13
ထိုသို့ ရှင်းပြနေစဥ်တွင်ပင် သူ စကားလုံးတချို့ကို စမ်းတဝါးဝါးဖြစ်နေသည်။ မြို့တစ်မြို့လုံးကိုတောင် ရုပ်ဖျက်ပေးနိုင်တဲ့ မှော်ပညာမျိုး၊ ကမ္ဘာမြေကြီးမှာရှိတဲ့ ကျောက်မျက်ရတနာတွေ ကျောက်သားတွေနဲ့ ပေါင်းစပ်နိုင်တဲ့ နူးညံ့ပြီး မယုံနိုင်စရာကောင်းတဲ့ သတ္တုတစ်မျိုး အကြောင်း တွေးလိုက်မိသော် Velen ပြောတာ မှန်တယ် ဟု ဆုံးဖြတ်လိုက်သည်။
ဒီအကြောင်းတွေအကုန်လုံးကို တစ်ညနေတည်းနဲ့ နားလည် သဘောပေါက်နိုင်တဲ့လူ မရှိလောက်ပါပေ။ သို့သော် မိခင်ကြီး Kashur ကမူ ပင်ကိုအသိစိတ်ဖြင့် နားလည်နိုင်လောက်မည်ဟု Durotan ထင်နေသည်။ ထို့နောက်တွင် သူတို့ လူမျိုး ၂ မျိုး ဘာလို့ ဒီ့ထက်ပိုပြီး ကူးလူးဆက်သွယ်မှု မရှိကြတာလဲ ဟု တွေးနေမိပြန်၏။
စကားဝိုင်းက ထမင်းစားရေသောက် အကြောင်းအရာများထံ ပြန်ရောက်သွားလေသည်။ Terokkar တောတွင်းရှိ ထိုနေရာသည် Draenei လူမျိုးတို့ အထွတ်အမြတ်ထားသည့် Auchindoun ဟု ခေါ်သည့် နေရာဖြစ်ကြောင်း သူတို့ ၂ယောက်လုံး သိရှိသွားခဲ့သည်။ ထိုနေရာတွင် သေဆုံးသွားသူများအား မြေကြီးထဲသို့ မြှုပ်နှံကြသည်။ Draenei တို့မှာ Orc များလို့ မီးသဂြိုဟ်လေ့ မရှိကြချေ။ မြေမြှုပ်ခြင်းမှာ ကြောင်တောင်တောင်နိုင်သည်ဟု Durotan တွေးမိသော်လည်း မပြောမိအောက် ထိန်းထားလိုက်သည်။ Telmor မြို့သည် ဤ "လူသေမြို့တော်" နှင့် အနီးဆုံးမြို့ဖြစ်ပြီး Velen ဒီသို့ ရောက်နေခြင်းမှာ ဝမ်းနည်းဖွယ် ကိစ္စတစ်ခုကို ဆောင်ရွက်ရန်ဖြစ်သည်။ Orgrim နှင့် Durotan ကို ဒီနေ့ သတ်မိမလို ဖြစ်ခဲ့သည့် ဘီလူးအား တိုက်ခိုက်ရင်း ကျရှုံးသွားသည့် သူရဲကောင်းများကို မြေမြှုပ်သဂြိုဟ်ပေးရန် လာရောက်ခြင်းဖြစ်သည်။
Velen က ရှင်းပြသည်။ ပုံမှန်ဆိုလျှင် သူသည် Karabor နန်းတော်ဆိုသည့် လှပသော နေရာတွင် နေလေ့ရှိသည်။ အခြား Draenei မြို့များလည်း ရှိသေးသည်။ သို့သော် အကြီးဆုံးမြို့ကတော့ မြောက်ဘက်တွင် ရှိသည့် Shattrah ဟုခေါ်သော နေရာပင် ဖြစ်သည်။
နောက်ဆုံးတွင် ညစာစားပွဲ ပြီးဆုံးသွားလေသည်။ ရှေ့ဖြစ်ဟော Velen ၏ မျက်လုံးအစုံသည် သူ့ရှေ့ရှိ ပန်းကန် အလွတ်ပေါ်သို့ ရောက်နေသော်ငြား ထို ပန်းကန်ကို သူတကယ် မြင်ပုံမရ ဟု Durotan သေချာပါသည်။
"ငါ့ကို ခွင့်ပြုကြပါဦး" Velen က မတ်တတ်ထရပ်ရင်း ပြောသည်။
"ဒီနေ့ တော်တော်ပင်ပန်းသွားပြီ။ ငါ မအိပ်ခင်လည်း တရားထိုင်ရဦးမယ်။ ဒီနေ့ မင်းတို့ကို တွေ့ရတာ ဂုဏ်ယူဝမ်းမြောက်ပါတယ် Frostwolf အဖွဲ့က Durotan နဲ့ Blackrock အဖွဲ့က Orgrim တို့။ မင်းတို့ လူမျိုးတွေ တစ်ခါမှ မရောက်ဖူးတဲ့ ဒီနေရာရဲ့ နံရံတွေအောက်မှာ ကောင်းကောင်းနဲ့ အန္တရာယ် ကင်းကင်း အိပ်ပျော်ကြလိမ့်မယ်လို့ ငါယုံကြည်ပါတယ်"
Durotan နှင့် Orgrim တို့လည်း အခြားသူများနှင့် အတူ ရပ်လိုက်ကာ ဦးညွတ်လိုက်သည်။
Velen က အနည်းငယ်ပြုံးလိုက်သည်။ စောစောတုန်းက သူတွေ့ခဲ့တဲ့ ဝမ်းနည်းသလို ဖြစ်သွားပုံနှင့် ဆင်တူနေသည်ဟု Durotan ထင်လိုက်မိသည်။
"ထပ်တွေ့ကြဦးမယ် ကလေးတို့ ကောင်းသောညပါ" ထို့နောက် သူတို့နှစ်ယောက်လုံး ချက်ချင်းလိုပင်ထွက်လာကြသည်။ သူတို့အခန်းများဆီ လိုက်ပို့ပေးကြပြီး ထိုညတွင် နှစ်ယောက်စလုံး နှစ်ခြိုက်စွာ အျပ်ပျော်ကြလေသည်။ သို့သော် Durotan အိပ်မက်ထဲတွင် Orc အိုကြီး တစ်ယောက်က သူ့ဘေး၌ ငြိမ်သက်စွာလာထိုင်နေသည်ဟု မက်လေရာ ထိုအိပ်မက်မှာ မည်သည့်အဓိပ္ပါယ်နည်း ဟု တွေးနေမိလေသည်။
" သူ့ကိုခေါ်လာခဲ့ " Orc အိုကြီးက မိခင်ကြီး Kashur ကို ပြောလိုက်သည်။
Frostwolf အဖွဲ့၏ ဝါအကြီးဆုံးဖြစ်သော မိခင်ကြီး Kashur သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့လေသည်။ သူ၏ ကြီးမြတ်လှသည့် ဂုဏ်အရှိန်အဝါကြောင့် သူ့ရွက်ဖျင်တဲမှာ တစ်ဖွဲ့လုံး၏ ခေါင်းဆောင်ဖြစ်သည့် Ganad ၏ တဲ ပြီးလျှင် ဒုတိယ အကောင်းဆုံးဖြစ်သည်။ Clefthoof အမွေးဖြင့် ရက်လုပ်ထားသော ထူထဲသည့် ကော်ဇောများက သူ၏ ချိနဲ့နေပြီဖြစ်သော အရိုးများအား အအေးဒဏ်မှ ကာကွယ်ပေးထား၏။ သစ္စာရှိပြီး သူ့ကို ချစ်ခင်သည့် မြေးမတစ်ယောက်က သူ့ ဝေယျာဝစ္စအဝဝကို တာဝန်ယူကပြုစုပေးသည်။ မိခင်ကြီး Kashur ၏ တာဝန်မှာ ဓာတ်ကြီးလေးပါးနှင့် ပတ်ဝန်းကျင်ရှိ ဓာတ်များကို အာရုံစိုက်ရန်နှင့် ဘိုးဘေးဝိဉာဥ်များ သူ့ထံလာရောက်လျှင် မြင်နိုင်ရန် အာရုံများပွင့်အောင် ခါးသက်သော ဆေးယမကာ တစ်မျိုးကို ညစဥ်သောက်သုံးပေးရခြင်းတို့ ဖြစ်သည်။ အဖွဲ့ရှိ အခြားသူများက သစ်သီးဝလံနှင့် ထင်းများ ရှာဖွေ စုဆောင်းပေးသကဲ့သို့ သူကလည်း သတင်းအချက်အလက်များ စုဆောင်းပေးလေရာ ၎င်းကလည်း အဖွဲ့ဝင်များကို အာဟာရရှိစေပေသည်။
ထို Orc အိုကြီးသည် သူ့ရှေ့တွင် ရှိမနေသော်လည်း သူသည် အစစ်ဖြစ်ကြောင်း မိခင်ကြီးက သိနေ၏။ Orc အိုကြီးသည် သူ့အိပ်မက်ထဲသို့ လာခဲ့သည်။ ထိုမျှနှင့်ပင် လုံလောက်နေပေပြီ။ အိပ်မက်ထဲတွင် သူသည် ငယ်ရွယ်တက်ကြွနေပြီး သူ့အသားအရေက ကျန်းမာသန်စွမ်းမှုဖြင့် နီမြန်းနေကာ တစ်ကိုယ်လုံးမှာလည်း ကြွက်သားအပြည့်ဖြင့် ပြည့်ပြည့်ဖြိုးဖြိုးရှိနေ၏။ Orc အိုကြီးမှာမူ သူသေဆုံးခဲ့စဥ်က အသက်အတိုင်းပင်၊ ဉာဏ်ပညာမှာလည်း ထိုအသက်အရွယ်က ရှိခဲ့သည့်အတိုင်း မြင့်မားဆဲပင်။ သူ အသက်ရှင်စဥ်က သူ့အမည်မှာ Tal'kraa ဖြစ်ခဲ့သည်။ သို့သော် ယခုမူ သူသည် မိခင်ကြီး Kashur ထက် မျိုးဆက်ပေါင်းများအသက်ကြီးမှန်း သိသော်ငြား သူ့ကို ဘိုးဘိုး ဟုသာ ခေါ်လေသည်။
" မင်း ငါတို့ အမှာစကားကို ရပြီးပြီ " အဘိုးအိုက ငယ်ရွယ်တက်ကြွနေသည့် အိပ်မက်ထဲက Kashur ကို ပြောသည်။
သူ ခေါင်းညိတ်လိုက်သည်။ သူ့ မဟူရာ ဆံနွယ်များက လေနှင့်အတူ ဝေ့ဝဲနေ၏။
" သူနဲ့ Blackrock အဖွဲ့က ကောင်လေး Draenei တို့နဲ့ တူတူရှိနေပါတယ်" သူက ပြောသည်။
" သူတို့ အဆင်ပြေကြမှာပါ။ သမီး အာရုံရတယ်"
အဘိုးအို Tal'kraa က ခေါင်းညိတ်လိုက်ရာ သူ့ ပါးစုန့်ကြီးများပါ လှုပ်ရှားသွားသည်။ သူ့ အစွယ်များက အသက်ကြီးပြီဖြစ်၍ ဝါနေပြီး တစ်ချောင်းမှာ မေ့လုလုဖြစ်နေသည့် စစ်ပွဲတစ်ခုတွင် တိုက်ရင်း ကျိုးပဲ့ခဲ့လေသည်။
" အင်း သူတို့ အဆင်ပြေပါတယ်။ သူ့ကို ခေါ်လာခဲ့"
ထိုစကားကို ဒုတိယအကြိမ်မြောက်ပြောခြင်း ဖြစ်သည်။ အဘိုး၏ ဆိုလိုရင်းကို Kashur နားမလည်နိုင်ပေ။
" သစ်ပင်တွေ သစ်ရွက်ကြွေတဲ့ နောက်လအနည်းကြာရင် သူတောင်ပေါ်ကို လာရမှာပါ။ အဲ့ဒီ့တော့.. ဟုတ်...သူ့ကို သမီး ခေါ်ခဲ့ပါ့မယ် "
Tal'kraa က ခေါင်းကို ပြင်းထန်စွာ ခါယမ်းလိုက်ပြီး သူ့မျက်လုံး ညိုညိုများက စိတ်တိုမှုကြောင့် မျက်မှောင်ကြုတ်သွား၏။ Kashur က ကြောက်ကြောက်ဖြင့် ပြုံးပြလိုက်သည်။ သူ့အား လာရောက်ချီးမြှင့်တတ်ကြသော ဘိုးဘေးများထဲတွင် အဘိုး Tal'kraa က စိတ်မရှည်တတ်ဆုံးပင်။
"မဟုတ်ဘူး မဟုတ်ဘူး" Tal'kraa က အော်ပြောသည်။
"သူ့ကို Oshu'gun တောင်ရဲ့ လှိုဏ်ဂူကြီးထဲ ခေါ်လာခဲ့။ သူနဲ့ ငါ အဲ့ဒီ့မှာ တွေ့မယ်"
Kashur က အသက်ကို ဖြတ်ခနဲ ရှူလိုက်သည်။
" သူ့ကို... ဘိုးဘေးတွေနဲ့ တွေ့ဖို့ ခေါ်လာစေချင်နေတာလား?"
"ငါ အခုပြောလိုက်တာ အဲ့ဒါပဲ မဟုတ်ဘူးလား? ငတုံးမ! ခုခေတ် နတ်ဆရာတွေ ဘာဖြစ်ကုန်ကြတာလဲ"
အဘိုးအိုမှာ ၎င်းကိုပင် ထပ်ခါထပ်ခါ အော်ဟစ်ရေရွတ်နေရာ Kashur ပြဿနာ အကြီးအကျယ်တက်လေတော့သည်။ သူပြောလိုက်သည့် စကားကြောင့် Kashur မှာ ကြက်သေသေနေ၏။ ရှေးယခင်ကလည်း ဘိုးဘေးများက ကလေးတစ်ယောက်ကို တွေ့ဖို့ တောင်းဆိုသည်မှာ ဖြစ်ခဲ့ဖူးပါသည်။ ဖြစ်ခဲသော်လည်း ဖြစ်ခဲ့ဖူးပါသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ထို တောင်းဆိုခံရသောကလေးမှာ နတ်ဆရာဖြစ်ဖို့ ပါရမီပါသည့် ကလေးပင်ဖြစ်သည်။ Durotan လိုကလေးမျိုးက နတ်ဆရာဖြစ်လိမ့်မည်ဟု သူ မတွေးဖူးပါ။ နတ်ဆရာတစ်ယောက်က အဖွဲ့ကို ဦးဆောင်သည် ဆိုခြင်းမှာ အလွန်ရှားသည်။ ထိုကလေး သြဇာညောင်းသည့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာရန် လမ်းတွင် ပိတ်ဆို့နေမည့် အတားအဆီးများမှာ များပြားလွန်းနေလိမ့်သည်။ ဘိုးဘေးတို့အား အာရုံခံ နားထောင်ရန်နှင့် အဖွဲ့ဝင်များအား ဦးဆောင်ရန် အလုပ်နှစ်ခုစလုံး လုပ်နိုင်ဖို့ဆိုသည်မှာ တော်ရုံလူ မလုပ်နိုင်သည့် အလုပ်များပင်။ ထို နှစ်ခုလုံး လုပ်နိုင်မည် ဆိုလျှင်လည်း သမိုင်းတွင်လောက်သည့် အာဂလူသာ ဖြစ်လိမ့်မည်။
Kashur က ဘာမှပြန်မပြောဘဲ ငြိမ်နေသည့်အခါ အဘိုးက ဟိန်းဟောက်လိုက်ပြီး သူ့တောင်ဝှေးအား မြေပြင်ပေါ် ဆောင့်ချလိုက်သည်။ Kashur အနည်းငယ် တုန်သွားသည်။
" သူ အရွယ်ရောက်တဲ့နေ့ကျရင် သမီး ခေါ်လာပါ့မယ်" Kasbur က အဘိုးအိုကို ကတိပေးလိုက်သည်။
"နောက်ဆုံးတော့ သဘောပေါက်ပြီပေါ့" အဘိုးက သူ့တောင်ဝှေးကို Kashur ရှေ့တွင် လှုပ်ပြရင်း ပြောသည်။
"အမှားလုပ်မိလို့ကတော့ ဒီတောင်ဝှေးက မြေကြီးပေါ်မဟုတ်ဘဲ နင့်ခေါင်းပေါ်ကို ရောက်ပြီသာမှတ်"
အဘိုးအိုက ထိုစကားများ ပြောရင်းက မနေနိုင်ဘဲ ပြုံးနေရာ Kashur လည်း ပြုံးလိုက်ပြီး အိပ်မက်ထဲရှိ သူ့မျက်လုံးများကို မှိတ်ချလိုက်သည်။ အော်ဟစ် ဆူပူတတ်ကာ စိတ်တိုတတ်သော်လည်း အဘိုးအိုသည် ပညာရှိပြီး ကြင်နာတတ်ကာ သူ့ကိုအလွန်ချစ်ရှာသည်။ သူ အသက်ရှင်ကတည်းက သိခဲ့လျှင် ကောင်းမည်ဟု တွေးမိသော်လည်း သူ သေဆုံးခဲ့သည်မှာ နှစ် ၁၀၀ ကျော်ခဲ့လေပြီ။
Kashur မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ သူ့ လိပ်ပြာက သူ့ကိုယ်အစစ်ထဲ ပြန်ဝင်လာသောအခါ သူ သက်ပြင်းချလိုက်သည်။ သူ့ ကိုယ်အစစ်သည် Tal'kraa သေဆုံးစဥ် အရွယ်ကလိုပင် အိုမင်းနေပြီ ဖြစ်ပြီး ခြေလက်တွေမှာလည်း အဆစ်အမြစ်ကိုက်ခဲကာ ချိနဲ့နေပြီး ဆံပင်များမှာလည်း ဖြူဖွေးနေလေပြီ။ သူ့ဝိဉာဥ် ဤကိုယ်မှ နောက်ဆုံးအကြိမ်အဖြစ် ထွက်ခွာပြီး မြင့်မြတ်သော တောင်ပေါ်တွင် ဘိုးဘေးတို့နှင့် သွားနေရမည့်အချိန်မှာ နီးကပ်နေပြီဖြစ်ကြောင်း သူစိတ်ထဲမှ သိနေသည်။ ထို့နောက်တွင် သူ့တပည့် Drek'Thar က Ganad နှင့် Frostwolf တစ်ဖွဲ့လုံး၏ အကြံပေးဖြစ်လာပေလိမ့်မည်။ Drek'Thar အား သူ အလုံးစုံ ယုံကြည်ပေသည်။ တကယ်တော့ သူသည် အမှန်တကယ် သန့်စင်သော ဝိဉာဥ်စွမ်းအား ဖြစ်လာမည့် နေ့ရက်ကို စောင့်မျှော်၍ပင် နေမိသည်။
နေရောင်ခြည် ဖြိုးဖြိုးဖြောက်ဖြောက် ကျလာသည်နှင့် တေးဆိုငှက်တို့၏ တေးသံကို သူ အလွန်နှစ်သက်ကာ အသက်ရှင်ခြင်းက ပေးခဲ့သော အရာများကို သူ လွမ်းနေမည်ဖြစ်သည်။ ငှက်သံလေးများ၊ အစားအသောက်ပူပူနွေးနွေးများနှင့် သူ့မြေးမကလေး၏ တယုတယ ခြေဆုပ်လက်နယ်ပြုခြင်းများ ကဲ့သို့သော ရိုးရှင်းသည့်အရာလေးများသာ ဖြစ်သည်။
"သူ့ကိုခေါ်လာခဲ့" ဘိုးဘိုးက ပြောခဲ့သည်။
ထို့ကြောင့် သူကလည်း ခေါ်လာမည်သာဖြစ်သည်။
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl