အကဲခတ်လိုက်သည်။ သို့သော် သူ အတည်ပြောနေခြင်းဖြစ်သည်။
"လာကြ" Restalaan က ပြောလိုက်သည်။
"ညဘက်ဆို Terokkar တောအုပ်ထဲမှာ Telmor အစောင့်တွေတောင် ရင်မဆိုင်ချင်တဲ့ အန္တရာယ်တွေ ရှိတယ်။ သွားကြရအောင်"
အလွန်တရာ ပင်ပန်းနေသော်လည်း တစ်နေ့ထဲ နှစ်ခါ အရှက်ကွဲမခံလိုသောကြောင့် Durotan သည် ခပ်မှန်မှန်လေး ပြေးနိုင်သည့် အားများ ရှိလာလေသည်။ သူတို့ခဏမျှ ဆက်သွားကြပြီး နေလုံးကြီးမှာ မိုးကုပ်စက်ဝိုင်းအောက်သို့ ကြက်သွေးရောင် ရွှေရောင်များ ထုတ်လွှတ်ကာ နောက်ဆုံးတွင် ခရမ်းရောင်အဖြစ် စုံးစုံးဝင်သွားလေသည်။ ထို ထူးဆန်းသည့် သက်ရှိများကို ပထမဆုံးအနီးကပ်မြင်ရသည်မှာ ထူးဆန်းလွန်းသောကြောင့် Durotan မနေနိုင်ဘဲ ခဏခဏ စိုက်ကြည့်နေမိသည်။ ရိုင်းသလိုဖြစ်မှာလည်း စိုးရိမ်ရသေးသည်။ မြို့ထဲကို ဘယ်တော့ရောက်မလဲ ဟု သူစောင့်ကြည့်နေသည်။ မရေတွက်နိုင်သော လူအများအပြား လမ်းလျှောက်နေကြမည့် လမ်းမ၊ လမ်းပြပေးမည့် မီးတိုင်များ၊ ညဘက်ကောင်းကင်တွင် ထိုးထိုးထောင်ထောင် အရိပ်ထွက်နေမည့် အဆောက်အအုံများ စသည်ဖြင့် မြို့ပြ၏ အရိပ်အယောင်ကို သူရှာဖွေနေသော်လည်း ဘာတစ်ခုမျှ မမြင်ရပေ။
သူတို့ ဆက်သွားနေစဥ် သူ ရုတ်တရက် ကြောက်ရွံမှုကို ခံစားလိုက်ရလေသည်။
တကယ်လို့ Draenei တွေက သူနဲ့ Orgrim ကို စောင့်ရှောက်ပေးဖို့ မဟုတ်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ? တကယ်လို့ သူတို့ကို ဖမ်းထားပြီး ပြန်ပေးဆွဲဖို့ ခေါ်လာတာဆိုရင် ဘယ်လိုလုပ်မလဲ? ဒါမှမဟုတ် ဒီ့ထက်ဆိုးတာတွေ လုပ်မှာ ဆိုရင်ရော?? အမှောင် နတ်ဆိုးတွေကို ယဇ်ပူဇော်ဖို့ ခေါ်လာတာဆိုရင် ဘယ်...
"ကဲ... ရောက်ပြီ " Restalaan ကပြောလိုက်သည်။ သူက မြေကြီးပေါ်သို့ ဒူးထောက်လိုက်ပြီး သစ်ရွက်အချို့နှင့် ထင်းရှုးရွက်များကို ဖယ်နေသည်။ Durotan နှင့် Orgrim က စိတ်ရှုပ်ထွေးစွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့အကုန်လုံး တောအုပ်အလည်ထဲမှာပဲ ရှိသေးသည်မဟုတ်လော။ မြို့လည်းမရှိ၊ လမ်းလည်းမရှိ၊ ဘာဆို ဘာမှ မရှိ။ Orc လေးနှစ်ယောက်က ပူးကပ်လိုက်ကြသည်။ ထိုလူက မတန်တဆ အင်အားများနေသော်လည်း သူတို့ ဒီတိုင်း မတိုက်ခိုက်ဘဲ အရှုံးပေးလိမ့်မည် မဟုတ်ပါ။
ထင်းရှုးရွက်များ ပြန့်ကျဲနေသောနေရာတွင် ဒူးထောက်နေရင်းပင် Restalaan က လှပသည့် အစိမ်းရောင် ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။ ၎င်းကို တောအုပ်အတွင်း မြင်နေကျ အမှိုက်သရိုက်များထဲတွင် ဖုံးကွယ်ထားခြင်းဖြစ်၏။ ထိုကျောက်တုံး၏ လှပမှုကို သဘောကျလွန်း၍ Durotan ငေးကြည့်နေမိသည်။ ကျောက်တုံးသည် သူ့လက်တစ်ဆုပ်စာခန့်ရှိမည်ဖြစ်ပြီး ကိုင်ကြည့်ကာ ၎င်း၏ ချောမွတ်မှုကို ထိတွေ့ကြည့်ရန် ရွစိရွစိဖြစ်နေသည်။ ထိုကျောက်တုံးသည် သူတစ်ခါမှ မမြင်ဖူး မတွေ့ဖူးသော အရာတစ်ခုခုကို ထုတ်ပေးတော့မည်ဆိုခြင်းကို သူသိနေသည်။ Restalaan က ဂါထာလို အရာတစ်ခုကို ရွတ်လိုက်ရာ ထိုစကားလုံးများသည် Durotan ခေါင်းထဲတွင် သံမှိုဆွဲလိုက်သလို မြဲမြံစွာ မှတ်မိနေလေတော့သည်။
"Kehla men samir, solay amaa khal "
တောအုပ်တစ်ခုလုံးသည် ကျောက်ခဲတစ်လုံးကို ပစ်ထည့်လိုက်သော ရေပြင်၏ မျက်နှာပြင်ကဲ့သို့ တလက်လက်တောက်ပစပြုလာသည်။ သူကိုယ်တိုင်ပင် သတိမထားမိဘဲ Durotan ပင့်သက်ရှိုက်လိုက်မိသည်။ တောက်ပခြင်းများ ပိုမိုတိုးလာပြီးနောက်တွင် ရုတ်တရက် တောအုပ်ရော သစ်ပင်များပါ ပျောက်ကွယ်သွားသည်။ Durotan တစ်ခါမှ စိတ်ကူးထဲတွင်ပင် မမြင်ဖူးသည့် ပုံရိပ်များပါရှိသော တောင်တန်းများ၏ ဘေးရှိ နေရာတစ်နေရာသို့ ဦးတည်နေသော ကြီးမားကျယ်ပြန့်စွာ ခင်းထားသည့် လမ်းမကြီးသာလျှင် ရှိနေတော့သည်။
"ငါတို့က ဘီလူးတိုင်းပြည်ရဲ့ အလယ်တည့်တည့်ကို ရောက်နေတာ ။ ဒီမြို့ကြီးစတည်တုန်းကတော့ ဒီလိုမျိုး မဟုတ်ခဲ့ပေမယ့် "
Restalaan က တက်ကြွစွာပြောသည်။
"ဘီလူးတွေ ငါတို့ကိုမမြင်ရရင် တိုက်ခိုက်လို့လည်း မရတော့ဘူးပေါ့ "
Durotan စကားပြောဖို့ အတော်အားယူလိုက်ရသည်။
" ဒါပေမယ့်..... ဘယ်လိုလုပ်ပြီး"
" ရိုရိုး အမြင်အာရုံလှည့်စားမှုလေးပါပဲ ဘာမှ မပါဘူး။ အလင်းရောင်ကိုသုံးထားတာ "
သူပြောလိုက်သည့် စကားထဲတွင် Durotan ကို ကြက်သီးထစေသော အရာတစ်ခုခုပါနေလေသည်။
သူ စိတ်ရှုပ်သွားပုံကို တွေ့လိုက်ရတဲ့ Restalaan က ဆက်ပြောသည်။
"ကိုယ့်မျက်စိက မြင်တာကို အမြဲယုံလို့မရဘူး။ ငါတို့က ငါတို့ မြင်တာကို အမြဲတမ်း အမှန်တရားလို့ ထင်ကြတယ်လေ။ အလင်းရောင်က အမြဲ အမှန်ကို အမှန်အတိုင်း ပြတယ်လို့ ယုံကြည်ကြတယ်။ ဒါပေမယ့် အလင်းအမှောင်ဆိုတာတွေကို နားလည်တဲ့သူတွေက လှည့်ဖျား ချုပ်ကိုင်လို့ရတယ်။ ခုနက ဂါထာကိုရွတ်ပြီး ကျောက်တုံးကို ကိုင်လိုက်တဲ့အချိန်မှာ အလင်းရောင်က ကျောက်တုံးတွေ သစ်ပင်တွေ ရှုခင်းတွေ ပေါ်ကို ကျတဲ့ပုံစံကို ငါ ပြောင်းလဲလိုက်တာ။ အဲ့ဒါကြောင့် မင်းတို့ မျက်လုံးတွေက ခုနက လုံးဝ မရှိခဲ့ဘူးလို့ မင်းတို့ ထင်နေတဲ့အရာတွေကို အခုမှ မြင်ရတော့တာပဲ "
သူ ကြောင်တောင်တောင်နှင့် ဆက်ကြည့်နေမိဆဲ ဖြစ်ကြောင်း Durotan သိပါသည်။ Restalaan က အနည်းငယ် ရယ်လိုက်သည်။
" လာကြ ငါ့ မိတ်ဆွေအသစ်လေးတွေရေ ၊ မင်းတို့ လူမျိုးတွေ တစ်ခါမှ ခြေမချဖူးတဲ့နေရာကို လာကြ။ ငါနေတဲ့မြို့ရဲ့ လမ်းတွေပေါ်လျှောက်ကြည့်ကြ "
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl