book

Index 4

4

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

4

ကျွန်ုပ် အမည်မှာ Thrall ဖြစ်သည်။ လူ့ဘာသာစကားနှင့်ဆိုလျှင်တော့ "ကျွန်" ဟု အဓိပ္ပါယ်ရသည်။ ဤအမည်၏ နောက်ကြောင်းမှာ ရှည်လွန်း၍ သက်သက်ပြောယူရပေမည်။

ကျွန်ုပ်သည် သွေးကြောထဲတွင် စီးဆင်းနေသော ဘေးဘိုးများ၏ စိတ်ဝိဉာဉ်နှင့် အာဇာနည်သွေးတို့ကြောင့် ကျွန်ုပ်တို့ Orcs လူမျိုးစု၏ စစ်အကြီးအကဲနှင့် Horde ဟု ခေါ်သော မျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ထိုသို့ဖြစ်လာရခြင်း၏ နောက်ကြောင်းမှာလည်း ရှည်လှပြန်သည်။ ဂုဏ်သရေရှိလှသော ဘိုးဘေးများအကြောင်းမတိုင်ခင်

ကျွန်ုပ် ယခုပြောလိုသော အကြောင်းမှာ ကျွန်ုပ်၏ ဖခင်နှင့် သူ့ကို ယုံကြည်အားကိုးခဲ့ကြသူများအပါအဝင် သစ္စာဖောက်ခဲ့ကြသူများနှင့် ကျွန်ုပ်တို့၏ 

လူမျိုးအကြောင်းပင်။


ကျွန်ုပ်တို့မျိုးဆက်များသည် သည်အဖြစ်အပျက်များအား သေချာ မသိလှချေ။ ပညာရှိသည်ဆိုသော နတ်ဆရာ Drek'Thar ပင်လျှင် မပြောပြနိုင်။ 

ကံကြမ္မာသည် များပြားပြီး ကွဲပြား ရှုပ်ထွေးလှသဖြင့် စိတ်ပုံမှန်ရှိသော မည်သူမဆို "အကယ်၍များ..." ဟု ဆိုကာ ရာရာစစ သံသယ မဝင်သင့်ပေ။

ဖြစ်ပြီးခဲ့သမျှသည် ပြီးပြီသာဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ရွေးချယ်ခဲ့သော အရာမှန်သမျှကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တာဝန်ယူရဲရမည်။


ဤဇာတ်လမ်းသည် orc များ၊ tauren များ၊ forsaken များ၊ ဘီလူးများနှင့် သွေးမှင်စာများပါ ရောပြွမ်းနေသည့် မျက်မှောက်ခေတ် လျော့တိလျော့ရဲ Horde မျိုးနွယ်စု အကြောင်း မဟုတ်ပေ။ Horde ဆိုသည့် မျိုးနွယ် ဦးဆုံး ပေါ်ထွန်းလာစဉ်က ဇာတ်လမ်း ဖြစ်သည်။ Horde မျိုးနွယ်သည် အခြားကလေးများ မွေးသလိုပင် သွေးနှင့် နာကျင်မှုများ အပြည့်ဖြင့်

မွေးဖွားခဲ့ခြင်းဖြစ်သည်။ Horde ၏ ငိုသံစူးစူးမှာ ၎င်း၏ ရန်သူများအတွက် သေမင်းဖြစ်ခဲ့သည်။


ဇာတ်လမ်းမှာ ကြမ်းတမ်းခက်ထန်သလောက် နိဒါန်းမှာမူ တောင်ကုန်းတောင်တန်းများ အကြားရှိ စိမ်းလန်းစိုပြေသည့် Draenor ဟုခေါ်သော နေရာတွင် အတော်လေး ငြိမ်းချမ်းစွာ စတင်ခဲ့လေသည်......။


နှလုံးခုန်သံလို  စည်းချက်ညီသည့် ဗုံသံက orc အငယ်လေးများအား ချော့သိပ်နေလေသည်။ သို့သော် Frostwolf အဖွဲ့၏ Durotan ကတော့ နိုးကြားနေလေ၏။ ညစ်ပေနေသည့် ရွက်ဖျင်တဲ ကြမ်းပြင်ပေါ်တွင် အခြားသူများနှင့် အတူ သူလည်း လှဲလျောင်းနေသည်။ ကောက်ရိုးမျှင်များပြားစွာထည့်ထားသော အိပ်ရာခင်းနှင့် ထူထဲသော တိရစ္ဆာန် သားရေတို့က အရိုးခိုက်မတတ်အေးသည့် မြေကြီး၏ဒဏ်မှ ကာကွယ်ပေးထားသည်။  သို့ရာတွင် ဗုံများ၏ တုန်ခါမှုက မြေကြီးမှ တဆင့် သူ့ကိုယ်ထဲထိ စိမ့်ဝင်လာသည်ကို သူ ခံစားနေရသည်။ ထို ရှေးကျသည့်အသံက သူ့တစ်ကိုယ်လုံးကို ကြင်နာစွာ ထွေးပွေ့ထားသည်။ သူ အပြင်ထွက်ကာ ထိုသူများနှင့် ပူးပေါင်းလိုက်ချင်စိတ်တို့ တဖွားဖွား ပေါ်လာသည်။


အရွယ်ရောက်ခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပသည့် Om'riggor ပွဲတွင် Durotan ပါဝင်ဆင်နွှဲနိုင်ရန် တစ်နွေခန့် စောင့်ရပေဦးမည်။ ထိုပွဲတွင် မပါနိုင်သေးသရွေ့တော့

လူကြီးများ မီးပုံဘေးတွင် ထိုင်ကာ ထူးခြား အရေးပါသည့်အ​ရာများ အကြောင်းပြောနေစဥ် သူအား ကလေးလေးများနှင့် အတူ ဤတဲကြီးထဲတွင် ချောင်ထိုးထားခြင်းကို

လက်ခံနေရပေဦးမည်။ 


သူ သက်ပြင်းချလိုက်ပြီး ခြုံထားသည့် သားရေကို နေရာပြောင်းလိုက်သည်။ ဒါ မတရားပါ။


Orc များသည် အချင်းချင်း တိုက်ခိုက်တတ်သူများ မဟုတ်ကြ။ သို့သော် သူတို့သည် အပေါင်းအသင်းမင်တတ်သူများလည်း မဟုတ်ပြန်ပေ။ အဖွဲ့တစ်ဖွဲ့စီတွင် ကိုယ်ပိုင် ရိုးရာ ဓလေ့ ဝတ်စုံ ဒဏ္ဌါရီနှင့်  နတ်ဆရာများ အသီးသီးရှိကြပြီး သက်သက်စီ နေကြသည်။ အလွန် ခြားနားသော ဒေသိယ စကားများလည်း ရှိကြပြီး တချို့စကားများမှာ ကွဲပြားလွန်းလှ သဖြင့် အချင်းချင်းပင် နားမလည်နိုင်ကြသောကြောင့် ဘုံမိခင် ဘာသာစကားကိုသာ သုံးရသည်လည်း ရှိသည်။ 


အချင်းချင်းမှာ ခြားနားကွဲပြားလွန်းလှရာ ထိုဒေသရှိ မြေပြင် တောတောင်နှင့် စမ်းချောင်းများအား မျှဝေသုံးစွဲသော ထူးဆန်းသော အပြာရောင် အသားအရေရှိသည့် Draenei လူမျိုးစုတို့နှင့်ပင် ခပ်ဆင်ဆင်ဖြစ်နေသည်။ တစ်နှစ်လျှင် နွေဦးနှင့် ဆောင်းရာသီ နှစ်ကြိမ်မျှသာ orc အုပ်စုအဖွဲ့များ အားလုံး နေ့နှင့်ည အချိန်တူညီသည့် နေ့ရက်ကို ဂုဏ်ပြုရန် ယခုကဲ့သို့ တူညီစွာ စုဝေးဖြစ်ကြသည်။ 


Ores များ ဤနေရာတွင် စုဝေးနေကြသည်မှာ ရက်အတော်ကြာပြီဖြစ်သော်လည်း ပွဲတော်မှာမူ မနေ့ည လထွက်ချိန်ကမှ တရားဝင် စတင်ခဲ့ခြင်းဖြစ်သည်။ 

"Mountain of Spirits (Oshu'gun)" ၏ အေးမြသော အရိပ်အာဝါသအောက်တွင် ငြိမ်သက်စွာတည်ရှိပြီး ores များက "Land of Winds (Nagrand)" ဟု ခေါ်သည့်  အမြတ်တနိုးထားရသော ဤမြေတွင် Kosh'harg ပွဲတော်များ ကျင်းပခဲ့သည်မှာ ရှေးယခင်အဆက်ဆက်တည်းကပင် ဖြစ်သည်။ ဤ ပွဲတော်တွင် ရိုးရာ စိန်ခေါ်ပွဲများနှင့် တိုက်ပွဲများ

ကျင်းပမြဲဖြစ်သော်လည်း ဒေါသနှင့် ခိုက်ရန်ဖြစ်ပွါးမှုများ သည်မြေတွင် ကင်းရှင်းခဲ့သည်။ အုပ်စုအဖွဲ့ အများအပြား ရှိသည်ဖြစ်သောကြောင့် တစ်ခါတစ်ရံ

ဒေါသူပုန်ထကြလျှင်လည်း နတ်ဆရာက ငြိမ်းငြိမ်းချမ်းချမ်းနေကြရန် ဝင်ရောက် ဖျန်ဖြေပေးလေ့ရှိသည်။ သို့မဟုတ်လျှင် သူတို့သည် မြင့်မြတ်သော ဤနေရာမှ ထွက်ခွါပေးရမည်ဖြစ်သည်။


သည်နေရာရှိ မြေသည် စိမ်းလန်းစိုပြေကာ မြေသြဇာကောင်းမွန်ပြီး စိတ်ချမ်းသာစရာကောင်းသည်။ ဤမြေ သည်မျှ ငြိမ်သက်အေးချမ်းနေသည်မှာ

Orc များက ငြိမ်းချမ်းရေးကို လိုလားသူများဖြစ်သောကြောင့်လား ။ သို့မဟုတ် ဤမြေက ကြည်လင်အေးချမ်းနေသောကြောင့် orc တို့ပါ ငြိမ်းချမ်းသူများ ဖြစ်သွားကြသည်လား ဟု Durotan တစ်ခါတစ်ရံ တွေးမိသည်။ သို့သော် သူ့ ပတ်ဝန်းကျင်ရှိ မည်သူကမျှ ဒီလိုမျိုး ထူးဆန်းသော စကားများ ပြောကြသည်ကို မမြင်ဖူးသောကြောင့် သူလည်း စိတ်ထဲမှာသာ တွေးဖြစ်သည်။


Durotan သက်ပြင်း တိတ်ဆိတ်စွာ ချလိုက်မိသည်။ သူ့အတွေးများက ဗြောင်းဆန်နေသည်။ အပြင်ဘက်ရှိ ဗုံသံများ၏ စည်းချက်နှင့်အညီ သူ့နှလုံးခုန်နှုန်းများ မြန်ဆန်နေသည်။ မနေ့ညက Durotan စိတ်ဝိဉာဥ်တစ်ခုလုံး နိုးကြားလာသည်အထိ ကြည်နူးစရာ ကောင်းခဲ့သည်။ Pale Lady က သူ၏ ညှိုးနွမ်းနေသော်လည်း အဖြူရောင် နှင်းများ အပေါ် အရောင်ပြန်နိုင်သည့် ဂါထာတစ်ခုအား ထုတ်လွှတ်ရန် တတ်စွမ်းနိုင်သေးသော စွမ်းအားနှင့် အမှောင်သစ်ပင်အုပ်ကို ရှင်းလိုက်သောအခါ ထောင်ချီ စုဝေးထားသော orc

တစ်ယောက်ချင်းစီထံမှ ဟစ်ကြွေးသံများ ပေါ်ထွက်လာလေသည်။ ပညာရှိ လူကြီးသူမများ၊ သူရသတ္တိနှင့် ပြည့်စုံသော သူရဲကောင်းများနှင့်တကွ မိခင်များ၏ သန်မာသော လက်တွင်းရှိ ကလေးသူငယ်များပါ မကျန်  ဟစ်​ကြွေးကြခြင်းဖြစ်သည်။ Ore တို့၏ ပြိုင်ဘက် မိတိဆွေများဖြစ်သည့် ဝံပုလွေတို့ကပါ ပျော်ရွှင်မြူးတူးနေသော အူသံများဖြင့် ဝင်ရောက်ပူးပေါင်းကြသည်။ အသံတစ်သံက ဗုံသံများကဲ့သို့ပင် Durotan ၏ သွေးကြောထဲသို့ ခိုက်ခိုက်တုန် စီးဝင်သွားသည်။ ညကောင်းကင်ကို အမိန့်ပေးစေခိုင်းလိုက်သော အဖြူရောင် orb ကို နှုတ်ဆက်သည့်အနေဖြင့် အော်ဟစ် မြည်တမ်းလိုက်သော အသံဖြစ်သည်။ Durotan က ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်သောအခါ အညိုရောင်လက်များကို လေထဲသို့ မြှောက်ထားသည့် စွမ်းအားကြီးသော လူအုပ်ကြီးကို တွေ့လိုက်ရသည်။ အလင်းရောင်ကြောင့် ငွေရောင်တောက်ပနေပြီး Pale Lady ကို ဗဟိုပြုထားကြသည်။

ဤ အချိန်တွင် တိုက်ခိုက်ဖို့ တွေးရလောက်အောင် ရူးမိုက်သည့် ဘီလူး တစ်ကောင်ကောင်ကများ လာတိုက်ခဲ့သည်ရှိသော် စိတ်ဓာတ်ပြတ်သားပြီး လက်နက်ကိရိယာများ

ကိုင်ဆောင်ထားသည့် အလွန့်အလွန်များပြားလှသော သူရဲကောင်းတို့၏ အသက်ရှူသံများအောက်တွင်ပင် ပြားပြားဝပ်သွားရမည် ​ဖြစ်သည်။ 


ထို့နောက်တွင်မူ စားပွဲသောက်ပွဲစတင်တော့သည်။ ဆောင်းရာသီ မရောက်မီ ဒီရာသီအစပိုင်းကတည်းကပင် သားရဲတိရစ္ဆာန်များ ဒါဇင်နှင့်ချီ၍ သတ်ဖြတ်ထားခဲ့ကြပြီး

အခြောက်ခံကာ ကျပ်ခိုးတိုက်၍ ဤပွဲအတွက် ကြိုတင်ပြင်ဆင်ထားကြခဲ့ကြပြီးဖြစ်သည်။ မီးပုံပွဲရှိ မီးများမှ နွေးထွေးသော အလင်းရောင်သည် ခင်မင်နွေးထွေးမှုများနှင့်

ပြည့်နေသည်။ Pale Lady ၏ အဖြူရောင် အလင်းမှာလည်း တောက်ပနေသည်။ ဗုံသံများကလည်း မနားစတမ်း ပေါ်ထွက်နေပေသည်။ 


Durotan က အခြားသောကလေးများလိုပင် တဲအိမ်ထဲတွင် သားရေကိုခြုံကာ လှဲလှောင်းနေရသည်။ သူက သားရေကို အထင်အမြင်သေးစွာ နှာခေါင်းရှုံ့၍ အနံ့ခံလိုက်သည်။ Durotan မှာ သူ့ ကိုယ်တာ ပြီးအောင် စားပြီးချိန်နှင့် နတ်ဆရာ မပြန်သွားခင်အထိသာ မအိပ်ဘဲ နေခွင့်ရှိသည်။ အဖွင့် စားသောက်ပွဲ အပြီး၌ အုပ်စုတိုင်း၏ နတ်ဆရာများသည် Oshu'gan တောင်ပေါ်သို့ တက်ရန် ထွက်ခွါသွားကြသည်။ Oshu'gan တောင်ကြီးသည် သူတို့၏ ပျော်ပွဲရွှင်ပွဲများကို ဂရုတစိုက် စောင့်ကြည့်နေသကဲ့သို့ပင်။ နတ်ဆရာများက တောင်၏ လှိုဏ်ဂူကြီးများထဲသို့ ဝင်ရောက်ကာ ဘိုးဘေးဘီဘင်တို့၏ ဝိဉာဥ်များ နှင့် ပုဂ္ဂိုလ်များထံမှ အကြံဉာဏ်များကို တောင်းခံရသည်။ 


Oshu'gan တောင်ကြီးသည် ခပ်လှမ်းလှမ်းမှပင် ရင်သပ်ရှုမောဖွယ်ကောင်းပေသည်။ မညီမညာနှင့် ကြမ်းတမ်းသောပုံဖြစ်သည့် အခြားတောင်များနှင့် မတူဘဲ Oshu'gan တောင်မှာ မြေပြင်မှ အနုစိတ်စွာ အတိအကျ ထွက်ပေါ်လာပြီး ထိပ်ဦးပိုင်းမှာ ချွန်မြနေပေသည်။ မြေကြီးပေါ်တွင် သလင်းကျောက် အကြီးကြီးတစ်တုံးကို ချထားသကဲ့သို့ပင် အစင်းကြောင်းများမှာ တောက်ပနေပြီး နေရောင်ထဲတွင်ရော လရောင်ထဲတွင်ပါ ရွှန်းရွှန်းစိုကာ ဝင်းလဲ့တောက်ပနေသည်။ တချို့ ဒဏ္ဌါရီများထဲတွင်မူ ဤတောင်သည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ကောင်းကင်ပေါ်မှ ကျလာသည်ဟု ဆိုကြသည်။ တကယ်လည်း တောင်၏သွင်ပြင်မှာ ထူးဆန်းလွန်းသောကြောင့် ထိုပုံပြင်များအမှန်ဖြစ်လောက်သည်ဟု Durotan တွေးမိလေသည်။ 


Oshu'gan တောင်ကြီးမှာ မည်မျှ စိတ်ဝင်စားဖွယ်ကောင်းသော်လည်း နတ်ဆရာများသည် Kosh'harg ပွဲတော် တစ်လျှောက်လုံး ထိုတောင်ပေါ်တွင် နေကြရသည်မှာ သိပ်မတရား ဟု Durotan အမြဲ တွေးမိသည်။ သနားဖို့ကောင်းတဲ့ နတ်ဆရာတွေ၊ ပျော်စရာကောင်းတာ အကုန်လွတ်ကုန်ကြပြီ ဟု သူ တွေးမိသည်။ သို့သော် ပြန်ကြည့်သောအခါ 

ကလေးတွေလည်း တူတူပါပဲ ဟု သူ တွေးမိပြန်သည်။ 


နေ့ဘက်တွင်မူ အမဲလိုက်ခြင်း ကစားခြင်းနှင့် ဘိုးဘေးတို့၏ သူရဲကောင်းပုံပြင်များအား ပြန်ပြောခြင်း တို့ကို ပြုလေ့ရှိကြသည်။ Durotan ငယ်ငယ်ကတည်းက ပုံပြင်များစွာ နားထောင်ခဲ့ရသော်လည်း အုပ်စုအဖွဲ့တစ်ဖွဲ့စီတွင် ကိုယ်ပိုင် ပုံပြင်များစွာရှိသောကြောင့် စိတ်လှုပ်ရှားဖွယ်ကောင်းသော ပုံပြင်အသစ်များက အမြဲလိုလိုရှိနေတတ်သည်။


ထိုအရာများမှာ အလွန်ပျော်ဖို့ကောင်းပြီး Durotan လည်း အလွန်နှစ်ခြိုက်သလောက် သူတို့ကလေးများ တဲအိမ်ထဲမှာ အိပ်ပျော်နေချိန်တွင် လူကြီးတွေ 

ဘာစကားများ ပြောကြသလဲ ဆိုသည်ကို သူ သေလုမတတ် သိချင်နေသည်။  အစားအသောက်ကောင်းများကို ဗိုက်ပေါက်ထွက်မတတ်စား၍ ဆေးများ ရှူပြီး အဖျော်ယမကာများ သောက်ကာ အဆီယစ်၍ အိပ်ပျော်နေကြချိန်တွင် လူကြီးတွေက မအိပ်ဘဲ ဘာတွေများ ပြောနေကြပါလိမ့်။


သူ ဆက်၍ သည်းမခံနိုင်တော့ပါ။ Durotan တိတ်တိတိကလေး ထထိုင်လိုက်ပြီး သူ့လို ဘယ်သူများ နိုးနေသလဲ သိနိုင်ရန် တစ်ကိုယ်လုံးကို အာရုံ စူးစိုက်လိုက်သည်။ ဘာသံမှ

မကြားရပါ။ ခဏအကြာ စောင့်ဆိုင်းပြီးနောက် မတ်တတ်ထရပ်လိုက်ပြီး ဝင်ပေါ်ဆီသို့ ဖြေးဖြေးချင်း လျှောက်သွားလိုက်သည်။


မှောင်မည်းနေသော တဲအတွင်း အချိန်အလွန်ကြာကာ ဖြေးဖြေးချင်းသွားရသော ခရီးဖြစ်သည်။ တဲကြမ်းပြင်တွင် အရွယ်စုံ ပုံစံစုံ ကလေးများအားလုံး ပြန့်ကျဲကာ အိပ်ပျော်နေကြသောကြောင့်ခြေလှမ်း တစ်ချက်မှားလိုက်တာနှင့် အကုန် နိုးသွားနိုင်သည်။ စွန့်စားမှုအကြီးစားကြီးကို ပြုလုပ်နေရသဖြင့် သူ စိတ်လည်း အလွန် လှုပ်ရှားနေလေသည်။ 

Durotan သည် ယဲ့ယဲ့ကလေးသာ လွတ်သည့် နေရာလွတ် ကျဥ်းကျဥ်းကလေးများ ကြားတွင် သူ့ ခြေထောက်အကြီးကြီးများကို ခြေတံရှည်ငှက်များခြေလှမ်းသလို သိမ်သိမ်မွေ့မွေ့ကလေး လှမ်းနေရသည်။ နောက်ဆုံး တံခါးပေါက်ကို ရောက်ဖို့ Durotan တစ်သက်လောက်ကြာသည်ဟု ထင်ရသည်။ သူ မတ်မတ်ရပ်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်ရာ သူ့ဘေးတွင် ရပ်နေသော ကြီးမားချောမွတ်သည့် ခန္ဓာကိုယ်တစ်ခုကို စမ်းလိုက်မိရာ ထိတ်လန့်သွားပြီး

လက်ကို အလန့်တကြား ပြန်ဆုတ်လိုက်မိလေသည်။



rate now:

1 Reviews
  • reader Hsu Yamin Myat 10.11.2019, 17:32 5

    Interesting~~~

    reply