book

Index 2

2

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

2

ဘုရားသိကြားမ၍ ထို အာရုံ ပျောက်သွားသည်။  Velen တုန်လှုပ်စွာ မျက်တောင်ခတ်လိုက်သည်။ ဘုရားကျောင်းထဲတွင် သူတစ်ယောက်တည်းသာ ရှိနေပြီး ကျောက်တုံးမှာ ညင်သာစွာ အရောင်တောက်ပနေ၍ စိတ်သက်သာသွားသည်။


ဒါ အပြင်မှာ တကယ်မဖြစ်လာသေးဘူး ။


Sargeras သူတို့ကိုပြောခဲ့သည်မှာ အကုန်အမှန်ချည်းပင်။ Eredar လူမျိုးများသည် ပုံစံပြောင်းသွားပြီး သူတို့ခေါင်းဆောင်သုံးယောက်လုံးသည်လည်း ဘုရားသခင်လောက်နီးနီးရှိသော အာဏာစွမ်းအားများနှင့် အသိပညာများ ရရှိပါလိမ့်မည်။


သို့သော်... ထိုသို့ရရှိရန် သူတို့ အရာအားလုံး ဆုံးရှုံးရလိမ့်မည်။ သူတို့ကာကွယ်ရမည့် အရာအားလုံး။ 


Velen သူ့မျက်နှာကို လက်ဖြင့် ပွတ်လိုက်သော် ချွေးနှင့် မျက်ရည်များကြောင့် စိုစွတ်သွားသည်။ အာရုံရခဲ့သလို သွေးနှင့် မီးစများတော့ မဟုတ်ပေ။ အနည်းဆုံး........ အခုတော့ မဟုတ်သေး။


ဒီဖြစ်ရပ်ကို တားဆီးဖို့ ဖြစ်ရောဖြစ်နိုင်ပါ့မလား သူတွေးလိုက်သည်။


အဖြေက သူ့ဆီ ချက်ချင်း ပြန်ရောက်လာသည်။ ပူလောင်ခြောက်သွေ့သောသဲကန္တာရထဲတွင် ရေအေးအေးလေးသောက်လိုက်ရသကဲ့သို့ ချိုမြိန် လန်းဆန်းစေသော အဖြေပင်။


ဖြစ်နိုင်ရမှာပေါ့ ။


Velen စိတ်ချင်းဆက်သွယ်၍ ခေါ်လိုက်သောအခါ နှစ်ယောက်လုံး တစ်ပြိုင်တည်း ရောက်လာကြသည်။ သူတို့စိတ်ထဲသို့ သူမြင်ခဲ့သော သူခံစားခဲ့ရသောပုံရိပ်ကို ပြလိုက်သည်။ အချိန်ခဏလေးအတွင်းမှာပင် သူ့သဘောထားကို သူတို့ မြင်သွားကြပြီးဖြစ်ရာ သူ့ မျှော်လင့်ချက် နိုးထလာပြန်သည်။


Archimonde က မျက်မှောင်ကြုတ်လိုက်သည်။


" ဒါ အနာဂတ်ကို သေချာမြင်ရတဲ့ ရှေ့ဖြစ်ဟောကိန်း

မဟုတ်ဘူး။ မင်း စိတ်က သက်သက်ထင်နေတဲ့ဟာပဲ"


Velen က သူ့ကို ခေတ္တမျှ စိုက်ကြည့်လိုက်ပြီး Kil'jaden ကို လှည့်ကြည့်လိုက်သည်။ 

Kil'jaden ကတော့ Archimonde လောက် မာန မကြီးလောက်ပါဘူး။ သူက တိကျပြီး ပညာရှိတဲ့သူပဲ ။


"Archimonde ပြောတာ မှန်တယ်"


 Kil'jaden က အေးအေးဆေးဆေးပင် ပြောသည်။

 

" ဒါ တကယ်ဖြစ်မယ်လို့ ပြောလို့မှ မရတာ။ မင်း စိတ်ထင်နေတာပဲ ရှိတာ "


Velen နာကျည်းစွာဖြင့် သူ့ကို ကြည့်လိုက်သည်။ သူတို့နှင့် စိတ်အဆက်အသွယ်ကို ဖြေးညင်းစွာ သို့သော် နာကျင်စွာ ဖြတ်တောက်လိုက်သည်။ ယခုတော့ သူ့စိတ်ထဲမှာ ရှိတဲ့အရာကို သူသာ သိမ်းထားလိုက်တော့မည်။ ယခင်က စိတ်တူကိုယ်တူ ဖြစ်ခဲ့ဖူးသော ထိုနှစ်ယောက်အား နောင် ဘယ်သောအခါမှ ဤသို့ထုတ်ပြတော့မည်မဟုတ်။ 


ထိုသို့ ဖြတ်တောက်လိုက်ခြင်းကို Velen အရှုံးပေးခြင်း ဟု Kil'jaden က ယူဆလိုက်ပြီး သူ့ပခုံးကို လက်ဖြင့်ပုတ်ကာ ပြုံးလိုက်သည်။ 


"ဒီလောက် ကောင်းမှန်း သိသာနေတဲ့ အခွင့်အရေးတစ်ခုကို တွေးကြောက်မိတာတစ်ခုတည်းနဲ့ လက်မလျှော့နိုင်ဘူး" သူကပြောသည်။


"မင်းရော ဒီလိုပဲမလား"


Velen မလိမ်ချင်ပါ။ သူ ခေါင်းငိုက်စိုက်ချ၍သာ သက်ပြင်းတစ်ချက်ချလိုက်သည်။ ဤမျှ စိတ်ပျက်ဖွယ် မြင်ကွင်းကို မြင်ပြီးကြပြီဖြစ်သော်လည်း သူတို့အတွေးများက Velen နှင့် တူမလာပါ။ သူတို့ ယခုတွေးနိုင်သည်မှာ သူတို့အပ်နှင်းခြင်းခံရမည့် အတိုင်းအဆမရှိသော စွမ်းအားကိုသာ ဖြစ်သည်။ သူတို့ကို အမြင်မှန်ဝင်အောင်လုပ်ရန် နောက်ကျခဲ့ပြီ။ ယခင်က အလွန်သြဇာကြီးခဲ့သူများသည် ယခုမူ Sargeras ၏ ကစားစရာ ဖြစ်နေပြီ။ သူတို့ mon'ari သတ္တဝါများဖြစ်မည့် လမ်းပေါ်ရောက်နေကြပြီ။ သူတို့နှစ်ယောက်နှင့် သဘောထား မညီမှန်း ရိပ်မိသွားပါက သေသည်အထိ ဖြစ်နိုင်ကြောင်း Velen အသေအချာ သိနေခဲ့သည်။  သူ့ လူမျိုးတွေပျက်စီးမည့်ဘေးကို နည်းနိုင်သမျှ နည်းအောင် ကာကွယ်ရန် Velen 

အသက်ရှင်နေရပေမည်။ ထို့ကြောင့် သူ ခေါင်းညိတ်လိုက်သည်။ ထိုအခါ Eredar ၏ ခေါင်းဆောင် သုံးယောက်လုံးသည် ကြီးမြတ်သည့် Sargeras နှင့် မဟာမိတ်ဖွဲ့မည့်

ဆုံးဖြတ်ချက် ချပြီး ဖြစ်သွားလေသည်။ Kil'jaden နှင့် Archimonde တို့က သူတို့၏ ခေါင်းဆောင် အသစ်ကို ကြိုဆိုဖို့ လိုသည်များ ပြင်ဆင်ရန် အမြန် ထွက်ခွာသွားကြသည်။


Velen က သူ၏ သြဇာနည်းမှုကို ဝမ်းနည်းသွားသည်။ သူ သစ္စာဆိုခဲ့သည့်အတိုင်း လူမျိုးစု တစ်ခုလုံးကို ကာကွယ်လိုသည်။ သို့သော် မဖြစ်နိုင်မှန်းသူသိသည်။

အများစုသည် Kil'jaden နှင့် Archimonde ကို ယုံကြည်၍ သေမည့်သူများပင် ဖြစ်ကြသည်။ သို့သော် သူနှင့်အတွေးချင်းတူကာ သူ့ပြောစကားကို ယုံကြည်ပြီး စွန့်ခွာနိုင်မည့်သူများလည်း အနည်းငယ် ရှိပါသည်။ သူတို့၏ Argus လောကကြီးမှာ ပျက်သုဉ်းကာ မိစ္ဆာများ၏ အုပ်စိုးခြင်းကို ခံရတော့မည်ဖြစ်သည်။

အသက်ရှင်လိုသူများကတော့ ထွက်ပြေးမှရမည်။


ဒါပေမယ့် .. ဘယ်ကို ထွက်ပြေးရမှာလဲ?


Velen က ata'mal ကျောက်တုံးကို စိတ်ပျက်စွာ စိုက်ကြည့်လိုက်သည်။ Sargeras က လာနေပြီ။ ဤမျှ စွမ်းအားရှိသော သတ္တဝါထံမှ ပုန်းအောင်းနိုင်မည့်

နေရာ ဒီကမ္ဘာတွင် မရှိနိုင်။ ဒါဆို သူ ဘယ်လို လွတ်အောင် ပြေးရမလဲ။


ကျောက်တုံးကို စိုက်ကြည့်တာ ကြာသွား၍ မျက်ရည်များ ဝေ့လာသည်။ မျက်ရည်များနှင့် ဝါးနေသည့် ကျောက်တုံးမှာ အရောင်များတောက်ပကာ အသက်ဝင်နေသလို ဖြစ်လာသည်။ Velen မျက်တောင်ခတ်လိုက်သည်။

မဟုတ်ပါ.. မျက်ရည်များကြောင့် ဝေဝါးကာ မြင်နေခြင်း မဟုတ်ပေ။ ကျောက်တုံးမှာ အရောင်များ တကယ်ထွက်နေခြင်းဖြစ်သည်။ သူ အံ့သြစွာ ငေးကြည့်နေမိစဉ် ကျောက်တုံးမှာ အောက်ခံခုံမှ မြောက်တက်လာပြီး သူ့ရှေ့တည့်တည့်သို့ ရောက်လာသည်။ 

"ထိကြည့်လိုက် ..." သူ့ စိတ်ထဲမှ အသံတစ်သံက ခပ်တိုးတိုး ပြောသည်။ 

တုန်လှုပ် မှင်သက်စွာ သူ့ အပြာရောင်လက်ဖြင့် လှမ်းလိုက်သည်။ ငြိမ်သက်သည့် ကျောက်တုံးထံမှ ရနေကျဖြစ်သော နွေးထွေးမှုကို မျှော်လင့်လျက်။


စွမ်းအင်တစ်ခုက ဖြတ်စီးလာသောအခါ သူ ပင့်သက် ရှိုက်မိသည်။ သူ့ အာရုံထဲတွင် ရခဲ့သည့် အမှောင်စွမ်းအားလို ပြင်းပြပြီး အားကြီးသော စွမ်းအားဖြစ်သည်။

သို့သော် အမှောင်စွမ်းအားမှာ ညစ်ညမ်းသလောက် ဒီစွမ်းအားမှာ သန့်စင်သည်။ အမှောင်စွမ်းအားက မှောင်မိုက်သလောက် ဒီစွမ်းအားက တောက်ပသည်။

Velen ကိုယ်ထဲသို့ မျှော်လင့်ချက်နှင့် အားအင်များ စိမ့်ဝင်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ata'mal ကျောက်တုံး၏ ထူးခြားတောက်ပသည့်

အရောင်အဝါများက ကျယ်ပြန့်မြင့်မားလာကာ အသွင် တစ်မျိုးပြောင်းသွားသည်။ Velen မျက်တောင်ခတ်လိုက်သည်။ အလင်းရောင်မှာ တောက်ပလွန်းသဖြင့် မျက်စိများ ကျိန်းလာသော်လည်း အကြည့်မလွှဲနိုင်ပေ။


"မင်း တစ်ယောက်တည်း မဟုတ်ပါဘူး Ereder ခေါင်းဆောင် Velen "


အသံက ခပ်တိုးတိုးပြောသည်။ ထိုအသံမှာ ရေစီးကျသည့် အသံလို နွေဦးလေကလေး တိုက်လိုက်သလို ပျော့ပြောင်းချိုသာသည်။ အလင်းရောင်မှာ တဖြည်းဖြည်း

ဖျော့သွားပြီး Velen တစ်ခါမျှ မမြင်ဖူးသည့်ပုံစံနှင့် သက်ရှိတစ်ဦးက သူ့ရှေ့တွင် ပေါ်လာသည်။ အသက်ဝင်နေသော အလင်းရောင်များကိုစုပေါင်းထားသကဲ့သို့ဖြစ်သည်။ 

အလယ်ခေါင်မှာ ရွှေရောင်ဖျော့ဖျော့အလင်းဖြစ်ပြီး ဘေးဘက်တွင် ခရမ်းရောင် ပြေပြေလေးက တောက်ပနေသည်။ အလယ်တည့်တည့်တွင် သတ္တုလို ထူးဆန်းသည့် အရာလေးများ စိတ်ကိုညှို့နေသလို အရောင်နှင့် အလင်းရောကာ ခပ်​ဖြည်းဖြည်း ရစ်ပတ်၍ ဝေ့နေသည်။ ထိုအရာက Velen စိတ်ထဲကို စကားဆက်ပြောသည်။ အလင်းရောင်က ပေးသည့် အသံ ဟု သူ ယူဆလိုက်သည်။ 


" ဒီကမ္ဘာနဲ့ တခြားကမ္ဘာတွေမှာပါ ကျရောက်လုနီး ဖြစ်နေတဲ့ အနိဌာရုံတွေကို ကျွန်ုပ်တို့လည်း ရိပ်စားမိပါတယ်။ ကျွန်ုပ်တို့က ဟန်ချက်ညီအောင် ထိန်းဖို့ ကြိုးပမ်းတယ် ။ Sargeras လုပ်မယ့်အရာက အရာအားလုံးကို ဖျက်ဆီးပစ်မှာ။ လုံးဝ ဖရိုဖရဲဖြစ်ပြီး ပျက်စီးမှုတွေ ဖြစ်လိမ့်မယ်။ ကောင်းမွန် သန့်စင်ပြီး မြင့်မြတ်တဲ့ အရာအားလုံး

ရစရာမရရှိအောင် ပျက်သုဥ်းကုန်လိမ့်မယ်။ "


" ဘယ်သူ ... ဘာ "

 

ဤသက်ရှိ၏ ကျက်သရေရှိမှုကို ငေးမောနေရခြင်းကြောင့် Velen မေးခွန်းပင် ဆုံးအောင်မမေးနိုင်။


"ကျွန်ုပ်တို့က Naaru တွေပါ "

ထို လင်းထိန်နေသည့် သက်ရှိကပြောသည်။


"မင်း ငါ့ကို K'ure လို့ ခေါ်နိုင်ပါတယ် "


Velen က စကားပြောရန် နှုတ်ခမ်းကို လှုပ်ရှားလိုက်သည်။ 


"Naaru.... K'ure"


ထိုအရာများကို တီးတိုးပြောလိုက်ရာ ချိုမြိန်မှုကို ခံစားလိုက်ရသည်။ နာမည်ကို ရေရွတ်ခြင်းမှပင် သူတို့ဆီက စွမ်းအင်များ ရလိုက်သယောင်ယောင်။


"ဒီကနေ အရာအားလုံး စတာပဲ"  K'ure က ဆက်ပြောသည်။ 


" ငါတို့ အားလုံးကိုတော့ တားလို့မရဘူး။ မင်း မိတ်ဆွေတွေမှာလည်း ရွေးချယ်ခွင့်ရှိတာပဲလေ ဒါပေမဲ့ မင်းကတော့ ကယ်နိုင်သလောက် ကယ်ပေးဖို့ စိတ် ပြင်းပြနေတယ်။

အဲ့ဒါကြောင့် ငါတို့လည်း တတ်နိုင်သလောက် လုပ်ပေးမယ်။ Sargeras ကမ်းလှမ်းတာကို ငြင်းပယ်နိုင်တဲ့စိတ်ရှိတဲ့သူတွေကို ငါတို့ ကယ်ပေးမယ်"


" ငါ ဘာလုပ်ရမလဲ " Velen မျက်ဝန်းထဲတွင် မျက်ရည်များ ပြည့်လျှံလာသည်။ ဤမျက်ရည်ကတော့ ဝမ်းသာမျက်ရည်ပါပေ။ 


"မင်းစကားကို နားထောင်မယ့်သူတွေကို စုလိုက်ပါ။ နေ့တာအရှည်ဆုံးနေ့မှာ အမြင့်ဆုံးတောင်ဆီကို ata'mal ကျောက်တုံးကို ယူပြီးသွားပါ။

ဟိုး လွန်ခဲ့တဲ့ နှစ်တွေတုန်းက မင်းတို့ကို ငါတို့ပေးခဲ့သလိုပဲ အခု မင်းကို ငါတို့ ရှာပေးမယ်။ ငါတို့ မင်းဆီလာပြီး တာဝန်ယူပေးပါ့မယ် "


Velen ရင်ထဲတွင် သံသယ မီးပွါးကလေးတစ်ခု တစ်ခဏမျှ ဖျတ်ခနဲ တောက်သွားသည်။ ထို Naaru ဟုခေါ်သည့် အလင်းရောင် သက်ရှိမျိုးကို

သူ တစ်ခါမှ မကြားဖူးခဲ့။ ယခု ဤ K'ure ဆိုသူက သူတို့ လူမျိုး၏ တန်ဖိုးအထားဆုံး ata'mal ကျောက်ကို ခိုးလာရန် ပြောနေသည်။ အစတည်းက Ereder လူမျိုးများကို ပေးခဲ့သူမှာ သူတို့ ဟုပင် ပြောသေးသည်။  Kil'jaden နဲ့ Archimonde က မှန်နေတာလည်း ဖြစ်နိုင်တာပဲ။ သူရခဲ့တဲ့ အာရုံက အကြောက်လွန်ပြီး လျှောက်မြင်နေတာလည်း ဖြစ်နိုင်တာပဲ ။


သို့သော် ဤသို့ အတွေးပေါင်းစုံ သူ့စိတ်ထဲ ဝင်နေသည့် ကြားမှပင် ထိုသူများသည် အရာရာ အရင်လို ပြန်ဖြစ်ရန် နောက်ဆုံးကျန်သည့် မျှော်လင့်ချက်ဆိုခြင်းကို သိနေသည်။ 

အရာအားလုံး ဆိုးဆိုးရွားရွား မဖြစ်သွားခင်...။ Sargeras မလာခင်..။


သူဘာလုပ်ရမည်ကို သူသိလိုက်သည်။ ထို ကျက်သရေရှိစွာ လင်းထိန်တောက်ပနေသည့် အလင်းရောင် ရှေ့တွင် သူ ဦးညွတ်လိုက်သည်။


Velen ဦးဆုံး ဆင့်ခေါ်လိုက်သည့် အယုံကြည်ရဆုံး မိတ်ဆွေမှာ Talgath ဖြစ်သည်။ သူနှင့် သိသည်မှာ ကြာပြီ ဖြစ်ပြီး တစ်ခါက အကူအညီပေးဖူးသည်။

Velen မလုပ်နိုင်မည့် အရာများကို မည်သူမျှ သတိမထားမိဘဲ လုပ်ဆောင်ပေးနိုင်သည့် Talgath ကို တာဝန်အားလုံး လွှဲပေးလိုက်သည်။ Talgath မှာ အစက မယုံသော်လည်း Velen က စိတ်ချင်းဆက်သွယ်၍ သူမြင်ခဲ့သော အာရုံကို ပြလိုက်သော် ချက်ချင်းပင် သဘောတူလေသည်။ သို့သော် Naaru နှင့် ၎င်းတို့ပေးမည့် အကူအညီများကိုမူ Velen ကိုယ်တိုင်လည်း မည်သို့ပုံဖြစ်မည် မသေချာသဖြင့် မပြောပြလိုက်ချေ။ ဤကြမ္မာဆိုးမှ လွတ်လိုလျှင် သူ့ကိုယုံရန် နည်းတစ်လမ်းသာ ရှိသည်ဟု Velen က Talgath ကို ပြောသည်။


နေ့တာအရှည်ဆုံးနေ့မှာ တဖြည်းဖြည်းနီးလာချေပြီ။ Velen က Kil'jaden နှင့် Archimonde တို့ Sargeras ထံ အာရုံရောက်နေစဥ် နှုတ်အလုံဆုံးဖြင့် ရသလောက်စုကာ သူ

ယုံရလောက်သည့်သူများထံ စိတ်ချင်းဆက်သွယ်၍ စုစည်းသည်။အခြားသူများကိုတော့ Talgath က စုဆောင်းပေးသည်။ သူတို့ကိုယ်တိုင်နှင့် လူမျိုးကိုပါ ကာကွယ်နိုင်ရန် Velen ဘက်သို့ ကူးလာကြခြင်းဖြစ်သည်။ Velen က သူ့ အာရုံကို သူ တစ်ခါက အယုံကြည်ရဆုံးမိတ်ဆွေများဖြစ်ခဲ့သည့် သစ္စာဖောက်နှစ်ယောက်အား မှော်အတတ်ဖြင့်

သိမ်မွေ့စွာ ညှို့ရန် ကွန်ရက်တည်ဆောက်ရာတွင် သုံးသည်။ သို့မှသာ သူတို့ မျက်စိရှေ့တွင် ဖြစ်နေသော ကသုတ်ကရက်ဖြစ်စဥ်များကို သတိမပြုမိမည်ဖြစ်သည်။ 


အရှိန်အဟုန်ပြင်းထန်စွာ သို့သော် ​ဖြည်းလေးစွာဖြင့် အနုစိတ်သော ကွန်ယက် ပေါ်လာသည်။ထိုနေ့ကိုရောက်သောအခါ Velen ဦးဆောင်ရာကို လိုက်ရန် ရွေးချယ်ထားသည့် Eredar များသည် သူတို့ ရှေးဟောင်းကမ္ဘာ၏ အမြင့်ဆုံးထောင်ထိပ်၌ လူစုကြသည်။ 


ထိုလူ အရေအတွက်မှာ စိတ်ညစ်စရာကောင်းလောက်အောင် နည်းပါးနေကြောင်း Velen တွေ့ခဲ့သည်။ ရာဂဏန်းခန့်သာရှိပြီး အကုန်လုံးမှာ Velen အမှန်တကယ် ယုံကြည်ရသူများသာ။ သူ့အား တော်လှန်နိုင်ချေရှိသူများကိုမူ Velen မဆက်သွယ်ရဲချေ။ 

 

များမကြာမီကပင် Velen သည် ata'mal ကျောက်တုံးကို ယူလာပြီးဖြစ်သည်။ ကျောက်တုံးအတုကို Velen ရက်အတော်ကြာ အချိန်ယူ၍ လုပ်ခဲ့ရသည်။

သို့မှသာ ၎င်းပျောက်သွားသည်ကို သတိမထားမိကြမည်ဖြစ်သည်။ ကျောက်တုံးအတုကို သာမန် သလင်းကျောက်ထံမှ အစွမ်းကုန် ဂရုစိုက်၍ ထွင်းထုခဲ့ပြီး အလင်းရောင်ထွက်အောင် ပြုလုပ်ခဲ့သည်။ သို့သော် ထိလိုက်လျှင် ပျောက်သွားမည်ဖြစ်၍ တစ်ယောက်ယောက်ကများ လက်နှင့်ထိလိုက်ပါက အခိုးခံရခြင်းကို သိသွားနိုင်သည်။

Ata'mal ကျောက်တုံးအစစ်ကိုမူ Velen က ယခု သူ့လူများ တောင်ပေါ်တက်နေသည်ကို ကြည့်ရင်း သူ့ရင်ဘတ်နှင့် ကပ်ထားသည်။ အများစုမှာ တောင်ပေါ်ရောက်နေပြီဖြစ်ပြီး

သူ့အား မျှော်လင့်တကြီး ကြည့်နေကြသည်။ သူတို့မေးလိုသည့် မေးခွန်းမှာ ပါးစပ်မှ ထုတ်ပြောရန်ပင်မလိုဘဲ မျက်လုံးများတွင် ပေါ်နေလေသည်။


သူတို့ ဘယ်နည်းနဲ့ လွတ်ကြမှာလဲ .......။



rate now:

2 Reviews
  • reader Hsu Yamin Myat 10.11.2019, 17:32 5

    Mike dl

    author Lia K 13.11.2019, 15:57

    ကျေးဇူးပါရှင်

  • reader Yamin Kyaw Thu 25.10.2019, 11:59 5

    Very interesting.

    author Lia K 13.11.2019, 15:57

    Thanks❣️