11
Orgrim က သူတို့၏ မိတ်ဆွေအသစ်ကို ပေါ်တင်ကြီး စိုက်ကြည့်နေသည်။ Durotan က သူ့ကို တံတောင်နှင့်တွတ်လိုက်ချင်သော်လည်း သူနှင့် အတော်ဝေးနေ၏။ ခုနက တွေ့ခဲ့သော ရွယ်တူ ကောင်မလေးသည်လည်း သူတို့နှင့် အသက် နည်းနည်းလေးမှ တူမည်မဟုတ်ကြောင်း သူ ရုတ်တရက်ကြီး သဘောပေါက်သွားလေသည်။ ထိုအချိတ်တွင်ပင် Restalaan လွှတ်လိုက်သော ကင်းထောက်က ပြန်ရောက်လာပြီး တစ်ခုခုကို အလျင်အမြန်ပြောလိုက်သည်။ ထိုကင်းထောက်က ဘာပြောလိုက်သည်မသိသော်လည်း Restalaan ကြည့်ရသည်မှာ အလွန်ကျေနပ်သွားပုံရပြီး သူတို့ဘက်ကို လှည့်ပြီး ပြုံးပြလေ၏။
"ငါတို့ကို ဒီကမ္ဘာဆီ ခေါ်ဆောင်ပေးခဲ့တဲ့ ရှေ့ဖြစ်ဟော Velen က ဒီမှါ နေနေတာ ရက်နည်းနည်းကြာပြီ။ သူ မင်းတို့ကို တွေ့ချင်လိမ့်မယ်လို့ ငါထင်တယ်။ ငါတို့ဆီ ဒီလိုဧည့်သည်လာတာ တော်တော် ရှားတယ်" Restalaan က ထပ်ပြုံးပြန်သည်။
" Velen က မင်းတို့ကို တွေ့ဖို့ သဘောတူရုံမကဘဲ ဒီညနေကို သူနဲ့ အတူကုန်ဆုံးဖို့ပါ ဖိတ်လိုက်တယ်။ မင်းတို့ သူနဲ့ ညစာ တူတူစားရပြီးတော့ တရားသူကြီးအိမ်မှာ အိပ်ရမယ်။ ဒါဟာ တကယ် ဂုဏ်ယူစရာကောင်းတဲ့ အခွင့်အရေးပဲ"
ကောင်လေးနှစ်ယောက် ကြောင်တောင်တောင် ဖြစ်သွားကြသည်။ Draenei အကုန်လုံးရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ရှေ့ဖြစ်ဟောနဲ့ ညစာ တူတူစားရမယ်တဲ့လား?
ဘီလူးကြီးရဲ့ တင်းပုတ်နဲ့ ပြားနေအောင် အထုခံလိုက်တာကမှ ပိုကောင်းဦးမယ် ဟု Durotan စတွေးနေမိလေပြီ။
Restalaan က ဦးဆောင်ခေါ်သွားသည့် တောင်ခြေရှိကွေ့ပတ် မတ်စောက်သော လမ်းများမှသည် တောင်၏ ထိပ်ဆုံးတွင် တည်ဆောက်ထားသည့် ကြီးမားသော အဆောက်အဦးဆီသို့ သူတို့၂ယောက်လုံး ရိုရိုသေသေဖြင့် လိုက်သွားရသည်။ လေးထောင့်အတိဖြစ်ပြီး ခိုင်မာသည့် ခြေနင်းကွက်များသည် မကုန်ဆုံးနိုင်တော့ဟု ထင်ရလောက်အောင် များပြားသဖြင့် တက်ရင်း တက်ရင်းနှင့် Durotan ဟောဟဲလိုက်လာသည်။ သူထိပ်ဆုံးသို့ ရောက်သွားကာ ခရုခွံပုံနှင့် တူသည့် တည်ဆောက်ပုံကို စိတ်ဝင်စားစွာ ကြည့်နေစဥ် Restalaan က ပြောလိုက်သည်။
" လှည့်ကြည့်လိုက်!"
Durotan နှင့် Orgrim လည်း သူပြောသလိုကြည့်လိုက်ရာ Durotan အသက်ရှူရပ်သွားသည်။ သူတို့၏ အောက်တွင် မြက်ခင်းပြင်ပေါ်၌ ပြန့်ကျဲနေသော ကျောက်မျက်ရတနာလေးများကဲ့သို့ တည်ရှိနေသည်မှာ Draenei မြို့တော်ပင်ဖြစ်သည်။ နေဝင်ဆည်းဆာက လိမ္မော်ရောင်ဖြင့် လွှမ်းခြုံထားသည်။ ထို့နောက် နေလုံးကြီးက မိုးကုပ်စက်ဝိုင်းအောက်သို့ စုံးစုံးမြုပ်သွားပြီး အရာအားလုံးသည် ခရမ်းရောင်နှင့် မီးခိုးရောင်တို့ဖြင့် လွှမ်းခြုံသွားလေသည်။ အိမ်ကလေးများထဲတွင် မီးများ ထွန်းလိုက်ကြရာ ကောင်းကင်ပေါ်က ကြယ်လေးများ မြေကြီးပေါ်သို့ကျလာသည် ဟု Durotan တွေးမိလေသည်။
" ငါ ကြွားတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ငါတို့ လူမျိုးနဲ့ မြို့တော်အတွက် တကယ် ဂုဏ်ယူတယ်" Restalaan က ပြောသည်။
"ငါတို့ ဒီမှါ တကယ် အလုပ်ကြိုးစားခဲ့ကြတယ်။ ငါတို့ Draenor မြေကို ချစ်တယ်။ ပြီးတော့ Ore တစ်ယောက်နဲ့ ဒီမြေကို မျှဝေခွင့်ရမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ကံကြမ္မာက တကယ် ထူးဆန်းတာပဲ"
သူ ပြောနေရင်း နက်နဲကာ ရှေးဆန်သည့် စိတ်မကောင်းဖြစ်မှုတို့က သူ၏ အပြာရောင် မျက်နှာပေါ်တွင် စတင် ပေါ်ပေါက်လာဟန်ရှိသည်။ သို့သော် သူက ထို ခံစားမှုကို ခါထုတ်လိုက်ကာ ပြုံးလိုက်သည်။
" လာကြ ၊ ပြီးရင် မင်းတို့ ပွဲတက်ရမယ်"
တိတ်ဆိတ်ကာ အံ့သြလွန်းသောကြောင့် စကားမပြောနိုင်တော့သလို ဖြစ်သွားသည့် Ore လေး နှစ်ယောက်သည် ဤ ထူးဆန်းသည့်နေရာ၏ မြင်ကွင်းများ အသံများနှင့် အနံ့များကို အံ့သြတကြီး လိုက်ကြည့်နေကြသည်။ Durotan နှင့် Orgrim တို့သည် တရားသူကြီး၏ အိမ်သို့ ရောက်ကြပြီဖြစ်သည်။ သူတို့မြင်ရသည့် အခန်းများမှာ အဆင်တန်ဆာများစွာဖြင့် အလှဆင်ထားရာ စိတ်ထဲတွင် ထောင်ချခံလိုက်ရသလို တစ်မျိုးကြီး ခံစားရသည်။ အပြင်ကကြည့်လျှင် အလွန်ဆွဲဆောင်မှု ရှိလှပြီး အတွင်းမှလည်း ကြည့်ကောင်းသည့် ကွေ့ဝိုက်သော နံရံများသည် သူတို့ကို မကြိုဆိုပဲ ဘောင်ခတ်ထားသလို ခံစားရသည်။ သစ်သီးဝလံများကို အသင့်စားသုံးနိုင်ရန် ပန်းကန်များနှင့် ထည့်ပေးထားသည်။ သူတို့ ဝတ်ဆင်ရန် ထူးထူးဆန်းဆန်း အဝတ်များကို ပြင်ဆင်ပေးထားသည်။ ပူလွန်းသောကြောင့် အငွေ့များပင်ထွက်နေသော ရေကို စည်ပိုင်းနှင့် ထည့်ကာ အခန်းအလယ်တွင် ချပေးထားသည်။
"ရေက သောက်ဖို့ဆိုရင် ပူလွန်းနေပြီး အရွက်တွေ စိမ်ဖို့ကျတော့ များလွန်းနေတယ်" Durotan က ပြောသည်။
"အဲ့ဒါ ရေချိုးဖို့ပါ " ထို Draenei က ပြောသည်။
"ရေချိုးတာ?"
"ခန္ဓာကိုယ်က အညစ်အကြေးတွေကို သန့်စင်တာလေ" Restalaan က ပြောသည်။
Orgrim က သူ့ကို မယုံသင်္ကာဖြင့် တစ်ချက် လှမ်းကြည့်လိုက်သော်လည်း Restalaan ပုံမှာ အတည်ပြောနေပုံရသည်။
" ငါတို့က ရေမချိုးဘူး " Orgrim က မာန်ဖီသည်။
" နွေရာသီဆို ငါတို့ မြစ်ထဲမှာ ရေကူးကြတယ်လေ" Durotan က ပြောသည်။
" ဒါနဲ့ ခပ်ဆင်ဆင်ပဲနဲ့ တူပါတယ်"
" မင်းတို့ စိတ်ထဲ သက်တောင့်သက်သာ မဖြစ်ဘူး ထင်တာတွေ မလုပ်လို့ရပါတယ်" Restalaan က ပြောသည်။
"ဒီရေချိုးစည်တွေ အဝတ်တွေ စားစရာတွေက လိုရမယ်ရ ထားထားတာပါ။ ရှေ့ဖြစ်ဟော Velen နဲ့ တစ်နာရီအတွင်း တွေ့ရပါမယ်။ ငါ လာခေါ်မယ်။ တခြား လိုတာ ဘာရှိသေးလဲ? "
သူတို့ ခေါင်းခါလိုက်ကြသည်။ Restalaan က ခေါင်းညိတ်ပြကာ တံခါးကိုပိတ်လိုက်၏။ Durotan က Orgrim ကို ကြည့်လိုက်သည်။
"ငါတို့ ဒုက္ခရောက်နေပြီလို့ ထင်လား?"
Orgrim က ထူးဆန်းသည့် အဝတ်များနှင့် ရေနွေးကန်ကို ကြည့်လိုက်သည်။
"မထင်ပါဘူး" သူကပြောသည်။ "ဒါပေမယ့် ငါ ဂူထဲရောက်နေသလို ခံစားရတယ်။ ငါတော့ ရွက်ဖျင်တဲထဲမှာ နေရတာပဲ ကြိုက်တယ်"
"ငါရောပဲ"
Durotan နံရံရှိရာသို့သွားကာ မရဲတရဲဖြင့် ထိကိုင်လိုက်သည်။ သူ့လက်ချောင်းများအောက်တွင် အေးမြသွားကာ ပြေပြစ်မှုကို ခံစားရသည်။ သို့သော် သူမျှော်လင့်နေသော ခံစားချက်မှာ နွေးထွေးမှုနှင့် တစ်နည်းနည်းဖြင့် အသက်ရှိနေသလို လှုပ်ရှားမှုကို ဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။
Durotan က ရေချိုးစည်ကို လက်ညှိုးထိုးပြလိုက်သည်။
"မင်း စမ်းချိုးကြည့်ချင်လား"
"မချိုးချင်ဘူး" Orgrim က ပြောသည်။
နှစ်ယောက်သား ရယ်လိုက်ကြပြီး မျက်နှာများကို ရေဖြင့် တဗွမ်းဗွမ်းသစ်လိုက်ရာ ရေနွေးနွေးလေးသည် သူတို့ထင်ထားသည်ထက် ပိုမို နှစ်လိုဖွယ်ကောင်းကြောင်း တွေ့ရှိရသည်။ သူတို့ သစ်သီးများကို စားသုံးကြသည်။ ရေကို သောက်ကြသည်။ ထို့နောက် ဝတ်ရန်ထားပေးထားသည့် အင်္ကျီများသည် သူတို့၏ စွန်းထင်း ညစ်ပေကာ ချွေးများစိုနေသော သင်တိုင်းများထက် ပို၍ သင့်တော်သည်ဟု ဆုံးဖြတ်လိုက်ကြသည်။ သို့သော် သူတို့၏ လယ်သာဘောင်းဘီများကိုတော့ မလဲဘဲ ပြန်ဝတ်မည် ဖြစ်သည်။
