book

Index 6

6

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

Tauren သို့ ပထမဆုံး ဝင်ရောက်လာသည့်နေ့ကို ကျွန်ုပ် မှတ်မိနေသေးသည်။ Cairne Bloodhoof ၏ နက်နဲသောအသံနှင့် တည်ငြိမ်သော မျက်နှာကိုလည်း မှတ်မိသေးသည်။ ရုတ်ချည်းပင် ပြိုကျတော့မည်ဟု ထင်ရသော ရွက်ဖျင်တဲထဲတွင် ထိုင်နေရသော်လည်း ထူးဆန်းစွာပင် ကိုယ့်အိမ်ကိုယ့်ယာ ရောက်နေသလို ခံစားခဲ့ရသည်ကို မှတ်မိသေးသည်။

ကျွန်တော်တို့ ဆေးများ ရှူကြသည်။ အစားအသောက်များကို မျှဝေစားသုံးကြသည်။ အသွေးအသားထဲမှ ဗုံသံများကို ခံစားကြကာ စကားစမြည်ပြောဆိုကြသည်။ Tauren တို့ကို အစတွင် ရက်စက်ကြမ်းကြုတ်သည်ဟု ကျွန်တော် ထင်ခဲ့မိသော်လည်း နောက်ပိုင်းတွင်မူ ပညာဉာဏ်ရော ဟာသဉာဏ်ပါ ရှိကြောင်း သိရှိခဲ့ရသည်။ ပထမဆုံး ဆွေးနွေးပွဲအား ကျင်းပပြီးနောက်တွင်မူ Ores များသည် ဤ တုံးတုံးအအ သတ္တဝါများနှင့် ရှားပါးသော မဟာမိတ်ရှိကြောင်း ကျွန်တော် သိလိုက်ရသည်။ 


ကျွန်တော်တို့ စကားပြောနေစဥ်ပင် ညအမှောင် ရောက်ရှိလာသည်။ လှပသာယာသော မြေပြင်အား လိုက်လျောညီထွေစွာ ဖြည့်စွက်ပေးသည့် နူးညံ့သော ညအမှောင်ပင်ဖြစ်သည်။ ကျွန်တော်တို့ ရွက်ဖျင်တဲထဲမှ ထွက်ကာ မရေမတွက်နိုင်အောင် များပြားလှသော ကြယ်များကို ငေးမောကြသည်။ လေပြေလေညင်း နုနုကလေးများက ကျွန်တော်တို့ မျက်နှာများကို ထွေးပွေးထားသည်။ ကျွန်တော် Drek'Thar ဘက်သို့ အကြံဉာဏ်တောင်းရန် လှည့်လိုက်သည်။ အံ့သြဖို့ကောင်းလှစွာ သူ့မျက်နှာပေါ်တွင် မျက်ရည်များကို ကျွန်တော် တွေ့လိုက်ရသည်။ လရောင်အောက်တွင် သူ့မျက်ရည်များက 

တဖျတ်ဖျတ်လက်နေလေသည်။ 


"ငါတို့ အရင်က ဒီလိုမျိုးနေခဲ့ကြတာ..."


သူက အက်ကွဲနေသော အသံဖြင့် ပြောလေသည်။ သူ့လက်မောင်းများကို မြှောက်ကာ ခေါင်းကို ငဲ့စောင်းလိုက်သည်။ လေများအား သူ့မျက်နှာကို ဖြတ်တိုက်စေကာ သူ၏ သန်မာသော အစိမ်းရောင်မျက်နှာပေါ်ရှိ မျက်ရည်များကို ခြောက်သွေ့စေလိုက်သည်။ 


"ကမ္ဘာမြေကြီးနဲ့ နီးစပ်ပြီး၊ နတ်ဝိဉာဥ်တွေနဲ့ နီးစပ်တဲ့နေရာ၊ အမဲလိုက်လို့ ကောင်းပြီးတော့ ကလေးသူငယ်တွေကို ကြင်နာတတ်တဲ့နေရာ၊  ကိုယ့်နေရာ ကိုယ်သိတဲ့ မှန်ကန်ပြီးတော့ တရားမျှတမှုရှိတဲ့နေရာ၊ ပေးဆပ်ခြင်းနဲ့ ရယူခြင်းတို့ရဲ့ ညီမျှခြင်းကို နားလည်တယ်။ Tauren တို့ ကျင့်သုံးတဲ့ တစ်ခုတည်းသော မှော်ပညာဆိုတာ ကမ္ဘာမြေကြီးရဲ့ ကောင်းမွန် သန့်စင်တဲ့ စွမ်းအားပဲ၊ ကမ္ဘာမြေကြီးကလည်း ဒါကို တုံ့ပြန်တယ်၊ Draenor က ငါတို့ရဲ့ ဆက်နွယ်မှုကို တုံ့ပြန်သလိုပဲ ။ "


Tauren တို့က သူတို့၏ ရန်သူဖြစ်သော မသတီရွံရှာဖွယ်ရာ ညစ်ညမ်းသော ဆန်တော်များအား တိုက်ခိုက်ရန်အတွက် စစ်ကူတောင်းခြင်းကို ကျွန်တော် တွေးလိုက်သည်။ 


" အင်း.. ကျွန်တော် နားလည်ပါတယ်။ သူတို့ကို ကူညီဖို့တတ်နိုင်တာ ကောင်းပါလိမ့်မယ် " 


ကျွန်တော်ပြောလိုက်သည်။ Drek'Thar က ရယ်လိုက်သည်။ သူ၏ ကန်းနေသော မျက်လုံးများဖြင့် ကျွန်တော့်ကို လှည့်ကြည့်လိုက်သည်။ သို့သော် မျက်လုံးအမြင်ရှိသည့် မည်သူ့ထက်မဆို ကျွန်တော့်အား ပိုမိုတွေ့မြင်နိုင်သယောင် ရှိလေသည်။


" အို... ငါ့ရဲ့ Thrall ငယ်လေးရယ်.." သူက တခစ်ခစ်ရယ်ကာ ပြောသည်။ 


" မင်း နားမလည်သေးပါဘူး...သူတို့က ငါတို့ကိုကူညီမှာ "


Durotan က သူ့ခြေထောက်များ တတ်စွမ်းနိုင်သလောက် မြန်နိုင်သမျှ မြန်မြန်ပြေးနေ၏။ သူ အသက်ရှူသံတွေ မြန်လာတာ ဟောဟဲလိုက်လာပြီး ချွေးများက သူ့နီညိုရောင် အသားအရေပေါ်တွင် တစက်စက် ကျနေလေသည်။ အချိန်မှာ နွေရာသီဖြစ်ပြီး သူ၏ ကြီးမားပြန့်ပြူးသော ခြေထောက်များမှာ ခြေဗလာနှင့်ဖြစ်သည်။ သူ့ခြေထောက်အောင်ရှိ မြက်ခင်းပြင်မှာ နင်းလိုက်တိုင်း နူးညံ့နေသည်။ တစ်ခါတစ်ရံတွင်မူ Dassan ပန်းပင်၏ ခရမ်းရောင် တောက်တောက် ပန်းများကို တက်နင်းမိသည်။ ရိုးရာဓလေ့အရ ရောဂါများ ကုသရန် စိုက်ထားခြင်းဖြစ်သည့် ထိုအပင်မှ လာသော ရနံ့များက ကောင်းချီးပေးသလို လေထဲ၌ လွင့်ပါလာရာ သူ့အား ပိုမြန်မြန် ပိုဝေးဝေး ပြေးနိုင်ရန် အားပေးနေသကဲ့သို့ပင်။ 


ယခု သူသည် Terokkar တောအုပ်၏ အစွန်အဖျားကို ရောက်ရှိနေပြီဖြစ်သည်။ ၎င်း၏ မီးခိုးဖက်သော အစိမ်းရောင် နက်ရှိုင်းမှုကြားထဲ ပိုမိုတိုးဝင်လျက် ရှိသည်။ Elegant အပင်၏ ရှုပ်ထွေးသော အမြစ်များပေါ်တွင် ချော်လဲကျပြီး တည်ငြိမ်နေသော အရှိန် ပျက်ကာ နှေးသွားမည်ကို စိုးရိမ်သောကြောင့် သူသတိထားရသည်။ တောအုပ်၏ အချက်အချာတွင်မူ အလင်းရောင် ဖျော့ဖျော့လေးက တောက်ပနေသည်။ ထိုနေရာမှ ထုတ်လွတ်သည့် တည်ငြိမ်မှု တစ်မျိုးက Durotan ၏ အနိုင်ယူချင်စိတ်ကို ပိုမို တွန်းအားပေးနေလေသည်။ Durotan က သူ့ အရှိန်ကို ပိုမြှင့်တင်လိုက်သည်။ လဲကျနေကာ ရေညှိများတက်နေသော သစ်ပင် ပင်စည်များကို ခုန်ပေါက်ကျော်လွှားလျက်၊ သစ်ကိုင်း နိမ့်နိမ့်များအား talbuck တစ်ကောင်လို ငုံ့ရှောင်လျက် ပြေးလွှားနေသည်။ ခါးထိဝေ့ဝဲကျနေသော ထူထဲသည့် အမည်းရောင် ဆံပင်ရှည်များက သူ့နောက်တွင် လွင့်နေသည်။ သူ့ အဆုတ်များ လောင်ကျွမ်းနေသလို ခံစားရပြီး ခြေထောက်များကမူ ရပ်တန့်ပေးပါရန် အော်ဟစ်နေကြသော်လည်း သူကမူ အံကြိတ်ကာ ခန္ဓာကိုယ်မှ တောင်းပန်သံများကို လျစ်လျှူရှုလိုက်လေသည်။ သူသည် Frostwolf တစ်ယောက်ဖြစ်သည် ၊ မျိုးနွယ်စု အကြီးအကဲ အမွေဆက်ခံသူ ဖြစ်သည်။ ပြီးတော့ ဘယ် Blackrock တစ်ယောက်ကမှ သူ့အား ........


သူ့နောက်မှ စစ်ဖြစ်နေသည့် အော်သံလို အသံမျိုး နီးကပ်လာသည်ကို Durotan ကြားလိုက်ရပြီး သူ့စိတ်များ လေးလံသွားလေတော့သည်။ Orgrim အသံသည် Durotan အသံလိုပင် အရွယ်ရောက်ပြီးသူတစ်ယောက်၏ အသံကဲ့သို့ မဖြစ်သေးသော်လည်း တော်တော်အထင်ကြီးလောက်စရာ ဖြစ်နေ​​ပြီဖြစ်ကြောင်း Durotan ပင် ဝန်ခံရပေမည်။ သူက သူ့ခြေထောက်များကို ဒီ့ထက်ပိုပြီး ပိုမြန်မြန်သွားအောင် အားထုတ်လိုက်သည်။ သို့သော် ခြေထောက်များမှာ ကျောက်တုံးနှင့် လုပ်ထားသလို လေးလံထိုင်းမှိုင်းကာ မရွေ့လျားချင် ဖြစ်နေသည်။  သူ့မျက်စိထောင့်မှနေ Orgrim တစ်ယောက် သူ့ဘက်အခြမ်းထဲ ဝင်လာသည်ကို တုန်လှုပ်ခြောက်ခြားသွား မြင်တွေ့လိုက်ရပြီး နောက်ဆုံးအားများ စိုက်ထုတ်ကာ သူ့ကို ကျော်တက်သွားသည်ကို မြင်လိုက််ရသည်။ 


ထို Blackrock Orc က လက်မောင်းများကို ဆန့်တန်းကာ ရှေ့သို့ ပစ်ထိုးလိုက်ကာ သစ်ပင် ပင်စည်ကို ထိလိုက်သည်။ သူတို့ သတ်မှတ်ထားသော ပြိုင်ပွဲ၏ ပန်းတိုင်ကို Durotan မရောက်ခင် သူ အရင်ရောက်သွားသည်မှာ ရှင်းလင်းသွားသည်။ Orgrim က အရှိန်ဖြင့် ရှေ့သို့ဆက်သွားသည်။ အစွမ်းထက်လှသည့် သူ့ခြေထောက်များက တစ်ခါ ပြေးလိုက်သည်နှင့် ရပ်ဖို့ ခက်ခဲသယောင်ရှိသည်။ Durotan ၏ ခြေထောက်များကတော့ ထိုကဲ့သို့ ပြဿနာ မရှိပါချေ။ Frostwolf အဖွဲ့၏ အမွေဆက်ခံသူဖြစ်သော သူကတော့ မြေပြင်ပေါ်ကို တစ်ခါတည်း လှဲချလိုက်ကာ အသက်ကို မနည်း လုရှူနေရတော့သည်။ အေးစက်ကာ ရေညှိနံ့သင်းနေသော မြေပြင်ပေါ်သို့ မျက်နှာကို မှောက်ချလိုက်ကာ လေကို ရှူသွင်းဖို့ ကြိုးပမ်းနေရလေသည်။ 


သူ ထထိုင်ရမည်ကို သေချာပေါက်သိသော်လည်း၊ Orgrim ကို နောက်တစ်ခါ ထပ်စိန်ခေါ်ရမည်ကို သိသော်လည်း ယခုမူ ပင်ပန်းလွန်းသောကြောင့်တောအုပ်၏ မြေပြင်ပေါ်တွင်သာ လှဲချပြီး အမောဖြေနေခြင်းမှအပ ဘာကိုမှ မလုပ်နိုင်သေး။


သူ့ဘေးတွင် Orgrim လည်း သူ့လို အမောဖြေနေသည်ကို ကြားရသည်။ Orgrim က သူ့ကျောကို လှိမ့်ကာ ပက်လက်လှန်လိုက်ပြီး ရယ်လိုက်သောအခါ Durotan လည်း တူတူ လိုက်ရယ်မိသည်။ Orcs အငယ်လေးနှစ်ယောက်ထံမှ ထုတ်လွှင့်နေသော ရယ်သံမောသံများကြောင့် Terokkar တောအုပ်အတွင်းရှိ ကျေးငှက်ကလေးများနှင့် တိရစ္ဆာန်အငယ်လေးများပင် တိတ်ဆိတ်သွားသယောင်ရှိသည်ဟု Durotan က ပုံစံအတည်တကျ မပေါ်သေးသည့် အစွယ်များကြားမှ ပြုံးရယ်နေရင်း တွေးလိုက်မိသည်။ အမဲလိုက်ခြင်း မစတင်ခင် အသံပေးသည့် အော်ဟစ်သံများလို၊ စစ်ပွဲဖြစ်လျှင်အော်ဟစ်ကြသော အသံများလို ခပ်ဆင်ဆင်ဖြစ်သည်။  


" ဟားး " Orgrim က အော်ညည်းသည်။ ထထိုင်လိုက်ကာ Durotan ကို လက်သီးဖြင့် စနောက်ကာ ထိုးလိုက်သည်။


" မင်းလို မြီးကောင်ပေါက်လေးကို အနိုင်ယူရတာ အား သိပ်သုံးစရာတောင်မလိုဘူး Durotan "


" မင်းက ကြွက်သားတွေများလွန်းလို့ ဦးနှောက်က သိပ်မပြည့်ဘူး " Durotan က ပြန်ပက်လိုက်သည်။ 


"နှလုံးရည်ကလည်း လက်ရုံးရည်လောက် အရေးကြီးတာပဲကွ။ ဒါပေမယ့် Blackrock အဖွဲ့ကဆိုတော့ ဒါမျိုးတွေ မသိလောက်ပါဘူးလေ "


သူတို့ ကျီစယ်ပြောဆိုနေကြသည့် စကားများတွက် အငြိုးအတေး မပါပါချေ။ သူတို့နှစ်ယောက် မိတ်ဆွေဖွဲ့လိုသည့် ကိစ္စကြောင့် ပထမတွင် အဖွဲ့နှစ်ဖွဲ့စလုံး ပြဿနာတက်ခဲ့သော်လည်း Durotan ၏ "အရင်တုန်းက တစ်ခါမှ မဖြစ်ဖူးတာနဲ့ပဲ လုံးဝ မဖြစ်နိုင်တော့ဘူး ဆိုတာ အဓိပ္ပါယ်မရှိ " ဟူသော ခေါင်းမာစွာ ငြင်းခုံမှုကြောင့် အဖွဲ့နှစ်ဖွဲ့စလုံး၏ ခေါင်းဆောင်များက သဘောကျကာ အထင်ကြီးသွားကြလေသည်။ Blackrock နှင့် Frostwolf အဖွဲ့နှစ်ဖွဲ့လုံးသည် ညီမျှသော စိတ်ရှိကြခြင်းကလည်း အထောက်အကူ တစ်ခု ဖြစ်ခဲ့သည်။ ဥပမာအကယ်၍များ Durotan ကသာ Warsong အဖွဲ့ဝင် သို့မဟုတ် Bonechewer အဖွဲ့ဝင် တစ်ယောက်ယောက်နှင့်များ ဤသို့ မိတ်ဆွေဖွဲ့လိုခဲ့ပါက ထိုအဖွဲ့များ၏ မာန်မာန ပြင်းထန်မှုနှင့် သူတစ်ပါးအား အယုံအကြည်မရှိမှုကြောင့် ထိုမိတ်ဆွေမှာလည်း တစ်ခဏအတွင်း ပျက်ပြယ်သွားမည်ပင် ဖြစ်သည်။ ထို့ကြောင့် လူကြီးများက စောင့်ကြည့်ခဲ့ကြသည်။ အသစ်အဆန်းဖြစ်မှုများ ပျောက်ကွယ်သွား၍ နှစ်ယောက်စလုံး နေရာမှန် ပြန်ရောက်ကာ ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ကြသည်အထိ စောင့်ကြည့်ကြသည်အထိ အကြာကြီး သူတို့ကို စောင့်ကြည့်ကြလေ၏။


သူတို့ စိတ်ပျက်ခဲ့ကြသည်။


ဆောင်းနှောင်းရာသီ၏ အအေးဓာတ်တို့ ပျက်ပြယ်ကာ နွေဦးရာသီရောက်ခဲ့ပြီး အခုဆိုလျှင် နွေရာသီ လုံးလုံးရောက်ပြီ ဖြစ်၍ နွေးထွေးနေပြီဖြစ်သော်လည်း သူတို့ ခင်မင်ရင်းနှီးကြမြဲပင်။ သူတို့ကို စောင့်ကြည့်နေကြမှန်း Durotan သိသော်လည်း ဘယ်သူကမျှ အတင်း ဝင်ရောက်မစွက်ဖက်သေးသ၍တော့ သူလည်း ကန့်ကွက်စရာ မရှိပါချေ။ 

 

Durotan က မျက်လုံးအစုံကို မှိတ်ကာ သူ့လက်များကို ရေညှိများပေါ်တွင် ဖြန့်ကျက်လိုက်လေသည်။ အရာအားလုံးတွင် ကိုယ်ပိုင် အသိစိတ်နှင့် စွမ်းအင်များ ရှိကြောင်း နတ်ဆရာက ပြောဖူးသည်။ သူတို့က အရာဝတ္ထုတို့၏ စိတ်ဝိဉာဥ်များနှင့် နက်နက်ရှိုင်းရှိုင်း ပက်သတ်ကြသည်။ ပထဝီ တေဇော အာဘော ဝါယော ဓာတ်ကြီးလေးပါး နှင့် လေထု၏ နတ်အစောင့်အရှောက်များ .... ။ ထို့အပြင် သူတို့သည် ကမ္ဘာပေါ်ရှိ အရာအားလုံး၏ စိတ်ဝိဉာဥ်ကို ခံစားနိုင်ကြောင်း ကြေငြာခဲ့သည်။ ကျောက်တုံးကြီးတစ်လုံးတွင်ပင် စိတ်ဝိဉာဥ်ရှိကြောင်း ပြောကြားခဲ့သည်။ သို့သော် Durotan ကတော့ အေးမြသော ရေညှိ၏ အတန်ငယ် စိုစွတ်မှုနှင့် သူ့ လက်များအောက်ရှိ မြေမြင်၏ အထိအတွေ့ကိုသာ ခံစားရလေသည်။


ထိုစဥ် မြေကြီးတစ်ခုလုံး ဝုန်းခနဲ ခိုက်ခိုက်တုန်သွားပြီး Durotan မျက်လုံးများ ဆတ်ခနဲ ပွင့်လာလေ၏။


rate now:

1 Reviews
  • reader Hsu Yamin Myat 10.11.2019, 17:33 5

    Kyite dl

    reply