book

Index 12

12

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

12

" ကြိုဆိုပါတယ် " 


Velen က ထရပ်လိုက်ပြီး ခေါင်းကို ညွတ်ကာ ချိုသာသော အသံဖြင့် ပြောသည်။ သူ လှုပ်ရှားလျှင် ကျစ်ဆံမြီးလေးများကပါ လိုက်လှုပ်နေသည်။ 


"ငါ့ နာမည်က Velen ပါ။ ဒီနေ့ ငါ့လူတွေ မင်းတို့ကို ရှာတွေ့ခဲ့တာ ဝမ်းသာပါတယ်။ ဒါပေမယ့် နောက် နှစ်အနည်းငယ်လောက်ဆို မင်းတို့လည်း ဘီလူးတွေရော groon တွေကိုပါ ကိုယ်တိုင် ဖမ်းနိုင်လာလိမ့်မယ် ဆိုတာကို ငါ သံသယမရှိပါဘူး "


သူ ဒါကို ဘယ်လိုသိသွားလဲ Durotan မသိသော်လည်း သူပြောနေသည်မှာ ချီးမွမ်းစကားဖြစ်ကြောင်း သေချာပါသည်။ Orgrim လည်း ခံစားမိပုံရသည်။ သူက ပိုမတ်မတ်ရပ်လိုက်ကာ Velen မျက်လုံးများကို တည့်တည့်ကြည့်လိုက်သည်။ Velen က သူတို့ကို ထိုင်ရန်​ လက်ဖြင့် ပြလိုက်သော် သူတို့ ထိုင်လိုက်ကြသည်။ အလှဆင်ထားသည့်  ဝေ့ဝိုက်သောခုံများပေါ်တွင် ထိုင်ရသဖြင့် Duortan ကို့ရို့ကားရားဖြစ်ကာ ခွတီးခွကျ နိုင်နေသည်ဟုထင်သည်။ စားစရာများ ရောက်လာသောအခါ သူ စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။ talbuk ပေါင်သားများ၊ whitefcather ကင်များ၊ ပေါင်မုန့်ဝိုင်း အကြီးကြီးများနှင့် ပန်းကန်ပေါ်တွင် တောင်လိုပုံထားသည့် အသီးအရွက်များဖြစ်သည်။ သူ ရင်းနှီးကျွမ်းဝင်ကာ နားလည်သည့် အစားအစာများပါပင်။ လုံးဝ မတူသော အရာတစ်ခုခုကို သူ တစ်နည်းနည်းဖြင့် မျှော်လင့်ခဲ့ခြင်းဖြစ်သည်။


ဒါပေမယ့် ဘာလို့လဲ? သူတို့၏ အဆောက်အအုံများနှင့် နေထိုင်မှုပုံစံတို့သည် Orc တို့နှင့် အပုံကြီး ကွာချင် ကွာပေလိမ့်မည်။ သို့သော် Orc တို့လိုပင် သူတို့လည်း ကမ္ဘာမြေကြီးက ပေးနိုင်သည့် အရာများကို စားသုံးနေထိုင်ကြရသည်ပင်။ ပြင်ဆင်ထားသည့်ပုံကတော့ အနည်းငယ် ကွာခြားသည်။ Orc တို့သည် ချက်စားကြလျှင် အသားကို ပြုတ်ရင်ပြုတ်၊ မပြုတ်ရင် မီးနှင့် တိုက်ရိုက် ကင်ကြခြင်းဖြစ်သည်။ ဤသည်က ချက်စားလျှင် ဖြစ်သည်။ များသောအားဖြင့် အသားကို အစိမ်းသာ စားကြသည်။ သို့သော် ခြုံကြည့်လျှင် စားစရာသည် စားစရာသာဖြစ်သည်။ နောက်ပြီး ဒီစားစရာမှာ အရသာရှိလှသည်။


Velen မှာ အလွန်တော်သည့် အိမ်ရှင်ဖြစ်လေသည်။ သူသည် မေးခွန်းများစွာမေးပြီး အဖြေများကိုလည်း အလွန်စိတ်ဝင်စားသည့်ပုံပေါ်သည်။ ကောင်လေးတွေ ဘယ်အရွယ်ကစပြီး ဘီလူးတွေကို အမဲစလိုက်လို့ရပြီလဲ? ဘယ်အရွယ်မှာ ကြင်ယာရှာရလဲ? သူတို့ အကြိုက်ဆုံးစားစရာက ဘာလဲ? အနှစ်သက်ဆုံး လက်နက်ကရော ဘာလဲ? 


Orgrim က Durotan ထက်ပင် စကားဝိုင်းတွင် ပိုသွက်နေကာ သူ့စွမ်းရည်များအကြောင်း စပြောတော့သည်။ သူ့ကျေးဇူးကြောင့် Durotan လည်း သူ့အကြောင်းကို တန်ဆာဆင်ကာ ပြောရန် မလိုတော့ချေ။


"ကျွန်တော့်အဖေ မရှိတော့တဲ့အခါကျရင် ကျွန်တော်က Doomhammer ကို အမွေဆက်ခံရမှာ " Orgrim က ဂုဏ်ယူဝင့်ကြွားစွာပြောသည်။ 


"အဲ့ဒါက ရှေးဟောင်းကျပြီး ဂုဏ်ရှိတဲ့ လက်နက်တစ်မျိုးပဲ။ ဖခင်ကနေ အကြီးဆုံးသားကို လက်ဆင့်ကမ်းပေးရတယ်"


သူတစ်ယောက် Orgrim Doomhammer ဖြစ်လာဖို့အတွက် သူ့အဖေက အရင်သေပေးရမည်ဆိုသည့် အချက်ကို Orc ငယ်လေး ခဏတဖြုတ်မေ့သွားဟန်တူသည်။ ရုတ်ချည်းဆိုသလို သူ တည်ငြိမ်သွားသည်။ Velen က ပြုံးလိုက်သည်။ ဝမ်းနည်းမှုကိုပြခြင်း ဟု Durotan ထင်လိုက်သည်။ ထိုအချိန်တွင် Velen မျက်နှာ၌ အရေးအကြောင်းများ နက်နဲစွာပေါ်လာပြီး ပြုံးလိုက်သည်။ ပြေပြစ်သည့် အဖြူရောင် မျက်နှာပေါ်တွင် သိမ်မွေ့သော ပင့်ကူမျှင်များ ပေါ်လာသလိုပင်။


"ဒီ တူ အကြောင်းကို ရှင်းပြပါဦး။ သိပ် အင်အားကြီးမယ့် လက်နက်လို့ ငါထင်တယ်"


Orgrim မျက်နှာမှာ ပြန်လည်တောက်ပသွားသည်။ 


"အဲ့ဒါက တော်တော်ကြီးကို ကြီးတယ်။ ကျောက်သားက အမည်းရောင်ကို ပြောင်ချောနေပြီး သိပ် အစွမ်းထက်တယ် ။ လက်ကိုင်ကိုတော့ သေသေချာချာ ထွင်းထုထားတဲ့ သစ်သားနဲ့ လုပ်ထားတာ။ နှစ်ပေါင်းများစွာကြာနေပြီ။ လက်ကိုင်ကိုပဲ လဲရတယ်။ ကျောက်သားက အရာလေးတောင် မပွန်းသေးဘူး။ အဲ့ဒါကို ပိုင်ရှင်က စစ်ပွဲထဲ ယူသွားရင် ရန်သူတွေအတွက် ကြမ္မာဆိုး(Doom)  ဝင်တာနဲ့တူလို့ Doomhammer လို့ ခေါ်တာ "


"ငါ နားလည်ပါပြီ" Velen က ပြုံးနေရင်း ပြောသည်။


Orgrim က စကားပြောကောင်းနေတုန်းပင်။  


"ဒါပေမယ့် ဟောကိန်းတစ်ခု ရှိသေးတယ်" သူက  ဆက်ပြောသည်။ 


"Doomhammer မျိုးနွယ်ရဲ့ နောက်ဆုံး မျိုးဆက်က အဲ့ဒီ့တူကို သုံးပြီး Orc လူမျိုးတွေကို ပထမ ကယ်တင်လိမ့်မယ်။ နောက်ဆုံး ဖျက်ဆီးပစ်လိမ့်မယ် တဲ့။ ပြီးတော့ ဒီတူကို Blackrock အဖွဲ့ထဲက မဟုတ်ထဲ သူတစ်ယောက်ဆီကို လက်ဆင့်ကမ်းပေးရလိမ့်မယ်။ အရာအားလုံး ထပ်ပြီး ပြောင်းလဲသွားပြီး တူကို တရား မျှတမှုတွေ အတွက်ပဲ ဆက်သုံးရလိမ့်မယ် တဲ့ "


"တော်တော် အင်အားကြီးတဲ့ ဟောကိန်းပဲ"  Velen က ပြောသည်။ ထို့နောက် သူ ဘာမှ ဆက်မပြောတော့ချေ။ သို့သော် Durotan ကျောထဲ၌ စိမ့်ခနဲ ခံစားလိုက်ရပြီး တုန်လှုပ်သွားသည်။ ဒီလူကို သူတို့ လူမျိုးတွေက "ရှေ့ဖြစ်ဟော" လို့ ခေါ်ဝေါ်ကြတာပဲ။  ဒီ Doomhammer ဟောကိန်းက တကယ်ဖြစ်လာ မလာ ကို သူသိလား? Durotan ကရော မေးရဲလား??


Orgrim က Doomhammer အကြောင်းကို အသေးစိပ် ဆက်ပြောပြနေသည်။ ထို လက်နက်ကို မြင်ဖူးပြီးသားဖြစ်သည့် Durotan က Orgrim စကားကို အာရုံမိစိုက်တော့ဘဲ Velen ကိုသာ သတိထားနေမိသည်။ ဘာဖြစ်လို့ ဒီလူက သူတို့ကို ဒီလေါက် စိတ်ဝင်စားနေရတာလဲ?


Durotan သည် ဆတ်ဆတ်ထိမခံနိုင်သော ကလေးဖြစ်ကြောင်း သူ့ကိုယ်သူ သိသည်။ သူ့ ဆတိဆတ်ထိမခံနိုင်မှုကို စိတ်ပူကာ ဆွေးနွေးသော မိဘနှစ်ပါးထံမှ လည်းကောင်း၊ မိဘနှစ်ပါးကို ဆူပူကာ သူ့ကို သူ့အကြောင်းနှင့်သူ လွှတ်ထားပြီး အရေးကြီးသည့် ကိစ္စများကိုသာ အာရုံစိုက်ကြရန် ​ဆုံးမသည့် မိခင်ကြီး Kashur ထံမှလည်းကောင်း စကားအတိုအထွာများ ကြားဖူးသည်။ တစ်ယောက်ယောက်က ဟန်ဆောင်ကာ စိတ်ဝင်စားပြနေလျှင် Durotan စိတ်ထဲက သိသည်။ အကယ်၍ ထိုလူက Draenei တစ်ယောက်ဆိုလျှင်တောင် သူ သိနိုင်မည်ဟု ထင်သည်။ သို့သော် Velen ၏ မျက်လုံးများမှာ တည်ကြည် စူးရှကာ သူ၏ အတန်ငယ်ရုပ်ဆိုးသည့် မျက်နှာကြည်မှာ ကြည်လင်နေပြီး သူ့မေးခွန်းများကလည်း အပြစ်ကင်းစင်နေသည်။ သူက Orc တို့ အကြောင်းကို တကယ် သိချင်နေသည်။ သူ များများ သိလာလေလေ၊ သူ့ပုံက စိတ်မကောင်းပိုပို ဖြစ်လာသလိုပင်။


ဒီနေရာမှာ ငါ့အစား မိခင်ကြီး Kashur သာဆိုရင် ကောင်းမယ်။ Durotan ရုတ်တရက် တွေးလိုက်မိသည်။ သူသာဆို ဒီလို အခွင့်အရေးကို ငါရော Orgrim ရောထက် ပို အသိအမှတ်ပြုမှာပဲ။


Orgrim က Doomhammer အကြောင်း ပြောပြပြီးသောအခါ Durotan က မေးလိုက်သည်။ 


" ခင်ဗျားတို့ လူမျိုး အကြောင်းပြောပြပါလား ရှေ့ဖြစ်ဟောကြီး။ ကျွန်တော်တို့ သိတဲ့အကြောင်းက နည်းနည်းလေးပဲရှိတယ်။ ကျွန်တော်တို့ လူမျိုးတွေ နှစ်ရာချီပြီး မသိခဲ့တဲ့ အကြောင်းအရာအများကြီးကို ကျွန်တော် လွန်ခဲ့တဲ့ နာရီအနည်းငယ်အတွင်းနဲ့တင် သိလိုက်ရတယ်လို့ ကျွန်တော်ထင်တယ်"


Velen က တောက်ပနေသည့် အပြာရောင် မျက်လုံးများကို Durotan ဘက် လှည့်လိုက်သည်။ Durotan က ထိုအကြည့်များမှ ရုန်းထွက်ချင်သည်။ ကြောက်ရွံ့သောကြောင့်မဟုတ်ဘဲ သူ့စိတ်ကို ဖောက်ထွင်းမြင်နေသလို ခံစားရသောကြောင့်ပင်။


"Draenei တွေက ဘယ်လိည အကြောင်းအရာကိုမှ ထိန်ချန်ထားရိုး မရှိပါဘူး Durotan လေးရယ်။ ဒါပေမယ့် ...... ဒီလိုမျိုး မေးတာ မင်း ပထမဆုံးလို့ ငါထင်တယ်။ မင်း ဘာသိချင်တာလဲ?"


အကုန်လုံးပဲ ..  လို့ Durotan ပြောလိုက်ချင်သည်။ သို့သော် သူ့မေးခွန်းကို တစ်ခုတည်း ဦးတည်လိုက်သည်။ 


" လွန်ခဲ့တဲ့ နှစ်နှစ်ရာ မတိုင်ခင်အထိ Orc တွေက Draenei တွေကို မမြင်ဖူးခဲ့ကြဘူး။ Restalaan ပြောတော့ ခင်ဗျားတို့လူမျိုးတွေက ကောင်းကင်ပေါ်မှာ ပျံနိုင်တဲ့ ယာဥ်ပျံကြီးတစ်ခုနဲ့ ဒီကို ရောက်လာခဲ့တာတဲ့။ အဲ့ဒီ့အကြောင်းလေး ရှင်းပြလို့ရမလား"


Velen က Durotan စိတ်ထဲတွင် နွေရာသီနှင့်တူသော အရသာရှိသည့် ယမကာကို တစ်ငုံသောက်လိုက်ကာ ပြုံးလိုက်သည်။ 


"စပြောရမယ်ဆိုရင်တော့ "Draenei" ဆိုတာက ငါတို့ နာမည်အရင်းမဟုတ်ဘူး။ အဲ့ဒါက "ပြည်နှင်ဒဏ်ခံရသူများ" လို့ အဓိပ္ပါယ်ရတဲ့ စကားလုံးတစ်လုံးပဲ"


Durotan ပင့်သက်ရှိုက်လိုက်မိသည်။


"ငါတို့က ငါတို့ကမ္ဘာမှာနေတဲ့ တခြားသူတွေနဲ့ သဘောထား ကွဲလွဲခဲ့ကြတယ်။ ငါတို့ လူမျိုးကို ကျွန်အဖြစ်ရောင်းချဖို့ကို သဘောမတူခဲ့ကြဘူး။ အဲ့ဒါကြောင့်ပဲ ပြည်နှင်ဒဏ် ခံခဲ့ရတယ်။ ငါတို့ နေထိုင်ဖို့ နေရာတစ်နေရာကို ရှာရင်း အချိန်တော်တော်ကုန်ဆုံး ခဲ့ရတယ်။ ငါတို့မြေလို့ ခေါ်နိုင်မယ့် နေရာတစ်ခုကိုပေါ့။ ငါတို့ ဒီမြေကို ရှာတွေ့တော့ နှစ်သက်သွားကြတယ်။ အဲ့ဒါနဲ့ ဒိီမြေကို Dracnor လို့ ခေါ်ခဲ့ကြတာပဲ"


Durotan က ခေါင်းညိတ်လိုက်သည်။ ထို စကားလုံးကို အရင်ကလည်း သူကြားဖူးသည်။ ထိုစကားလုံးကို ပြောရသည့်အခါ လျှာလိပ်ရသည့်ပုံကို သူ သဘောကျသည်။ Orc များကမူ ဒီမြေကို "ကမ္ဘာကြီး" ဟုသာ ခေါ်ကြပြီး အခြားနာမည် မပေးထားကြချေ။


"ဒါ ငါတို့ ဘာသာစကားလုံးပါ။ Orc တွေလည်း ဒီနာမည်ကို လိုက်ခေါ်လိမ့်မယ်လို့ မထင်ရဲပါဘူး။ ဒါပေမယ့် ငါတို့ နာမည်ပေးထားတာဖြစ်တဲ့အတွက် Dracnor ကို ငါတို့ ချစ်ခင်မြတ်နိုးတယ်။ ဒီကမ္ဘာက အလွန်လှတဲ့ ကမ္ဘာတစ်ခုပါ။ ငါတို့ အများကြီး မြင်ခဲ့ပြီးပြီ။ 


Orgrim က ပင့်သက်ရှိုက်လိုက်သည်။ 


"တခြားကမ္ဘာတွေကို မြင်ဖူးတယ်??"


"သေချာတာပေါ့။ ပြီးတော့ ငါတို့ လူအများကြီးနဲ့လည်း တွေ့ဖူးတယ်"


"Orc လူမျိုးလို လူတွေရော??"


Velen က နူးညံ့စွာ ပြုံးသည်။ 


"Orc တွေနဲ့တူတဲ့ လူမျိုး မရှိပါဘူး" သူ့စကားထဲတွင် လေးစားမှုကို ကြားရသည်။ 


"ငါတို့တွေ့တဲ့လူတွေထဲမှာ မင်းတို့က ပြိုင်ဘက်ကင်းတယ်"


Durotan နှင့် Orgrim က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး ထိုင်ခုံများပေါ်တွင် ပို၍ မတ်မတ်ထိုင်လိုက်ကြသည်။ 


"ဒါပေမယ့်.. ဟုတ်ပါတယ်။ ဒီမြေကို ရှာမတွေ့ခင်က ငါတို့ အတော်လေး ခရီးသွားခဲ့ကြရတယ်။ အခု ငါတို့ ဒီကိုရောက်ပြီ။ ငါတို့ ဒီမှါပဲနေတော့မယ်"


Durotan က ဆက်မေးချင်နေသည်။ သူတို့ ခရီးထွက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ? သူတို့ မွေးရပ်မြေကရော ဘယ်လိုပုံမျိုးလဲ? သူတို့ ဘာကြောင့် စွန့်ခွါခဲ့တာလဲ? သို့သော် Velen က သူတို့ကို မေးခွင့်ပြုသော်ငြား အလုံးစုံတော့ ပြောပြလိမ့်မည် မဟုတ်ဟု Velen မျက်နှာမှ တစ်ခုခုက ဖော်ပြနေလေသည်။


ထို့ကြောင့် ထိုအစား သူတို့ ပတ်ဝန်းကျင်ကို မှော်ပညာဖြင့် ထိန်းသိမ်းပုံနှင့် လက်နက်ကိရိယာများ ပြုလုပ်ပုံကို မေးလိုက်သည်။ 


"ကျွန်တော်တို့ မှော်ပညာက ကမ္ဘာမြေကြီးကနေလာတာ " Durotan က ပြောသည်။


"နတ်ဆရာတွေနဲ့ ဘိုးဘေးတွေဆီက"


"ငါတို့ မှော်ပညာကတော့ အခြားတစ်နေရာက လာတယ် " Velen က ပြောသည်။


"ငါ ရှင်းပြလည်း မင်းတို့ နားမလည်လောက်ဘူးလို့ ထင်တယ်"


" ကျွန်တော်တို့ ငတုံးမဟုတ်ဘူးဗျ"  Orgrim က ဒေါသတကြီး ​အော်ပြောလိုက်လေသည်။ 


"ငါ့ကို ခွင့်လွှတ်ပါ။ အဲ့ဒီ့လို ဆိုလိုတာ မဟုတ်ပါဘူး" Velen က ချက်ချင်း ပြန်ပြောသည်။ 


သူတောင်းပန်ပုံမှာ ချေငံ၍ အပြစ်ကင်းသောကြောင့် Durotan အထင်ကြီးသွားသည်။ 


"မင်းတို့ လူမျိုးတွေက ပညာရှိပါတယ်။ မင်းတို့ကလည်း ထက်မြက်တဲ့ပုံပါပဲ။ ဒါပေမယ့်.... မင်းတို့ နားလည်အောင် ရှင်းပြနိုင်မယ့် ဘာသာစကားကျွမ်းကျင်မှုမျိုး ငါ့မှာ မရှိဘူး။ တကယ်လို့ ငါ့မှာသာ အချိန်ရော ကျွမ်းကျင်မှုရော ရှိခဲ့မယ်ဆိုရင် မင်းတို့ နားလည်မယ်ဆိုတာ သေချာပါတယ်"


Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^

ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^


Love y'all,

Nyl



rate now:

1 Reviews
  • reader Hsu Yamin Myat 10.11.2019, 17:35 5

    5stars🤭

    reply