သူတို့ မျှော်မှန်းထားသည်ထက် အချိန်က မြန်မြန် ပိုကုန်သွားသည်။ သတ္တုဖြင့်လုပ်ထားသည့် ထိုင်ခုံမှ ခြေထောက်တစ်ချောင်းကို ကွေးရန် စိန်ခေါ် ယှဥ်ပြိုင်နေကြစဥ် တံခါးခေါက်သံ တစ်ချက်ကို ခပ်တိုးတိုး ကြားလိုက်ရသည်။ သူတို့ မလုံမလဲဖြစ်စွာ ထခုန်လိုက်ကြသည်။ Orgrim က ထိုင်ခုံ၏ ခြေထောက်တစ်ချောင်းကို လည်အောင် လုပ်ထားရာ ယခုမူ ခနော်ခနဲ့ဖြစ်နေချေ၏။
"ရှေ့ဖြစ်ဟောက မင်းတို့နဲ့ တွေ့ဖို့ အဆင်သင့်ဖြစ်နေပါပြီ" Restalaan က ပြောသည်။
"သူက ဝါရင့်ပုဂ္ဂိုလ်ပဲ" Durotan သည် Velen နှင့် မျက်လုံးချင်းဆုံမိသောအခါ ပထမဆုံး တွေးမိသည့် အတွေးဖြစ်သည်။
တခြား Draenei များကို အနီးကပ်တွေ့ရသည်နှင့်ပင် အတော်လေး လန့်နေရပြီဖြစ်သည်။ သို့သော် Velen ကို ရှုမြင်ခွင့်ရသည်မှာ မတူခြားနားသောအရာ တစ်ခုဖြစ်သည်။
Draenei ရှေ့ဖြစ်ဟောသည် Durotan တွေ့ဖူးသည့် အရပ်အရှည်ဆုံး အစောင့်ထက်ပင် ခေါင်းတစ်လုံးခန့် ပိုရှည်သည်။ သို့သော် သူတို့လောက် သန်မာပုံတော့ မရှိပေ။ ဝေ့ဝဲနေသည့် ပျော့ပျောင်းသော ကြေးနီရောင်ဖျော့ဖျော့ ဝတ်ရုံကိုဝတ်ဆင်ထားသော သူ့ခန္ဓာကိုယ်သည် အခြားသူများထက်တော့ ပိန်သွယ်ပုံရသည်။ ပြီးတော့ သူ့အသားအရောင်မှာ နွေးထွေးသည့် ကျောက်ဖြူရောင် ဖြစ်သည်။ သူ့မျက်လုံးများမှာ နက်နဲကာ ပညာရှိပုံရ၍ လှပသော အပြာရောင် တောက်ပနေသည်။ မျက်လုံး ပတ်ပတ်လည်တွင် အရေးအကြောင်းများ များစွာရှိနေရာ ဝါရင့်ပုဂ္ဂိုလ်တစ်ယောက်သာမကဘဲ ရှေးပဝေသဏီတည်းကပင် ရှိခဲ့သူတစ်ယောက်ဟု ဖော်ပြနေသည်။ သူ၏ ငွေရောင်ဆံနွယ်များမှာ အခြားသူများကဲ့သို့ နောက်တွင် ဝေ့ဝဲကျမနေဘဲ အဆင်တန်ဆာများဖြင့် ကျစ်ဆံမြီးကျစ်ကာ ရစ်ခွေထားရာ ဖျော့တော့သော ဦးရေပြားကို မြင်နေရလေသည်။ မုတ်ဆိတ်များမှာ ငွေရောင် လှိုင်းများသဖွယ် ခါးနားအထိ ဝဲကျနေသည်။
ဝါရင့်ပုဂ္ဂိုလ် မဟုတ်ဘူး။ ရှေးပဝေသဏီတည်းက လူလည်း မဟုတ်ဘူး။
စူးရှတောက်ပသော မျက်လုံးအပြာများကာ Durotan အပေါ်ရောက်လာပြီး သူ့စိတ်ထဲကိုပါ ထွင်းဖောက်ကြည့်လိုက်သလို ခံစားလိုက်ရသောကြောင့် သူ တွေးလိုက်မိသည်။ ဒီလူက အချိန်စတင်ကတည်းက ရှိခဲ့တဲ့လူပဲ ။
သူ Restalaan ပြောခဲ့သည့် စကားကို ပြန်ကြားယောင်မိသည်။ ထိုလူ ကိုယ်တိုင်က အသက် အနှစ်နှစ်ရာ ကျော်နေပြီ တဲ့။
Velen ကတော့ ထိုသူထက် အများကြီး အသက်ပိုကြီးမည်ဆိုသည်မှာ သေချာပေါက်ပင်။
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl