book

Index 20

20

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

20 

Orgrim ညွှန်ပြသည့်နေရာသို့ Durotan လိုက်ကြည့်လိုက်သည့်အခါ သူ့ မျက်လုံးအစုံ အနည်းငယ် ပြူးကျယ်သွား၏။ Orgrim ပြောသည်မှာ အမှန်ပင်။ ကိုယ်ကို မတ်မတ်ရပ်နေကာ talbuk ကင် ထံမှ အသားများကို ခုတ်ထစ်နေရင်း မီးရောင်အောက်တွင် ထိုကောင်မလေး၏ ညိုစိမ့်သော အရေပြားအောက်ရှိ ကြွက်သားများက တုန်ခါနေ၏။ ထိုကောင်မလေးမှာ ore အားလုံး တန်ဖိုးထားရမည့် စံနမူနာ ဟု Durotan ထင်လိုက်သည်။ ဝံပုလွေ အမည်းရောင် တစ်ကောင်၏ တောစိတ်လို ခပ်ကြမ်းကြမ်း ကျက်သရေဖြင့် လှုပ်ရှားနေသည်။ သူ့ အစွယ်များမှာ သေးငယ်သော်လည်း ချွန်မြနေအောင် သွေးထားသည်။ ရှည်လျားသော ဆံပင်များကိုမူ ကျောဘက်တွင် ကျစ်လစ်စွာ သို့သော် ဆွဲဆောင်မှုရှိစွာ ကျစ်ထား၏။


" သူ...သူက ဘယ်သူလဲ" 


Durotan ရေရွတ်လိုက်သည်။ သူ့နှလုံးသားကတော့ စိုးရိမ်စိတ်ပြည့်နေပြီ။ ဒီလောက် ဆွဲဆောင်မှုရှိပြီး လှပသည့် မိန်းကလေးမှာ သေချာပေါက် တခြားအဖွဲ့မှ ဖြစ်ရမည်။ ဒီလို လှပသော မိန်းကလေး မဟုတ်သေး သန်မာ ပျော့ပျောင်း၍ ကျက်သရေရှိသည့် မိန်းကလေးတစ်ယောက် သူ့အဖွဲ့ထဲတွင် ရှိခဲ့ပါက သူ သတိထားမိမည် ဖြစ်သည်။


Orgrim က ဟားတိုက်ရယ်မောလိုက်ပြီး Durotan ကျောကို ရိုက်လိုက်သည်။ ထို အသံပလံများ​က အတော်များများ၏ အာရုံကို သူတို့ထံ ရောက်သွားစေ၏။ ထို ချစ်စဖွယ် မိန်းကလေးလည်း လှည့်ကြည့်လိုက်သည်ဟု Durotan ထင်သည်။ Orgrim က ကိုင်းညွတ်၍ တီးတိုးပြောလိုက်သည့် စကားတစ်ခွန်းက Durotan စိတ်ကို တက်ကြွသွားစေ၏။


" အမြင်ကျဥ်းလိုက်တဲ့ ခွေးကောင်! သူက Frostwolf အဖွဲ့ကဟ ! သူသာ ငါ့အဖွဲ့ကဆို ငါ လိုက်ပြီးနေပြီ"


Frostwolf တဲ့လား? ဒီလို အဖိုးတန်ရတနာလေး သူ့အဖွဲ့ထဲတွင်ပင် ရှိနေသည်ကို ဘာလို့ Durotan မမြင်ခဲ့ရပါလိမ့်? သူ့အကြည့်များကို Orgrim ၏ ဖြီးဖြဲနေသည့် မျက်ခွက်ကြီးမှ လွှဲလိုက်ကာ ထိုမိန်းကလေးကို ပြန်ကြည့်လိုက်သည်။ သူကလည်း Durotan ကို တိုက်ရိုက် ကြည့်နေကြောင်းတွေ့ရသည်။ ထို အကြည့်တို့ တွေ့ဆုံသွားလေ၏။


" Draka !"


ကောင်မလေးက အကြည့်လွှဲကာ ပြန်လှည့်သွား၏။ Durotan က အခုမှ ပြန်အသက်ဝင်လာသလို မျက်တောင်ခပ်နေသည်။


"Draka" သူ ခပ်တိုးတိုးရွတ်မိသည်။


သူ့ကို မမှတ်မိသည်မှာ အံ့သြစရာမရှိပါ။ 


" မဟုတ်ဘူး Orgrim သူက မွေးကတည်းက သူရဲကောင်းမဟုတ်ဘူး။ ကြီးမှ ဖြစ်လာတာ"


Draka ချူချာလွန်းစွာ မွေးဖွားခဲ့သည်။ သူ့အသားမှာ ကျန်းမာသန်စွမ်းသည့် ပုံမှန် ore များလို သစ်ခေါက် အညိုရောင်မဟုတ်ဘဲ ဖျော့တော့လှသည့် ဝါညိုကလေးဖြစ်ခဲ့၏။ သူ့ ကလေးဘဝတစ်လျှောက်လုံး လူကြီးများက ထိုကောင်မလေး ချက်ချင်းပင် သေတော့မလို သူ့အကြောင်းကို တိုးတိုး တိုးတိုးနှင့် ပြောကြသည်ကို ကြားခဲ့ရသည်။ သူ့ မိဘများကိုယ်တိုင်ပင် ထိုမိသားစုသည် ထိုမျှ ချည့်နဲ့သည့်ကလေးဖြင့် နတ်တို့ထံမှ ကျိန်စာတိုက်ခံရအောင် ဘာအပြစ်များ ကျူးလွန်ခဲ့ပါလိမ့် ဟု ပြောဖူးခဲ့သည်။


ထိုသို့ ဖြစ်ပြီး သိပ်မကြာ ဟု Durotan ထင်သည်။ Draka တို့ မိသားစုမှာ စခန်းချနေရာ၏ အစွန်အဖျားသို့ ပြောင်းရွှေ့သွားကြသည်။ Durotan မှာလည်း တာဝန်များနှင့် အလုပ်များနေသောကြောင့် Draka ကို သိပ်မတွေ့ဖူးချေ။


Draka သည် အသားတော်တော်များများကို လှီးဖြတ်ပြီးနောက် သူ့မိသားစုထံ ယူသွားလေ၏။ သူ့ မိဘများဟု ထင်ရသူ နှစ်ယောက်နားတွင် ထိုင်နေသည့် ကလေးနှစ်ယောက်ကိုလည်း သတိထားမိလိုက်သည်။ နှစ်ယောက်လုံးမှာ ကျန်းမာသန်စွမ်းပုံရသည်။ Durotan က Draka သူ့ကို ကြည့်နေသည်ကို သတိထားလိုက်မိကာ တည့်တည့်မတ်မတ် ပြန်ကြည့်လိုက်၏။ Draka က ဒေါသထွက်သွားသလိုဖြင့် ပိုမိုမတ်မတ်ရပ်လိုက်သည်။ Durotan သူ့ကို ကြည့်နေသည်မှာ ချစ်ခင်လေးစားသောကြောင့် မဟုတ်ဘဲ သနားကရုဏာကြောင့် ကြည့်နေသည်ဟု အထင်ရောက်သွားပုံပင်။ 


မဟုတ်ပါ။ ဒီတစ်ယောက်သည် သနားစရာ မလိုပါ။ နတ်တို့က ဆောင်မသော ကျက်သရေ၊ နတ်ဆရာတို့ထံမှ ကယ်တင်ခြင်း နှင့် စိတ်အင်အားကြီးမားမှုတို့ကို ကောင်မလေး၏ မျက်ဝန်းညိုများထဲတွင် Durotan မြင်နေရ၏။ ငယ်ငယ်တုန်းက ချူချာခဲ့မှုများကို ဒီလို ပြီးပြည့်စုံသည့် မိန်းကလေး ဖြစ်လာအောင် အသုံးချလိုက်သကဲ့သို့ပင်။


Orgrim က တံတောင်ဖြင့် တွတ်လိုက်သောကြောင့် Durotan အသိပြန်ဝင်လာသည်။ Durotan က သူ့ သူငယ်ချင်းကို စိုက်ကြည့်ပေးလိုက်၏။


" ငမ်းနေတာ တော်ပါတော့ မင်းပါးစပ်ကြီး ပိတ်သွားအောင် တစ်ခုခု ထိုးထည့်ချင်လာပြီ" Orgrim က ညည်းသည်။


သူ ပါးစပ်အဟောင်းသားဖြင့် ငေးနေမိကြောင်း Durotan သတိထားမိသွား၏။ လူတွေကလည်း သူ့ကို ကြည့်ပြီး ရယ်နေကြ​သည်။ Durotan က စားသောက်ပွဲကိုသာ အာရုံပြန်စိုက်လိုက်ကာ တစ်ညလုံး Draka ကို ထပ်မကြည့်တော့ချေ။


သို့သော် ထိုညက သူ့ကို အိပ်မက်မက်သည်။ သူနိုးလာသောအခါ ထိုမိန်းကလေးသည် သူ့အတွက်သာ ဖြစ်ကြောင်း သိသွား၏။ Durotan သည် ဂုဏ်အရှိဆုံး အဖွဲ့တစ်ခု၏ အမွေဆက်ခံမည့် ခေါင်းဆောင်လောင်းဖြစ်သည်။ 


ဘယ်လို ကောင်မလေးက သူ့ကို ငြင်းနိုင်မှာတဲ့လဲ?


"ဟင့်အင်း" Draka က ငြင်းလိုက်သည်။


Durotan ကြက်သေသေသွား၏။ မနက်သို့ရောက်သောအခါ Durotan က Draka ထံ ချဥ်းကပ်၍ နောက်နေ့တွင် သူနှင့်အတူ အမဲလိုက်ထွက်ရန် ဖိတ်ခေါ်နေခြင်းဖြစ်သည်။ အဲ့ဒါ ဘာအဓိပ္ပာယ်မှန်း နှစ်ယောက်လုံး သိပါသည်။ ကောင်မလေးနှင့် ကောင်လေးနှစ်ယောက်တွဲ၍ အမဲလိုက်ကြခြင်းသည် ပိုးပန်းသည့် ဓလေ့ပင်ဖြစ်သည်။ ယခု Draka က သူ့ကို ခါးခါးသီးသီးငြင်းနေ၏။


ထိုသို့ လုံးဝ မမျှော်လင့်ထားသဖြင့် Durotan မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိ။ Draka က သူ့ကို အထင်သေးသလို ကြည့်နေသည်။ သူ့ နှုတ်ခမ်းများက တွန့်ကွေးနေကာ အစွယ်များက မဲ့ပြုံးလို ပြုံးနေ၏။ 


" ဘာလို့လဲ " Durotan က ပြန်မေးသည်။ 


" ကျွန်မ အသက်မပြည့်သေးလို့ " သူက ပြန်ပြောသည်။ သူပြောနေသည့်ပုံမှာ အကြောင်းပြချက်ပေးသည်နှင့် မတူဘဲ ဆင်ခြေပေးနေသည့်ပုံ ပေါက်နေ၏။


သို့သော် Durotan က လွယ်လွယ်ဖြင့် လက်လျှော့မည်မဟုတ်ပါ။ 


" ကျွန်တော်က ပိုးပန်းတဲ့အနေနဲ့ အမဲလိုက်ဖို့ ခေါ်တာပါ။ အဲ့ဒါတော့ အမှန်ပဲ" သူက တုံးတိ ပြောချလိုက်သည်။


" ဒါပေမယ့် ခင်ဗျားက အသက်မပြည့်သေးဘူး ဆိုတာကို ကျွန်တော် အလေးထားပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားကို လိုက်စေချင်တယ်။ ဂုဏ်ရှိတဲ့ သူရဲကောင်းနှစ်ယောက် အမဲလိုက်တဲ့ဟာလို့ပဲ သဘောထားလိုက်ပါ။ အဲ့ဒီ့ထက် ဘာမှ မပိုဘူး"


အခုကတော့ Draka အံ့သြရမည့်အလှည့်ပင်။ Draka က သူ ပိုးပန်းဖို့ ထပ်ပြောရင်ပြော မဟုတ်ရင် ဒေါသထွက်ပြီး ပြန်လှည့်သွားဖို့ မှန်းထားကြောင်း Durotan တွေးမိသည်။ 


သူ မျက်လုံးပြူးကာ လန့်သွား၍ ခဏရပ်သွားသည်။ ထို့နောက် ရယ်လိုက်သည်။


" အဲ့ဒီ့လို အမဲလိုက်တာမျိုးဆိုရင်တော့ ကျွန်မ လိုက်မှာပါ။ Frostwolf အဖွဲ့ခေါင်းဆောင် Ganad ရဲ့သားတော် Durotan "


တစ်ဘဝလုံး ထိုမျှလောက် တစ်ခါမှ မပျော်ဖူး ဟု Durotan တွေးမိသည်။ ပုံမှန် အမဲလိုက်တာထက် အတော်လေး ကွာပါသည်။ သူနှင့် Draka တို့ သွက်လက် တက်ကြွစွာ ပြေးလွှားကြသည်။ Orgrim နှင့် ခဏခဏ ယှဥ်ပြိုင်ထားသောကြောင့် Durotan မှာ သက်လုံကောင်းနေ၏။ သူပြေးတာ မြန်လွန်းနေမလား ဟု စိုးရိမ်မိသော်လည်း မွေးတုန်းက နုနယ်သလောက် ယခု သန်စွမ်းနေသည့် Draka က သူ့ကို အမှီလိုက်နိုင်နေသည်။ သူတို့ စကားပြောစရာ များများစားစား မရှိကြပါ။ သူတို့ အမဲလိုက်နေကြခြင်းဖြစ်သည်။ သားကောင်ရှာကာ သတ်ဖြတ်ပြီးနောက် အဖွဲ့သို့ ပြန်ယူသွားကြမည်။ ထို တိတ်ဆိတ်မှုက သက်တောင့်သက်သာရှိပါသည်။


လွင်ပြင်တစ်ခုကို ရောက်သောအခါ သူ နှေးလိုက်ပြီး မြေကြီးကို စေ့စေ့စပ်စပ်ကြည့်ကြသည်။ မြေပေါ်တွင် နှင်းမရှိသောကြောင့် ဆောင်းတွင်းတုန်းကလောက် ခြေရာခံဖို့ မလွယ်ကူ။ သို့သော် သူ ဘာကြည့်ရမလဲ ဆိုတာ သိပါသည်။ ​ပုံပျက်နေသော မြက်များ၊ ကျိုးပဲ့နေသော ခြုံပုတ်သစ်ခက်များ၊ မြေကြီးပေါ်တွင် သိပ်မထင်ရှားသည့် ချိုင့်ခွက်များ။


"Clefthooves တွေ " သူက ပြောလိုက်သည်။ သူ မတ်လိုက်ကာ သူတို့သွားသည့်ဘက်ကို ကြည့်လိုက်သည်။ Draka ကမူ ဝပ်လျက်ပင်ရှိသေးသည်။ သူ့လက်များက သစ်ရွက်များကို ညင်သာစွာ ထိတွေ့နေ၏။


"တစ်ကောင်က ဒဏ်ရာရထားတယ်" သူက ပြောသည်။ 


Durotan က သူ့ကို လှည့်ကြည့်လိုက်သည်။


" ဘာသွေးစမှ မတွေ့ပါဘူး"


သူက ခေါင်းခါလိုက်သည်။ 


" သွေးမရှိဘူး။ ဒါပေမယ့် ခြေရာကို ကြည့်လို့ သိတာ" 


Durotan ကြည့်နေသည့် နေရာသို့ သူက ညွှန်ပြလိုက်သည်။ ဒဏ်ရာရနေသည့် သားကောင် ကို ပြပေးနိုင်မည့် ဘာ လက္ခဏာမှ သူမမြင်ပါ။ သူ နားမလည်နိုင်စွာ ခေါင်းခါလိုက်သည်။


" မဟုတ်ဘူး မဟုတ်ဘူး အဲ့ဒီ့တစ်ထု မဟုတ်ဘူး ဘေးကဟာ" 


သူက ခြေထောက်ကို သတိထား၍ ​ခြေချကာ ဂရုတစိုက် လှုပ်ရှားလိုက်သည်။ ထို့နောက် ရုတ်တရက် သူ ပြနေသောအရာကို Durotan တွေ့လိုက်သည်။ ခြေရာတစ်ခု၏ အချိုင့်မှာ အခြားသုံးခုထက် အနည်းငယ် နိမ့်နေ၏။


သားရဲကောင်မှာ ခြေဆာနေသည်။ 


သူက တလေးတစားဖြင့် ကြည့်လိုက်ရာ Draka အနည်းငယ် ရှက်သွေးဖြာသွား၏။ 


" ကြည့်ရတာလွယ်ပါတယ် " သူကပြောသည်။ "ရှင့်ဘာသာရှင်ဆိုလည်း ရှာတွေ့မှာပါပဲ"


"မဟုတ်ဘူး" သူက ရိုးသားစွာ ဝန်ခံလိုက်သည်။ " ကျွန်တော်မတွေ့ဘူး။ ခြေရာတွေကို တွေ့ပေမယ့် သေချာကြည့်ဖို့ အချိန်မပေးခဲ့မိဘူး။ ဒါပေမယ့် ခင်ဗျားက ကြည့်ခဲ့တယ်။ ခင်ဗျား တစ်နေ့နေ့ တကယ့်ကို မုဆိုးကောင်း တစ်ယောက် ဖြစ်လာမှာပဲ"


သူက ကိုယ်ကို မတ်လိုက်ကာ Durotan ကို ဂုဏ်ယူစွာ ကြည့်သည်။ နွေးထွေးကာ အဆက်မပြတ် အားအင်ပေးသည့် တစ်စုံတစ်ခုက Durotan ကိုယ်ထဲသို့ ဖြတ်သန်းစီးဝင်သွားသည်။ သူက ဆုတောင်းခြင်းကို ယုံတတ်သူ မဟုတ်ပါ သို့သော် ယခု သူရှေ့တွင် ရပ်နေသော Draka ကို ကြည့်ရင်း ဘိုးဘေး နတ်များဆီ အလျင်အမြန် ဆုတောင်းလိုက်မိသည်။ "ဒီကောင်မလေးက ကျွန်တော့်ကို သဘောကျပါစေ" 


ဝံပုလွေများ အနံ့ခံလိုက်သလိုပင် သူတို့လည်း ခြေရာကောက်ကာ လိုက်သွားကြသည်။ Durotan ဦးမဆောင်တော့ပါ။ ဒီမိန်းကလေး၏ ခြေရာကောက်နိုင်စွမ်းက သူ့ကိုယှဥ်နိုင်သည်။ သူတို့ တစ်ယောက်ကို တစ်ယောက် ကောင်းကောင်း ချီးမွမ်းကြသည်။ Durotan က မျက်စိပိုလျင်သော်လည်း Draka က Durotan ရှာတွေ့သည့်အရာတိုင်းကို နက်နက်နဲနဲ ပိုကြည့်ပေးနိုင်၏။ ဒီ​ကောင်မလေးနှင့် တူတူ တိုက်ပွဲဝင်ရရင် ဘယ်လိုနေမလဲ ဟု Durotan တွေးမိသည်။ သူတို့ မျက်လုံးအစုံက ရှေ့ရှိ မြေကြီးကို ကြည့်လျက်၊ ဖျတ်လတ်စွာ ကွေ့ဝိုက် ပြေးလွှားလျက် .. ။ ဘယ်လို ဖြစ်နေမလဲ သူတွေးကြည့်-


သူတို့ လိုက်နေသည့် သားကောင်ပေါ်တွင် ဝပ်ဆင်းကာ မာန်ဖီနေသည့် ဝံပုလွေ အကြီးကြီးက သူတို့ဘက် လှည့်လိုက်သည်။ အမဲလိုက်နေသည့် သားရဲသုံးယောက် တစ်ယောက်ကိုတစ်ယောက် အကြာကြီး ကြည့်နေကြသည်။ သို့သော် ထို ရက်စက်သည့်သတ္တဝါကြီးက ခုန်အုပ်ဖို့ အားမယူရသေးခင်တွင် Durotan က တစ်ဟုန်ထိုး ဝင်တိုက်လိုက်လေ၏။


Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^

ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^


Love y'all,

Nyl



rate now:

1 Reviews
  • reader Hsu Yamin Myat 10.11.2019, 17:51 5

    Arr pay ny pr DL✨

    reply