10
Drek'Thar သည် သူတို့ ငြိမ်းချမ်းနေစဥ်က Drenei တို့၏ မြို့တော်ကို မမြင်တွေ့ဖူးပေ။ သူ ပထမဆုံးတွေ့ဖူးသည့်အချိန်မှာ...... အင်း... ကျွန်တော်ပြောတာ ရှေ့ရောက်လွန်းနေပါပြီ။ သို့သော် ကျွန်တော့်ဖခင်ကမူ Draenei မြို့တော်၏ တောက်ပြောင်နေသောလမ်းများပေါ်သို့ လျှောက်လှမ်းခဲ့ဖူးသည်၊ သူတို့၏ အစားအစာကိုစားသုံးဖူး၍ သူတို့၏ အိမ်အဆောက်အဦးများထဲတွင် အိပ်စက်ဖူးကာ သူတို့နှင့် စကားကောင်းစွာပြောဖူးပေသည် ဟု သူက ကျွန်တော့်ကိုပြောလေသည်။ သူ ခေတ္တခဏမျှ မြင်ခဲ့ဖူးသည့် ကမ္ဘာမှာ ကျွန်တော်တို့နေထိုင်သည့် လောကနှင့် မတူကွဲပြားကာ ထူးခြားလွန်းသောကြောင့် ယနေ့ခေတ် တိုးတက်နေသည့်နည်းပညာများနှင့်ပင် ထိုလောကကို နားလည်ရန် ခက်ခဲပေလိမ့်မည် ဟု ဆနုသည်။ Kaldorei တို့၏ ဆန်းပြားလှပါသည်ဆိုသော ကမ္ဘာပင်လျှင် ကျွန်တော် သိသလောက် Draenei တို့လောက် မထူးခြားပါပေ။ Durotan သည် သူမြင်ခဲ့သည့်အရာများကို ပြန်လည်ရှင်းပြဖို့ရာ စကားလုံးများပင် ပျောက်ဆုံးခဲ့သည်ဟု Drek'Thar က ပြောလေသည်။ ယနေ့ခတ် သူ့အမည်ကို အစွဲပြုထားပြီး နေထိုင်ကြသော တိုင်းပြည်နှင့် ကျွန်တော် မြင်တွေ့ခဲ့ပြီးသည့် အရာများကိုပါ သူမြင်တွေ့လိုက်ရလျှင်တော့ ရှင်းပြနိုင်မည်လားမပြောတတ်ပါ။ နောင်တဆိုသည်မှာ ခါးသီးသည့် အရာတစ်ခုပါပေ...။
Durotan မလှုပ်ရှားနိုင်ဖြစ်နေသည်။ ဘီလူးကြီး၏ အပေါ်တွင် လွှမ်းခြုံထားခဲ့သော ဆန်းကြယ်သည့် အရောင်တောက်တောက်များနှင့် ရစ်ဖွဲ့သွားသော ပိုက်ကွန်ကြီးက ယခုသူ့အပေါ် အုပ်မိုးထားသကဲ့သို့ပင်။ ရုန်းကန်ဖို့ ခွန်အားလည်း မရှိချေ။ သူ့ပါးစပ်မှာ အဟောင်းသားဖြစ်နေပြီး မြင်နေရသမျှကို စူးစိုက်ကြည့်ပြီးနောက် နားလည်နိုင်ရန် ကြိုးစားနေသည်။ Draenei မြို့တော်မှာ အလွန်တရာ လှပတင့်တယ်နေသည်။ တောင်တန်း၏ ဘေးတစ်ဖက်တွင် ကွေ့ပတ်ရစ်ခွေနေသည်မှာ တောင်မှ စီးကျလာသော တောင်ကျချောင်းကဲ့သို့ပင်။ Durotan မြင်ရသလောက်တော့ ကျောက်သားနှင့် သတ္တုကို ပေါင်းစပ်ထားခြင်း ဟု ထင်ရသည်။ သဘာဝနှင့် လူလုပ်ပစ္စည်းကို ပေါင်းစပ်ထားသည်။ သူ မြင်နေရသည့်အရာများသည် မည်သည့်အရာဆိုသည်ကို သူ တိတိကျကျ မပြောနိုင်ပေ။ သို့သော် ထိုအရာများအားလုံးမှာ သဟဇာတ ဖြစ်နေသည်ကိုတော့ သူသိသည်။ မြို့တော်ကို ဖုံးကွယ်ထားသည့် ဂါထာများကို ဖယ်ရှားလိုက်သော်အခါ မြို့တော်ကြီးမှာ အေးချမ်းငြိမ်သက်သော ခမ်းနားထည်ဝါခြင်းဖြင့် ပေါ်ပေါက်လာလေသည်။ သူ့မျက်စိဖြင့် တွေ့မြင်ရသော အရာအားလုံးသည် မျက်စိတဆုံးမျှော်ကြည့်နေရသည်။ အောက်ခြေတွင် ကျယ်ပြန့်ကာ ပြောင်ချောနေပြီး အပေါ်ဘက်တွင်မူ သေးသွယ်ကာ အဖျားရှူးသွားသည့် ထုထည်ကြီးမားလှသည့် ကျောက်သား ခြေနင်းကွက်များက လုံးဝန်းသောပုံစံရှိသည့် လူနေအိမ်များဘက်သို့ ခင်းကျင်းထားသည်။ အိမ်တစ်လုံးမှာ ခရုခွံလေးနှင့် တူ၍ နောက်တစ်လုံးမှာ မှိုလေးနှင့် တူသည်ဟု Durotan တွေးမိသည်။ ပေါင်းစပ်ထားသည့်ပုံမှာ ရင်သပ်ရှုမောဖွယ်ပင်ဖြစ်သည်။ နေဝင်လုဆဲဆဲ အလင်းရောင်က လွှမ်းခြုံထားသည့်အတွက် ထင်းနေသော ခြေနင်းကွက်များ၏ အနားသတ်တို့မှာ မှိန်ဖျော့သွားကြသည်။ လိပ်ခုံးအမိုးများမှာ ပိုမိုနှစ်လိုဖွယ်ရာ ဝိုင်းသွားကြသည်။
Orgrim ၏ မျက်နှာတွင်လည်း သူ့လိုပင် အံ့သြမင်သက်နေပုံကို Durota တွေ့လိုက်ရသည်။ ထို့နောက် Restalaan ၏ အပြာရောင် နှုတ်ခမ်းများက အပြုံးတစ်ခုလို ကွေးညွတ်သွားသည်ကို မြင်လိုက်ရသည်။
" မင်းတို့ကို ဒီနေရာကနေ ကြိုဆိုပါတယ် Durotan နဲ့ Orgrim " Restalaan ကပြောသည်။
ထိုစကားများကြောင့် သူတို့၂ဦးစလုံး မင်သက်နေရာမှ သတိဝင်လာကာ Durotan က ကို့ရို့ကားရားဖြင့် ရှေ့သို့ဆက်လျှောက်လိုက်သည်။ လမ်းတွင် ခင်းကျင်းထားသည့် ကျောက်တုံးများမှာ ချောမွတ်နေသည်။ အချိန်ကြာမြင့်သောကြောင့် တိုက်စားခြင်းခံရ၍ ပဲလား၊ Draenei တို့ လက်ဖြင့် ကိုယ်တိုင် အချောကိုင်ထား၍လား Durotan မပြောတတ်ပေ။ ပို၍ နီးကပ်လာသောအခါ မြို့တော်သည် တောင်ပေါ်တွက် ဆက်တည်ထားကြောင်း တွေ့ရလေသည်။ ကျယ်ပြန့်ထင်ရှားသည့် ခြေနင်းကွက်များမှ နူးညံ့စွာ ကွေးညွတ်ထားသည့် နေရာသို့ ဦးတည်သော ဗိသုကာ လက်ရာကို ဤတွင် ထပ်တွေ့ရသည်။ ရှည်လျသော လမ်းမများကို အဖြူရောင် ကျောက်သားများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ Draenei တို့ စတင်ရွှေ့ပြောင်းလာသည့်အချိန််မှ စ၍ ရေတွက်လျှင် Orc မျိုးနွယ် ဆယ်ဆက်ခန့် ကုန်လွန်ခဲ့ပြီဖြစ်သော်လည်း ထိုအဖြူရောင်ကျောက်များ အရောင်မပြောင်းသေးသည်မှာ အံ့သြဖွယ်ရာပင်။ အမဲလိုက်ရာတွင် သတ်ဖြတ်ရသည့် တိရစ္ဆာန်တို့၏ ဦးချိုနှင့် အရေခွံတို့အစား Draenei တို့သည် ကမ္ဘာမြေကြီးမှပေးသည့် လက်ဆောင်များကို အကျိုးရှိရှိအသုံးချကြပုံရသည်။ အရောင်တောက်ပနေသော ကျောက်မျက်ရတနာများကို နေရာတိုင်း၌ တွေ့ရသည်။ ထို့ပြင် Durotan တစ်ခါမှ မမြင်ဖူးသည့် ထူးဆန်းသော အညိုဖျော့ရောင် သတ္တုတစ်မျိုးအားလည်း အများအပြား တွေ့ရသည်။ Orc များသည် သတ္တုအကြောင်း ကောင်းကောင်းသိကြသည်။ သူတို့သည် သတ္တုနှင့် လုပ်လုပ်ရသူများဖြစ်သည်။ Durotan ကိုယ်တိုင်ပင်လျှင် အမဲလိုက်ရာ၌ သုံးရန် ပုဆိန်နှင့် ဓား ပြုလုပ်ခဲ့ဖူးသည်။ သို့သော် ဤအရာမှာ....
" ခင်ဗျားတို့မြို့က ဘာနဲ့ တည်ဆောက်ထားတာလဲ" Orgrim က မေးသည်။ Draenei နှင့် တူတူလာခဲ့သည့် တစ်လျှောက်လုံး သူ ပထမဆုံးပြောသည့် စကားပင်ဖြစ်သည်။
"အများကြီးပါတယ်" Orgrim က ဖော်ဖော်ရွေရွေပင် ပြန်ပြောသည်။ ယခု သူတို့သည် ဂိတ်များကို ကျော်ဖြတ်နေကြသည်။ ထိုနေရာတွင် နေသော မြို့သူမြို့သားတို့ထံမှ စူးစမ်းသည့် အကြည့်များစွာကို ခံနေရသော်လည်း ရန်လိုသည့်ပုံတော့ မရပါပေ။
"ငါတို့က ခရီးသွားတွေပါ။ မင်းတို့နေရာနဲ့ အတော်လေး စိမ်းပါတယ် "
"စိမ်းတယ်ဟုတ်လား?" Durotan က ပြောလိုက်သည်။
" ခင်ဗျားတို့ လူမျိုးတွေ ဒီကိုရောက်လာတာ နှစ် ၂၀၀ ကျော်လောက်ရှိပြီလေ။ ကျွန်တော်တို့ အခုလို မတိုးတက်သေးခင်ကတည်းကပဲ"
"ဟုတ်တယ် မင်းတို့ မတိုးတက်ခဲ့ဘူး" Restalaan က အေးဆေးစွာ သဘောတူလိုက်သည်။
"ငါတို့ Ores တွေ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာတာကို စောင့်ကြည့်နေခဲ့တာ။ မင်းတို့ တိုးတက်လာတာ အထင်ကြီးလောက်စရာပါပဲ"
သူပြောနေသည်မှာ ချီးမွမ်းစကားဖြစ်ကြောင်း Durotan သိပါသည်။ သို့သော် သူ စပ်ဖျင်းဖျင်း ဖြစ်သွားသည်။ သူတို့ကိုယ် သူတို့ Ore တွေထက် သာသည်ဟု Draenei များ ထင်နေကြသည်ဟု ခံစားရသည်။ သို့သော် ထိုအတွေးမှာ လိပ်ပြာတောင်ပံ တစ်ချက်ခတ်လိုက်သလိုပင် ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ ဘေးပတ်လည်သို့ ဆက်ကြည့်နေရင်းဖြင့် အနည်းငယ် ရှက်လာသည်။ Ore တို့နေသည့်နေရာသည် ဒီလေါက် အဆင်အယင်မရှိ၊ ဒီလေါက် မရှုပ်ထွေး ။ သို့သော်လည်း..... Orc တို့သည် Draenei တို့နှင့် မတူပါ။ သူတို့သည် Draenei တို့ နေသလို နေဖို့ လိုလည်းမလိုအပ်၊ ရွေးလည်း ရွေးစရာ မလိုပါချေ။
" မင်းရဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ Orgrim ရေ၊ ငါတို့ ဒီကို စပြောင်းလာတုန်းက ငါတို့နဲ့ ပါလာတဲ့ အရာအားလုံးကို အကျိုးရှိရှိ အသုံးချခဲ့တယ်။ မင်းတို့ လူမျိုးတွေ မြစ်တွေထဲ ကန်တွေထဲသွားဖို့ လှေတွေ ဆောက်တတ်တာ ငါသိတယ်။ အင်း... ငါတို့လည်း ကောင်းကင်ပေါ်မှာ ပျံနိုင်တဲ့ လှေတစ်မျိုးကို စီးပြီး ဒီကိုရောက်လာခဲ့တာပဲ။ အဲ့ဒီ့လှေက သတ္တုရယ်..... တခြားပစ္စည်းတွေရယ်နဲ့ တည်ဆောက်ထားတာ။ ငါတို့ ဒီနေရာမှာ အခြေချရတော့မယ်ဆိုတာကို သဘောပေါက်လိုက်တာနဲ့ လှေကနေ တချို့ ပစ္စည်းတွေကို ယူပြီး အဆောက်အအုံတွေထဲမှာ ထည့်ဆောက်လိုက်တော့တာပဲ"
ဒါဆိုရင် ကြေးနီနဲ့ အရေပြားနဲ့ ပေါင်းထားသလို ကြီးမား ပျော့ပြောင်းတဲ့ သတ္တုက အဲ့ဒါကြီးပေါ့။ Durotan ပင့်သက်ရှိုက်မိသည်။
သူ့ဘေးတွင် Orgrim က မျက်မှောင်ကြုတ်နေသည်။
" ခင်ဗျား ညာနေတာ! သတ္တုတွေက လေထဲ မပျံနိုင်ဘူး"
ထိုနေရာမှာ Orc တစ်ယောက်သာဆိုလျှင် Orgrim ၏ စော်ကားမော်ကားပြုနေမှုကြောင့် ဟိန်းဟောက်ကာ ထိုးကြိတ်နေပေလိမ့်မည်။ သို့သော် Restalaan ကမူ တခစ်ခစ်ရယ်ရုံမျှသာ ရယ်သည်။
"အဲ့ဒီ့လိုပဲ ထင်မှာပါပဲ။ ဒါပေမယ့် သေသေချာချာ မသိခဲ့ဘူးဆိုရင် ဘီလူးတစ်ကောင်ကို တိုက်ခိုက်ဖို့ စွမ်းအားတွေကို ဆင့်ခေါ်နိုင်တယ်ဆိုတာကိုလည်း မဖြစ်နိုင်ဘူး လို့ထင်ကြမှာပဲလေ "
"အဲ့ဒါက မတူဘူးလေ" Durotan က နှာရှုပ်လိုက်သည်။ "အဲ့ဒါက မှော်ပညာ"
"လေပေါ်ပျံနိုင်တာလည်း မှော်ပညာ တစ်မျိုးပဲ" Restalaan က ပြောလိုက်သည်။
သူက သူ့လူတစ်ယောက်ကို လက်ယပ်ခေါ်လိုက်ပြီး သူတို့ ဘာသာစကားဖြင့် တစ်ခုခုပြောလိုက်သည်။ အပြောခံလိုက်ရသော Draenei က ခေါင်းညိတ်ကာ ရှေ့မှ ပြေးသွားလေသည်။
"မင်းတို့နဲ့ တွေ့ပေးစေချင်တဲ့ လူတစ်ယောက်ရှိတယ်၊ သူအလုပ်အားရင်ပေါ့ " Restalaan ကပြောသည်။
Durotan သိချင်သည့် မေးခွန်းတွေမှာ ထောင်နှင့်ချီနေပြီဖြစ်သော်လည်း သူမေးလိုက်လျှင် ငတုံးပုံ ပေါက်နေမှာစိုး၍ မမေးရဲပါ။ Orgrim က Restalaan ရှင်းပြသည့် မှော်ပညာ အကြောင်းကို လက်ခံလိုက်သည့်ပုံပေါ်သော်လည်း နှစ်ယောက်စလုံးမှာ ကြိုးကြာလို လည်တဆန့်ဆန့်နှင့် ဘေးကို လိုက်ကြည့်နေဆဲပင်ဖြစ်သည်။
လမ်းတစ်လျှောက်တွင် Draenei ပေါင်းများစွာကို သူတို့တွေ့ကြသည်။ တစ်ခါတွင် သူတို့နှင့် အသက်တူတူလောက်ရှိမည်ဖြစ်သည့် ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုကောင်မလေးမှာ ပိန်ပိန်ပါးပါးဖြစ်သော်လည်း အရပ်ရှည်သည်။ Durotan က သူ့ကို ကြည့်နေသည်ကို မြင်လိုက်သောအခါ လန့်သွားသည့်ပုံပေါက်သွားသည်။ ထို့နောက် ဖြေးဖြေးလေး ပြုံးလိုက်ပြီး ရှက်နေဟန်ဖြင့် ခေါင်းကို ဆတ်ခနဲ ငုံ့သွားသည်။
Durotan လည်း အပြန်အလှန် ပြုံးလိုက်မိလေသည်။ သူ မစဥ်းစားဘဲ မေးလိုက်မိသည်။
"ကျွန်တော်တို့ စခန်းမှာဆို ကလေးတွေ အများကြီးရှိတယ်။ Draenei ကလေးတွေကရော ဘယ်မှာလဲ?"
"ငါတို့်မှာ ကလေး သိပ်မရှိဘူး" Restalaan က ပြောသည်။
" ငါတို့ လူမျိုးတွေက အသက် တော်တော်ရှည်တယ်။ အဲ့ဒါကြောင့် ကလေးတွေ သိပ်မရှိကြဘူး"
"အသက်က ဘယ်လောက်ရှည်တာလဲ?" Orgrim က မေးလိုက်သည်။
"တော်တော်ရှည်တယ်" Restalaan က ဒါပဲ ပြန်ပြောနိုင်သည်။
"မင်းတို့လူမျိုးတွေ ဒီမြေကို ခြေချခဲ့တဲ့အချိန်ကို ငါမှတ်မိတယ်လို့ ပြောလို့ရလောက်တဲ့အထိ ရှည်တယ်"
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl