19
သူအတွေးတစ်ခုရလိုက်သည်။ အရင်ကလည်း Velen ရှိနေသည်ဟု သတင်းရသည့်နေရာသို့ Kil'jaden တပ်ဖွဲ့များချီတက်ခဲ့သည်မှာ ခဏခဏပင် သို့သော် Velen က လွတ်မြဲဖြစ်သည်။ Kil'jaden ကလည်း ထိခိုက်သွားသော သူမာနကို ထိုကမ္ဘာများအ ဖျက်စီးခြင်းဖြင့် တေးထား၏။ ထို ရှေးကျသော လူမျိုးများအာ အမျိုးဖြုတ်ပစ်ခြင်းကလည်း သူ၏ အပြည့်အဝလက်စားချေလိုသည့် အာသီသကို မပြေစေနိုင်ချေ။
ဒီတစ်ကြိမ်တွင်တော့ သူ ဒီလိုလုပ်တော့မည် မဟုတ်ပါ။ Talgath အား Burning Legion ကို ဦးဆောင်စေပြီး လွှတ်တော့မည််မဟုတ်။ Velen သည် သူတို့ထဲ၌ အသန်မာဆုံးဖြစ်ခဲ့သည်။ ပညာအရှိဆုံး၊ မှော်ပညာနှင့် သိပ္ပံပညာ အကျွမ်းကျင်ဆုံး ဖြစ်ခဲ့၏။ ဤမျှ အချိန်ကာလ ကြာညောင်းပြီဖြစ်သည့်တိုင် သူ့ မိတိဆွေဟောင်းကြီးသည် လုံခြုံရေးကို လျှော့ချထားလိမ့်မည်ဟု Kil'jaden မထင်မိပါ။ Velen သည် အစဥ်မပြတ်သတိရှိနေလိမ့်မည်။ ခြိမ်းခြောက်မှု တစ်စုံတစ်ရာကို ခံစားရသည်နှင့် ချက်ချင်း တိမ်းရှောင်နိုင်ရန် အသင့်ဖြစ်နေလိမ့်မည်။
ဒါပေမယ့်.... သိပ်မသိသာတဲ့ ခြိမ်းခြောက်မှုမျိုး ဆိုရင်ရော?
"Talgath..... မင်း အဲ့ဒီ့ကမ္ဘာကို ငါ့အတွက် စုံစမ်းထောက်လှမ်းပေးရမယ်.."
"သခင်?" Talgath အသံမှာ ငြိမ်သက် ချောမွတ်နေသော်လည်း နားမလည်ဟန် ပေါက်နေ၏။
" ငါတို့ အရင်ကလည်း တခြားကမ္ဘာတွေကို စစ်တွေချီတက်ခဲ့ပြီးပြီ ဘာမှ အကျိုးမရှိခဲ့ဘူး။ ဒီတစ်ကြိမ်တော့ တစ်ယောက်တည်းကိုပဲ လွှတ်လိုက်မယ်။ တစ်ယောက်တည်း၊ ဒါပေမယ့် လုံးဝ ယုံကြည်စိတ်ချလို့ရတဲ့လူ တစ်ယောက်တည်း"
Talgath ခေါင်းထဲတွင် စိုးရိမ်ခြင်းနှင့် မာနတို့ လွန်ဆွဲ တိုက်ပွဲ ဝင်နေသည်ကို သူ ခံစားမိလိုက်သည်။
"ရန်သူ တစ်ယောက်ကို စစ်တပ် မလိုဘဲ တိုက်ခိုက်ဖို့ နည်းတွေရှိပါတယ်။ တစ်ခါတစ်လေ အဲ့ဒီ့နည်းတွေက ပိုကောင်းနေတတ်တယ်"
"ဒါဆို...အဲ့ဒီ့ ပိုကောင်းတဲ့နည်းကို... ရှာစေချင်တာလား?"
"မင်းတစ်ယောက်တည်း အဲ့ဒီ့နေရာကို သွား။ အဲ့ဒီ့နေရာအကြောင်း လေ့လာ။ စုံစမ်းခဲ့။ ပြည်နှင်ဒဏ်ခံရတဲ့ကောင်တွေ အဲ့ဒီ့မှာ တကယ်ရှိမရှိငါ့ကို ပြန်ပြော။ ရှိတယ်ဆို သူတို့အခြေအနေ ဘယ်လိုရှိလဲ။ သူတို့ဘယ်လို နေထိုင်နေကြလဲ ပြော။ သတ်စားဖို့မွေးထားတဲ့ ကျွဲနွားတွေလို ဝဖြိုးနေကြလား ဒါမှမဟုတ် သားကောင်လေးတွေလို ပိန်လှီ ချောက်ချားနေကြသလား။ သူတို့ နေတဲ့ ကမ္ဘာအကြောင်းပြောပြ တခြား ဘာလူမျိုးတွေရော အဲ့ဒီ့မှာ နေသေးလဲ။ ဘာ သတ္တဝါတွေ ဘယ်လို ရာသီဥတုတွေ ရှိသလဲ ? စုံစမ်းပါ Talgath ငါ့ဆီက သေချာတဲ့ အမိန့်မရဘဲ ဘာမှ မလုပ်နဲ့"
"မှန်လှပါ သခင်။ ကျွန်တော် ချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်" နားမလည်သေးသော်လည်း နာခံ၍ ထက်မြက်စွာ ဖြေလိုက်သည်။ Talgath သည် man'ari သခင်အား ယခင်ကလည်း ကောင်းစွာ အလုပ်အကျွေးပြု အမှုထမ်းခဲ့၏။ ယခုလည်း ဆက်လက် တာဝန်ကျေဦးပေမည်။
ကြီးမြတ်သော Sargeras နှင့် မပက်သက်ခင်က မျက်နှာနှင့် အတော်လေး မတူတော့သော်လည်း Kil'jaden ၏ မျက်နှာမှာ ပြုံးသည်ဟု ယူဆ၍ရသည့် အမူအရာတစ်မျိုးကို ပြုလုပ်လို့တော့ရပါသေးသည်။
Durotan သည် သူတို့ လူမျိုးရှိအခြားသူများကဲ့သို့ပင် လက်နက်ဖြင့် လေ့ကျင့်ခြင်းများအား အသက် ၆နှစ်မှ စတင်ခဲ့၏။ သူ့ခန္ဓာကိုယ်မှာ သန်မာ ထွားကြိုင်းနေခဲ့ပြီး လက်နက်သုံးခြင်းအတတ်မှာ သူတို့ လူမျိုးများ၏ ဝမ်းတွင်းပါ အတတ်ကဲ့သို့ပင်။ သူ့အသက် ၁၂နှစ်တွင် အမဲလိုက်သည့်အဖွဲ့များနှင့် လိုက်ပါနေခဲ့ပြီဖြစ်သည်။ ယခုမူ အရွယ်ရောက်လျှင် ပြုရသည့် ဓလေ့ကို အောင်မြင်ပြီးသည့်နောက်တွင်မူ ဘီလူးများနှင့် သူတို့၏ ညစ်ပတ်ကာ ကလိန်ကကျစ်ကျတတ်သည့် သခင် Groon များကို အမဲလိုက်သည့် အဖွဲ့သို့ ပါဝင်ခွင့်ရလေပြီ။
ဒီနှစ် ဆောင်းဦး Kosh'harg ပွဲတော် ရောက်လာသည့်အခါ ကလေးတွေ အိပ်ရာဝင်ပြီးနောက် ကျင်းပသည့် အစည်းအဝေးသို့ သူလည်း လူကြီးများနှင့် အတူ တက်ရောက်ခဲ့သည်။ သူနှင့် Orgrim နှစ်ယောက်သား ဟိုးအရင်နှစ်တွေကတည်းက သိခဲ့ပြီး သလိုပင် လူကြီးဖြစ်လာခြင်းနှင့် မီးပုံအစည်းအဝေးပွဲ တက်ရခြင်းမှာ ထင်သလောက် စိတ်ဝင်စားစရာမကောင်းပါချေ။
သို့သော် တစ်ခုကတော့ စိတ်ဝင်စားဖို့ကောင်းပါသည်။ နာမည်ကိုကြားဖူးသည်မှာ ကြာလှပြီဖြစ်သော်လည်း သူ ငယ်သေးသောကြောင့် သကားတစ်ခါမှ မပြောဖူးသည်သူများကို မျက်စိရှင်ရှင်ထားကာ လိုက်ကြည့်ပြီး အပြန်အလှန်အသိအမှတ်ပြုခွင့်ရခဲ့၏။ မိခင်ကြီး Kashur ကတော့ သူ့အဖွဲ့မှ ဖြစ်သောကြောင့် သိပြီးဖြစ်သည်။ မိခင်ကြီးမှာ တခြားအဖွဲ့မှ နတ်ဆရာများထက် ရာထူး ပိုမြင့်သည်ကို သူ သိထားပြီး ထိုအတွက်လည်း ဂုဏ်ယူမိ၏။ ပထမဆုံးညတွင် မီးပုံဘေး၌ ကွေးနေသော မိခင်ကြီးကို သတိပြုမိသည်။ အရိုးနှင့်အရေသာရှိသည်ဟု ထင်ရအောင် ပိန်လှီလှသည့် ကိုယ်ပေါ်တွင် ခြုံစောင်တစ်ထည်ကို လွှမ်းထား၏။ ဘာကြောင့်မှန်းမသိ ဒီတစ်ခါ Kosh'harg ပွဲတော်သည် မိခင်ကြီးအတွက် နောက်ဆုံးပွဲ ဖြစ်ကြောင်း သူ အလိုလိုသိနေသည်။ ထိုသို့ တွေးမိသောအခါ ထင်ထားသည်ထက်ပို၍ သူ စိတ်မကောင်းဖြစ်သွားသည်။
မိခင်ကြီးဘေးတွင် ထိုင်နေသူမှာ မိခင်ကြီးထက် ငယ်ရွယ်သော်လည်း Durotan ၏ မိဘများထက်တော့ ပို အသက်ကြီးသည့် မိခင်ကြီး၏ တပည့် Drek'Thar ဖြစ်၏။ Durotan နှင့် စကားသေချာ မပြောဖူးသော်လည်း သူ၏ ပါးလွှာသော နှုတ်ခမ်းနှင့် စူးရှသော မျက်လုံးအစုံကပင် မည်မျှ လေးစားစရာကောင်းကြောင်း သိသာနေသည်။ Durot မျက်လုံးများက စုဝေးထားသော လူအုပ်ထဲတွင် ဟိုဟိုဒီဒီ ကြည့်နေမိသည်။ မနက်ဖြန်ဆိုလျှင် နတ်ဆရာများသည် မြင့်မြတ်သော တောင်ပေါ်ရှိ လှိုဏ်ဂူများထဲတွင် ဘိုးဘေးတို့နှင့် တွေ့ဆုံရန် ထွက်ခွာကြပေတော့မည်။ ထိုနေရာသို့ သွားရောက်ခဲ့သည့်အချိန်ကို ပြန်တွေးလိုက်လျှင် Durotan တုန်သွားမိသည်။ လေကြမ်းတိုက်သွားသည်ဟု ထင်ရသော်လည်း လုံးဝ သာမန် မဟုတ်သည့် လေအေးများအကြောင်း ပြန်တွေးမိ၏။
ဟိုဘက်တွင် ထိုင်နေသူမှာ Grom Hellscream ဖြစ်သည်။ Waraong အဖွဲ့ခေါင်းဆောင်ဖြစ်ပြီးငယ်ရွယ်ကာ အနည်းငယ် စိတ်တက်ကြွလွန်းနေသည်။ Durotan နှင့် Orgrim တို့ထက် အနည်းငယ်သာ ကြီးပြီး အဖွဲ့ခေါင်းဆောင် အသစ်ဖြစ်၏။ Warsong ၏ အရင်အဖွဲ့ခေါင်းဆောင်ဟောင်း ကွယ်လွန်သွားသည်နှင့် ပတ်သက်၍ ကောလာဟလတို့ ထွက်ခဲ့သော်လည်း Warsong အဖွဲ့ကမူ Grom ၏ ဦးဆောင်မှုကို မကန့်ကွက်ခဲ့ချေ။ Durotan ကတော့ အထူးအဆန်းဟု မမြင်မိချေ။ ငယ်ရွယ်လွန်းသည့် Grom မှာ အနည်းငယ်တော့ ခြိမ်းခြောက်နိုင်သယောင်ရှိ၏။ မီးပုံမှ လာသည့် အလင်းရောင်ကို မှိတ်တုတ်မှိတ်တုတ်ဖြစ်အောင် လုပ်နေသည့် အကများကြားမှလာသည့် မီးအလင်းမှာလည်း သူ့မျက်နှာကို ပိုကြောက်စရာကောင်းစေသည်။ သူ့ကျောဘက်တွင် ထူထဲနက်မှောင်သည့် ဆံပင်များက ဝဲကျနေ၏။ အဖွဲ့ခေါင်းဆောင်ဖြစ်သည့် အမှတ်အသားအနေနှင့် Grom ၏ မေးစေ့တွင် အမည်းရောင် တက်တူးထိုးထားသည်။ သူ့လည်ပင်းတွင်တော့ အရိုးများကိုဆွဲထားသည့် လည်ဆွဲတစ်ကုံး။ သူတို့ အဖွဲ့၏ ရိုးရာကို Durotan သိသည်။ Warsong အဖွဲ့တွင် သူရဲကောင်းငယ်တစ်ယောက်သည် သူ ပထမဆုံးသတ်ဖြတ်ခဲ့သည့် သားရဲ၏ အရိုးများကို သူကိုယ်တိုင် စာများရေးထိုးကာ ဝတ်ဆင်ကြရသည်။
Gron ဘေးတွင်မူ ကြီးမားခန့်ထည်သည့် Blackrock အဖွဲ့၏ Blackhand ထိုင်နေသည်။ Blackhand ဘေးတွင် တိတ်ဆိတ်စွာ တမြုံ့မြုံ့လုပ်နေသူကား Shatter Hand အဖွဲ့၏ ခေါင်းဆောင် Kargath Bladcfist ဖြစ်သည်။ သူ့လက်ကောက်ဝတ်တွင် လက်အစား ဓားကောက်ကြီးတစ်ခုကို မြှုပ်တပ်ထားရာ ထိုဓားကြီး မီးရောင်တွင် လက်လိုက်သောအခါတိုင်း Durotan တစ်ယောက် ယခု လူကြီးဖြစ်လာချိန်ထထိ လန့်နေသေး၏။ သူ့ဘေးတွင်တော့ Bleeding Hallow အဖွဲ့ခေါင်းဆောင် Kilrogg Dcadeye ရှိသည်။ ထိုနာမည်မှာ မိသားစုနာမည်မဟုတ်ဘဲ သူ့ကိုယ်သူပေးထားခြင်းဖြစ်သည်။ မျက်လုံးတစ်လုံးက လူအုပ်များထံ လူးလာ ပျံသန်းနေကာ နောက်တစ်လုံးကမူ မျက်လုံးအိမ်ထဲတွက် မလှုပ်မယှက်ရှိနေ၏။ Grom သည် ခေါင်းဆောင်ဖြစ်ဖို့ ငယ်လွန်းသည်ဆိုလျှင် Kilrogg မှာ ခေါင်းဆောင်ဖြစ်ဖို့ အသက်ကြီးလွန်းသည်ဟု ပြောရမည်။ သို့သော် Kilrogg မှာ အသက်ကြီးရင့်နေပြီး ပုံပန်းမှာ ခေါင်းဖြူကာ ကျိုးတိုးကျဲတဲ ဖြစ်နေသော်လည်း အဖွဲ့ခေါင်းဆောင်ဘဝကို လုံးဝစိတ်ကုန်ပုံမရသေးကြောင်း Durotan ရှင်းရှင်းလင်းလင်း မြင်နေရသည်။
Durotan မအီမသာဖြင့် တခြားတစ်ဖက်ကို အာရုံပြောင်းလိုက်၏။
Drek'Thar ဘယ်ဘက်တွင် Shadowmoon အဖွဲ့၏ နတ်ဆရာဖြစ်သော ကျော်ကြားသည့် Ner'zhul ရှိသည်။ Durotan မှတ်မိသလောက်ဆိုလျှင် Nee'zhul က နတ်ဆရာခေါင်းဆောင်ဖြစ်သည်။ တစ်ခါက Durotan သည် Ner'zhul ပါဝင်သော အမဲလိုက်အဖွဲ့သို့ လိုက်ပါခွင့်ပြုခံခဲ့ရဖူးရာ ထို နတ်ဆရာ၏ ပညာ တစ်ဖက်ကမ်းခတ် တတ်ကျွမ်းမှုမှာ အံ့သြလောက်စရာပင်။ အခြားသူများက မှော်အတတ်များရောက်ရှိရန် အော်ဟစ်ညည်းညူ ကြိုးပမ်းကာ မာန်ပင် မရှိနိုင်တော့ဘဲ စွမ်းအားများကို ထိန်းချုပ်နေရစဥ် Ner'zhul က ငြိမ်ငြိမ်ဆိမ်ဆိမ်ပင်။ သူ အလိုရှိသည့်နေရာတွင် ကမ္ဘာမြေကြီး က တုန်လှုပ်ပေးရသည်။ သူ လိုချင်သည့်နေရာသို့ ကောင်းကင်မှ မိုးကြိုးများက ထစ်ချုန်းပေးရသည်။ ဓာတ်ကြီးလေးပါးနှင့် လေထု၏ တသီးတသန့် နတ်များက သူ့ကို မိတ်ဆွေအပေါင်းအဖော်ဟု သတ်မှတ်ကြသည်။ Ner'zhul နှင့် ဘိုးဘေးတို့ အဆက်အသွယ်ပြုသည်ကို Durotan မတွေ့ဖူး။ နတ်ဆရာတို့မှလွဲ၍ မည်သူမျှ ထိုအရာကို မမြင်နိုင်ကြချေ။ သို့သော် ဘိုးဘေးတို့က Ner'zhul ကို သာမန်ထက်ပို၍ မနှစ်သက်ခဲ့လျှင် သူသည် ဤမျှ တန်ခိုးကြီးသော စွမ်းအားများကို အေးအေးဆေးဆေး သယ်ဆောင်နေနိုင်စရာ အကြောင်းမရှိဟု Durotan ထင်မိသည်။
မည်သို့ဆိုစေ Ner'zhul ၏ တပည့်ကိုတော့ Durotan မနှစ်သက်ပါ။ Orgrim က သူ့ငယ်သူငယ်ချင်းဖြစ်သည့် Durotan ဘေးတွင် ထိုင်နေသဖြင့် Durotan ကြည့်ရာကို လိုက်ကြည့်ကာ ဘေးသို့စောင်းလိုက်၍ တီးတိုးပြောလိုက်သည်။
"Gul'dan ကို တည်ကြက်လုပ်ခိုင်းလိုက်ရင် သူ့လူမျိုးအတွက် ပိုအသုံးကျမယ်လို့ ငါထင်တယ်"
Durotan က သူပြုံးလိုက်ကြောင်း မည်သူမှ သတိမထားမိအောင် အကြည့်ကိုလွှဲလိုက်သည်။ Gul'dan တစ်ယောက် နတ်ဆရာအဖြစ် မည်မျှ အတွေ့အကြုံ ရှိသလဲ Durotan မသိပါ။ အရည်အချင်းတချို့တော့ သေချာပေါက်ရှိရပေမည် မဟုတ်လျှင် Ner'zhul က သူ့တပည့်အဖြစ် လက်ခံလိမ့်မည် မဟုတ်ပါ။ သို့သော် သူ့ပုံပန်းက အထင်ကြီးလောက်စရာ ဟိတ်ဟန်မရှိပေ။ အရပ်က ပုပု၊ လူပုံက နွဲ့နွဲ့ ၊ မုတ်ဆိတ်မွေး တိုတိုထူထူဖြင့် ore သူရဲကောင်းတစ်ယောက်ပုံစံ ပေါက်မနေပါချေ။
" အဲ့ဒီ့တစ်ယောက်မဟုတ်ဘူး။ သူက မွေးကတည်းက သူရဲကောင်းပုံပဲ"
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl