"အုန်း"
ဆိုပြီး အသံတချက်ကြားတော့ ကျွန်တော် မိုးချုန်းသည် ထင်လိုက်သေးတယ်။ နောက် စက္ကန့် ၃၀လောက်နေတော့"အုန်းခနဲ" အသံ ခပ်အုပ်အုပ်ထပ်ကြားသည်။
"အဲ့ဒါ လက်နက်ကြီးပစ်သံနဲ့ ကျသံပေါ့ ဆရာလေးရဲ့" လို့ ချင်းအမျိုးသမီးကြီးကပြောသည်။ သူ့ရဲ့မျက်နှာသိပ်မကောင်းလှ။ သူမှမဟုတ်ပါဘူး။ ဘေးပတ်ဝန်းကျင်က လူများလည်း ထမင်းစားနေရာမှ တုန့်ခနဲ ရပ်ပြီး အသံလာရာအရပ်မျက်နှာကို မှန်းမျှော်ကြည့်ကြသည်။ ပြီးတော့ တိုးတိုးတိုးတိုးနဲ့ ဆုတောင်းပေးကြသည်။
"ဒီမှာတော့ အသားကျနေပြီ အဲ့အသံနဲ့၊ သူတို့က ပစ်ချင်ရင် ပစ်နေတာပဲ၊ ဒီစခန်းလည်း စိတ်မချရဘူး၊ အလံဖြူထောင်လည်း ထောင်တာပဲရှိတာ၊ ပစ်လိုက်ရင်လည်း ခံရမှာပဲ" လို့ ကျွန်တော့်ကို အဲ့ချင်းလူမျိုး အဒေါ်ကြီးကဆက်ပြောသည်။
"အဲ... အဲ့မင်းတပ်သိမ်းတဲ့ညက ပြေးတာ ပြေးတာ၊ ဘယ်ပြေးလို့ပြေးမှန်းလည်း ကျွန်မ တို့မသိ၊ ချောင်းရိုးတလျှောက် နီးစပ်ရာ ကလေးဆွဲပြီးပြေးတာပဲ၊ ကျွန်မ ကလေးက ၅ယောက်၊ အဲ့ကလေးတွေလည်းပြေးတုန်းက ဘယ်ရောက်လို့ရောက်မှန်းမသိ၊ မြင်တဲ့ကလေးလည်း သူစိမ်းတွေဘာတွေ မသိ၊ ဆွဲပြီးပြေးတာပဲ"